Sunday, July 28, 2019

ဗမာပြည်ကွန်မြူနစ်ပါတီ၏ အထွေထွေလုပ်ငန်းစဉ်

0 comments
ဗမာပြည်ကွန်မြူနစ်ပါတီ၏လုပ်ငန်းစဉ်
“ဗမာပြည်ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးသည် အခြေခံလက္ခဏာအရဆိုသော် ‘နယ်ချဲ့ဆန့်ကျင်ရေး၊ ပဒေသရာဇ်မြေရှင်ဆန့်ကျင်ရေးနှင့် ဗြူရိုကရက်အရင်းရှင်ဆန့်ကျင်ရေးပင်ဖြစ်သည်။’ ဤရန်သူကြီး (၃) ဦးကို တိုက်ဖျက်ဖြိုချရန်ဖြစ်သည်။ ”
*****
ဗမာပြည်ကွန်မြူနစ်ပါတီ၏ အထွေထွေလုပ်ငန်းစဉ်
( က )
တာဝန်ကြီး (၃)ရပ်
ရန်သူကြီး (၃)ဦး
ဗမာပြည်ကွန်မြူနစ်ပါတီကို စတင်ထူထောင်စဉ်က ဗမာပြည်သည် ကိုလိုနီနိုင်ငံဖြစ်သည်။ ဒီမိုကရေစီတော်လှန်ရေးက တိုက်ဖျက်ပစ် ရမည့်စနစ် (၂)ခု ( ရန်သူ ၂ ဦး ) ရှိသည်ဟုသတ်မှတ်ခဲ့သည်။ နယ်ချဲ့စနစ်နှင့်  ပဒေသရာဇ်မြေရှင်စနစ်ဟူသော စနစ် (၂)ခုပေါင်းဖြစ်သည်။ နယ်ချဲ့သမား၏ အစေအပါးမျှသာဖြစ်သော လက်ဝေခံ အရင်ရှင်လူတန်းစားကို ရန်သူတဦးအဖြစ်အရေးတယူသတ်မှတ် စရာမလိုခဲ့ချေ။ နယ်ချဲ့စနစ်ကိုတိုက်ဖျက်ပစ်ပါက လက်ဝေခံအရင်းရှင် လက်တဆုပ်စာသည်လည်း ပျက်သုဉ်းရမည်ဖြစ်သည်။ ထို့ကြောင့်သီးခြားရန်သူဟူ၍ သတ်မှတ်စရာမလိုခဲ့ပေ။
နယ်ချဲ့လက်ပါးစေလူတန်စားဖြစ်သော လက်ဝေခံအရင်းရှင်များကို “အလိုတော်ရိများ” ဟူ၍လည်းခေါ်ခဲ့ကြသည်။ သူတို့သည် နယ်ချဲ့ လက်ဝါးကြီးအုပ် ကုမ္ပဏီကြီးများ၏ ပြည်တွင်းကိုယ်စားလှယ်များ၊ အဝယ်တော်များ၊ ကန်ထရိုက်များ၊ ပွဲစားများအဖြစ်၊ စီးပွားရေးလောကတွင် နေရာယူခဲ့ကြသည်။ နိုင်ငံရေးအားဖြင့်လည်း နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓါတ် နည်းနည်း ကလေးမျှမရှိကြ။ ကိုလိုီနီအုပ်ချုပ်ရေးယန္တရားတွင် လည်း တွင်ကျယ်ခဲ့ကြသည်။
