ခေတ်မောင်း
အယ်ဒီတာ့ အာဘော် (အတွဲ ၂၊ အမှတ် ၄ မှ)
မြန်မာနိုင်ငံမှာ စာပေစီစစ်ရေးမရှိတော့ဘူးလား ဆိုတဲ့မေးခွန်းကို ခေတ်မောင်းကဒီတပတ်ဖြေကြည့်မယ်။ စာပေစီစစ်ရေး၊ အင်္ဂလိပ်လို censor ကို များသောအားဖြင့် အစိုးရခန့်ထားတဲ့လူတစုက စာဖတ်သူတွေ၊ ရုပ်ရှင်ကြည့်သူတွေ၊ သီချင်းနားထောင်သူတွေ၊ တနည်း ပြည်သူတွေကို ဒါတွေ ဖတ်သင့်တယ်။ ဒါတွေတော့ မဖတ်သင့်၊ မကြည့်သင့်၊ နားမထောင်သင့်ဘူးဆိုပြီး အဆုံးအဖြတ်ပေးတာကို ဆင်ဆာလုပ်တယ်လို့နားလည်ကြတယ်။ ဒီနေရာမှာ ပြည်သူလူထုရဲ့နိုင်ငံရေး၊ စာရိတ္တပိုင်းဆိုင်ရာစံတွေက ဘာလဲဆိုတာကို ဒီလူတစုက ဆုံးဖြတ်ပေးနေတာဖြစ်တယ်။
ဒီနေ့ခေတ်မှာ မြန်မာပြည်မှာ ဆင်ဆာမရှိတော့ဘူးဆိုပြီး ကျယ်ကျယ်ပြန့်ပြန့်ပြောလာကြတယ်။ ဒါပေမယ့် လူတွေက ဥပဒေတွေစည်းမျဉ်းတွေနဲ့ဆွဲထားတဲ့ဆင်ဆာ regulative censorship ကိုပဲ ဆင်ဆာလို့ခေါ်ပြီး ဆင်ဆာဘုတ်မရှိတော့ဘူး။ စည်းမျဉ်းတွေမရှိတော့ဘူးဆိုပြီးဝမ်းသာကြတယ်။ တကယ်တမ်းမှာ မြန်မာပြည်မှာအမြစ်တွယ်နေတဲ့ ယဉ်ကျးမှုဆင်ဆာ၊ လူ့အဖွဲ့အစည်းထဲ ကင်ဆာလိုမြစ်ပွားနာလိုဖြစ်နေတဲ့ existential censorship ပဲခေါ်ခေါ်၊ constitutive censorship ပဲခေါ်ခေါ် ကြောက်စရာကောင်းတဲ့၊ တော်တော်နဲ့ဖျက်လို့ရမှာမဟုတ်တဲ့ဆင်ဆာကြီး ထုနဲ့ထည်နဲ့ရှိနေတာကို လူတွေသတိမမူမိကြဘူး။
စည်းမျဉ်းစည်းကမ်းတွေထုတ်တဲ့၊ စာရွက်တွေကိုမှင်သုတ်တဲ့၊ ဆုတ်ဖြဲတဲ့၊ ရုပ်ရှင်ဖလင်တွေကို ကတ်ကြေးနဲ့ညှပ်တဲ့ဆင်ဆာဘုတ်တော့ မရှိတော့ဘူး။ ဒါပေမယ့် မဆလလက်ထက်ကတည်းကရှိခဲ့တဲ့ ဒီဆင်ဆာဘုတ်ယဉ်ကျေးမှုကြောင့် အရွယ်ရောက်ပြီးသားဗမာတွေဟာ ဆင်ဆာဘုတ်မရှိတော့သည့်တိုင် ဆင်ဆာဘုတ်ချမှတ်ပေးခဲ့တဲ့ယဉ်ကျေးမှုဘောင်အပြင်ဘက်က စဉ်းစားနိုင်ဖို့သိပ်ခက်သွားပြီ။
တောင်အဖရိကက စာရေးဆရာလည်းဖြစ်၊ ၂ဝဝ၃ခုနှစ်က နိုဘယ်စာပေဆုရှင်လည်းဖြစ်တဲ့ ကွတ်ဇီ (J M Coetzee) ဟာ ဆင်ဆာဆိုတာဟာ ပါဝါရှိတဲ့လူတန်းစားက သူတို့အတွက်ရော ပါဝါမဲ့တဲ့လူတန်းစားအတွက်ပါ စကားလုံးတွေ၊ အမှတ်သညာတွေ၊ ဘာသာစကားတွေ ထွင်ထားပေးခဲ့တာလို့ဆိုတယ်။ ဆင်ဆာနဲ့ပတ်သက်ပြီးစာအုပ်တွေရေးခဲ့တဲ့ ပါမောက္ခဂျန်ဆန် (Sue Jensen) ကတော့ ဆင်ဆာဆိုတာ အဖြစ်အပျက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ အုပ်ချုပ်သူတွေနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ရမယ်နားလည်ရမယ်ဆိုတာကို လူတစုကပြဌာန်းပေးနေတာတဲ့။ သူက ဆင်ဆာဆိုတာ ပါဝါမဲ့တွေကိုကန့်သတ်ဖို့ ပါဝါရှိသူတွေဖန်တီးတာအားလုံးကို ဆင်ဆာလို့သတ်မှတ်တယ်။ ပါဝါရှိသူကို ဘာမှပြန်မပြောနိုင်ခြင်း silence ကိုလည်း ယဉ်ကျေးမှုဆင်ဆာလို့ သူက အဓိပ္ပါယ်ဖော်တယ်။
