Tuesday, December 31, 2013

အမိန့်ရဆန္ဒအပေါ် အိုဗာဗျူး (မျိုးမြင့်ချို)

0 comments
အမိန့်ရဆန္ဒအပေါ် အိုဗာဗျူး (မျိုးမြင့်ချို) ဒီဇင်ဘာ ၃၁။ ၂ဝ၁၃ 
သေနတ်ခါးထိုးပြီး ဥပဒေကဲ့သို့အာဏာတည်သော အမိန့်နှင့်ဖိနှိပ်အုပ်ချုပ်သည့်အခါ လက်နက်ကိုင် ခုခံခြင်းဖြင့်တော်လှန်ကြသည်။ ဤကိစ္စ တရားပါသည်။ သေနတ်နောက်ကျောဝှက်ပြီး အာဏာကဲ့သို့တင်းကျပ်သော ဥပဒေဖြင့် ဖိစီးကြီးစိုးသည့်အခါ ဥပဒေတွင်းမှဆန့်ကျင် တိုက်ပွဲဝင်ရသည်။ ဤကိစ္စလည်း တရားပါသည်။ (နိုင်တာ မနိုင်သေးတာခနထား)တော်တည့် မှန်ကန်၍ ”တရား”ရှိသဖြင့်”ကူ”သူလည်းများပါ သည်။ မည်သူမျှ မရယ်မောမလှောင်ပြောင်လှောင်ဝံ့ပါ။ ယခုက ကူသူနည်းနေသည့်အဖြစ်။ နောက်ကွယ်မှာ ပြုံးစိစိလုပ်နေကြသည်လားပင် မပြောတတ်ပါ။

၂ဝ၁ဝ နောက်ပိုင်း ရွှေပြည်ကြီး၏နိုင်ငံရေးသည် အငေါ်တူးချင်စရာဖြစ်နေသည်ထင်ပါသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံကို လေးစားလိုက်နာ ပါမည်ဟု တရားဝင်ကျမ်းကျိန်ကတိပြုပြီးနောက် ထိုဥပဒေစိုးမိုးရေးအား ကူပံ့ရင်း ပြင်မည်ဟုပြောခြင်းမှာ အတော်အမြီးအမောက်မတည့်သည့်ကိစ္စဖြစ်ပါသည်။ ထိုဥပဒေက ပြင်သာပြောင်းသာမို့ဆိုလျှင်လည်း ကြံဖန်ဖြေရသေးသည်။ ခုက ထိုသို့မဟုတ်။ မဟုတ်သဖြင့် ကိုယ့်ရှူးကိုယ်ပတ်၊ ပဒိုင်းသီးဇာတ်လမ်းနှင့် ကျမ်းစူးလေသလားဟု ထင်ချင်စရာဖြစ်လာပါသည်။

အတိုက်အခံနိုင်ငံရေးပါတီကြီးက လွှတ်တော်ထဲဝင်တာအတိုက်အခံလုပ်ဖို့မဟုတ်ဟုပြောသလို လွှတ်တော်ဥက္ကဌကြီးကလည်း လွှတ်တော်ထဲလာပြီး နိုင်ငံရေးစကားတွေမပြောပါနှင့်ဟုဆိုသည်။ လက်နက်ချလျှင်အရိုးအရင်းနှင့်စားကြွင်းစားကျန်တချို့ရပြီး၊ ကားပါမစ်နဲ့လဲဖို့ လက်နက်လက်ကျန်များလည်း အလျှိုအလျှိုခေါင်းပြူလာသည်။ ဤတွင် အလဲအထပ်နှင့်အတူ အပြောင်းအလဲများလည်း မြန်လာပါသည်။ ထို အလဲအထပ်နှင့်အပြောင်းအလဲစီးကြောင်းထဲမဝင်ဆန့်သူများမှာ ဘေးထိုင်ဘိုင်ကျ ဘုပြောနေသူများဖြစ်ပါသည်။

လောလောဆယ်မှာကိုပင် ငေါ့ချင်စရာကို့ရို့ကားယားအဖြစ်နှင့် တွေးချင်စရာအဆီအငေါ်မတည့်မှုတစ်ခုကို ထပ်မြင်ရပါသည်။ ရှစ်ပူး-ငြိမ်း/ပွင့်တို့က အမိန့်မရပဲဆန္ဒပြလျှင်ဖမ်းသည့် ပုဒ်မ ၁၈ အပါအဝင် ဒီမိုကရေစီနိုင်ငံနှင့်မကိုက်ညီသည့်ဥပဒေများကိုဖျက်သိမ်းစေ့ချင်၍ ဆန္ဒပြခွင့်အမိန့်သွားတောင်းခံသည့်ကိစ္စဖြစ်ပါသည်။ ယင်းဥပဒေပုဒ်များမရှိစေလိုခြင်းအား နားလည်သော်လည်း ဆန္ဒကို”အမိန့်ရပြချင်”သည့် ယင်းတို့၏ နိုင်ငံရေးအပြုအမူကိုမူနားလည်ဖို့ ခက်သွားပါသည်။ အကြောင်းမှာ သူတို့သည် လွတ်လပ်စွာဘယာစီယာမဝတ်ဆင်ရေးအဖွဲ့မဟုတ်သလို ကိုယ်လုံးတီးနေရရေးတောင်းဆိုခြင်းလည်းမဟုတ်သည့်အတွက်ဖြစ်ပါသည်။ ဘာ့ကြောင့်လဲကို ဉာဏ်မီသရွေ့တွေးကြည့်သော် ဆန္ဒပြသူတွေတရုန်းရုန်းနှင့် ထိန်းမနိုင်သိမ်းမရလူအုပ်ကြီးဖြစ်ကာ ဗရမ်းဗတာတွေဖြစ်ကုန်မှာစိုးတာလည်း ပါနိုင်သည်။ မလိုသူတွေဝင်နှောင့် မှာကြောက်တာလည်း ပါနိုင်သည်။ အဖမ်းခံရမှာစိုးတာလည်းဖြစ်နိုင်သည်။ ဥပဒေလေးစားလိုက်နာသည့် နိုင်ငံကြီးသားများဖြစ်ချင် တာလည်း ပါချင်ပါမည်။ ဒါမှမဟုတ် မိမိတို့ ကိုယ်တိုင်လိုက်နာကျိုးနွံသလို နိုင်ငံသားတိုင်းအား တရားဥပဒေစိုးမိုးရေးအောက်တွင် ငြိမ်ဝပ်စွာနေစေလိုသည့် ”စေတနာနှင့်စံနမူနာ”ပြလို ၍လည်း ဖြစ်နိုင်ပါaသေးသည်။

ထိုစေတနာနှင့်စံနမူနာ အရာမထင်ခင်မှာပင် သမ္မတအမိန့်ဖြင့် ထိုဥပဒေများကြောင့် ထောင်ကျနေသူ၊ အမှုရင်ဆိုင်နေရသူများအားလွှတ်ပေးလိုက်သည်။ ထိုဥပဒေများဖျက်ပေးခြင်းမဟုတ်မှန်း လူတိုင်း ကွဲပြားကြပါသည်။ ထောင်ထဲရှိ နိုင်/ကျဉ်းလက်ကျန်များ“ရုံခါ”သည့် သဘောဖြစ်ပါသည်။ လွတ်လာကြသည့်အတွက် ကောင်းပါသည်။ ၄ဝ၁/၁ “ခြေမန်းကွင်းစွပ်လွှတ်”တာ ဟုတ်/ဟုတ် မပြောတတ်ပါ။ ခြေမန်းကွင်းမပါလည်း ထိုဥပဒေပုဒ်များဖြင့် အချိန်မရွေးပြန်ဖမ်းနိုင်သဖြင့် စိတ်အေးစရာအကြောင်းမရှိဟုထင်ပါသည်။ တချို့က ဒါကို စစ်အုပ်စုက ရှစ်ပူးတို့အပေါ် အကျောဖြင့်နိုင်ငံရေးလက်ဦးမှုယူလိုက်သည်ဟုဆိုပြီး တချို့ကတော့ ပုဒ်မ ၁၈ အပါအဝင် ပုဒ်မတချို့ဖျက်ရေးမှ ပြင်ရေးဘက် လည်သွားရန်(သို့)တည်သွားရန်ပင်းကြံခြင်းဟု ဆိုပါသည်။ သေချာသည်မှာ(လောလောဆယ်တော့)ထိုပုဒ်မတွေ“အဖျက်မခံနိုင်” ဆိုသည်ကို အတိအလင်းချပြလိုက်ခြင်းဖြစ်လိမ့်မည်။ ဒါဆို ရှစ်ပူးတို့ ဘယ်ခြေလှမ်းကြမည်နည်းဆိုသည်က “တွေးကြည့်ချင်စရာအဆီအငေါ်မတည့်မှု” ဖြစ်လာပါသည်။

နိုင်/ကျဉ်း ရုံမခါမီက ပုဒ်မ ၁၈ ကို တနည်းနည်းဖြင့်ဖျက်သိမ်းပေးမည်ဟူသည့်အသံ တစ်သံ ကြိတ်ထွက်ခဲ့ပါသည်။ တိုးတိုးတိတ်တိတ်မို့ လူတချို့ နားစွန်နားဖျားပင်မကြားလိုက်ကြဟုထင်ပါသည်။ လူတချို့ကမူ ဤသတင်းဟုတ်ခဲ့လျှင် ရှစ်ပူးတွေနဲ့စစ်အုပ်စု နိုင်ငံရေးလက်သိပ်ထိုး၊ နိုင်ငံရေးလက်ဝါးရိုက်၊ ကြိတ်ဝိုင်းနိုင်ငံရေးမသမာမှုဖြစ်မည်ဟုထင်ကြေးပေးသလို  သင်္ကာမကင်းမှန်းဆကြသည်လည်းရှိခဲ့ပါသည်။ အမှန်က ဒီမိုကရေစီနိုင်ငံရေးတွင် ကြိတ်ဝိုင်းယဉ်ကျေးမှုနှင့်နိုင်ငံရေးခြေပုန်းခတ်ခြင်းဆိုသည်မှာ စကားလုပ်ပင်ပြောနေရမည့်အရာမဟုတ်ပါ။  ခု ထို ပုဒ်မတွေမဖျက်ဘူးဆိုတော့ အရင်ထင်ကြေးနှင့် မှန်းဆချက်များ ထိုက်သလောက်ရှင်းသွားပြီဟုဆိုရမည်ထင်ပါသည်။ ရှစ်ပူးတို့လည်း သင်္ကာထွက်ရှင်းစရာ မလိုတော့ပါ။ ကြိတ်ဝိုင်းလေးနှင့် ညှိကြည့်သည်ဆိုစေဦး သဲထဲရေသွန်သည့်ကိစ္စဖြစ်သွားပြီဟုဆိုရပါမည်။ 


