Monday, July 22, 2019

"မြက် ပန်းသီးနှင့်စစ်" မ်ိဳးျမင့္ခ်ိဳ

0 comments
"မြက် ပန်းသီးနှင့်စစ်"
အင်ဒီယားနားပြည်နယ် ဘာဖြစ်သည် မသိ။ မနေ့ကနှင့် ဒီနေ့ တနေ့လုံး နွေခေါင်ခေါင်ကြီးမှာ မိုးတွေ ထစ်ချုန်းရွာပါသည်။ လေတွေကလည်း ဟူးဟူးရားရား။ ဒီ့မတိုင်မီက အလျှံငြီးငြီးအပူရှိန်ကြောင့် ကောက်ရိုးရောင် သွေ့ခြောက်သွားသည့်မြက်ပင်များ အသက်မှုတ်သွင်းလိုက်သလို ဟုန်းကနဲ ထ စိမ်းလာကြသည်။ မြက်ခင်းတွေစိမ်းတော့ မျက်လုံးတွေအေးရသည်။
တကယ်တော့ နွေဆိုသည်မှာ အမေရိကန်တွေ မြက်ရူးထချိန်နှင့် ဆိုင်ကယ်သရဲတို့ အိပ်ဇောသံတဗြန်းဗြန်းနှင့် ငန်းဖမ်းချိန်လည်းဖြစ်ပါသည်။ အမေရိကန်တွေက တဆောင်းလုံးနှင်းဖုံးပြီး သေငယ်ဇောနှင့်မျောနေသည့် မြက်ခင်းဝါတာတာတွေက နွေဦးပေါက်နှင့်အတူ တစတစ စိမ်းရောင်စိုလာသည့် မြက်ပျိုပင်ပေါက်လေးတွေကို အရသာခံ ကြည့်ကြသည်။ နံနက်ခင်း နေနုနုတွင် မြက်ခင်းတွေပေါ် ဖြာကျလာသည့် ဦးပေါက်နွေ၏နေခြည်ဖျာပုံမှာ ပသာဒဖြစ်သလို ပနံလည်း တင့်ပါသည်။
နွေရောက်လို့ မြက်တွေ နည်းနည်းသွေ့လာလျင် ရေပိုက်တွေတန်းကာ အလိုအလျောက်လည်သည့် ရေပန်းတွေနှင့်မြက်ခင်းတွေ ရေဖြန်းကြပါသည်။ မြက်ပါးသည့်နေရာ ကွက်သည့်နေရာများကို မြက်စေ့တွေ ကြဲကာကြဲကာ ကောက်ရိုးပါးပါးလေးအုပ် မြက်သားပေါက်ရန် မီးနေခန်းပြင်သလို ပြင်ပေးကြပါသည်။ မြက်တွေရှည်လာသည့်အခါ ၃ လက်မအရှည်လောက်ချန်ကာ လက်တွန်းမြက်ရိပ်စက်များ လူစီးမြက်ရိပ်စက်ကြီးငယ်စုံဖြင့် အားရပါးရရိပ်ကြ တိကြပါသည်။ ပြီးလျင်ရေဖျန်းပြန်ပါသည်။ ရှည်လာလျင် တခါပြန်ရိပ်ကြပါသည်။ ဤသို့ဖြင့် ရိပ်တပြန်မွေးတပြန် သံသရာ လည်နေပါသည်။ မြက်ခင်းအလှကို Landscaping နှင့်တွဲကာ ခြံ တန်ဆာဆင်ကြပါသည်။
ကျနော်က မြက်ခင်းစိမ်းတွေကြည့်ရင်း အညာက ကန်ရေသောက်မြက်ခြောက်စားနေရသည့် နွားတွေ ဆိတ်တွေ သိုးတွေကို ဒီခေါ်လာပြီး မြက်ခင်းတွေထဲလွှတ်ကာ မြက်နုချိုလေးတွေကို လွေးစေချင်မိပါသည်။
မြက်ခင်းအထိုင် မြေကမ္ဗလာပြင်မှပေါက်နေသည့် အိမ်ဝင်းအတွင်းက တပင်စနှစ်ပင်စ ပန်းသီးပင်တွေမှာလည်း လေယူရာ မတိမ်းမညွှတ် ကျောက်ထီးတန္တုလို မတ်နေကြပါသည်။ နွေဆိုလျှင်ပန်းသီးတွေ လှိုင်လှိုင်သီးကြပါပြီ။ ခူးလည်းမခူးနိုင် စားလည်းမစားနိုင် ရောင်းရန်လည်း ဗမာပြည်လို ခေါင်းရွက်ဗျတ်ထိုး လမ်းလေးပျံကြ ရောင်းမရသည်မို့ အသီးတွေကြွေကြွေကျနေသည်ကို သည်တိုအတိုင်း လက်ပိုက်ကြည့်နေရုံသာရှိပါသည်။ ဗမာပြည်က လူဆင်းရဲသားသမီးလေးတွေ ဒီခေါ်ပြီး ပန်းသီး တဝကျွေးချင်လှပါသည်။