၁၉၄၈ ခုနှစ်တွင် နိုင်ငံရေးအရ လွတ်လပ်ရေးရလာသောအခါတွင်ကား အခြေအနေသည် တမျိုးပြောင်းလဲသွားသည်။ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ကဏ္ဍများသည် ကိုလိုနီခေတ်တုန်းကလိုမဟုတ်တော့။ အာဏာရလာသော လူတန်းစားသည် ရရှိလာသောအာဏာကို အသုံးပြုပြီး မိမိတို့ အကျိုးအတွက် နိုင်ငံတော်အရင်းရှင်စနစ်သဏ္ဍာန်ဖြင့် စီးပွားရေးလုပ်ငန်း အများအပြားစတင်လုပ်လာသည်။ ဤသည်မှာ ဗြူရိုကရက်အရင်းရှင်စနစ်ကို အစပျိုးခြင်းပင်ဖြစ်သည်။
ဖဆပလ အစိုးရလက်ထက်ကရှိခဲ့သော နိုင်ငံတော်ပိုင်လုပ်ငန်းများ၊ ဖက်စပ်လုပ်ငန်းများ၊ သမဝါယမလုပ်ငန်းများ၊ ကော်ပိုရေးရှင်းများ၊ ကုမ္ပဏီများ စသည်တို့သည် ဗြူရိုကရက်အရင်းရှင်စနစ် ဖြစ်ပေါ်ကြီးထွားလာခြင်းကိုပြပေသည်။ ဗြူရိုကရက် အရင်းရှင်လူတန်းစားသည် အင်အားစုတရပ်ဖြစ်လာခဲ့သည်။
ထိုစဉ်အခါမှစ၍ ဗမာပြည်ဒီမိုကရေစီတော်လှန်ရေးက တိုက်ဖျက်ပစ်ရမည့် အဓိကရန်သူများတွင် ဗြူရိုကရက်အရင်းရှင်စနစ်ကိုပါ ထည့်သွင်း ခဲ့ရသည်။
နယ်ချဲ့စနစ်ကို မဆန့်ကျင်လျှင် တမျိုးသားလုံးအတွက် အမှီအခိုကင်းရေး၊ လွတ်လပ်ရေးနှင့်ဒီမိုကရေစီမရှိနိုင်ပေ။ ပဒေသရာဇ်မြေရှင်စနစ်ကို မဖျက်သိမ်းနိုင်လျှင်လည်း တိုင်းပြည်၏ လူများစုကြီးဖြစ်သော တောင်သူလယ်သမားလူတန်းစားများ မလွတ်မြောက်နိုင်။ ဒီမိုကရေစီအခွင့် အရေးကိုလည်း လွတ်လပ်ပြည့်ဝစွာကျင့်သုံးနိုင်မည်မဟုတ်။ ဗြူရိုကရက်အရင်းရှင်စနစ်ကို မဖျက်သိမ်းနိုင်လျှင်ကားအလုပ်သမား၊ လယ်သမား၊ ဓနရှင်ပေါက်စလူတန်းစားနှင့် အမျိုးသားအရင်းရှင်လူတန်းစားတည်းဟူသော ပြည်သူများ၏ဘဝ မလွတ်မြောက်နိုင်။ ပြည်သူ့ ဒီမိုကရေစီလည်းမရှိနိုင်ပေ။
ထို့ကြောင့် နယ်ချဲ့စနစ်ဆန့်ကျင်ရေး၊ ပဒေသရာဇ်မြေရှင်စနစ်တိုက်ဖျက်ရေး၊ ဗြူရိုကရက်အရင်းရှင်စနစ် တိုက်ဖျက်ရေးသည် ဗမာပြည် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး၏ တာဝန်ကြီးများဖြစ်၍ တော်လှန်ရေးက ပစ်မှတ်ထားတိုက်ရမည့် ရန်သူကြီးများဖြစ်သည်။
( ခ )
နယ်ချဲ့ဆန့်ကျင်ရေးသမိုင်း။ ပဌမအဆင့် ( ၁၈၂၄- ၈၅ )
ဗမာပြည်က နယ်ချဲ့စနစ်နှင့် တကယ်တန်းရင်ဆိုင်တွေ့လိုက်ရသည့်အချိန်မှာ ၁၉ ရာစုနှစ်တွင်ဖြစ်သည်။