ပြန်ကောက်ကြည့်ပါမည်။ ထို ပုဒ်မတွေ မဖျက်ဘူး အဖျက်မခံနိုင်ဘူးဆိုလျှင် အမိန့်ရဆန္ဒပြချင်သူတို့ အဖို့ ပြင်ပေးပါဟုမေတ္တာရပ်ခံဖို့ လမ်းတလမ်း လက်ကျန်တော့ရှိသေးသည်ထင်ပါသည်။ ထိုသို့ဆိုလျှင် အစိုးရလည်းနှစ်သက်ပါလိမ့်မည်။ “ဘာမှလုပ်မရတဲ့အတူတူ”တို့ “ရသလောက်ယူထား”တို့ “ဖြည်းဖြည်း ဖြည်းဖြည်းခြင်းသွားတာပေါ့”တို့ “ဒီမိုကရေစီသွေးနုသားနု”တို့ “နောက်ကြောင်းမပြန် ရလေအောင်”တို့ စသည်ဖြင့်စကားလုံးပေါင်းစုံဖြင့် မှိုင်းအဝတိုက်ခံ၊ တစ္ဆေအခြောက်ခံထားရသည့် လူထုကိုလည်း ချွေးသိပ်ပေးရာရောက်လိမ့်မည်ထင်သည်။ ဆိုတော့ ထီးလိုမင်းလိုပြင်ဆင်ရေးလမ်းကြောင်း ပေါ်လာပါတော့သည်။

ကောင်းပါပြီ။ ပြင်ဆိုလျှင် ဘာတွေပြင်ကြမည်နည်း။ ဘယ်ပုံပြင်ဖို့ မေတ္တာရပ်ခံမည်နည်း။ ဘာတွေပြင်မလဲ အရင်တွေးကြည့်ပါမည်။ ၂ဝဝ၈ ဖွဲ့စည်းပုံနည်းတူ အခြေခံမူတွေအထိခံမှာမဟုတ်ပါ။ “၏”မှ”သည်”လောက် ပြင်လည်း အမြင်မတော်ပါ။ ဒါဆို ဘာတွေပြင်မလဲ အရင်က ဆန္ဒပြခွင့်ကို ဘယ်နှရက်ကြိုတင်တောင်းခံရသည့်နေရာမှာ ခု ဘယ်နှရက်တိုးပေးပါ။ ဥပမာ-အရင်က ခွင့်ပြုမိန့်ကို ၁ဝ ရက်ကြို တောင်းရသည်ကို ခု ၂ ရက်လောက်နဲ့ပြီးအောင်လုပ်ပေးပါ။ အရင်က ခွင့်ပြုမိန့်ကို ဘယ်အဆင့်အာဏာပိုင်အထိတင်ရတာကို ခု ဘယ်အဆင့် အာဏာပိုင်လောက်နဲ့တင် ပြီးအောင် လုပ်ပေးပါ။ အရင်က ဘယ်နေရာ ဘယ်နေ့ကြီးရက်ကြီးတွေမို့ခွင့်မပြုတာကို ခုတော့ ဘယ်နေ့ကြီး ရက်ကြီးတွေလောက်တော့ ဘယ်လိုနေရာမျိုးမှာ ခွင့်ပြုဖို့ကောင်းပါတယ်။ အရင်က လူဘယ်နှယောက်ပြမယ်ဆိုတာ ကြိုပြောရမှာကို ခု ပြမယ့်လူစာရင်းမတင်ရအောင်လုပ်ပေးပါ စသည်တို့အပြင် အရင်က ထောင် တစ်လ ချလျှင် ခု ထောင် (၁၅)ရက်လောက်ထားပါ။ အရင်က ငွေ တစ်ထောင်ဒဏ်တပ်ရင် ခု ငွေ ငါးရာလောက်ထားပါ။ အရင်က ထောင်ဒဏ်ငွေဒဏ်နှစ်ရပ်လုံးဆို ခု တရပ်လောက်တော့ထားပါ စသည်များ ဖြစ်လာနိုင်ပါသည်။

နောက်တချက်က ဘယ်ပုံပြင်ကိစ္စဖြစ်ပါသည်။ (မလွှဲမရှောင်သာအခြေအနေနှင့် ဘေးကြပ် နံကြပ်ဖြစ်နေစေဦး)ပြင်စရာရှိသည့်အခါတိုင်း၊ နံမည်ကောင်းယူစရာရှိသည့်အခါတိုင်း အခြားသူများကြောင့်လုပ်ရခြင်းမဟုတ်ပဲ မိမိတို့စိတ်စေတနာအလျှောက်လုပ်ပေးရသည်ဟူသော စစ်အုပ်စု၏ဉာဉ်ကို ဤနေရာတွင်မဖြစ်မနေထည့်စဉ်းစားရမည်ထင်ပါသည်။ ဤအပေါ်တွင် ပြင်နည်းလာပါလိမ့်မည်။ “အပြင်က မပြင်နဲ့၊ ပြင်ချင်ရင် လွှတ်တော်ထဲကတဆင့်သွား၊ လွှတ်တော်ပြန်အစမှာ သက်ဆိုင်ရာကတဆင့်တင်၊ ကော်မတီဖွဲ့ပေးမယ်။ သုံးသပ်ပြီးတဲ့အခါ ပြင်ကြတာပေါ့”အချိုးပဲ ချိုးသွားလိမ့်မည်တွေးမိပါသည်။ ကံကောင်းလျှင် ထိုဥပဒေပုဒ်မများအား ထိုနည်းနှင်နှင်ပြင်ရေးအတွက် တပ်မတော်သားကိုယ်စားလှယ်တစ်ဦးဦးမှ အဆိုတင်ချင်တင်လာပါလိမ့်မည်။ သို့မဟုတ်လျှင်လည်း “ပြင်ရေးအဆိုတင်ကြပါ”ဟု လွှတ်တော်ဥက္ကဌကြီးက "ဟ"ပေးပြီး ကြံ့ဖွံ့အမတ်တဦးဦးကတင်ပါလိမ့်မည်။ ဤလမ်းအတိုင်းသွားမည်ဆိုလျှင် ရှစ်ပူးတို့ တင်းတိမ်လေမည်လား။ သို့မဟုတ် ရှစ်ပူးတို့ကိုယ်တိုင်ကပင် ဤလမ်းအတိုင်းသွားပေးဖို့ ကြောင်းလမ်းလေမည်လား။ သို့မဟုတ် (ပြောနေကြ ကာလပေါ်စကားအတိုင်း ပြည်သူမနာအောင် အကောင်းဆုံးရွေးချယ်လုပ်ဆောင်သွားမည်)ဟူသည့် ဓါတ်ပြားဟောင်းကို ပူးပေါင်းဖွင့်ပြကြဦးမည်လားတော့ ယတိပြတ်တော့မပြောနိုင်သေးပါ။ လမ်းကတော့ ပွင့်နေပါသည်။

နိုင်ငံရေးသဘောတွင် အပေးအယူအလျှော့အတင်း ရှိရပါသည်။ ဘယ်လောက်ပေး၍ ဘယ်လောက်ယူဆိုသည်မှာ အင်အားက ဆုံးဖြတ်ပါသည်။ အင်အားမှာ လူထုဖြစ်ပါသည်။ ဘာ့ကြောင့်လျှော့ရသည်ဆိုစေဦး ”မူ” တော့ ရှိပါသည်။ ပြေလည်ချင်ဇောကြီး၍ (သို့) အားနည်း၍ ”မူ”ဖျက်ပြီး အောက်ဈေးနှင့်လိုက်လျှင် နိုင်ငံရေးအောက်ကြေးနှင့်တင်းတိမ်ရတတ်ပါသည်။ 


Sunday, December 29, 2013

ပုဒ်မ ၅၉(စ)အပါအဝင် မပြင်ဆင်လိုသောပုဒ်မ ၇ ခု ကိစ္စ (တူမောင်ညို)

