Wednesday, July 17, 2019

(လာလာသသူ သွားသသူနှင့်)

0 comments
(လာလာသသူ သွားသသူနှင့်)
ကျနော့် ယောက္ခမဘိုးတော်ကြီး အမည်က Lynn L Halliwill ဖြစ်ပြီး မွေးတာက မေ ၁၃ ရက် ၁၉၂၉ ခုနှစ်ပါ။ ၂ဝ၁၉၊ ဂျူလိုင် ၅ ရက်နေ့ ညနေ ၄ နာရီ ၂၁ မိနစ်မှာ ကွယ်လွန်ပါတယ်။ အသက် ကိုးဆယ်ကျော်နေသွားခဲ့ပါတယ်။ သူ့ဇနီး (ကျနော့်ယောက္ခမဘွားတော်)အမည်က Jean Halliwilli ဖြစ်ပါတယ်။ ၁၉၃ဝ ခုနှစ်မှာမွေးဖွားပြီး မနှစ်က ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။ အရေပြားကင်န်ဆာနဲ့ နေအိမ်မှာဘဲ ပြုစုစောင့်ရှောက်မှုခံယူပြီး ဆုံးခဲ့တာပါ။ ဘွားတော်ကွယ်လွန်ချိန်မှာ သူတို့အိမ်ထောင်သက်ဟာ ၆၇ နှစ်ပါ။ သား ၂ ယောက် သမီး ၂ ယောက် မွေးဖွားခဲ့ပြီး ကျနော့်ဇနီးက ဒုတိယမြောက်သမီးဖြစ်ပါတယ်။ ဘိုးတော်က အထက်တန်းအောင်မြင်ပြီးတဲ့နောက် အမေရိကန်မရိန်းတပ်ထဲဝင်ပြီး စစ်အင်္ဂျင်နီယာ(ဒီဇိုင်နာ)ဖြစ်လာပါတယ်။ ဆာဂျင်အထိ အမှုထမ်းခဲ့ပါတယ်။ တန်းပြည့်စစ်မှုထမ်းပင်စင်နဲ့ တပ်ကထွက်ပြီး လျှပ်စစ်ကုမ္ဗဏီတခုမှာ ဒီဇိုင်းအင်္ဂျင်နီယာအဖြစ် နှစ် ၂ ဆယ်ကျော် ထပ် အလုပ် လုပ်ခဲ့ပါတယ်။
ဒုတိယအလုပ်ကပါ ပင်စင်ယူပြီးတဲ့နောက် ပင်စင် ၂ ခုနဲ့ အိမ်နေရင်း သူဝါသနာပါရာ တောက်တိုမယ်ရ အလုပ်လေးတွေလုပ်၊ သူတို့ဘိုးစဉ်ဘောင်ဆက် ဝတ်ပြုလာခဲ့တဲ့ဘုရားကျောင်းမှာ ဂေါပကလုပ်၊ လေလွင့်အိမ်မွေးတိရိစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းမှာ ရာသက်ပန်အသင်းဝင်အဖြစ် စေတနာ့ဝန်ထမ်းလုပ်၊ စစ်မှုထမ်းဟောင်းရေးရာတွေမှာ ဝင်ကူညီရင်း အဆွေအမျိုး မိတ်သင်္ဂဟတွေ၊ သားသမီး မြေးမြစ်တွေရဲ့ သာရေးနာရေးကိစ္စတွေနဲ့ အချိန်ကုန်နေတာများပါတယ်။
သူတို့ရပ်ကွက်ထဲမှာနေတဲ့ ဗမာပြည်သားတွေနဲ့အလွမ်းသင့်တော့ ဗမာပြည်သားတွေက သူတို့လင်မယားကို အဖိုးနဲ့အဖွားလို့ခေါ်ပြီး ဘာသာရေးနေ့တွေ အလှူအတန်းလိုဟာတွေ ရှိတဲ့အခါ သူတို့အိမ်ကို စားစရာတွေ လာပို့တတ်ပါတယ်။ ကျနော့်ယောက္ခမှန်းသိတာရော ကျနော့်ဇနီးက သူတို့တွေရဲ့ Case Manager ဖြစ်ခဲ့တွေ ကြောင့်ပါ ပိုရင်းနှီးခင်မင်ကြတာပါ။ ဘိုးတော်က နဂိုကလည်း အစားမရွေးတဲ့အပြင် စစ်သားလည်းလုပ်ခဲ့တော့ သိတ် ပူလွန်းစပ်လွန်းတာတွေကလွဲလို့ နိုင်ငံတကာက အစားစုံ အကုန်စားပါတယ်။ ဘွားတော်ကတော့ အိုင်းရစ်ရှ်စာတွေနဲ့ အမေရိကန်စာ တချို့ကလွဲလို့ ကျန်တာတွေ စားလေ့မရှိပါဘူး။ ဘိုးတော်က ကျနော်ချက်တဲ့ အုန်းနို့ခေါက်ဆွဲကို အလွန်ကြိုက်သလို ကျနော့်ညီမ ကြော်တဲ့ခေါက်ဆွဲကြော်ဆိုလည်း မက်မက်မောမောကိုစားတာပါ။ မသေခင် ၃ လလောက်က ညီမခင်ပွန်း ကိုရဲမော်ထူးနဲ့ တနေရာမှာဆုံတော့ နှုတ်ဆက်ရင်း “မင်းမိန်းမကြော်တဲ့ ခေါက်ဆွဲကြော် အလွန်စားကောင်းတယ်“လို့ပြောတာနဲ့ ညီမကကြော်ပြီး ပေးလိုက်ပါသေးတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကလည်း ညီမအိမ်မှာ ကိစ္စတခုနဲ့ ထမင်းဖိတ်ကျွေးတော့ ဘိုးတော်က ဗမာထမင်းဟင်းတွေ အားရပါးရ စားရုံမက ပြန်ခါနီးကျ ကျနော့်ညီမကို “အပြန်ကျရင် ငါ့ကို ချဉ်ပေါင်ကြော်နည်းနည်း ထည့်ပေးလိုက်လို့ရမလား“ လို့ပြောပြီး တောင်းပါယူသွားပါသေးတယ်။
မျက်နှာက အမြဲတမ်းပြုံးချိုပြီး ဖော်ဖော်ရွေရွေနေတတ်တော့ ခင်မင်သူများပါတယ်။ မဆုံးခင် နောက်ဆုံး ၃ ပတ် အထိ တနေ့ ၂ နာရီ၊ တပတ်ကို ၄ ရက် အားကစားရုံသွားပြီး ကိုယ်လက်လှုပ်ရှားလုပ်သလို သူ့ ဆေးရုံဆေးခန်း အပွိုင်တွေမှန်သမျှလည်း သူ့ဟာသူပဲ ကားမောင်းသွားနေခဲ့တာပါ။ ဒေါင်ဒေါင်မမြည်တော့ပေမယ့် သူ့အသက်အရွယ်နဲ့စာရင် အတော်လေး သန်သန်မာမာရှိတယ်လို့ဆိုရမှာပါ။ ဘွားတော်ဆုံးပြီးနောက် သူတို့အိမ်ထောင်ဦးကတည်းက နေလာခဲ့တဲ့အိမ်မှာ တယောက်တည်းနေတာပါ။ “မင်းတို့လည်း ဒီအိမ်မှာ မွေးခဲ့တာ၊ မင်းတို့ အမေလည်း ဒီအိမ်မှာဘဲ ခေါင်းချခဲ့တာ၊ ငါလည်း သေရင် ဒီအိမ်မှာဘဲသေချင်တယ်“လို့ပြောခဲ့ပါတယ်။ ဒါပေမယ့် သူ့အလိုမပြည့်ခဲ့ပါဘူး။
ဘိုးတော်ဆုံးတာက လူကြီးရောဂါဆိုပေမယ့် မသေခင် တပတ်လောက်မှာ လူက သိသိသာသာ နှေးကွေး သွားပါတယ်။ ထိုင်နေရင်း အိပ်ပျော်ပျော်သွားတတ်ပါတယ်။ အစားအသောက်လည်း စားတယ်ဆိုရုံ စားပါ တော့တယ်။ အသက်ရှူလည်း သိတ်မဝဘူးဆိုတာနဲ့ မိသားစုဆရာဝန်ဆီပြတော့ အသက်ရှူလမ်းကြောင်းမှာ ပြဿနာရှိနေတယ်၊ မတည့်တဲ့အငွေ့တခုခုကိုရှူမိတဲ့အခါ ပေါ်တတ်တဲ့လက္ခဏာမျိုးလို့ဆိုလို့ ဂက်စ် ကုမ္ဗဏီကို ခေါ်ပြီးစစ်ခိုင်းတော့ အိမ်တနေရာမှာ မဆိုစလောက် ဓာတ်ငွေ့စိမ့်နေတာကိုတွေ့လို့ ပြန်ပြင်တာတွေ လုပ်ပါတယ်။