ထိုစဉ်က နိုင်ငံတကာ့အခြေအနေ၊ မိမိပြည်တွင်းအခြေအနေ၊ မိမိပတ်ဝန်းကျင်အခြေအနေများကိုပြန်လည် သုံးသပ်လေ့လာသင့်ပေသည်။  “ပြီးခဲ့တာပြီးပါစေတော့” ဟူ၍ လက်လွတ်စပါယ် လုပ်၍မဖြစ်ပေ။ ပြန်လည်သုံးသပ်ပြီး မှန်ကန်စွာ နိဂုံးချုပ်ချက်ပြုထားရမည်။ အကောင်းဘက်အပြုဘက်မှ အတွေ့အကြုံများကိုလည်းကောင်း၊ အဆိုးဘက်အရှုံးဘက်မှ သင်ခန်းစာများကိုလည်းကောင်း ထုတ်နှုတ်ကာ တမျိုးသားလုံးကို ပညာပေးတပ်လှန့်ထားဖို့လိုသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့အထိ နယ်ချဲ့စနစ်တည်ရှိနေဆဲဖြစ်သောကြောင့်ပင်။
ထိုစဉ်က နိုင်ငံတကာ့အခြေအနေကို တခုလုံး သုံးသပ်သည်ထက် ဗမာပြည်နှင့်တိုက်ရိုက်ပတ်သက်သမျှကိုသာ ကွက်၍ သုံးသပ်ပါမည်။
ထိုစဉ်က နိုင်ငံတကာ့အခြေအနေကို အကျဉ်းရုံး၍သုံးသပ်လျှင် ဥရောပတွင် နပိုလီယံစစ်ပွဲများ၌ အင်္ဂလိပ်တို့က အနိုင်ဖြင့် အဆုံးသတ် ထားချိန်ဖြစ်သည်။ မာနတံခွန် တလူလူထူနေချိန် ဖြစ်သည်။ ပြင်သစ်ပိုင် ပင်လယ်ရပ်ခြားရှိနယ်မြေများကို ဒလစပ်လိုက်၍ သိမ်းပိုက်နေသည်။
အိန္ဒိယတပြည်လုံးလောက်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ပြင်သစ်တို့နှင့် အိန္ဒိယတွင် နယ်မြေလုပွဲလုပ်နေခဲ့ရသည်မှာ ကြာလှပြီ။ ယခုတော့ ယှဉ်ပြိင်ရမည့် ဘက်မရှိတော့။ တဦးတည်းတွင်ကျယ်နိုင်ခဲ့ပြီ။ အင်္ဂလိပ်တို့၏နယ်ချဲ့မှုသည် အိန္ဒိယကိုကျော်ပြီး အရှေ့ဘက်သို့ဦးလှည့်ခဲ့ရာ ဗမာပြည်နှင့် ထိပ်တိုက်တိုးတော့သည်။ အင်္ဂလိပ်-ဗမာ စစ်ပွဲများကား မတော်တဆ ကြုံကြိုက်၍ဖြစ်ပျက်မှုများ မဟုတ်ဘဲ၊ မုချ မလွဲမသွေ ဖြစ်ရမည့် ကိစ္စများဖြစ်တော့သည်။
၁၈၂၄ - ၁၈၅၂ - ၁၈၈၅ ခုနှစ်များတွင် စစ်ပွဲ (၃) ပွဲဖြစ်ခဲ့သည်။ စစ်ပွဲ (၃)ပွဲဟုဆိုရာသော်လည်း တကယ် စစ်ပွဲနှင့် တူ သည်မှာ ၁၈၂၄ တခုသာ ဖြစ်သည်။ ကျန် (၂) ပွဲမှာ အင်္ဂလိပ်တို့၏ စစ်တံခွန်လွှင့် ချီတက်ပွဲသာသာမျှသာဖြစ်သည်။