0 comments

ပုဒ်မ ၅၉(စ)အပါအဝင် မပြင်ဆင်လိုသော ပုဒ်မ ၇ ခု ကိစ္စ(တူမောင်ညို)(၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်) လွှတ်တော်ဥက္ကဋ္ဌများဖြစ်သည့် ဗိုလ်ရွှေမန်းနှင့်ဗိုလ်ခင်အောင်မြင့်တို့သည် ဒီချုပ်ဥက္ကဋ္ဌ၏ “စိန်ခေါ်သံ”များကို ကိုယ်တိုင် မတုန့်ပြန်ဘဲ (ဗိုလ်)အောင်သိန်းလင်းကို တာဝန်ပေးပြီး ပြောခိုင်းလိုက်တာဖြစ်မည် ယူဆသည်။
မဇ္ဈိမသတင်းစာ၌ (ဗိုလ်)အောင်သိန်းလင်းပါးစပ်မှ တဆင့် “ပုဒ်မ ၅၉(စ)အပါအဝင် မပြင်ဆင်လိုသောပုဒ်မ ၇ ခု” ရှိကြောင်း  လေသံပစ်လာသည်။ “မပြင်ဆင်လိုသောပုဒ်မ ၇ ခု”ဆိုသည်ကလည်း “၂ဝဝ၈အခြေခံ”၏ အချက်အချာပုဒ်မတွေဖြစ်နေသည်။
(ဗိုလ်)အောင်သိန်းလင်းသည် ကြံ့ဖွံ့ပါတီ၏ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအနက်တစ်ဦးဖြစ်သည်။ ကြံ့ဖွံပါတီအမတ်လည်း ဖြစ်သည်။ ကြံ့ဖွံပါတီအမတ်၊ ကြံ့ဖွံ့ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (ဗိုလ်)အောင်သိန်းလင်း၏သဘောထားသည် ကြံ့ဖွံ့ပါတီ၏သဘောထားပင် ဖြစ်မည်။
ထို့အပြင် ကြံ့ဖွံ့ပါတီ၏မပြင်လိုသောလေသံသည် “နောက်ဆက်တွဲဇယားတွေပဲ ပြင်၊ အခြေခံမူတွေမထိနဲ့ မပြင်နဲ့”ဆိုသည့် ဒီဇင်ဘာလ ၁၂ ရက်နေ့၊ အစိုးရပိုင်သတင်းစာများတွင်ဖော်ပြထားသည့်ဆောင်းပါးအာဘော်” နှင့်လည်း ထပ်တူထပ်မျှနေဖြစ်သည်။
“၂ဝဝ၈ အခြေခံဥပဒေ”ပြင်ဆင်ရေးဆိုသည်မှာ နိုင်ငံရေးပြဿနာဖြစ်သည်။
“၂ဝဝ၈ အခြေခံဥပဒေ”သည် လက်ရှိစစ်အုပ်စု(ဝါ)ကြံ့ဖွံ့အစိုးရ၏အာဏာအုတ်မြစ်ဖြစ်သည်။ “၂ဝဝ၈ အခြေခံဥပဒေ”၏ အနှစ်သာရဆိုသည်မှာ စစ်အုပ်စု(ဝါ)ကြံ့ဖွံ့အစိုးရ၏အာဏာနှင့်ဘဏ္ဍာ လက်ဝါးကြီးအုပ်ထားမှုကို ရေရှည်တည်မြဲရေး၊ ထိန်းသိမ်းရေးနှင့်ကာကွယ်တိုးချဲ့ရေးပင် ဖြစ်သည်။ ဤအနှစ်သာရကိုဖော်ဆောင်နိုင်ရန်အတွက် အသွင်သဏ္ဍာန်အားဖြင့် အခန်း ၁၅ ခန်း၊ ပုဒ်မပေါင်း (၄၅၇) ခုဖြင့်ရေးသားထားသည့်  “၂ဝဝ၈အခြေခံဥပဒေ” ဖြင့် စုစည်းဖော်ပြထားခြင်းဖြစ်သည်။ စစ်အုပ်စု(ဝါ)ကြံ့ဖွံ့အစိုးရသည် “၂ဝဝ၈ အခြေခံဥပဒေ”ဖြင့် ၄င်းတို့၏ အတိတ်၊  ပစ္စုပ္ပန် ၊ အနာဂတ်ကာလသုံးပါးစလုံးကို ကာကွယ်နေခြင်းလည်းဖြစ်သည်။ “၂ဝဝ၈အခြေခံဥပဒေပြင်ဆင်ရေး” ဆိုသည်မှာ ထိုအနှစ်သာရကို ပြင်ဆင်ရန်နှင့်ပြောင်းလဲပစ်ရန်သာဖြစ်ရမည်။
ယနေ့ (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံအစိုးရကပြောနေသည့် “အပြောင်းအလဲ”ဆိုသည်မှာ စစ်အုပ်စုအာဏာ၏ အပေါ်ယံအသွင်သဏ္ဍာန်ပြောင်းလဲမှုကို ပြောနေကြခြင်းဖြစ်သည်။ အနှစ်သာရမှာမူ လုံးဝမပြောင်းလဲချေ။  
“တပ်မတော်ကိုနိုင်ငံရေးကြောင့် မညစ်နွမ်းစေချင်ဘူး” ဟူသော ပြောစကားကို ကြားရသည်။
တပ်မတော်သည် နိုင်ငံရေးကြောင့်ညစ်နွမ်းနေရခြင်း လုံးဝမဟုတ်ပါ။ စစ်အုပ်စုက တပ်မတော်ကိုဂုတ်ခွစီးထားပြီးအာဏာနှင့် ဘဏ္ဍာတည်မြဲ/ တိုးပွားရေးအတွက် ခုတုံးလုပ်အသုံးချခြင်းကိုခံနေရသောကြောင့်သာလျှင် ညစ်နွမ်းနေရခြင်းဖြစ်ပါသည်။
ထိုသို့ စစ်အုပ်စု၏တစ်လက်ကိုင်တပ်၊ ခါးပိုက်ဆောင်တပ်သဖွယ်အသုံးချခံနေရသည့်ဘဝဆိုးမှ တပ်မတော်တစ်ရပ်လုံး လွတ်မြောက်သွားဖို့ အရေးတကြီးလိုအပ်ပါသည်။ ဤအချက်သည် တိုင်းပြည်နှင့်ဒီမိုကရေစီရှေ့ရေးအတွက် ရေရှည်အာမခံချက်လည်းဖြစ်သည်။
တိုင်းပြည်တွင် သန့်ရှင်းသောအစိုးရတစ်ရပ်လိုအပ်သလို၊ သန့်ရှင်းသောတပ်မတော်တစ်ရပ်ရှိဖို့လည်း လိုအပ်ပါသည်။
တဖန် “အမျိုးသားပြန်လည်သင့်မြတ်ရေး”ဆိုသည်မှာ အရင်းစစ်လိုက်လျှင် အာဏာခွဲဝေရေးပင်ဖြစ်သည်။ လက်ရှိအာဏာရထားသူ၊ အာဏာသိမ်းယူထားသူများက အာဏာခွဲဝေမပေးနိုင်သဖြင့် မသင့်မြတ်နိုင်ခြင်းဖြစ်သည်။ သို့ပါ၍ “အမျိုးသားပြန်လည်သင့်မြတ်ရေး”သည် လက်ရှိအုပ်စိုးသူများအပေါ် တည်မှီနေပါသည်။ သူတို့သိမ်းယူထားသည့် အာဏာလက်ဆုပ်မဖြေသမျှ “အမျိုးသားပြန်လည် သင့်မြတ်ရေး”သည် ပေါ်ပေါက်ဖြစ်ထွန်းလာလိမ့်မည်မဟုတ်ပါ။
“၂ဝဝ၈ အခြေခံဥပဒေ”အရ အာဏာခွဲပေးထားသည်ဆိုခြင်းမှာ အာဏာအမွေဆိုင်များဖြစ်သောဗိုလ်သန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့အကြား ခွဲဝေပေးထားခြင်းသာဖြစ်သည်။
အရပ်ဝတ်ပြောင်းဝတ်လာသည့်စစ်အုပ်စုထိပ်သီးများအကြား အာဏာခွဲဝေပေးထားခြင်းမျှသာဖြစ်သည်။ ဤသို့ခွဲဝေထားသော်လည်း အချုပ်အခြာအာဏာကမူ စစ်အုပ်စုထက်ထဲတွင်သာ ရှိပါသည်။ လောလောဆယ်တွင်(ကာလုံ)သည် မြင်သာသောအာဏာကိုင်အဖွဲ့ပင် ဖြစ်သည်။ (ကာလုံ)အား ကန့်လန့်ကာနောက်ကွယ်မှ ဗိုလ်သန်းရွှေက စီမံ၊ ကြိုးကိုင်၊ ထိန်းချုပ်၊ အမိန့်ပေး၊ ညွန်ကြားနေခြင်းဖြစ်သည်။
စစ်အုပ်စု(ဝါ)ကြံ့ဖွံ့အစိုးရသည် တရားသည်/မတရားသည်ဆိုသည်ကို လုံးဝမစဉ်းစား၊“သိက္ခာတွေ၊ လိပ်ပြာတွေညစ်ခြင်း/မညစ်ခြင်း”ကိုလည်း အမှုမထား၊ မက်ခီယာဗယ်လီသမားတို့ထုံးစံအတိုင်း အာဏာတည်မြဲနေရေးသာအဓိကထားပါသည်။

ကြံ့ဖွံ့ပါတီက “မပြင်ဆင်လိုသောပုဒ်မ ၇ ခု” မှာအောက်ပါအတိုင်းဖြစ်သည်။
“ပုဒ်မ ၆(စ)၊ ပုဒ်မ ၄၂(ခ)၊ ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၃၃၇၊ ပုဒ်မ ၃၃၈၊ ပုဒ်မ ၄၃၆၊ ပုဒ်မ ၄၄၆ တို့ဖြစ်သည်။
ဖော်ပြပါ ပုဒ်မ ၇ ခုကို “၂ဝဝ၈ အခြေခံဥပဒေ”ပါအတိုင်းကိုးကား၍ လိုအပ်သလောက်သာ ရှင်းလင်းတင်ပြပါမည်။



