(ကျောင်းသားဘဝက ကိုအောင်ဆန်း ရေးခဲ့သည့်ဆောင်းပါး)
ကျောင်းသားဝတ္တရား
အင်္ဂလိပ်စာရေးဆရာကြီး ရှိတ်စပီးယားက ``ကမ္ဘာအလုံးစုံသည်
ဇာတ်ခုံမျှသာတည်း´´ ဟု မိန့်မြွက်ဖူး၏။ ထိုကမ္ဘာ့ဇာတ်ခုံတွင်
လူအမျိုးမျိုး၊ အရွယ်အမျိုးမျိုး၊ အတန်းအစားအမျိုးမျိုးတို့သည်
ကိုယ့်အခန်းကို ကိုယ်ကိုင်၍ ဇာတ်နိုင်အောင် ခင်းသွားရလေသည်။ သို့ဖြစ်ရာ
လူတိုင်းလူတိုင်းမှာ သိကြားတတ်သောအချိန် အရွယ်မှစ၍ သေသည်ထိအောင် မိမိ၏
အလုပ်ဝတ္တရားအဖြစ်ရှိ၏။
ထိုဝတ္တရားကို ကျေပွန်မှသာလျှင် လောက၌ လူဖြစ်ကျိုးနပ်ပေမည်။
ကမ္ဘာ၏နောက်ခေတ် အမွေခံဖြစ်သော ကျွန်တော်တို့ကျောင်းသားတို့မှာလည်း
အထူးသဖြင့် အသက် ၁၆ နှစ် ၊ ၁၇ နှစ်မှ အထက်သို့ရှိသော ကျောင်းသားများမှာလည်း
အဆိုပါဝတ္တရားဥပဒေမှ မကင်းလွတ်ကြချေ။ ယင်းဖြစ်လျှင် ကျောင်းသားဝတ္တရားသည်
အဘယ်နည်း။
အမြင်ကျယ်ကျယ် ကြည့်လေ့ရှိသောသူတို့သည် ကျောင်းသားဆိုသည်မှာ အတန်းစာကျက်၍
စာမေးပွဲအောင်ရုံမျှ ဟူသော အများအယူအဆ တိမ်ခြင်းအဖြစ်ကို သိရှိကြလေပြီ။
ထိုအယူအဆကား ခေတ်အောက်ကျသည့် အယူအဆမျှသာ ဖြစ်ပေသည်။
ပညာရေးကို ကျွမ်းကျင်သော ကမ္ဘာ့ပညာရှိတို့သည် လောကရေး ၊ ဓမ္မရေး
ပြဿနာအရပ်ရပ်တို့ကို စိစစ်ဝေဖန် ဖြေရှင်းတတ်သောပညာမှ စာအုတ်ပေစာကို အံ၍ရသော
အမှတ်သညာ နှစ်ရပ်ကို ခွဲခြားထားလေသည်။ စာမေးပွဲကိုအောင်မြင်သူသည်
လောကစစ်ပွဲတွင်လည်း အောင်မြင်နိုင်သည့် အရည်အချင်းရှိသည်ဟု မုချဆက်ဆက်
မဆိုသာချေ။ ဤသို့လျှင် စာမေးပွဲအကြောင်းသနစ်ကို ဖော်ထုတ်လာကြသည်။
An Examination of Examination စာမေးပွဲများ၏ အကျိုး-အပြစ်
စစ်ဆေးချက်ဆိုသော စာအုပ်တွင် ဤအချက်ကို ရှင်းလင်းပြထားပေ၏။ စာမေးပွဲတစ်ခု၏
အဖြေစာရွက်များကို စာစစ်သူ အမျိုးမျိုးစစ်ဆေးရာ အဖြေတစ်ခုတည်းကိုပင်
အမှတ်ပေးပုံချင်းမတူသည်ကို တွေ့ရပေသည်။ တစ်ဖန် စာစစ်သူတစ်ဦးတည်း
၎င်းတစ်နှစ်က ဖျက်ခဲ့သောအဖြေကို နောက်ထပ် စစ်ဆေးသောအခါ ပထမ
အမှတ်ပေးပုံနှင့် နောက်တစ်ခါ အမှတ်ပေးပုံချင်း ကွာခြားသည်ကို တွေ့ရလေသည်။
ကမ္ဘာကျော် ပြဇာတ်ရေးဆရာ ဘားနတ်ရှောကလည်း ထိပ်ကျသော ကျောင်းသားသည် လောကတွင်