ထိုသို့ ဘာကြောင့်ဖြစ်ရသနည်း။ ရုပ်ဝတ္ထုအင်အားကွာခြားချက်သက်သက်မျှသာလော … ။ အခြားဘာအကြောင်းအချက် - အချက်အလက် ကွာခြားချက်များရှိသေးသနည်း။ ဤကိစ္စကိုလေ့လာသုံးသပ်ကြည့်ဖို့လိုပေသည်။
ဤသို့လေ့လာသုံးသပ်ခြင်းသည် ပညာရှင်တို့၏ သုတေသနလုပ်ငန်းသက်သက်အတွက် မဟုတ်ပါ။ “နယ်ချဲ့ဆန့်ကျင်ရေး” ဟု အခုမှ ထမင်းလုံးတစ္ဆေအခြောက်ခံရကာ ထအော်နေသော နဝတ၏ “နယ်ချဲ့ဆန့်ကျင်ရေး” ၊ “ကိုလိုနီလက်သစ်ဝဒဆန့်ကျင်ရေး”တို့၏ သရုပ် သကန်အမှန်ကို ဖွင့်ပြရန်လည်း တကြောင်းဖြစ်ပြီး၊ နောက်တကြောင်းမှာ (ဤအကြောင်းမှာ ပို၍ အရေးကြီးသည်) ရှေ့ကသင်ခန်းစာကိုယူ၊ နောင်မမှားအောင်ဂရုပြုပြီး မျက်မှောက်ခေတ်တွင် နယ်ချဲ့နှင့် ဗိုလ်ကျလွှမ်းမိုးမှုအားလုံးကို အောင်အောင်မြင်မြင် ဆန့်ကျင်နိုင်ရန်အတွက် ဖြစ်သည်။
နယ်ချဲ့မတိုင်မီခေတ်ကာလမှ နယ်ချဲ့ခေတ်သို့ အကူးအပြောင်းကာလမှာ အရှေ့အာရှတိုက်အဖို့ ပြောရလျှင် ဂျပန်ပြည်ကလွဲ၍ ကျန်နိုင်ငံများ သည် ဤအပြောင်းအလဲကို မမီလိုက်တော့ချေ။ ပဒေသရာဇ်ခေတ်တွင်ပဲ နောက်ကျကျန်ရစ်ခဲ့ကြသည်။ ထို့ကြောင့် နယ်ချဲ့နိုင်ငံများ၏ ကျူးကျော်သိမ်းပိုက်မှုကို ခံလိုက်ကြရသည်။  
*****



စစ်ဘက်ပြိုင်ကြသည့် ဗမာနှင့် အင်္ဂလိပ်တို့၏ ကွာခြားချက်များ
၁ ။ ရှေ့ ဆောင်အတွေးအခေါ်ချင်းကွာခြားချက်။
၂ ။အချက်အလက်ချင်းကွာခြားချက်။
၃ ။ရုပ်ဝတ္ထုချင်းကွာခြားချက်ဟူ၍ အဓိက အချက်ကြီး (၃)ချက်ရှိသည်။
၁။ အတွေးအခေါ်ချင်းကွာခြားချက်
အင်္ဂလန်သည် ဒေါင်ဒေါင်မြည် အရင်းရှင်နိုင်ငံဖြစ်ခဲ့သည်မှာ ကြာပြီ။ နယ်ချဲ့လာခြင်းသည် အခြားနိုင်ငံများကို “ဈေးကွက်” လုပ်ရန်လာခဲ့ခြင်း ဖြစ်သည်။ ကိုလိုနီလုပ်ရန်အတွေးအခေါ်နှင့် လာခြင်းဖြစ်သည်။ အင်္ဂလိပ်နယ်ချဲ့သည် ၁၆ - ၁၇ ရာစုနှစ် များတွင် “နယ်မြေသစ်” ရှာခြင်းဖြင့် နယ်ချဲ့ဖူးပြီ။ (တကယ်က ကမ္ဘာပေါ်တွင် “နယ်မြေသစ်”ဟူသည်မှာ မရှိပါ။ ပိုင်ရှင်ရှိ ကြပါသည်) ပင်လယ်ဓါးပြလုပ်ပြီး အရင်းအနှီးစုဆောင်း ခဲ့ဖူးပြီ၊ ကျွန်ကုန်ကူးပြီး အရင်းအနှီးစုဆောင်းခဲ့ဘူးပြီ၊ ယခု ဗမာပြည်ကို ကိုလိုနီအဖြစ်ထားပြီး “ဈေးကွက်” လုပ်ရန်လာခဲ့ခြင်းဖြစ်သည်။ သူတို့သည် အိန္ဒိယပြည်ကြီးကို ကိုလိုနီလုပ်ခဲ့ပြီးပြီ။