ထိုပန်းသီးကြွေတွေကိုမြင်တိုင်း ငယ်ငယ်ကပန်းသီးကို ပြန်အမှတ်ရမိပါသည်။ ချင်းတောင်မှထွက်သောပန်းသီးမှာ အနံ့အရသာ မွှေးပျံ့ချိုအီနေရုံမက အသားကလည်း မွှတ်နေပါသည်။ ကျနော်တို့ငယ်ငယ်က ပန်းသီးဆိုသည်မှာ လူမမာဓါတ်စာဖြစ်ပါသည်။ သိမ်ကြီးဈေး စီရုံအောက်ထပ်နှင့် သံံဈေးလောက်တွင်သာ ရပါသည်။ ဆေးရုံလူနာမေးသွားလျင် ဝယ်ဝယ်သွားတတ်သည့်အသီးဖြစ်ပါသည်။ သူဋ္ဌေးစာလည်းဖြစ်ပါသည်။ ဆင်းရဲသားများ အနားပင်မသီနိုင်ပါ။ လူဆင်းရဲတို့ကား မာလကာသီး သရက်သီးတို့လောက်နှင့် တင်းတိမ်ရပါသည်။ ပန်းသီးနား လူဆင်းရဲတို့ မသီနိုင်ပါ။
လူတွေဆင်းရဲကြသည်ဆိုသည်မှာ တိုင်းပြည်ဆင်းရဲခြင်းဖြစ်ပါသည်။ လူဆင်းရဲများသောနိုင်ငံသည် နိုင်ငံတကာအလည်တွင် လူရာမဝင်သလို တွင်ကျယ်လို့လည်း မရပါ။ လူတွေ ကြပ်ကြပ်ဆင်းရဲလာလျင် ရာဇဝတ်မှုတွေထူပြောလာပါသည်။ ခိုးရဲသူခိုး၊ လုရဲသူလု၊ ဒမြတိုက်ရဲသူ ဒမြတိုက်ကာ နောက်ဆုံး တိုင်းပြည်ဗြောင်းဆန်ကာ သူပုန်ထ တော်လှန်ရပါတော့သည်။ ထိုခါ ပြည်တွင်းစစ်တွေ ဖြစ်လာရပါသည်။ ပြည်တွင်းစစ်ဖြစ်ရခြင်း အခြားအခြေခံအကြောင်းရင်းတွေလည်း များစွာရှိပါသည်။ လွတ်လပ်ခွင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အခြားနိုင်ငံရေးကိစ္စများ လူတန်းစားကိစ္စများမှာလည်း စစ်ဖြစ်စေသည့် မြေကအမြစ် စစ်စစ်တွေဖြစ်ပါသည်။
ပြည်တွင်းစစ်ဖြစ်ဖြစ် ဘာစစ်ဖြစ်ဖြစ် စစ်ဆိုသည်မှာ မျှော်ကောင်း ကြိုကောင်းသည့်အရာမဟုတ်ပါ။ စစ်ဖြစ်လျင် လူတွေသေကြ သတ်ကြပါသည်။ သွေးချောင်း စီးပါသည်။ စစ်သည် တိုင်းပြည်ကို ခြေမွရုံဖြင့်အားမရ မုဆိုးမတွေ သားပျောက်ရှာမိဘတွေ ဖခင်မဲ့ကလေးတွေ ဒုက္ခိတတွေကိုပါ ကြောက်ခမန်းလိလိ မွေးထုတ်ပေးပါသည်။ စစ်သည် လူတွေသမိုင်းနှင့်ချီပြီးတည်ဆောက်ခဲ့ကြသည့် ယဉ်ကျေးမှုအဆောက်အအုံကြီးကိုပါ ရစရာမရှိအောင် ဖျက်စီးပစ်ပါသည်။
စစ်သည် လက်နက်နှင့်အဖိနှိပ်ခံရသဖြင့် လက်နက်ဖြင့် ပြန်တွန်းလှန်ရခြင်းဖြစ်သည်ဟု နိုင်ငံရေးသုခမိန်များက အဟောထုတ်ပါသည်။ ဟုတ်တန်သလောက် ဟုတ်သော်လည်း နဂိုကတည်းက စစ်ကိုမလိုလား လက်နက်ကိုင်လမ်းစဉ်ကို မယုံကြည်သူများကမူ စစ်ကိုရှောင်ကာ ဖိနှိပ်မှုကို လူထုတိုက်ပွဲ လူထုလှုပ်ရှားမှုတွေနှင့် ဖီဆန်အာခံကာ အနုနည်းဖြင့်ကြိုးပမ်းကြပါသည်။ လက်နက်ကိုင်လမ်းစဉ်ယုံသူများက လက်နက်ကိုင်ကြပါသည်။ ထို့ကြောင့် ဘာလက်နက်ကိုင် ညာလက်နက်ကိုင်ဆိုသည့် အသင်းအပင်းတွေပေါ်လာရပါသည်။
