Monday, October 14, 2019

ကာချုပ်နဲ့ မဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်

0 comments
ကာချုပ်နဲ့ မဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်
(သတင်းနဲ့မှတ်ချက်)
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင်အနေနဲ့ ဝိုင်အမ်ဘီအေ အသင်းကြီးက ပေးတဲ့ မဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်ပေးအပ်ခံရပြီး စလွယ်တော်၊ လည်ဆွဲတံဆိပ်တော်၊ ရင်ထိုးတံဆိပ်တော်နဲ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တော်တို့ကို လက်ခံရယူအပြီး အခုအခါမှာတော့ ထိုင်ရမလို ထရမလို၊ ပြုံးရမလို မဲ့ရမလို မထွေးနိုင် မအန်နိုင် အနေအထားသို့ ကျရောက်နေရပါတယ်။ ဘာလို့လဲဆိုတော့ သူ့ကို ဒီလို ဘွဲ့တံဆိပ်ပေးတဲ့ ဗုဒ္ဒဘာသာကလျာနယုဝအသင်းချုပ် ကြီးကိုယ်တိုင်က သက်တမ်း ၁၁၃ ရှိပြီဆိုသည့်တိုင် အခုအခါမှာ ပြဿနာအရှုပ်အထွေးတွေနဲ့ ရစ်ပတ်နေဆဲ ရှုပ်ထွေးနေဆဲကာလဖြစ်တဲ့အပြင် အခု ဘွဲ့ပေးအပ်သူတွေဟာ ဒီအသင်းမှာ တာဝန်ခံမှု တာဝန်ရှိမှု မရေရာမသေချာ၊ တရားဝင်မှု မရှင်းမလင်းဖြစ်နေလို့ အဲဒီက အရှုပ်မီးက ဘွဲ့တံဆိပ်လက်ခံရယူသူ ဗိုလ်မင်းအောင်လှိုင်ကို ကူးစက်ရစ်ပတ်လာတာကြောင့် အရူးမီးဝိုင်းသလို ဖြစ်လာရလို့ပါပဲ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ပြည်တွင်းမှာ သိက္ခာကျဆင်းသထက် ကျဆင်းလာနေတဲ့အထဲ နိုင်ငံတကာက ဝိုင်းဝန်းရှုတ်ချခြင်းခံရတဲ့အပြင် အိုင်စီစီက စစ်ရာဇဝတ်သားအဖြစ် အရေးယူခြင်း ခံရမယ့် အနေအထား ကျရောက်နေတာကြောင့် ဇောက်ထိုးကျနေတဲ့ သူ့ဂုဏ်သိက္ခာနဲ့ သူ့နာမည်အဖတ်ဆယ်ရေးအတွက် ဂုဏ်သိက္ခာ မွမ်းမံမြှင့်တင်ရေး၊ နာမည်ကောင်း ရယူရေးအတွက် အခွင့်အလမ်းကောင်းတွေကို အငမ်းမရ သဲကြီးမဲကြီး ရှာဖွေကြိုးပမ်းခဲ့ပါတယ်။ ဗလီတွေကို သွားရောက် လှူဒါန်းထောက်ပံ့တဲ့နည်းနဲ့နာမည်ကောင်း ပြန်ရရေး ကြိုးပမ်းနေဆဲကာလမှာ ဝိုင်အမ်ဘီအေ အသင်းကြီးရဲ့ ဘွဲ့တံဆိပ်တော် ပေးအပ် တဲ့ကိစ္စဖြစ် လာတာပါ။
ဒီအဖွဲ့ က ဗိုလ်မင်းအောင်လှိုင်ကို ဘွဲ့တံဆိပ်ပေးအပ်ပွဲမှာ ဗိုလ်မင်းအောင်လှိုင်ကို အသားလွတ်မြှောက်ပင့်ချီးကျူးထားပုံကိုလည်း ကြည့်ကြပါ။
- အမျိုးဘာသာ သာသနာနဲ့ ပညာကို စောင့်ရှောက်ခြင်း။ (ဗိုလ်မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဟာ ဗမာပြည်တွင်း လူမျိုးရေးအမုန်းတွေ၊ ဘာသာရေးအမုန်းတွေနဲ့ မီးမွှေးပေးတာ၊ စစ်တက္ကသိုလ်ပညာရေးသာ ဦးစားပေးပြီး တပြည်လုံးပညာရေးကို ချိုးနှိမ်ထားတာတို့ကို မျက်ကွယ်ပြုထားပါတယ်။)
- နိုင်ငံတော်၏ ငြိမ်းချမ်းရေးကို တစိုက်မတ်မတ် ဆောင်ရွက်ခြင်း(ဗိုလ်မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဟာ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းနေမှုကို ကာချုပ်မူ ၆ ချက်နဲ့ ဟန့်တားပြီး ပြည်တွင်းစစ်ကို မွေးမြူထိန်းသိမ်းထားသူပါ။)