ဗမာပြည်ကိုသိမ်းပြီးလျှင် တရုပ်ပြည်ကြီးကို ဆက်ပြီး ကိုလိုနီလုပ်ဖို့ကြံစည်မည်။ အင်္ဂလိပ်-ဗမာ ( ၁၈၂၄ ) စစ်ပွဲဖြစ်စဉ်က တရုပ်ပြည်နှင့် အင်္ဂလိပ်တို့ ဘိန်းစစ်ပွဲမဖြစ်သေး။ ဘိန်းစစ်ပွဲက (၁၈၃၉ - ၄၂) မှာမှ ဖြစ်သည်။
အိန္ဒိယပြည်ကြီးနှင့် တရုပ်ပြည်ကြီးကြားရှိ တိုင်းငယ်ပြည်ငယ်ဖြစ်သော ဗမာပြည်ကို တံတားအဖြစ်၊ နင်းခုန်အဖြစ်၊ ကာလအပိုင်းအခြားမရှိ သိမ်းပိုက်ထားရန် လာခြင်းဖြစ်သည်။

ဗမာပြည်ဘက်ကဆိုလျှင် ပဒေသရာဇ်တိုင်းပြည်က ပဒေသရာဇ်အတွေးအခေါ်ဖြင့် စစ်တိုက်ခြင်းဖြစ်၏။ မိမိတို့၏ ယခင်တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများအရလည်းကောင်း၊ မိမိတို့ကိုယ်တိုင်၏ အစဉ်အလာလုပ်ထုံးလုပ်နည်းအရလည်း ကောင်း၊ အင်္ဂလိပ်တို့လည်း လုပ်လိမ့်မည် ဟုထင်ကြသည်။ ပဒေသရာဇ်အာဏာစက်ကို ချဲ့ထွင်၊ သစ္စာခံသူကို အာဏာအပ်ပြီး မိမိတို့တိုင်းပြည်သို့ပြန်ရိုးထုံးစံအတိုင်း အင်္ဂလိပ်တို့ ကလည်း သစ္စာခံသူကိုနန်းအပ်ပြီး ပြန်မည်ဟု ရိုးရိုးသားသား ထင်မြင်ခဲ့ကြသည်။ အာသံ-မဏိပူရတွင် ဤအတိုင်း ဗမာပဒေသရာဇ်တို့ လုပ်ခဲ့ကြသည်မှာ လောလောလတ်လတ်ဖြစ်သည်။ အင်္ဂလိပ်တို့က အောက်ဗမာပြည်မှာသိမ်းပိုက်ပြီးသည့် နောက်တွင်ပင် အောက်ဗမာ ပြည်ကို ပြန်ပေးလိမ့်မည်ဟု မဖြစ်နိုင်သည်ကို မျှော်လင့်ချက်ထားခဲ့သူများရှိ၏။ အင်္ဂလိပ်တို့မှာ နိုင်ငံတကာအတွေ့အကြုံ အံခွနေသူများဖြစ်ပြီး ဗမာ ပဒေသရာဇ်တို့မှာ အတွေ့အကြုံ မရှိသလောက်ပင်ဖြစ်သည်။ ရှိထားသည့် အတွေ့အကြုံမှာလည်း အာရှပဒေသရာဇ် ထုံးတမ်းစဉ်လာ များ သာဖြစ်ကြသည်။
