Tuesday, July 30, 2019

(လက်ပစ်ဗုံးက ပေါ်တာ ကြာပြီ)

0 comments
(လက်ပစ်ဗုံးက ပေါ်တာ ကြာပြီ)
ဟိုတလောက အင်န်အယ်လ်ဒီရုံးရှေ့မှာ လက်ပစ်ဗုံးတွေ့တယ်။ တနေ့က ရခိုင်က အင်င်ဂျီတခုမှာလုပ်နေတဲ့လူတယောက်ကို ပစ်ဖမ်းပြီး လက်ပစ်ဗုံးတွေ တယ်ပြောတယ်။ လက်ပစ်ဗုံးခေတ် တခေတ်များပြန်ရောက်ဦးမလား မသိဘူး။ ၂ဝ၂ဝ လည်း နီးပြီဆိုတော့။ နောက်ကြောင်းပြန်ကြည့်တော့လည်း လက်ပစ်ဗုံးဟာ ဗမာအာဏာပိုင်တွေနဲ့ ယဉ်ပါပြီးသားကိစ္စဖြစ်နေပြန်တယ်။

အိုင်စီအက်စ် ဦးတင်ထွဋ်ဟာ ဗမာ့နိုင်ငံရေးမှာ ထင်ရှားသူဖြစ်တယ်။ ဖိုးဂေါ်ရခါးလို့ခေါ်တဲ့ မန်းတောင်ရိပ်က တပ်ရင်း (၄)ဟာ သူ့အတွက် နယ်ချဲ့သမားက ဖွဲ့ပေးတာ။ အရပ်သားကနေ ချက်ခြင်းစစ်ဗိုလ်လုပ် တပ်ကိုင်ဖို့ရည်ရွယ်တာ။ သူက စစ်မတိုင်က လန်ဒန်မှာနေပြီး ဘုရင်ခံဆြာဒေါ်မန်စမစ်အတွက် အလုပ် လုပ်လာခဲ့လူ။ အင်္ဂလိပ်ကလည်း သူ့ကြိုက်တယ်။ ကြိုက်ရတာက ဗိုလ်ချုပ်အောင်ဆန်းမရှိတော့တဲ့နောက် ဗမာတတပ်ကိုကိုင်ဖို့ ကြိုက်တာ။ လက်ပါးစေလည်း လက်ပါးစေကိုး။ နေဝင်းကခံနေတော့ နည်းနည်းခက်နေတယ်။

နေဝင်းကိုအင်္ဂလိပ်က သိတ်မယုံဘူး။ မယုံတာက နိုင်ငံရေးကြောင့်မဟုတ်ဘဲ စာရိတ္တကြောင့်။ နောက်တချက်က ဗစိန်-ထွန်းအုပ်က နယ်ချဲ့လက်ဝေခံ ကွန်မြူနစ်ဆန့်ကျင်ရေးသမားတွေဆိုပေမယ့် အစွန်းရောက်မျိုးချစ်စိတ်ရှိတော့ စိတ်ချလက်ချ ထားမရတာလည်းပါတယ်။ နေဝင်းက အဲ့အချိန်က ကျော်ငြိမ်း-ဗဆွေ ဆီ တပည့်မခံသေးဘူး။ ခံရအောင်လည်း ကျော်ငြိမ်းတို့က မတွင်ကျယ်သေးဘူး။ ဒီတော့ နေဝင်းက ဗစိန်-ထွန်းအုပ်နောက် လိုက်တယ်။