နောက် ၂ ရက်လောက်ရှိတော့ လမ်းလျှောက်ရတာ အဆင်မပြေဘူးဆိုလို့ Walker သုံးဖို့ဆရာဝန်က တိုက်တွန်းပါတယ်။ နောက် ၂ ရက်လောက်ရှိတော့ မူးတယ်ဆိုလို့ ဆေးရုံခေါ်သွားတော့ တခါတည်း တန်းတင်လိုက်ရပါတယ်။ သွေးစစ် ချဉ်ဆီစစ် စစ်ကြည့်တော့မှ ပြင်းထန်ပြီး ရှောင်တခင်ဖြတ်တဲ့ သွေးကင်န်ဆာလို့ အဖြေထွက်လာပါတယ်။ အသက်အရွယ်အရရော ရောဂါပြင်းထန်မှုအရရော ကုသလို့ မရတော့ဘူးလို့ဆိုပါတယ်။ ဒီတော့ သူ့ပါ အသိပေးပြီး Pain Management အနာအကျင် သက်သာနိုင်သမျှသက်သာစွာ အသက်ထွက်ရေးပဲ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ပြောပြတော့ ပြန်စကားမပြောနိုင်ပေမယ့် သဘောတူတဲ့အကြောင်း ခေါင်းညိတ်ပြပါတယ်။
ဆေးရုံရောက်ပြီး ဒုတိယနေ့မှာဘဲ ကြပ်မတ်ကုသခန်းကနေ အသက်ဆက်ကိရိယာတပ်ဆင်ခန်း ပြောင်းပါတယ်။ Life Supports တွေ တပ်ပေးထားရတာပါ။ ကုသမှုတွေအကုန် ရပ်လိုက်ပေမယ့် အောက်စီဂျင်၊ သွေးလည်ပတ်မှု၊ နှလုံးခုန်နှုန်းထိန်း စတဲ့ကိရိယာတွေ တပ်တာအပြင် ဘာအနာအကျင်မှမရှိအောင် အကြောထဲဆေးသွင်းတာတော့ လုပ်ထားပါတယ်။ လာသမျှဧည့်သည်တွေကို မျက်လုံးဖွင့်ကြည့်တာ မှတ်မိကြောင်း သင်္ကေတပြုတာလောက်ပဲ တတ်နိုင်ပါတော့တယ်။ ဒီလိုနဲ့ ဒုတိယနေ့မှာ မနက် ၉ နာရီလောက်ကတည်းက ကျနော်ရောဇနီးပါ သူ့အနားမှာ ရှိနေပါတယ်။ ဘာမှတော့လုပ်ပေးစရာမလိုပါ။ ဆရာဝန်ဆရာမ သူနာပြုတွေ အလှည့်ကျ ပြုစုတာပါ။
သူ မသေခင် ၅ မိနစ်မှာ ဆေးရုံကခန့်ထားတဲ့ ခရစ်ယာန်ဘုန်းတော်ကြီး ကြွလာပြီး သူအတွက် ဆုတောင်းတော့ မျက်စေ့မှိတ်ပြီး ငြိမ်ငြိမ်လေး နားထောင်နေပါတယ်။ ဆုတောင်းပြီးတော့ ဘုန်းတော်ကြီးက သူ့နဖူးပေါ်လက်တင်ပြီး Blessing လုပ်တော့ မျက်လုံး သာသာဖွင့်ကြည့်ပြီး ပြံုးတယ်ဆိုရုံ ယဲ့ယဲ့လေးတချက်ပြံုးပြပြီး မျက်လုံးတွေ ဖြည်းဖြည်းချင်း ပြန်မှိတ်သွားပါတယ်။ အခန်းထဲမှာ တခြား သူ့သားမီးတွေလည်း အတူရှိနေကြပါတယ်။ ဘုန်းတော်ကြီး ပြန်လှည့်ထွက်သွားတယ်ဆိုရင်ပဲ သူ့ခန္ဓာကိုယ်နဲ့ ချိတ်ထားတဲ့ အီလက်ထနောနစ်က်ကိရိယာတွေရဲ့ ဖန်သားပြင်က ဒစ်ဂျစ်တယ်လ် ကိန်းဂဏန်းတွေက တဖြည်းဖြည်း တဖြည်းဖြည်း လျော့လိုက်လာပါတယ်။ နှလုံးခုန်နှုန်းပြတဲ့ ဂရပ်ဖ်မျဉ်းဟာလည်း တဖြည်းဖြည်းချင်း အနိမ့်အမြင့် ပြေပြေ လာရာကနေ နောက်ဆုံး တတန်းတည်းနီးပါးဖြစ်နေပါပြီ။ ပါးစပ်ကနေ အသက်ရှူနေတာဟာလည်း ရှူတယ်ဆိုရုံမျှလေးပဲ ကျန်ပါတော့တယ်။