ရခိုင်နှင့်ဘင်္ဂလားအရေးအခင်း၊ အင်္ဂလိပ်စစ်သင်္ဘောနှင့် ရန်ကုန်မြို့ဝန်အဖြစ်အပျက်၊ ဘုံဘေဘားမားသစ်မှုများ မဖြစ်လည်း အခြား အကြောင်းဖြင့် မုချ စစ်ဖြစ်မည်သာဖြစ်သည်။ အင်္ဂလိပ်တို့အဖို့ စစ်ဖြစ်စရာအကြောင်းပြချက် ရှိရှိ မရှိရှိ ဗမာပြည်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ ဆုံးဖြတ်ပြီးဖြစ်သည်။        
ထိုစဉ်က အင်္ဂလိပ်-ဗမာစစ်ပွဲများကို တိုက်ရိုက်ပတ်သက်သူများမှအပ နိုင်ငံတကာတွင် မည်သူမျှ စိတ်မဝင်စားကြ။ သိပင် မသိလိုက်ကြချေ။ ထိုစဉ်က ဗမာပြည်ဘက်က ဘက်လိုက်သူဟူ၍ နည်းနည်းပါးပါးသာရှိခဲ့သည်။ ထိုနည်းနည်းပါးပါးထဲတွင် အင်္ဂလန်တွင်ရှိနေသော မာ့က်စ် တယောက်ပါဝင်လေသည်။ သူ့အနေဖြင့်လည်း အင်္ဂလိပ်သတင်းစာနှင့်ပါလီမန်ကပေးသည့်သတင်းကို အခြေခံကာ ဘက်လိုက်ရခြင်းဖြစ်၏။
အတိုချုပ်လိုက်လျှင် နှစ် ၆ဝ ကျော်ကျော်ကလေးအတွင်း (၁၈၂၄-၈၅) ဗမာပြည်သည် ကိုလိုနီလုံးလုံးဖြစ်ခဲ့ရသည်။
ပဌမစစ်ပွဲအပြီးတွင် စစ်နိုင်သူနှင့် စစ်ရှုံးသူတို့ ချုပ်ခဲ့သော ရန္တပိုစာချုပ်ကိုလေ့လာကြည့်လျှင် ထုံးစံအတိုင်းပါနေကြအချက်များအပြင် သင်္ဘောပေါ်မှ အမြောက်မချရရေးကိစ္စ၊ တက်မ မချွတ်ရရေးကိစ္စများပါဝင်နေသည်ကို သတိပြုပါ။ (အမြောက်တင်သင်္ဘောဖြင့် ဗိုလ်ကျသည့် ခေတ်ဖြစ်၍ ဤကိစ္စများအရေးတကြီးပါနေခြင်းဖြစ်သည်။ ယခု လေယာဉ်တင်သင်္ဘောနှင့် ဒုံးပျံခေတ်ဖြစ်သည်)
နောက်သတိပြုရန်အချက်မှာ ယိုးဒယားပဒေသရာဇ်များက အင်္ဂလိပ်နယ်ချဲ့၏မဟာမိတ်အဖြစ်ဝင်၍ အမှတ်ယူသည့် အပိုင်းဖြစ်သည်။ နိမ့်ကျသည့်အချိန်တွင် ရန်ညှိုးရှိသူကဝင်၍ အမြတ်ထုတ်တတ်သည်။
ရန္တပိုစာချုပ်သည် အင်္ဂလိပ်နယ်ချဲ့တို့၏အကြံအစည်ကို ထင်ဟပ်နေသည့်စာချုပ်ဖြစ်သည်။ ဤစာချုပ် ချုပ်ပြီးကတည်းက ဗမာပြည်တစိတ် တပိုင်း (ရခိုင်- တနင်္သာရီ) က ကိုလိုနီဖြစ်သွားကာ၊ ကျန်အစိပ်အပိုင်းက အနှစ်သာရအားဖြင့် ကိုလိုနီတပိုင်းဖြစ်သွားရသည်။
(၂)အချက်အလက်ချင်း ကွာခြားချက် ။