အောက်ဆုံးထစ်ရောက်တတ်သည်ဟု မိန့်ဆိုဖူး၏။
ဤတွင် ကမ္ဘာကျော်စာရေးဆရာ၏ အရေးအသားကို ၎င်းရေးသားသဖြင့် ယုံကြည်ရမည်ဟု
မဆိုလို။ သို့ရာတွင် ၎င်းကား အကြောင်းမဲ့ မရေးသားရာ။ ယင်းသို့ဖြစ်ရကား
ကျွန်ုပ်တို့သည် ကမ္ဘာရာဇဝင်သာမက အထောက်အထားများကို ကြည့်မည်ဆိုလျှင်
ကမ္ဘာထိပ်တန်းကျရောက်သောပုဂ္ဂိုလ်တို့သည် စာမေးပွဲများတွင်
ထိပ်တန်းကျသူချည်း မဟုတ်ပေ။
ဥပမာ အနည်းငယ်ထုတ်ပြရသော် ယခုခေတ် ထိပ်တန်းသမားများတွင် ဟစ်တလာ၊
မူဆိုလိုနီသည် ကျောင်းမှပင် ကောင်းစွာမနေခဲ့ကြရပေ။ မဟတ္တမဂန္ဒီသည်လည်း
ကောလိပ်ကျောင်းတွင် ရောက်ဖူးရုံမျှသာရှိ၍ ကျောင်းသားအဖြစ်နေစဉ်အခါက
ထူးထူးချွန်ချွန် မရှိချေ။ ပဏ္ဍစ် ဂျဝါဟာလာနေရူးသည်လည်း အင်္ဂလန်ပြည်ရှိ
နာမည်ကျော်ကျောင်းနှင့် တက္ကသိုလ်တို့မှ အောင်မြင်လင့်ကစား ကျောင်းသားအဖြစ်
များစွာမထူးချွန်လှချေ။ ဘီအေ ဂုဏ်ထူးတန်းတွင် ဒုတိယတန်းမျှသာ ရလေသည်။
သို့ရာတွင် ထိုအခါက ၎င်းအထက် ပထမရခဲ့သူတစ်ဦးမှာ ရန်ကုန်တွင်
ပါမောက္ခတစ်ဦးအဖြစ် ၎င်းကဲ့သို့ ကျော်ကြားခြင်းမရှိချေ။
အင်္ဂလိပ်စာရေးဆရာကြီးများဖြစ်ကြသော ဝိုးလ်စမစ်၊ ဆာဝါလတာစကော့ စသော
ပုဂ္ဂိုလ်များမှာလည်း ကျောင်းနေစဉ်က ထူးချွန်ခြင်း မရှိပေ။
ဆာဝါလတာစကော့မှာမူ လူ့ငနွား ဟုပင် ဆရာ၏ အဝေဖန်ခံရလေသည်။ ဤကား ဥဒါဟရုဏ်ကို
အကျဉ်းမျှ သရုပ်ပေါ်အောင် ပြလိုက်ခြင်းပေတည်း။ ဤသို့ဖြစ်ရခြင်း၏
အကြောင်းအရင်းကိုစစ်ရလျှင် လူတစ်ဦးတစ်ယောက်၏ တန်ဖိုးကို
မည်မျှရှိသည်ဟုချိန်ဆရန် သတ်မှတ်ထားသောနည်းလမ်း မရှိသောကြောင့် ဖြစ်လေသည်။
စင်စစ်သော်ကား ကျောင်းတွင် တစ်ခါမျှမနေဖူး၍ စာတစ်လုံးမျှ မသင်ဖူးသူပင်
ပညာရှိဖြစ်နိုင်၏။ ဤကားဖြစ်နိုင်သည့်အကြောင်းကို ကျွန်ုပ်ဆိုခြင်း
ဖြစ်ပေသည်။ ယခု ကမ္ဘာပေါ်ရှိသည့် စာအုပ်အားလုံးသည် အရင်းစစ်လျှင်
လောကအကြောင်းကို အမျိုးမျိုးမှတ်သားချက်များသာဖြစ်ပေသည်။
ထိုမှတ်သားချက်များကို ရေးသူများ၏ အာဘော်၊ ၎င်းတို့ရေးရာ ဒေသ၊
ရေးသည့်အချိန်ကာလ စသည်တို့ကိုကြည့်၍ ဝေဖန်ပြီးလျှင် လောကအလုပ်ဝတ္တရားတွင်