စည်းမျဉ်းစည်းကမ်းဘောင်တွေမရှိတော့တာကိုပဲ ဆင်ဆာမရှိတော့ဘူးလို့နားလည်သူတွေအတွက် ဂျန်ဆန်က ယဉ်ကျေးမှုဆင်ဆာ၊ အသံတိတ်နေခြင်းကိုက ပါဝါရှိသူတွေရဲ့ဆင်ဆာမိနေတာဆိုတာကို သတိပေးထားတယ်။ သူပြောတာကို ဗမာ့အရေးမှာချသုံးကြည့်ရင် မြန်မာနိုင်ငံမှာဆင်ဆာရှိနေတာ၊ ရှိနေတာမှ ကြောက်စရာကောင်းလောက်အောင် ပါဝါမဲ့နေသူတွေကို ပါဝါရှိသူတွေက ဆက်လက်ဖိထားနိုင်ဖို့ရှိနေတာကိုတွေ့ရမယ်။
အခုမြင်ရတဲ့ ကချင်အရေး၊ လက်ပံတောင်းအရေး၊ ရိုဟင်ဂျာအရေးတွေမှာ ပြဿနာကဘာဆိုတာ ပါဝါရှိသူတချို့က သူတို့စကားလုံးတွေနဲ့ဖော်ပြကြတယ်။ ဒီနေရာမှာ ပါဝါရှိသူဆိုတာ အစိုးရကိုပဲပြောတာမဟုတ်။ အစိုးရ၊ အစိုးရသစ္စာခံအတိုက်အခံ၊ ခရိုနီ၊ လူလတ်တန်းစားနဲ့ ပြုပြင်ပြောင်းလဲရေးကြောင့် မြန်မြန်ကြီးအကျိုးရှိလာနေတဲ့လူတန်းစားတွေ၊ အုပ်စုတွေပါတယ်။ အဖြစ်အပျက်တွေကို သူတို့ဖြစ်စေချင်၊ နားလည်စေချင်တဲ့စကားလုံးတွေနဲ့ပုံဖော်တယ်။ သူတို့ကိုဆန့်ကျင်သူတွေကို သူတို့ကပဲ နာမည်ဆိုးတွေပေးတယ်။ ဥပမာ ကေအိုင်အိုကို ငြိမ်းချမ်းရေးစားပွဲသို့ရောက်မလာသော တဖွဲ့တည်းသောအဖွဲ့၊ လက်ပံတောင်းကလူတွေကို တိုင်းပြည်ရင်းနှီးမြှုပ်နှံရေးအတွက်အဟန့်အတားဖြစ်နေသောအကြမ်းဖက်မှုကိုလိုလားသူများ၊ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကို တိုင်းပြည်သစ္စာဖောက်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်သူတွေကို အဆိုးမြင်သူတွေ လက်တွေ့မကျသူတွေ စသဖြင့်နာမည်တွေပေး၊ အဖြစ်အပျက်တွေကို သူတို့ထိန်းချုပ်ထားတဲ့စကားလုံးတွေ၊ ဘာသာစကားတွေနဲ့ပဲဖော်ပြကြတယ်။ လူတွေကလည်း အဲဒီစကားလုံးတွေနဲ့ပုံဖော်ထားတဲ့အတိုင်း ဖြစ်ရပ်တွေ၊ လှုပ်ရှားမှုတွေကိုနားလည်ကြတယ်။ အဲဒီဘောင်ထဲကကျော်ပြီး မကြည့်ရဲ၊ မမြင်ရဲ၊ မေးခွန်းမထုတ်ရဲကြဘူး။ ပါဝါရှိသူတွေရဲ့ချပေးတဲ့ ဘာသာစကားလိုင်းကိုလိုက်ကြတယ်။ ဖြစ်ရပ်တွေကို သူတို့ကွပ်ပေးထားတဲ့ဘောင်ထဲကပဲ နားလည်ဖို့ကြိုးစားကြတယ်။ ကျန်တဲ့လူတွေကို အဖျက်သမားလို့သတ်မှတ်လိုက်ကြတော့တယ်။ မီဒီယာတွေကလည်း ဒီလိုင်းပဲလိုက်နေတာများတယ်။ ဟန်ဝင်းအောင်တို့ကို လူဆိုးစာရင်းထဲသွင်းနေတာ၊ ကေအိုင်အိုကို ကျောက်စိမ်းတွေကြောင့်စစ်တိုက်နေတာလို့ဖော်ပြတာ ကာတွန်းဆရာတွေ၊ မီဒီယာတွေ ရှေ့တန်းကပါတယ်မဟုတ်လား။
ဒါတွေဟာ မြန်မာပြည်မှာရှိနေတဲ့ လတ်တလောယဉ်ကျေးမှုဆင်ဆာကြီးပဲ။ မဆလခေတ်မှာကြီးခဲ့သူတွေ ပြောခဲ့တဲ့ “ကိုယ်လုပ်လို့လည်းဘာမှဖြစ်မှာ မဟုတ်ဘူး။ တိတ်တိတ်နေ၊ ငြိမ်ငြိမ်နေ”ဆိုတဲ့အသံတိတ်ဆင်ဆာနဲ့ လူတွေမတရားတာတွေကို ပြန်မပြောအောင် မလုပ်အောင်ဖိထားတာရှိသေးတယ်။ ဒီလို ဆင်ဆာတွေရှိနေသမျှ မြန်မာ့စာနယ်ဇင်းလောကလွတ်လပ်ပြီ။ လူတွေလည်း ဆင်ဆာအောက်ကလွတ်ပြီလို့ ပြောလို့မရဘူးလို့ ခေတ်မောင်းက သုံးသပ်တယ်။