- သာသနာရေးကိစ္စများကို စွမ်းစွမ်းတမန် ဆောင်ရွက်ခြင်း(ဦးဝီရသူကို ဆည်းကပ်တာကိုပဲ သာသနာရေးမှာ စွမ်းစွမ်းတမန်ဆောင်ရွက်နေတယ်လို့ ယူဆနေတာလား မသိပါ။)
- အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားအောင် တပ်မတော်အား ခေတ်မီတပ်မတော်ဖြစ်အောင် ဆောင်ရွက်ခြင်း(ပြည်တွင်းစစ် အဆင့်မြှင့် တိုးချဲ့ ဖို့ အတွက် ဘတ်ဂျက်တိုး သုံး ပြီး တပ်မတော်ကို တည်ဆောက်ထားတယ်ဆိုမှ အမှန်နဲ့ နီးစပ်ပါလိမ့်မယ်။)
- - ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခြင်း(စစ်ဖြစ်နေတဲ့ ရခိုင်မှာ အရှေ့မြောက်မှာ ဒီစစ်တပ်က လူအမြောက်အမြား သေကြေဒဏ်ရာရ အနာတရဖြစ်အောင် ညှဉ်းပန်းနှိပ်စက်နေတာတွေ၊ နေ့စဉ်နဲ့အမျှ အရပ်သားတွေ သေကြေနေရတာကို ပြောင်းပြန်ပြောနေသလား မသိပါ။)
- ဘာသာလူမျိုးမခွဲခြားဘဲ လူသားချင်းစာနာသော ခေါင်းဆောင်ကောင်း စိတ်ဓာတ်ရှိခြင်း( ရခိုင်မှာ မင်းအောင်လှိုင်စစ်တပ်က တခြားဘာသာဝင်တွေအပေါ်လူမျိုးတုန်းအောင် ကျူးလွန်မှုနဲ့ သတ်ဖြတ်မှုကြောင့် ဗိုလ်မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုနဲ့အရေးယူဖို့ ပြင်နေတယ်ဆိုတာ ဒီအဖွဲ့သစ်က လုံးဝ မကြားသိတာလား၊ သိလျက်နဲ့ လျစ်လျူရှုပြီး ဗိုလ်မင်းအောင်လှိုင်ကို အချက်အလက်မဲ့ မြှောက်ပင့်နေတာလားဆိုတာ သူတို့မှ သိပါလိမ့်မယ်။)
ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းထဲမှာ ဒီလို အရှုပ်အထွေးတွေ ရှိကြောင်း ဗိုလ်မင်းအောင်လှိုင် လုံးဝမသိတာတော့ မဟုတ်ပါ။ ဒီအသင်းကြီးရဲ့ ယခင် ဒုဥက္ကဋ္ဌ ဦးသန်းလွင်က (၂၀၀၉ အောက်တိုဘာ ၄) က ဗိုလ်မင်းအောင်လှိုင်ထံ စာတစောင်ပေးပို့ပြီး အခု ဘွဲ့တံဆိပ်ပေးအပ်တဲ့ ဒီအသင်းရဲ့ အမှုဆောင်သစ်ဆိုတာ တရားမဝင်တဲ့အဖွဲ့သာ ဖြစ်လို့ သူတို့ပေးအပ်တဲ့ ဘွဲ့တံဆိပ်ကို လက်ခံဖို့ မသင့်ကြောင်း စာတစောင် ပေးပို့ခဲ့ပါတယ်။ ဒီစာကို ဗိုလ်မင်းအောင်လှိုင်ရဲ့ စစ်အရာရှိတဦးကိုယ်တိုင် လက်ခံရယူသွားခဲ့ပါတယ်။
- ဗိုလ်မင်းအောင်လှိုင်ဟာ သိသိကြီးနဲ့ သူ့အတွက် သူ့ဂုဏ်သိက္ခာကို အဖတ်ဆယ်နိုင်မယ်လို့ သူထင်နေတဲ့အခွင့်ကောင်းကို လက်လွတ်မခံနိုင်ဘူး ထင်ပါတယ်။ ဒါပေမဲ့ ဒီ- ဂုဏ်ထူးဆောင်ဆုကြီးက ဗိုလ်မင်းအောင်လှိုင်အဖို့ ( ၂၀၂၀ လွန် ပုဂ္ဂိုလ်ရေး မျှော်မှန်းချက် ဖြစ်တဲ့) တက်လမ်းနဲ့တက်ကျမ်း ဖြစ်မလာပဲ - အရှုတ်ထုပ် ခေါင်းပေါ်ရွက်မိလျက်သား ဖြစ်နေပါတယ်၊
ကာချုပ်နဲ့ (မဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်) အရှုပ်တော်ပုံ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ
(အရေးတော်ပုံဂျာနယ်မှ ကူးယူဖော်ပြပါသည်)

0 comments:

Post a Comment