သုံးစွဲတတ်မှသာ စာတတ်အမှန်ဖြစ်ပေသည်။
အကယ်၍ စာမတတ်သူသည် လောကအမှတ်သားကောင်းမွန်၍ နေရာချတတ်ပါလျှင် စာတတ်နေရန်
မလိုချေ။ ထို့ကြောင့်ပင် မူဆိုလိုနီက ၎င်း၏အတ္ထုပ္ပတ္တိတွင်
ကျွန်ုပ်ဖတ်ခဲ့သော အကြီးဆုံးသောစာအုပ်ကား၊ ကျွန်ုပ်နေခဲ့သော
လောကကြီးပင်တည်းဟု ရေးထား၏။ ထိုကဲ့သို့ စာအုပ်စာပေမှ ကျော်လွန်သောပညာကို
အဘယ်သို့ရအံ့နည်း။
ထိုပညာစစ်ကိုရရန် လွတ်လပ်စွာ တွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသောစိတ်
မွေးရန်လို၏။ ဤအချက်ကို ပညာရေးကျွမ်းကျင်သူ ပုဂ္ဂိုလ်တို့က (Academic
Freedom) ပညာသင်ကြားရေး လွတ်လပ်ခွင့်ဟု ခေါ်ကြ၏။ ဤအချက်ကား ကမ္ဘာ့ရာဇဝင်ကို
တစ်မျိုးတစ်မည် ပြောင်းလွဲစေသည့် ရီနေဆန် နှင့် ရီဖောင်မေးရှင်း ခေါ်
ခေတ်သစ်ဝါဒ လောကဓာတ်ပညာ ပြန့်ပွားရာ အကြောင်းအရင်းတည်း။ ဤအချက်ကား
ကျွန်ုပ်တို့၏ ဂေါတမ ဘုရားသခင် ဟောကြားသော ကာလမသုတ္တန် သဘောအရပင်တည်း။
ထို လွတ်လပ်စွာ တွေးတော ပြောဆို ဆွေးနွေးလုပ်ကိုင်လိုသော
စိတ်ရှိရမည်ဆိုရာတွင် ကျွန်ုပ်တို့သည် မိမိထင်ရာ တွေးတောပြောဆို
လုပ်ကိုင်ခြင်းမဟုတ်ပေ။ လောကရှိ လူအပေါင်းတို့သည် ရေတွင်းတစ်တွင်းရှိ
ဖားသူငယ်ကဲ့သို့ နေ၍မဖြစ်ပေ။ တစ်ဦးနှင့်တစ်ဦး ကူးလူးဆက်ဆံရလေသည်။
ယခုခေတ်အခါတွင် ဤသို့ကူးလူးဆက်ဆံခြင်းမှာ ပိုမို၍ပင် ကျယ်ပြန့်လာလေသည်။ ယခု
အတိုင်းတိုင်း အပြည်ပြည်တွင် ကြုံတွေ့နေရသော ရှားပါးရေးခေတ်သည် ထိုဥပဒေကို
လွန်ဆန်၍ ကိုယ်ဘက် ကိုယ့်သဘောကိုသာမြင်သော ဝါဒကြောင့်ဖြစ်သော
ကမ္ဘာစစ်ကြီး၏ ပဲ့တင်သံဖြစ်လေသည်။
ထိုသို့ဖြစ်ရာ လူတိုင်းလူတိုင်း တစ်ဦးနှင့်တစ်ဦး အပေါင်းအသင်း
သမဂ္ဂရှိမှသာ အမျိုးမျိုးသော အယူအဆ အမှတ်အသားတို့ကို တွေ့မြင်သိရှိရ၍
ပိုမို အမြင်ကျယ်လာနိုင်သည်။ သို့အမြင်ကျယ်မှ တစ်ဦးကိုတစ်ဦး အနာခံတတ်ခြင်း၊
စောင်မ ကူညီခြင်း၊ အပြောအဆို အနေအထိုင် ပြုပြင်လာခြင်း စသည်ဖြင့် လောက၌
လူလုပ်တတ်သည့် အရည်အချင်းများ ရနိုင်လေသည်။
ထို့ကြောင့် ထိုကူးလူးဆက်ဆံရေး အမြင်သန်အောင် ကျောင်းများ၊
တက္ကသိုလ်များတွင် ကျောင်းအိပ်၊ ကျောင်းစား ထားခြင်း၊ အသင်းအပင်းများ