ဗိုလ်ချုပ်အောင်ဆန်းရှိတုန်းကတော့ အင်္ဂလိပ်က နေဝင်းကိုကိုင်ပြီး ဗိုလ်ချုပ်နဲ့ကစားချင်တာ။ လုပ်ကြည့်သေးတယ် မရလို့ ဆုတ်လိုက်တာ။ အထင်ရှားဆုံးသက်သေတခုက ဘီအိုင်အေဝင်လာတော့ အင်္ဂလိပ်သတင်းပေးလုပ်တယ် ဒလျှိုလုပ်တယ်ဆိုပြီး သထုံခရိုင် သဲဖြူကုန်းသူကြီး အဗ္ဒူရာရှစ်ကို လက်ပြန်ကြိုးတုတ် ဇက်စင်းခိုင်းပြီး ဂျပန်ဓားနဲ့ ဗိုလ်ချုပ်ကိုယ်တိုင် ကွပ်မျက်ခဲ့တာရှိတယ်။ စစ်ပြီးလို့ အင်္ဂလိပ်စစ်ပြေးအစိုးရ ဆင်းမလားကပြန်လာတော့ ဗိုလ်ချုပ်အောင်ဆန်းကို ကိုင်ဖို့လုပ်တယ်။ သူတို့တွက်တာက ခေါင်ကိုဖြိုနိုင်ရင် အကုန်ပြိုမယ်တွက်တာ။ အောင်ဆန်းကိုဖြိုပြီးရင် ဘီအိုင်အေကိုဖြိုရတာ မခဲယဉ်းဘူး။ သူ့အလိုလိုတောင် ဦးကျိုးသွားနိုင်တယ်။ ဒီလိုတွက်တာ။

အောင်ဆန်းကို လူသတ်မှုနဲ့တရားစွဲဖို့လုပ်တယ်။ မျက်မြင်သက်သေထွက်ပေးမယ့်လူကလည်းအဆင်သင့် ရှိတယ်။ သခင်ထွန်းအုပ်ပဲ။ အောင်ဆန်းသာ အဲ့အချိန်က အဖြိုခံရရင် အင်္ဂလိပ်က နေဝင်းလက်ထဲ တပ်အပ်ပြီး ကစားမယ်လို့ လူကြီးတွေတွက်ချက်ပြတာ မှတ်သားဖူးတယ်။ ထားပါတော့ အဲ့ကိစ္စက မဖြစ်လိုက်ဘူး။ အင်္ဂလိပ်က အခြေအနေဟန်ပုံမပေါ်လို့ နောက်ဆုတ်သွားတာ။

ဦးတင်ထွဋ်ကိစ္စပြန်ဆက်ရရင် ဗိုလ်အောင်ဆန်းမရှိတော့တဲ့နောက် ဗမာ့တပ်မတော်ထဲမှာ လူမျိုးစုထဲက အိန္ဒိပြန်စစ်ဗိုလ်ကြီးတွေကို သူကောင်းပြု ထိပ်တန်းနေရာတွေပေးတယ်။ နေဝင်းကိုလည်းထိန်းရင်း ဘီအိုင်အေကိုလည်း မျက်နှာသာ မပေးရင်းပေါ့။ ဒါပေမယ့် လူတွေ အသဲစွဲနေတာ သည်းသည်းလှုပ်နေတာ ပျိုတိုင်းကြိုတဲ့နှင်းဆီခိုင်ဖြစ်နေတာက ဘီအိုင်အေဖြစ်နေတယ်။ “တိုင်းရင်းသားသစ္စာရှိ“တပ်မှူးကြီးတွေ ပွဲထုတ်ဖို့သိတ်မလွယ်ဘူး။ နေဝင်းကို အဲ့ဒီလူတွေနဲ့ကိုင်ကစားရင် ဗမာအကုန်လုံးက နေဝင်းဘက်ထွက်ရပ်ကုန်မှာ အင်္ဂလိပ်ကသိတယ်။ ဒီတော့ တပ်တွေပြန်ဖွဲ့ချိန်မှာ အိုင်စီအက်စ်ဦးတင်ထွဋ်အတွက် နီပေါလ်စစ်သားတွေနဲ့ တပ် တတပ်လုပ် တပ်မှူးခန့် စစ်ဗိုလ်ရာထူးပေးလိုက်တယ်။ နေဝင်းနဲ့ မဲတင်းဖို့။ ဒါလည်း မလွယ်ဘူး။