ပုဒ်မ ၆(စ)
ပုဒ်မ ၆(စ)  နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်။
ဤပုဒ်မသည်၊ အခန်း(၁) နိုင်ငံတော်အခြေခံမူများအခန်းမှ ဖြစ်ပါသည်။ သို့ပါ၍ အခြေခံမူဖြစ်သောဤအချက်ကို ပြင်မပေးနိုင်ဟုပြောသဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်အခန်းတို့တွင် အဆိုပါအခြေခံမူကိုအခြေခံ၍ ထည့်သွင်းပြဋ္ဌာန်းထားချက်အားလုံးကို ပြင်မပေးနိုင်ဟု ပြောခြင်းပင်ဖြစ်သည်။
ဥပမာအားဖြင့် - ပုဒ်မ ၆ (စ)ကို ပြင်မပေးလျှင် စစ်တပ်နှင့်ပတ်သက်သော ပုဒ်မ ၁၄၊ ပုဒ်မ ၁၇ (ခ)၊ ပုဒ်မ ၂ဝ (က) မှ (စ)၊ ပုဒ်မ ၄ဝ (ခ) ပုဒ်မ ၇၄ (က) (ခ)၊ ပုဒ်မ ၁ဝ၉ (က) (ခ) ၊ ပုဒ်မ ၁၄၁ (ခ)တို့ကို ပြင်ဆင်ပေးရန်မလိုတော့ချေ။
ပုဒ်မ ၄၂(ခ)
ပုဒ်မ ၄၂(ခ) နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြု
ဤပြဋ္ဌာန်းမှာ “၂ဝဝ၈အခြေခံဥပဒေ”တည်မြဲနေသမျှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ပေးအပ်ထားသည့် ကတိအာမခံချက်ဖြစ်သည်။
ပုဒ်မ ၅၉(စ)
ပုဒ်မ ၅၉(စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့်ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများမဖြစ်စေရ။
အားလုံးသိရှိပြီးဖြစ်၍ အကျယ်မရှင်းတော့ပါ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မလာစေရန်တားဆီးထားသည့် ပုဒ်မပင်ဖြစ်သည်။
ပုဒ်မ ၃၃၇ နှင့် ပုဒ်မ ၃၃၈
ပုဒ်မ ၃၃၇ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသောလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။
ပုဒ်မ ၃၃၈ နိုင်ငံတော်အတွင်းရှိလက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ကွပ်ကဲမှုအောက်တွင်ရှိရမည်။
ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးလက်မခံဟု ပြောလိုရင်းဖြစ်သည်။
ဤပြဋ္ဌာန်းချက်မှာ လက်နက်ကိုင်တိုင်းရင်းသားအင်အားစုများကို ရည်ရွယ်ထားခြင်းဖြစ်သည်။ စစ်တပ်သည်တစ်ခုတည်းရှိရမည်။ မည်သည့်တပ်မဆို တပ်မတော်၏အမိန့်ပေးကွပ်ကဲမှုကို နာခံရမည်ဆိုသည်ပင်။
ပုဒ်မ ၄၃၆
ပုဒ်မ ၄၃၆ (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆ဝ၊ အခန်း(၄) ပုဒ်မ ၇၄၊ ၁ဝ၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂ဝဝ၊ ၂ဝ၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃ဝ၅၊ ၃၁၄၊ ၃၂ဝ၊ အခန်း(၁၁) ပုဒ်မ ၄၁ဝ မှ ၄၃၂ ထိ၊ အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိပြဋ္ဌာန်းချက်များကိုပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်သဘောတူလက်ခံပြီးနောက်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။
(ခ) ပုဒ်မခွဲ(က)တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာပြင်ဆင်ရမည်။
           
ဤပြဋ္ဌာန်းချက်သည် အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းအခန်းမှ အခရာကျသောအချက်ဖြစ်သည်။ ဤအခန်း ရှိ ပုဒ်မ ၄၃၆ ကို မပြင်ဆင်လိုဟုပြောခြင်းသည် “၂ဝဝ၈အခြေခံဥပဒေ”ကို လုံးဝပြင်ဆင်လိုခြင်းမရှိဟုပြောခြင်းဖြစ်သည်။
အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ ဆိုသည်မှာ “နိုင်ငံတော်အခြေခံမူများအခန်း” တစ်ခုလုံးဖြစ်ပါသည်။ အခြေခံမူများအားလုံးကိုမပြင်ဆင်လိုဟု ပြောခြင်းမှာ အခြေခံဥပဒေတစ်ခုလုံးအားမပြင်ဆင်လိုခြင်းပင်ဖြစ်သည်။
ပုဒ်မ ၄၄၆
ပုဒ်မ ၄၄၆ တည်ဆဲဥပဒေများသည် ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းမပြုသေးမီ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်။
ပုဒ် ၁ဝ (က) (ခ) ၊ ပုဒ်မ ၁၇ (၁) (၂) ၊ မတရားသင်းအက်ဥပဒေတို့အပါအဝင်  အခြားသောဒီမိုကရေစီနှင့်လွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ချယ်ထား သည့် တည်ဆဲဥပဒေပုဒ်မဆိုးများအားလုံးကို ဖျက်သိမ်းမပေးဟုပြောလိုက်ခြင်းဖြစ်သည်။
သို့ပါ၍ ကြံ့ဖွံ့ပါတီက(ဗိုလ်)အောင်သိန်းလင်းပါးစပ်မှတဆင့်ပြောလာသည့် “မပြင်ဆင်လိုသောပုဒ်မ ၇ ခု” ဆိုသည်ကို စိစစ်ကြည့် လိုက်သောအခါ ကြံ့ဖွံ့ပါတီ၏သဘောထားအခြေခံမှာ အနှစ်ချုပ်မှာ ဒီချုပ်အပါအဝင် အတိုက်အခံပါတီများက လိုလားတောင်းဆိုနေကြသည့် “ပြင်ဆင်ရေး”ကို လက်မခံ/ပြင်မပေးနိုင်ဟု ပြောလိုရင်းဖြစ်သည်။
- ညွန်း
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈)
- မဇ္ဈိမသတင်းစာ အတွဲ ၂၊ အမှတ် (၅၅)  ကြာသာပတေးနေ့၊ ဒီဇင်ဘာ ၂၆ရက်၊ ၂ဝ၁၃
- ဒီလှိုင်းစာစောင် အတွဲ ၂။ အမှတ် (၅ဝ) တနင်္လာနေ့၊ ၂၃- ၁၂ -၂ဝ၁၃

ပြင်ပြင်/မပြင်ပြင်ဝင်မှာဆိုတဲ့ ခြေမ (မျိုးမြင့်ချို) ဒီဇင်ဘာ ၂၉၊ ၂ဝ၁၃

0 comments
ပြင်ပြင်/မပြင်ပြင်ဝင်မှာဆိုတဲ့ ခြေမ (မျိုးမြင့်ချို) ဒီဇင်ဘာ ၂၉၊ ၂ဝ၁၃
ဇာတ်တော်မှာ အဇာတသတ်အမည်နဲ့ မင်းဖြစ်လာမယ့်အကောင် ငယ်ငယ်က လက်မှာခူနာပေါက်တော့ အဖေဖြစ်တဲ့ ဗိမ္မိသာရဘုရင်က အနာသက်သာအောင် သူ့လက်ကလေး ပါးစပ်ထဲငုံကာချော့သိပ်သတဲ့။ အနာပြည်ပေါက်တော့ ထွေးထုတ်ဖို့ပါးစပ်ဟလိုက်ရင် အာငွေ့လေးပျယ်ကာသားလေးနိုးသွားမစိုးလို့ ပြည်ပုတ်တွေကြိတ် မှိတ်ကာမြိုချလိုက်တယ်ဆိုတဲ့အဖြစ်ဟာ ဖခင်တစ်ယောက်ရဲ့မေတ္တာကိုဖော်ကျူးရာမှာ အလွန်တာသွားပြီး ထိမိလှတယ်။ ဒီမှာ မရှင်းတာက(အမှန်တော့ သူ့တိုင်းသာထား ဘာမှအရေးမပါလှဘူး၊ ဇာတ်ကိုလည်း ပိုမနာစေသလို ပိုလည်း ဆိုးမသွား/ကောင်းမသွားစေဘူး) လက်တော့လက်ပဲ၊ လက်ချောင်းလည်း လက်ချောင်းပဲ၊ ခူနာဆိုတာကလည်း လက်ချောင်းလေးတွေမှာသာပေါက်တာပဲ၊ ဒါပေမယ့် လက်ချောင်းက ဘယ်လက်ချောင်းလဲ၊ တချို့က လက်ညှိုးမှာလို့ဆိုပြီး၊ တချို့ကတော့ လက်မမှာလို့ ပြောတယ်။ ခြေမမှာပေါက်တာလို့ ဘယ်သူမှမပြောပါဘူး။ ဒီအတိုင်းထားရင် သူ့ဟာသူ လက်ညှိုးပေါက်ပေါက် လက်မပေါက်ပေါက်ပါ ကိစ္စမရှိပါဘူး။ ကိစ္စက ဘယ်မှာရှိလာသလဲဆိုတော့ ခြေမမကောင်း ခြေမ၊ လက်မမကောင်း လက်မဆိုတဲ့စကားနဲ့ ဆက်စပ်တွေးတာမှာရှိလာတာပဲ။ ခြေမ မကောင်းလို့ လက်မဖြတ်ဆိုတဲ့ စကားမရှိတာတော့ သေချာတယ်။