ထောင်ခြင်း စသည်တို့ ပြုလုပ်ကြရလေသည်။ သို့ရာတွင် အပေါင်းအသင်းသမဂ္ဂ အတွက်
ပြုလုပ်ရာတွင် လွတ်လပ်စွာ မပြောရ၊ မဆိုရ၊ မလုပ်ရ၊ မဆွေးနွေးရလျှင်
မျက်စိပိတ်ထားသည်နှင့် တူပြန်သည်။ သို့ဖြစ်ရာ နှစ်ဖက်နှစ်ချက်စုံမှ
ပညာရေးအစစ် မည်လေသည်။
တစ်ဖန် ယနေ့ဖြစ်သော ကျောင်းသားများသည် နက်ဖြန် ပြည်ကြီးသားများဖြစ်ကြ၏ဟု
ဆိုရိုးစကားရှိ၏။ သို့ဖြစ်ရာ ပြည်ကြီးသားတို့၏
အင်္ဂါလက္ခဏာတို့နှင့်ညီအောင် အုပ်ချုပ်နည်း၊ မိမိအခွင့်အရေးအတွက်
တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေဝပ်နည်း၊ ကိုယ်လက်ကျန်းမာရေး
စသည်ဖြင့် နည်းမျိုးစုံအောင် အသင်းအပင်းများ၊ ကစားနည်းများကို ထွင်ကြ၏။
ဤသို့မျှမက ယခုအခါ တစ်နိုင်ငံနှင့်တစ်နိုင်ငံမှာ ခွဲစိတ်၍မဖြစ်နိုင်။
တရုတ်ပြည်၊ စပိန်ပြည်၊ ပါလက်စတိုင်းပြည်တွင် အဖြစ်အပျက်များသည်
ဤတိုင်းပြည်ကိုလည်းကောင်း၊ ကမ္ဘာ့ယဉ်ကျေးခြင်းကိုလည်းကောင်း၊ မည်သို့မည်ပုံ
ထိခိုက်မည်ဟု သိနိုင်အောင် ကမ္ဘာအခြေအနေကို မိမိရရ သိရန်လို၏။
ဤသည်ကိုကား အကြမ်းမျှ ကျောင်းသားများပြုလုပ်ရမည့် ဝတ္တရားများဖြစ်ကြ၏။
ထို့ကြောင့် ကမ္ဘာရှိ ကျောင်းသားအပေါင်းတို့သည် လှုပ်လှုပ်ရွရွဖြစ်၍
စစ်မက်တားမြစ်ရေး၊ အလုပ်လက်မဲ့ပပျောက်ရေး၊ အကြောင်းစနစ်များ ရှာဖွေနေကြ၏၊
အခြေမထူးခြားလှသော စပိန်ပြည် နှင့် တရုတ်ပြည်တို့တွင် ကျောင်းသားတို့မှာ
ကိုယ်ထိလက်ရောက် တိုက်ခိုက်နေကြရ၏။ ထို့ကြောင့် အချိန်နှင့်အခါအလျောက်လည်း
ကျောင်းသား၏ ဝတ္တရားလည်း ကွဲလာ၏။ ဤပြဆိုပြီးသော
ကျောင်းသားဝတ္တရားအားလုံးကို သိမြင်သည်နှင့်အညီ နောင်သော် ဗမာပြည်ကို
ဖန်တီးမည့် ကျောင်းသားများသည် ယခုအခါ လူများကဲ့သို့ မညီမညွတ်၊
မလုပ်တတ်မကိုင်တတ်မဖြစ်ရအောင် ကျွန်ုပ်တို့သည် ယခုအခါ နိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂအသင်းကြီးကို အထင်အရှား တည်ထောင်ထား၏။
ထိုအသင်းသို့ ဝင်ရောက် အားပေးရန်မှာ ကျောင်းသားတိုင်း၊ တိုင်းပြည်ချစ်စိတ်ရှိသောသူတိုင်းတို့၏ တာဝန်ဝတ္တရားပင်တည်း။ ။
အောင်ဆန်း
0 comments:
Post a Comment