ဘာလို့ဆို ဦးတင်ထွဋ်က နေဝင်းလောက် ရုပ်ထွက်မကောင်းဘူး။ နေဝင်းမှာက “ရဲဘော်သုံးကျိပ်ဝင်“ဆိုတဲ့ဂုဏ်က လှနေတယ်။ အရှိန်ကရှိနေတယ်။ နောက်တချက်ကလည်း ဦးတင်ထွဋ်က “ဗိုလ်ချုပ်“သာဆိုတယ် စစ်မတိုက်တတ်ဘူး။ နောက်ပြီး ဆိုရှယ်လစ်တွေ(ကျော်ငြိမ်း-ဗဆွေ)တို့နဲ့လည်း မတည့်ဘူး။ အစေးမကပ်ရုံမဟုတ်ဘူး တည့်ကိုမတည့်တာ။ ဒါပေမဲ့ သူက ဟုတ်ဟုတ်မဟုတ်ဟုတ် “ဗိုလ်ချုပ်“။ ပြီးတော့ နိုင်ငံခြားရေးဝန်။ အင်္ဂလိပ်က “ပစား“ပေးထားတာ။

ဒီတော့ သူဟာ နေဝင်းအတွက် ဆိုရှယ်လစ်အုပ်စုအတွက် အာဏာကိစ္စရှင်းတော့ ခလုပ်ကန်သင်းဖြစ်လာတယ်။ အဲ့ဒါနဲ့ပဲ သူဟာ လက်ပစ်ဗုံးစာမိပြီး သေတယ်။ ခုထိ ဘယ်သူသတ်မှန်း လက်သည်မပေါ်ဘူး။ ဝန်ကြီးချုပ်ဦးနုလက်ထက်မှာ အဲ့ကိစ္စပြန်စုံစမ်းရေးကော်မတီတွေဘာတွေ ဖွဲ့ဖက်ပြီး ဟန်ပြလုပ်သေးတယ်။ နောက် ဖျောက်လိုက်တယ်။ ဦးတင်ထွဋ် လက်ပစ်ဗုံးစာ မမိခင်က “ဗမာ့ခေတ်“ သတင်းစာတိုက်လည်း မိဖူးတယ်။ အဆောက်အဦးထဲပစ်သွင်း တာ။ ဦးတင်ထွဋ်တုန်းက ကားထဲပစ်သွင်းတာ။ ဗမာခေတ် ဗုံးစာမိတာလည်း လက်သည် မပေါ်ဘူး။ လူတွေကတော့ ဒါ ဆိုရှယ်လစ်ဂိုဏ်းသားတွေလို့ပြောကြ ရေးကြတယ်။

ထားပါတော့ ပြန်ကောက်ရရင် လက်ပစ်ဗုံးကိစ္စက ခုမှ ခေတ်ထတာမဟုတ်ဘူးဆိုတာရယ်၊ လက်သည်မပေါ်တဲ့အမှုဆိုတာက ခုမှ ထ ရှိတာမဟုတ်ဘူးဆိုတာရယ်၊ အဲ့ဒီကိစ္စတွေနောက်မှာ နေဝင်းရယ်၊ သူ့ဆရာ လက်ယာစွန်း ဗစိန်-ထွန်းအုပ်တို့၊ သူ့ဆရာ ဆိုရှယ်လ်ဖက်ဆစ် ကျော်ငြိမ်း-ဗဆွေတို့ရှိခဲ့တယ်ဆိုတာပါ။ နေဝင်းလို့ပြောလိုက်ရင် ခုလက်ရှိ စစ်အုပ်စု ပဥ္စမမျိုးဆက် မင်းအောင်လှိုင်အထိ အနက်ပါတယ်ဆိုတာလည်း မမေ့ကြပါနဲ့။ စစ်အုပ်စုက ထောင့်စေ့အောင် မွှေနှောက်နေတာလည်း သတိရှိကြပါ။
မျိုးမြင့်ချို
ဂျူလိုင် ၃၁၊ ၂ဝ၁၉

0 comments:

Post a Comment