အခု ဒေါ်အောင်ဆန်းစုကြည် ခြေမ မကောင်းဘူး။ ခွဲစိတ်ခံထားရတယ်။ အဲ့ဒီအခါမှာပဲ တိုက်ဆိုင်စွာနဲ့ ဗဟိုကော်မတီအစည်းအဝေး ဖြစ်လာတယ်။ ဒီနေ့ဒီရက်ဒီအချိန်မှာ ဒီအစည်းအဝေးလုပ်ကိုလုပ်မယ်လို့ နဂိုကတည်းက အတည်ပြုပြီးသားဖြစ်နေလို့လား။ ဒီ မူလ အတည်ပြုချက်က ပြင်လို့ ပြောင်းလို့ ရက်ရွှေ့လို့ မရလို့လား။ ဒါမှမဟုတ် အရေးပေါ်လို့မဆိုပေမယ့် လိုအပ်လို့ကောက်ကာငင်ကာ လုပ်ရတာလား၊ ပုံမှန် ဗဟိုကော်မတီအစည်းဝေးလုပ်ချိန်မို့လို့လား၊ ဘာအကြောင်းများလဲဆိုတာတော့ ကာယကံရှင်တွေ ထုတ်မပြောရင် ဘယ်သူမှသိနိုင်မယ့်ကိစ္စမဟုတ်ပါ။ ဒါပေမယ့် ဒေါ်စု တသြဇာနဲ့ထူထောင်ထားတဲ့။ သူ့နှုတ်ထွက်စကားကို ပယ်ရှားမစွမ်းတဲ့အန်င်အယ်လ်ဒီဟာ ဒေါ်စုမပါတဲ့ ဗဟိုကော်မတီအစည်းအဝေး လုပ်တော့ လူတိုင်းလိုလို ပါးစပ်အဟောင်းသားဖြစ်ရတာအမှန်ပဲ။ ဘာလို့လဲ သို့လော သို့လောတွေဖြစ်လာတယ်။

ခုဗဟိုကော်မတီအစည်းအဝေးဟာ အရေးအပါဆုံးအစည်းအဝေးလို့မဆိုနိုင်ရင်တောင် အရေးတော့ကြီးတာ အမှန်ပဲ။ ဖွဲ့စည်းပုံပြင်ဖို့ လူထုသဘောထားမေးတာတို့၊ ကြီး(၄)ကြီးတွေ့ပါရစေတို့ဆိုတဲ့အသံတွေ ထုတ်ထားတာမဟုတ်လား။ ဖွဲ့စည်းပုံကို ၂ဝ၁၅ မတိုင်ခင်မှာ မပြင်နိုင်ရင်၊ ကြီး(၄)ကြီးတွေ့ပါရစေဆိုတာ မတွေ့ရရင်ဘာလုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်တခုခုချပြီး လူထုနဲ့နိုင်ငံတကာကိုအသိပေးရမယ့်သဘော ရှိနေတယ်မဟုတ်လား။ နိုင်ငံတကာကလည်း ညောင်ရေလောင်းသမျှ ဘယ့်လောက်အရာထင်/မထင် သိချင်စိတ်နဲ့အကဲဆတ်နေချိန်မဟုတ်လား။ ဆိုတော့ ဒီအစည်းအဝေးဟာ အရေးကြီးတာအမှန်ပဲ။ ၂ဝဝ၈ စစ်ကြီးစိုးရေးဖွဲ့စည်းပုံကို ၂ဝ၁၅ မတိုင်ခင် ပြင်မပေးရင် အင်န်အယ်လ်ဒီဘာလုပ်မလဲ၊ အင်န်အယ်လ်ဒီ လုပ်လာလှမ်းလာတဲ့ခြေလှမ်းတွေကြည့်ပြီး စစ်အုပ်စုကရော ဘယ်လိုတုန့်ပြန်လာမလဲဆိုတာတွေက ဒီအစည်းအပေါ်တည်နေတယ်လို့မြင်တယ်။

အစည်းအဝေးကြီးကတော့ ပဲ့ကိုင်မပါပဲ အောင်မြင်စွာပြီးဆုံးသွားပြီ။ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ ပြင်ပြင်/မပြင်ပြင်ဝင်မှာပဲလို့ ပြောခွင့်ရအတွင်းရေးမှူးရှေ့နေကြီးဦးဉာဏ်ဝင်းက
အောင်မြင်သူလေသံမျိုးနဲ့ အတိအလင်းဆိုတယ်။ သူပြောတဲ့အထဲမှာ ဒီ ဝင်မယ်ဆိုတဲ့ဆုံးဖြတ်ချက်က ဒီအစည်းအဝေးကျမှချတာမဟုတ်ပဲ နဂိုကတည်းကရှိထားပြီးသားဆိုတာပါတယ်။ သဘောကတော့ ဒီအစည်းအဝေးနဲ့ဒီဆုံးဖြတ်ချက်က ဘာမှမပတ်သက်ဘူးဆိုတဲ့သဘော။ ဒီအစည်းအဝေးမရှိ/ရှိရှိ၊ ဒေါ်စုမတက်/တက်တက် ဆုံးဖြတ်ချက်ကတော့ ဒီအတိုင်းပဲဖြစ်ရမယ်ဆိုတဲ့သဘော။ နဂိုတည်းက ဒေါ်စုအပါအဝင်အားလုံးမှာ ဒီအတိုင်းသဘောထားရှိပြီးသားလိုမျိုး၊ ခု ဗဟိုကော်မတီအစည်းအဝေး အပြီးမှာ သူကအတွင်းရေးမှူးအဖြစ်နဲ့ တရားဝင်ပြောရတဲ့သဘောမျိုး၊ ဒီဆုံးဖြတ်ချက်မှာ ဒေါ်စုပါခဲ့ပေမယ့် စီစီတွေကိုယ်စား သူ့နှုတ်က ခုမှ ထုတ်ဟရတဲ့သဘောမျိုးတွေကောက်ယူလို့ရစေတယ်။ ဗဟိုကော်မတီဝင်တွေအနေနဲ့ ခေါင်းဝင်ရောင်းတာ မဟုတ်သလို ဗိုက်အငှားနဲ့ ဓါးထိုးခံတာလည်းမဟုတ်ဘူးဆိုတဲ့သဘောများလားလည်း တွေးစရာတွေ ထွက်လာပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီဆုံးဖြတ် တရားဝင်ထွက်လာတော့ ဒူးနှံ့သူ နှံ့။ အမြီးနှံ့သူ နှံ့။ သက်မချသူ ချ။ သက်ပြင်းချသူ ချ။ နဖူးရိုက်သူ ရိုက်။ ပါးစပ်အဟောင်းသားဖြစ်သူ ဖြစ်။ ပခုံးတွန့်သူ တွန့်။ ကျောသပ်ပေးမယ့်သူ သပ်။ ညောင်ရေလောင်းတဲ့သူ လောင်းနဲ့။ သားတရား စီရင်ခန်းဥပမာ အကြိမ်ကြိမ်ကြော့ကာကြော့ကာ ဝင်လာပြန်တယ်။ ဒါတွေပြီးသွားလို့ အကုန်ပြီးသွားပြီလို့တော့ ဘယ်လိုမှပြောမရသေး။

ကျန်းမာရေးမကောင်းတဲ့ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်တဲ့ ဗဟိုကော်မတီအစည်းအဝေးကြီးကတော့ ပြီးသွားပါပြီ။ ၉ဝ ရွေးကောက်ပွဲရဲ့ နောက်ဆုံးခံစစ်အတားအဆီးရွှေဂုံတိုင်ကြေညာချက်ဘေးချပြီး ပါတီပြန်မှတ်ပုံတင်မယ်ဆိုတုန်းကတစ်ခါ၊ ဖွဲ့စည်းပုံပြင်ဖို့ လွှတ်တော်ထဲ ဝင်မယ်ဆိုပြီး ဝင်/ပြင်နဲ့ ပြင်/ဝင်သဘောထားငြိကြတုန်းကတစ်ခါ၊ သမ္မတကြီးကိုယုံတယ်ဆိုတုန်းကတစ်ခါ အခါပေါင်းများစွာ မှာ အင်န်အယ်လ်ဒီဟာ နိုင်ငံရေးအနာပေါင်းများစွာနာခဲ့တယ်။ ခု ပြင်ပြင်/မပြင်ပြင်ဝင်မှာပဲဆိုတာကရော နောက်အနာတစ်ခုမဟုတ်ဘူးလို့ ဆိုနိုင်မလား။ တကယ်လို့ အနာဆိုရင်ရော အဲ့ဒီအနာက ခူနာလား။ ခူနာဆိုရင်ရော ပါးစပ်ထဲမှာ ပြည်အပေါက်ခံ မလား။ ပြည်သွေးပုတ်တွေ ထွေးထုတ်မလား။ လက်မပေါက်တာလား ခြေမမှာပေါက်တာလား။ ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မက ဗမာ့နိုင်ငံရေးနယ်ထဲချသုံးရင်ရော။ ခြေမ မကောင်းလို့ လက်မတော့ ဘယ်သူမှဖြတ်ကြမယ် မထင်ဘူး။


Saturday, December 28, 2013

တမာနုချိန် စစ်တမ်း (မြသန်းတင့်)

1 comments
အညာသားဖြစ်၍လား မသိ။ ကျွန်တော်သည် နွေဆန်လျှင် အညာကိုလွမ်းတတ်လေသည်။ အညာကိုအလွမ်းဆုံးအချိန်မှာ တပို့တွဲလဆန်းမှ တပို့တွဲလပြည့်ကျော်လောက်အထိ အချိန်ဖြစ်ပါသည်။ တပေါင်းဆိုလျှင် အညာရာသီဥတုသည် ပူလွန်းသည်။ ရှုခင်းက ခြောက်သွေ့ လွန်းသည်။ တံလျှပ်တွေ စူးရဲလွန်းသည်။ တပို့တွဲလဆန်းမှာမူ သိပ်မပူ၊ သိပ်လည်းမချမ်း။ "ဆောင်းကျွတ်လုပြီ။ နွေရာသီလည်း၊ မပီတတ်သေး၊ ဝိုးဝါးထွေးလျက်"နေသော စပ်ကူးမပ်ကူးအချိန်ကလေး။ 