ကျနော်တို့ပြည်တွင် ဗကပ အပါအဝင် လူမျိုးစုလက်နက်ကိုင် ခုခံ တော်လှန်စစ် ဆင်နွှဲနေသည်မှာ နှစ် ၇၀ ရှိပါပြီ။ တနည်းပြောရလျင် ကမ္ဘာ့ဘိုးသက်ရှည်ပြည်တွင်းစစ်ဖြစ်ပါသည်။ ခုချိန်ထိ ဘယ်သူ့ဘယ်သူမှ မနိုင်သေးပါ။ စစ်မီးကား တောက်ဆဲဖြစ်ပါသည်။ တိုင်းပြည်လည်း ရစရာမရှိအောင် ဖွတ်သထက်ညစ်နေပါပြီ။
ငြိမ်းချမ်းရေ အတုအယောင်တွေ အပစ်အခတ်ရပ်စဲရေးမသမာမှုတွေနှင့် ဒင်းကြမ်းဖြစ်နေပါသည်။ မီးစတဘက်ရေမှုတ်တဖက် အပစ်အခတ်ရပ်စဲရေးမှာလည်း သေနတ်သံတွေတညံညံနှင် ပြန်ပြန်ပေါက်ကြပါသည်။
စစ်သည်မကောင်းပါ။ လိုလားဖွယ်လည်းမဟုတ်ပါ။ ငြိမ်းချမ်းရေး စစ်ပြေငြိမ်းရေးသည်သာ လိုလားနှစ်မြိ့ုဖွယ်ဖြစ်ပါသည်။ သို့ဆိုလိုက်သဖြင့် စစ်မှန်သမျှဆန့်ကျင်ကြဟု အဓိပ္ပါယ် မရပ့။ ကျူးကျော်စစ် နယ်ချဲ့စစ်များနှင့် ခုခံစစ် တွန်းလှန်စစ်မှာ ဆန့်ကျင်ဘက်ဖြစ်ပါသည်။မတရားသဖြင့် ဖိနှိပ်အုပ်စိုးနေသူများအား မိမိယုံကြည်ရာနည်းလမ်းဖြင့်တုန့်ပြန် ဖီဆန်အာခံကြဖို့လိုပါသည်။
ပြည်တကယ်တင်းလျင် မင်းမခံနိုင်ပါ။ ၁၃၅၀ ပြည့်တွင် ပြည် တင်းခဲ့ပါသည်။ မင်းတို့မခံနိုင်ကြပါ။ သို့သော်ခေါင်းဆောင်တွေ ဗိုလ်လုသောကြောင့် နောက်လိုက်တွေ စိတ်ဝမ်းကွဲပြားခဲ့ကြကာ စစ်အာဏာရှင်စနစ် အဓွန့်ရှည်နေခြင်းဖြစ်ပါသည်။
အာဏာရှင်ဆိုသည်မှာ ဓနရှင်အာဏာရှင်ဖြစ်ဖြစ် စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ်အာဏာရှင်ဖြစ်ဖြစ် တပါတီအဏာရှင်ဖြစ်ဖြစ် မကောင်းပါ။ သို့သော် လူတန်းစားရှိသည့် လူ့အဖွဲ့အစည်းတွင် သူ့လူတန်းစားကို ကိုယ်စားပြုသည့် သူ့လူတန်းစားအကျိုးကိုသာဆောင်မည့် အာဏာရှင်များရှိရမည်မှာ မုချမသွေဖြစ်ပါသည်။
လူတို့သည် မိမိယုံကြည်ရာလူတန်းစားအကျိုးစီးပွားအတွက် လူတန်းစားဒီမိုကရေစီအတွက် အာဏာရှင်များကို တွန်းလှန်အာခံဖီဆန်ကာ မိမိတို့လွတ်လပ်ရေး လွတ်မြောက်ရေးတွေအတွက် သေသည့်တိုင် ကြိုးပမ်းနေကြပါသည်။
မိမိကိုယ်ကို လွတ်လပ်ခွင့်မရှိဟုယူဆသောလူမျိုးသည် တွေးခေါ်စဉ်းစားရန် စိတ်မဝင်စားတတ်ပါ။ ကျနော်တို့ တွေးခေါ်စဉ်းစားသည့်လူမျိုးဖြစ်အောင် ကျင့်ကြံဖို့လိုနေပါသေးသည်။
မျိုးမြင်ချို
ဇူလိုင် ၂၁၊ ၂၀၁၈

0 comments:

Post a Comment