ကျနော် သူ့လက်ချောင်းတွေကိုကြည့်လိုက်တော့ လက်သည်းအရင်းတွေပြာနေပြီး လက်က အေးစက်နေပါပြီ။ သွေးထဲမှာ အောက်စီဂျင်မရှိတော့တဲ့သဘော သွေးလည်ပတ်မှုမရှိတော့တဲ့သဘောပါ။ အဲ့ဒီအချိန်မှာ ဇနီးက အခန်းထောင့်နံရံပေါ်က တိုင်ကပ်နာရီကို စူးစိုက်ကြည့်နေပါတယ်။ ကျနော် ဘိုးတော် မျက်နှာကိုပြန်ကြည့်ရင်း နှလုံးခုန်နှုန်းပြစက်ကိုကြည့်လိုက်တော့ ဂရပ်ဖ်လိုင်းက တန်းသွားပါပြီ၊ သွေးချိန်၊ အောက်စီဂျင်စတာတွေပြတဲ့ ဖန်သားပြင်တွေအားလုံးမှာလည်း ဒစ်ဂျစ်တယ်လ်ကိန်းဂဏန်းတွေဟာ ဇီးရိုးတွေချည်းဖြစ်သွားပါပြီ။ ကျနော်တို့အားလုံး ဘယ်သူ့ဘယ်သူမှမကြည့် ဘာသံမှမပြုကြဘဲ သူ့ကိုတလှည့် နံရံပေါ်ကနာရီကိုတလှည့် ဖန်သားပြင်တွေပေါ်က ကိန်းဂဏန်းတွေတလှည့် ကြည့်နေမိကြပါတယ်။ အခန်းဟာ သက်ရှိတွေ ရှိမနေတဲ့အတိုင်း ငြိမ်သက်တိတ်ဆိတ်နေပါတယ်။
သူ့နောက်ဆုံးထွက်သက်အထိ အကြောဆွဲတာ တွန့်လိန်ကောက်ကောက်ကွေးတာ ရုန်းတာကန်တာ လှုပ်ရှားတာမျိုးမပြောနဲ့ လွန့်သွား လှုပ်သွားတာလေးတောင် တချက်မှ မဖြစ်လိုက်ပါဘူး။ တကယ့်ကို ညင်ညင်သာသာနဲ့ အိပ်ပျော်သွားတဲ့ကလေးငယ်တယောက်လို အိပ်ပျော်သွားတာပါ။ လက်ဖျားလေးတွေတောင် ဆတ်ကနဲ တွန့်သွားတာမျိုးမဖြစ်လိုက်ပါ။ နာရီဟာ ၄ နာရီ ၂၁ မိနစ်မှာ ပြနေပါပြီ။ အပ်ကျသံမတတ် တိတ်ဆိတ် နေတဲ့အခန်းဟာ သူ့သားအငယ်နဲ့ ကျနော့်ဇနီးသည်ရဲ့ရှိူက်သံကြောင့် အသက်ပြန်ဝင်လာပါတယ်။ လူတယောက် သေဆုံးသွားခဲ့ပါပြီ။ မကြာခင်မှာ ရုပ်ခန္ဓာပါ ကျနော်တို့ရှေ့က ကွယ်ပျောက်သွားတော့မှာပါ။ ကျနော်တို့ နောက်နောင် ဘယ်လိုမှ ပြန်ဆုံတွေ့ဖို့မရှိကြတော့ပါ။ သူ့ စျာပနကို ဂျူလိုင် ၁၁ ရက် မနက်ဆယ်နာရီခွဲမှာ ဘာသာရေးဆိုင်ရာကိစ္စနဲ့စတင်ပြီး နေ့လည် တနာရီမှာမြေမြှုပ်သင်္ဂြိုခဲ့ပါတယ်။ ဘွားတော် ကွယ်လွန်ချိန်မှာလည်း ဘိုးတော်အပါအဝင် တခြားသူ့သားသမီးတွေနဲ့အတူ ကျနော်ရော ကျနော့်ဇနီးပါ သူ့ နောက်ဆုံးထွက်သက်အထိ အနားမှာရှိနေခဲ့ပါတယ်။
မျိုးမြင့်ချို
ဂျူလိုင် ၁၆၊ ၂ဝ၁၉

0 comments:

Post a Comment