ထိုအချိန်သည် နွေနတ်သမီးက မြူဇာပဝါပါးကို နေလှမ်းချိန်။ ကျေးငှက်ကိုယ်စားလှယ် အဆင့်ဆင့်တို့၏ နှစ်ပတ်လည်ကွန်ဖရင့်။ ဂီတမိခင်က ဥသြငှက်ကို ဒိုရေမီဖာစ၍ သင်ပေးခါစ။ ဆက်ရက်က ထန်းရည်မူးပြီး ပေါက်ပင်ပေါ်တွင် ကျူးကျော်တဲဆောက်နေဆဲ။ ထန်းဆော်လေက ထန်းပင်များကြားတွင် လက်ညိုညိုများကိုရှောင်တိမ်းကာ ယာခရိုးတွင် တူတူပုန်းလျက်။ ရုက္ခဗေဒက ကလေးတို့ကို ဇီးသီးဝေချိန်။ သဇင်ကြွင်းက ဖန်ခွက်ထဲမှနောက်ဆုံးနှင်းစက်ကို အငမ်းမရ မော့နေဆဲ။ ကျေးဖိုက ကျေးမ၏မီးနေခန်းနားတွင် တရစ်သီသီ။ နှစ်ပတ်လည်လှေပြိုင်ပွဲဝင်မည့် ယောက်မက ထမနဲအိုးထဲတွင် လှော်တက်လေ့ကျင့်ခန်းဆင်းစ။ အင်ကြင်းနီအပျိုပေါက်က နှုတ်ခမ်းဆိုးဆေးကို မဆိုးတတ်ဆိုးတတ် ဆိုးလျက်။ အပြင်ခန်းသို့ ထွက်သွားသော နေလူပျိုသိုးသည် အတွင်းခန်းသို့ဝင်ရန် အီကွေတာခါးပန်းကို ကျော်နေဆဲ။ ကောင်လေးများက ထရိုက်ဇာဆွယ်တာပါးပါး လှလှကလေးများကိုခေါက်သိမ်း၍ ပရုတ်လုံးထည့်လျက်။ ပက်ကြားအက်နေသော အပျိုမလေး၏ပါးပြင်တွင် ဂလစ်ဆရင်းအလှဆီပြယ်ကာစ။ တစ်နှစ်လုံးအလေလိုက်နေသော မာဃကြယ်သည် အချစ်ဦးစန္ဒာကို မျက်နှာငယ်ကလေးဖြင့် ပြန်ကပ်ချိန်။ ကောက်လှိုင်းစည်းက သူ့စင်ပေါ်တက်ခွေပြီး သူ့တလင်းကိုလွမ်းလွမ်းဆွေးဆွေးကြည့်လျက်။ ကျောင်းပြေးက မှတ်စုစာအုပ်ငှားပြီး စိန္တိတကထာ(၄၇)ကို ပုံဆွဲတုန်း။ ညားကာစဇနီးမောင်နှံ စိတ်ကောက်ပြီးသူတို့ခုတင်ပေါ်မှဆင်းသွားသောအချမ်းဓာတ်ကို အိပ်ခန်းထဲတွင်လိုက်ရှာနေစဉ်။ ပြက္ခဒိန်ဟောင်းက ဘော်တယ်ကုလား၏ဂုန်နီအိတ်ထဲတွင်လိုက်သွားပြီး တစ်ရွက်လှန်ထားသောပြက္ခဒိန်သစ်က နံရံပေါ်တွင် အပြုံးလဲ့လဲ့။ ပြင်ဦးလွင်မြို့မှ ဆင်းလာကာစ စထရော်ဘယ်ရီသီးက ထင်းရှုးသေတ္တာကြားထဲမှနေပြီး ရေခဲသေတ္တာထဲကနို့စိမ်းဘူးကို စောင့်ကြည့်နေဆဲ။ တမာပင်က ဝစ်လစ်စလစ်ချွတ်ချလိုက်ပြီး မလုံ့တလုံရွက်နုကို ခြုံနေဆဲ။ ကျွန်တော်သည် တပို့တွဲအကုန် တပေါင်းအကူးအညာကို လွမ်းနေသည်။

နွေဆန်းလျှင် သည်လိုပင် အညာကို ကျွန်တော်လွမ်းတတ်ပါသည်။ စိတ်ကုသမားတော်တို့က နွေလွမ်းဝေဒနာဟု ရောဂါစစ်တမ်းပေးလိမ့်မည် ထင်သည်။ အညာသားက အညာကိုလွမ်းခြင်းဖြစ်သည့်အတွက် အိမ်လွမ်းဝေဒနာဟုလည်းခေါ်နိုင်လိမ့်မည်ထင်ပါ၏။ ပြောခွင့်ရပုဂ္ဂိုလ် မဟုတ်သည့်အတွက် သူများတွေအတွက်တော့ ကျွန်တော်မပြောတတ်။ ကျွန်တော်အဖို့မူ တမာနုချိန်သည် အညာနွေဦး၏ နိမိတ်ပုံ။ အညာနွေ၏အလင်္ကာ။ တစ်နှစ်၌ ကျွန်တော်သည် နွေဦးပေါက်ခါစ တပို့တွဲလဆန်းတွင် အညာသို့ပြန်ရောက်သွားသည်။ ချမ်းမြညနှင့် ပူအိုက်နေ့ကို တစ်လှည့်စီကြုံရသည်။ သို့ရာတွင် တပို့တွဲညများသည် ခိုက်ခိုက်တုန်အောင်လည်း မချမ်းတော့။ တပို့တွဲနေများသည်လည်း ပူလောင်လောင်မဖြစ်သေး။ နေလို့ကောင်းရုံ၊ လမ်းလျှောက်လို့ကောင်းရုံ၊ အိပ်လို့ကောင်းရုံ၊ စားလို့ကောင်းရုံသာဖြစ်သည်။

ကျွန်တော်ရောက်နေစဉ် အမေသည် ကျွန်တော်ကြိုက်တတ်သော အညာဟင်းတစ်ခွက်ကို ချက်ကျွေးသည်။ အခြားမဟုတ်ပါ။ အမဲခြောက်ကို ခရမ်းချဉ်သီးနိုင်နိုင် ငရုတ်သီးနိုင်နိုင်ထည့်၍ ဆီးသီးဖြင့်ချက်သော စပ်ချဉ်ဟင်းဖြစ်ပါသည်။ အမေသည် ထိုဟင်းနှင့်လွန်စွာလိုက်ဖက်သော အတို့တစ်မျိုးကိုလည်း ပြင်ဆင်ပါသည်။ ထိုအတို့မှာ တမာရွက်ဖြစ်ပါသည်။ တမာချဉ်ဟု ရန်ကုန်ကခေါ်သော ကုလားတမာရွက်ကြမ်းများကို မန်ကျည်းသီးဖြင့်ပြုတ်ထားသည့် အရာမျိုးမဟုတ်။ မြန်မာတမာ၊ တောတမာဟုခေါ်ကြသော တမာရွက်နုနုကလေးများကို အခါးပေါ့အောင် ရေနွေးဖြင့်ဖျောထားသည့်တမာရွက်တို့ ဖြစ်ပါသည်။ တမာတွေ ဘယ်နှစ်မျိုးရှိသည်ကို ကျွန်တော်မသိပါ။ ရေတမာ၊ ကုလားတမာ၊ တောင်တမာ၊ သင်္ဘောတမာ၊ တောတမာ၊ မြန်မာတမာ စသဖြင့်အမျိုးမျိုးခေါ်ကြပါသည်။ အညာတွင်မူ တမာရွက်တို့စားလျှင် မြန်မာတမာခေါ် တောတမာကိုသာ တို့စားတတ်ကြသည်။ အခြားတမာများကိုမူ တို့စားခြင်းမရှိပါ။ ရန်ကုန်တွင်ဖြစ်စေ၊ အောက်အရပ်တွင်ဖြစ်စေ ကျွန်တော် ရောက်လေရာရာတွင် တမာပင်ကိုလိုက်ရှာတတ်ပါသည်။ သို့ရာတွင် ဆယ်ပင်လျှင် တစ်ပင်မျှပင် တမာကို မတွေ့ရပါ။ တမာသည် အပူပိုင်းတွင်သာပေါက်သည့်အပင်ဖြစ်သောကြောင်း ရှားပါးနေခြင်းဖြစ်ပါသည်။ ကျွန်တော်တို့အညာတွင်မူ တမာပင်ကို ရှောင်၍မလွတ်ပါ။ ကျွန်တော်တို့မြို့အဝင်တွင် အင်္ဂလိပ်လက်ထက်ကစိုက်ထားခဲ့သော တမာတန်းရှိပါသည်။ ပခုက္ကူသို့အထွက် ပေတစ်ရာလမ်းတစ်လျှောက်တွင် တမာပင်တွေကိုချည်း တန်းစီစိုက်ထားသည်။ တော်တော်နှင့်မဆုံးနိုင်။ နှစ်မိုင်သုံးမိုင်လောက်တော့ ရှိမည်ထင်သည်။ ငယ်ငယ်တုန်းက ကျွန်တော်တို့တစ်တွေကျောင်းပြေးလျှင်လည်း တမာတန်းကိုပြေးကြသည်။ တမာသီးတွေလှိုင်လှိုင်ပေါသည့် ကဆုန်နယုန်သို့ရောက်လျှင် တမာပင်တွေပေါ်တက်ပြီး တမာသီးတွေကိုခူးကာ စစ်တိုက်တမ်းကစားကြသည်။ တမာသီးကလည်း ပေါသလားမမေးနှင့်။ တစ်ပင်တစ်ပင်ကို တင်းပေါင်းဆယ်ရာချီ၍ရသည်။ စက်မှုလုပ်ငန်းသာဖွံ့ဖြိုးလျှင် အညာကတမာပင်များသည် အလွန်အဖိုးတန်သော ဓာတုဗေဒကုန်ကြမ်း ပစ္စည်းများဖြစ်လာပေလိမ့်မည်။ သင်္ကြန်ကျခါနီးသည်နှင့် တမာပန်းတွေပွင့်ကြလေပြီ။ တမာရနံ့သည် နည်းနည်းတော့ရိုင်းသည်ဟု ကျွန်တော် ထင်သည်။ သို့ရာတွင် နံစော်သောပန်းဟူ၍ လောကတွင်မရှိ။ ထို့ကြောင့် တမာပန်းရနံ့သည်လည်း ရိုင်းသည့်တိုင် မွှေးမြဲတော့မွှေးပါသည်။
အတာအိုးထိုးလျှင် အမေက တမာခူးခိုင်းလေ့ရှိသည်ကို ကျွန်တော်သတိရမိပါသည်။

ကျွန်တော်တို့မြို့က တမာတန်းဘေးတွင် ခံပင်၊ ခံစပ်ပင်တွေပေါက်နေသည့်တောင်ကုန်းကလေးတွေရှိသည်။ ထိုတောင်ကုန်းကလေးများ ပေါ်က ခံစပ်ချုံလေးများတွင် စွေးတို့၊ ဗွတ်ဖင်နီတို့၊ ဗွတ်ကလုံတို့ စသည့်ငှက်ကလေးတွေ နေတတ်ကြသည်။ ထိုငှက်ကလေးများသည် အပင်မြင့်ကြီးများတွင်အသိုက်မလုပ်ဘဲ ပင်နိမ့်ကလေးများတွင်အသိုက်လုပ်တတ်ကြပါသည်။ တမာတန်းက တမာပင်တွေမှာ စစ်တိုက်တမ်း ကစားပြီးသည်နှင့် ကျွန်တော်တို့သည် ခံစပ်ကုန်းသို့သွား၍ ဗွတ်ဖင်နီကလေးများ၊ ဗွတ်ကလုံကလေးများကိုဖမ်းတတ်ကြသည်။ ဗွတ်ကလုံ ဗွတ်ဖင်နီတို့ဥချိန်မှာလည်း တပို့တွဲလ ဖြစ်သည်။ ကျွန်တော်သည် တစ်ခါတွင် ဗွတ်ကလုံတစ်ကောင်ကိုမိလာခဲ့ပါသည်။ အသိုက်ထဲတွင် ဥဥနေစဉ် ဖမ်းလာခဲ့ခြင်းဖြစ်ပါသည်။ ဗွတ်ကလုံသည် တေးဆိုသောငှက်မျိုးဖြစ်၍ အင်္ဂလိပ်လိုက BulBul ဟု ခေါ်ကြပါသည်။ ကျွန်တော်  ဖမ်းလာသည့် ဗွတ်ကလုံငှက်မကလေးမှာ အိမ်ရောက်၍ လှောင်အိမ်ထဲထည့်ထားလိုက်သောအခါတွင် တေးဆိုခြင်းမပြုတော့ပါ။ မကြာမီ သေသွားပါသည်။ သစ်သီးဝလံ စသည်တို့ကို ကျွေးသော်လည်း ကောင်းစွာမစားတော့ပါ။ လွတ်လပ်မှုကိုဆုံးရှုံးပြီး သဘာဝမကျစွာဖြင့် နေရသဖြင့် စိတ်ညစ်ပြီးသေသွားဟန်တူပါသည်။

ကျွန်တော်တို့မြို့အဝင်က တမာတန်းနှင့်ပတ်သက်၍ ကျွန်တော့်တွင်သတိရစရာတွေ ရှိပါသေးသည်။ မြိုင်က အဓိကရ ဘုရားပွဲကြီးတစ်ပွဲ ဖြစ်သည့် ရွှေမြင်တင်ဘုရားပွဲသည် ကဆုန်လဆန်း (၈)ရက်နေ့လောက်စပြီး ကဆုန်လပြည့်အထိ ကျင်းပတတ်သည်။ ရွှေမြင်တင် ဘုရားဈေးပွဲကြီးသည် ထိုတမာတန်းတွင်ပင် ခင်းကျင်းတတ်ရာ ကျွန်တော်တို့တစ်သိုက်သည် တမာတန်းကို နေ့တိုင်းရောက်နေကြသည်။ ဘုရားပွဲဈေးမစခင်ကတည်းက တောကလာသည့်ဈေးသည်တွေ ပြည့်နေလေပြီ။ ထိုဈေးလှည်းများတွင် ထွန်တုံး၊ ခွတ်သန်၊ ဝါး၊ ဖျာ၊ မန်ကျည်း၊ ထန်းလျက်၊ ပဲ၊ ပြောင်းဆန်၊ ကြိမ် စသည့် လယ်ယာနှင့်သစ်တောထွက်ပစ္စည်းတွေ ပါလာတတ်သည်။ မြို့ကလာသည့် ဈေးလှည်းများမှာ အထည်အလိပ်၊ အလှကုန်ပစ္စည်း၊ အဖျော်ယမကာ၊ အိမ်တွင်းဖြစ်အလှကုန်ပစ္စည်း၊ ငါးပိ၊ ငါးခြောက် စသည့် ကုန်ခြောက်ပစ္စည်းများပါလာတတ်သည်။ တောဘုရားပွဲသည် မြို့နှင့် တောတို့၏ ပေါင်းဆုံရာနေရာတစ်ခုဖြစ်ပါသည်။ စက်မှုလုပ်ငန်း အသေးစားနှင့်လယ်ယာတို့ ဈေးကွက်ပြိုင်ရာလည်းဖြစ်သည်။

နောက်သတိရနေသေးသည့်ရှုခင်းမှာ တမာတန်းနားက တမာပင်တစ်ပင်ပေါ်တွင် မိန်းကလေးတစ်ဦး ကြိုးဆွဲချ၍သေနေသည့်ရုပ်ပုံဖြစ်သည်။ ထိုမိန်းကလေး၏အမည်ကို ကျွန်တော်မမှတ်မိတော့။ ထိုစဉ်က ကျွန်တော်က ဆယ်နှစ်သားအရွယ်၊ မိန်းကလေးက အသက်(၁၈)နှစ်၊(၁၉)နှစ် အရွယ်။ မိန်းကလေးသည် အရှက်ထက် အသက်ကိုမငဲ့နိုင်တော့ဘဲ ကြိုးဆွဲချသေသွားခဲ့သည်။ သူ့အရှက်ကိုထိန်းသိမ်းပုံမှာ အံ့သြလောက် ပါသည်။ မိန်းကလေးသည် သေပြီးသည်၏အခြားမဲ့မှာပင် သူ့အရှက်ကိုထိန်းသိမ်းလိုသည့်နှယ် ကြိုးတစ်ချောင်းဖြင့် ခါးကထဘီကို သေသေသပ်သပ်စည်းသွားခဲ့သည်။ လောကတွင် လူအမျိုးရှိပါသည်။ အချို့သည် အသက်ရှင်နေကြသော်လည်း အရှက်မရှိကြပါ။ အချို့မှာ အသက်ရှင်လျက်ရှိစဉ်တွင်သာအရှက်ရှိပြီး သေသည်နှင့် အရှက်ကိုပါခွာချခဲ့ကြပါသည်။ ဒုတိယအမျိုးအစားသည် ပထမအမျိုးအစားထက် ချီးကျူးဖို့ကောင်းပါသည်။ သို့ရာတွင် ချီးကျူးစရာအကောင်းဆုံးမှာ အသက်ရှင်လျက်ရှိစဉ်မှာရော သေသည်၏အခြားမဲ့မှာရော မိမိ၏ ဂုဏ်သိက္ခာနှင့် မိမိ၏အရှက်ကိုထိန်းသိမ်းသွားကြသော လူမျိုးဖြစ်ပါသည်။ တမာတန်းတွင် ကြိုးဆွဲချ၍သေသွားသော အမည်မသိသည့် မိန်းမပျိုသည် အပေါ်ယံရွှေမှုန်ကြဲအထဲက နောက်ချေးခံထားသူ လူကြီးလူကောင်းအမည်ခံတို့ထက် ချီးကျူးလေးစားထိုက်သည်ဟု ကျွန်တော်ထင်ပါသည်။

တမာတန်းကို လွမ်းစရာ ကျန်းသေသည်။ ငယ်ငယ်(၇)နှစ်သားလောက်တုန်းက ကျွန်တော်သည် သူငယ်ချင်းတစ်ယောက်နှင့်အတူ အိမ်မှ ထွက်ပြေးခဲ့ဖူးပါသည်။ အိမ် ထွက်ပြေးခြင်းမှာ ဘာအကြောင်းမျှ မရှိပါ။ တမာတန်းသို့ သူငယ်ချင်းနှစ်ယောက် ငှက်ဥသွားနှိုက်ကြရင်း မရည်ရွယ်ဘဲနှင့်ထွက်ပြေးကြခြင်း ဖြစ်ပါသည်။ ထိုနေ့က မိုးဖွဲကလေးတွေ ကျနေပါသည်။ တမာပန်းနုတွေကလည်း သင်းနေပါသည်။ ကျွန်တော်သည် တမာတန်းကို အဆုံးအထိမရောက်ဖူးသေးပါ။ သုံးလေးမိုင်ဝေးသဖြင့် မရောက်ဖူးသေးခြင်းဖြစ်ပါသည်။ ဤတွင် ကျွန်တော်သည် တမာတန်းကို အဆုံးအထိသွားကြည့်ချင်လာပါသည်။ တမာပန်းနုက ကျွန်တော့်ကို သွေးဆောင်ဖြားယောင်းနေသည်ဟု ဆိုနိုင်ပါသည်။ ကျွန်တော့်အထင်တွင် ပခုက္ကူရောက်သည်အထိ တမာပင်တွေကို တန်းစီပေါက်လိမ့်မည်ဟုထင်နေပါသည်။ ထိုတမာတန်းတစ်လျှောက်ကို ကျွန်တော်သွားကြည့်ချင်နေပါသည်။ ထို့ကြောင့် သူငယ်ချင်းနှစ်ယောက်တိုင်ပင်ပြီး တမာတန်း ပေတစ်ရာအတိုင်းလျှောက်လာခဲ့ကြပါသည်။ လမ်းတွင် ခွဖြင့် ငှက်ပစ်လိုက်၊ ရေအိုင်တွေ့လျှင် ဝင်ဆော့လိုက်ဖြင့်။ သို့ရာတွင် လေးမိုင်လောက်လျှောက်မိသည့်အခါ တမာတန်းသည် ဆုံးသွားပါသည်။ ရှေ့တွင် တမာပင်တွေ မရှိတော့ပါ။ ဤတွင် ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် သည်လိုတမာတန်းများ လမ်းတစ်လျှောက်တွင်ရှိရဦးမည်ဟုတွေးကာ တမာတန်းရှာပုံတော် ဆက်လက် ထွက်ခဲ့ကြပါသည်။ ဆယ့်ငါးမိုင်လောက်ရောက်သည်အထိ တမာတန်းကို မတွေ့တော့ပါ။ ဤတွင် ကျွန်တော်တို့ ကြောက်လာပြီး အားငယ်လာကြပါသည်။ ထိုစဉ်က ကျွန်တော်တို့နှင့်မျက်နှာချင်းဆိုင်မှ လှည်းနှစ်စီးပေါ်လာပြီး လှည်းပေါ်မှ လူကြီးတစ်ယောက် ဆင်းလာပါသည်။ ထိုလူကြီးမှာ ကျွန်တော်တို့အိမ်နီးနားချင်း လက်ဖက်ကုန်သည် တစ်ယောက်ဖြစ်ပါသည်။ သူသည် ကျွန်တော်တို့ (၇)နှစ်အရွယ်ကလေးနှစ်ယောက်ကို လူသွားလူလာပြတ်သည့် ပေတစ်ရာကြီးပေါ်တွင် မြို့မှ ဆယ့်ငါးမိုင်ခရီးအကွာ၌ တွေ့ရသည့်အခါ အံ့အားသင့်နေပါသည်။ သူက အကျိုးအကြောင်းကိုမေးသည့်အခါတွင် ကျွန်တော်တို့ကောင်းကောင်းမဖြေနိုင်ပါ။ ဤတွင် သူရိပ်မိလိုက်ပါပြီ။ သူသည် လမ်းဘေး နဘူးချုံမှ ကြိမ်တစ်ချောင်းကိုချိုး၍ ကျွန်တော်တို့နှစ်ယောက်ကို တစ်ချက်စီရိုက်ပြီး လှည်းပေါ်သို့အတက်ခိုင်းပါသည်။ သည်အရွယ်မှာ အိမ်ပြေးရသလောဟုဆိုကာ တော်တော်လည်းစိတ်ဆိုးနေဟန်တူပါသည်။ ညနေပိုင်း အိမ်သို့ပြန်ရောက်သည့်အခါတွင် တစ်မြို့လုံးလိုက်ရှာပြီး မတွေ့သဖြင့် လူပျောက်မှုဖြင့်ဂါတ်တိုင်ထားပါသည်။ လက်ဖက်ကုန်သည်က အိမ်သို့သွားအပ်သည့်အခါတွင် အဖေသည် စိတ်ဆိုးလွန်းသဖြင့် ကျွန်တော့်ကို တိုင်တွင်ကြိုးတုပ်ပြီး ရိုက်ပါသည်။ ကျွန်တော်သည် နောက်ကြီးပြင်းလာသောအခါတွင် အိမ်မှ နှစ်ခါလောက်ထွက်ပြေးဖူးပါသေးသည်။ တမာတန်းကပေါ်ခဲ့သော အိမ်ပြေးစိတ်သည် ကြီးသည်အထိ ပါလာသလားမဆိုနိုင်ပါ။

တမာတန်းနှင့်ပတ်သက်၍ နောက်တစ်ချက် ကျွန်တော် သတိရစရာကျန်သေးသည်။ ယင်းမှာ ဂျပန်တော်လှန်ရေးအတွင်းက ဂျပန်တို့ အသတ်ခံသွားရသော ကျွန်တော်တို့ဖက်ဆစ်တော်လှန်ရေး ရဲဘော်ကိုတင်ဦး၏သင်္ချိုင်းရှိသောကြောင့် ဖြစ်ပါသည်။ ကိုတင်ဦးသည် မြို့နှင့် ဆယ်မိုင်ခန့်ဝေးသောရွာတစ်ရွာတွင် ဂျပန်မိသွားပြီး ကိုယ့်ကျင်းကိုယ်တူးခိုင်းကာ ကျင်းဝတွင်ဒူးထောက်ခိုင်းပြီး ဓားဖြင့်ခုတ်သတ်လိုက် ပါသည်။ သူ့အလောင်းကို ထိုရွာအနီးကကျင်းထဲတွင် ဂျပန်က မြှုပ်ပစ်ခဲ့ပါသည်။ စစ်ကြီးပြီးသွား၍ ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့တွေ ဖွဲ့သော အခါတွင် ကျွန်တော်တို့သည် ကိုတင်ဦး၏အရိုးကိုသွား၍ဖော်ကာ မီးသဂြိုဟ်ပြီး တမာတန်းဘေးက ခံစပ်ကုန်း တောင်ကမူကလေးပေါ်တွင် အုတ်ဂူကလေးတစ်ခု လုပ်ကြပါသည်။ ထိုစဉ်က မြို့ပိုင်နှင့် အင်္ဂလိပ်အလိုတော်ရိလူကြီးမင်းများက မြို့ထိပ်တွင် သင်္ချိုင်းဂူလုပ်ရမည်လောဟု ဆိုကာ ကန့်ကွက်တားမြစ်ခဲ့ကြပါသည်။ သို့ရာတွင် ကျွန်တော်တို့လူငယ်များသည် သူတို့တားမြစ်ချက်ကိုဖီဆန်ကာ ကိုတင်ဦး၏အရိုးပြာများ ကို ထိုတောင်ကမူကလေးပေါ်တွင် ဂူသွင်းကြပါသည်။

* ထိုတစ်ခေါက် အညာသို့ရောက်စဉ် ကျွန်တော်သည် ရေနွေးကြမ်းနှင့်အမဲခြောက်ဖုတ်ကို စာအုပ်နှင့်တွဲဖက်မြည်းရင်း အိမ်နောက်က တမာပင်ကလေးကို ကြည့်နေမိပါသည်။ အမေက အမဲခြောက်စပ်ချဉ်ဟင်း၊ တမာရွက်တို့ဖြင့်ကျွေးသဖြင့် တမာတန်းကိုသတိရကာ တမာပင်ကလေးကို မော့ကြည့်မိလိုက်ဖြင်းဖြစ်ပါသည်။ တမာရွက်တွေကြွေနေသည်မှာ သုံးလေးရက်ရှိပါပြီ။ ရိုးတံပြိုင်းပြိုင်းဖြစ်နေသော တမာပင်ကိုကြည့်၍ ကျွန်တော် နွေလွမ်းဝေဒနာဝင်လာပါသည်။ သည်နေ့မော့ကြည့်လိုက်တော့ နှစ်ရက်သုံးရက်ခန့် ရိုးတံပြိုင်းပြိုင်း ဖြစ်နေသော တမာပင်ကလေးတွင် ရွက်နုတွေထွက်နေသည်ကို ကျွန်တော် မြင်နေပါသည်။ ပြက္ခဒိန်ကိုမော့ကြည့်လိုက်တော့ ဖေဖော်ဝါရီ (၂၄)ရက်။ ကျွန်တော်သည် နေ့စဉ်မှတ်တမ်းစာအုပ်ကို ထယူကာ အိမ်နောက်ဖေးက တမာပင်ကလေး ရွက်နုတွေစထွက်တဲ့နေ့ဟု မှတ်ထား လိုက်ပါသည်။ အခြားသောတမာပင်များကို ကြည့်လိုက်တော့လည်း ရွက်နုတွေဆင်စပြုနေပါသည်။ တမာပင်တို့သည် တပို့တွဲလ ပြည့်ကာနီးနှင့် လပြည့်ကျော်တို့တွင် ရွက်နုဆင်သည်ကို ကျွန်တော်တွေ့ရပါသည်။

ရှေးစာဆိုတို့က တမာကို မကောင်းသည့်ဘက်တွင် ဥပမာတင်စား၍သုံးခဲ့ကြပါသည်။ တမာလို မခါးနဲ့၊ ပျားလိုချိုဟု ပြောကြပါသည်။ တမာရောယှက်၊ စိုက်ရောဖက်က၊ သရက်ပင်မင်း၊ သီးချိုကင်း၏ဟု ဆိုကြပါသည်။ သို့ရာတွင် ယင်းမှာ တစ်ဖက်သက်ကျသော နိဂုံးချုပ်နည်းဟုထင်ပါသည်။ တမာသည် အဆင်းမလှသော်လည်း အရိပ်ကိုပေးပါသည်။ တမာပန်းရနံ့သည် ရိုင်းသော်လည်း မွှေးမြဲ မွှေးပါသည်။ တမာရွက်သည် အကြွေမြန်သော်လည်း ချက်ချင်း ရွက်နုထွက်ပါသည်။ တမာသည် ခါးသည်ဟုဆိုသော်လည်း ခံတွင်းမြိန်စေပါသည်။ နောက်ပိုင်းတွင်မူ ကဗျာဆရာတို့က တမာပန်းကို ဖွဲ့လာကြပါသည်။ တမာသည် အညာ၏ပုံရိပ်ဖြစ်လာပါသည်။ ချိုပြုံးက "တမာတောမှာ ပျော်တယ်ဆိုတဲ့ မောင်ရေ မောင်ရေ"ဟု တမာကို လွမ်းတစွာညည်းပါသည်။

တမာနုချိန်သည် ကျွန်တော့်နွေလွမ်းဝေဒနာ၏ ရောဂါလက္ခဏာချက်ဖြစ်ပါသည်။ ကျွန်တော့်အိမ်လွမ်းဝေဒနာ၏ ပြဒါးတိုင်လည်းဖြစ်ပါသည်။
(စာပြီးနှစ် ၁၉၈၉) မြသန်းတင့်