အင်္ဂလိပ်တို့မှာ အရင်းရှင်စနစ်ကိုကျင့်သုံးနေသူများဖြစ်သည်။ ခေတ်မီသိပ္ပံပညာ၏ အသီးအပွင့်များကို အသုံးချနိုင်ကြသည်။ ရေနွေးငွေ့ သင်္ဘောဖြင့် တကွေ့တပတ်ကြီး ပတ်၍လာရသော အင်္ဂလိပ်စစ်သားချည်းသက်သက် စစ်တိုက်ရမည်ဆိုလျှင် တော်တော်ခက်မည့်ကိစ္စ ဖြစ်သည်။ သို့သော် အင်္ဂလိပ်တို့သည် အိန္ဒိယစစ်သားများကို လိုသလောက် အသုံးချနိုင်ကြသည်။
အင်္ဂလိပ်ကဗိုလ်လုပ်ပြီး အိန္ဒိယသားကစစ်သားလုပ်ကာ ဗမာပြည်ကို လာပြီးစစ်တိုက်ကြခြင်းဖြစ်သည်။ ထို့ကြောင့် ဗမာတို့သည် အင်္ဂလိပ်ကို ကုလားဖြူခေါ်ရာက ဗိုလ်ဟုခေါ်လာသည်။ ကိုလိုနီဖြစ်သွားရ၍ ဦးကျိုးသွားခြင်းဖြစ်သည်။ ဗိုလ် အသုံးအနှုံးမှာ လူအများကြားတွင် နှုတ်ကျိုး၍ပင် နေခဲ့သည်။ ယခု ဗိုလ်ခေါ်သည်ကို ပြင်မရတော့သဖြင့် မပြင်နိုင်တော့ဘဲ စာဖြင့်သာ ပြင်လိုက်ကြသည်။ “ ဘိုစာ၊ ဘိုစကား ” ဟု ရေးလာကြသည်။
သုံးနှစ်သုံးမိုးမျှသာ ကိုလိုနီလုပ်သွားသော ဖက်ဆစ်ဂျပန်ကပင် ပါးရိုက်ပြီး “မာစတာ” ခေါ်ခိုင်းခဲ့၏။ သူကလည်း သူ့နည်းဖြင့် ဦးချိုးခဲ့ခြင်း ဖြစ်၏။
အဓိက တင်ပြချင်သည်မှာ နယ်ချဲ့လက်အောက်ကျရောက်လျှင် စိတ်ဓါတ်ရေးအရပါ ‘ကျွန်’လုပ်ခံရလေ့ရှိခြင်းပင်ဖြစ်သည်။

ဗမာပဒေသရာဇ်တို့ဘက်ကဆိုလျှင် အကန့်အသတ်ရှိသော မိမိပြည်တွင်းအင်အားကိုသာ မှီခိုရသည်။ စစ်မျက်နှာဖြန့်တိုက်ရန် အင်အားမရှိ။ ရေတပ်လည်းမရှိ။ ရှိသည့်ရေတပ်ဆိုသည်မှာ မြစ်တွင်းသွား တိုက်လှေများဖြင့်ဖွဲ့စည်းထားရ၏။ အင်္ဂလိပ်တို့က ရေတပ် (အမြောက်တင် သင်္ဘောများဖြင့်) ဒုတိယ စစ်မျက်နှာဖွင့်သောအခါ စစ်ရေးလက်ဦးမှုဆုံးရှုံးတော့သည်။ ဧရာဝတီမြစ်သည် အင်္ဂလိပ်တပ်အတွက် စစ်လမ်း ကြောင်းသက်သက် ဖြစ်သွား၏။
အင်္ဂလိပ်တို့သည် ၁၈ ရာစုနှစ် အစပိုင်းလောက်ကစပြီး တည်ငြိမ်သောနိုင်ငံရေးစနစ်ရှိနေခဲ့ပြီ။ ထီးမွေနန်းမွေလုသော ခေတ်ကုန်ပြီ။ စည်းမျဉ်းခံဘုရင်စနစ်ဖြင့် အသားကျနေခဲ့ပြီ။ ဓနရှင် အာဏာရှင်စနစ်ဖြင့် တည်ငြိမ်မှုရနေပြီ။
ပဌမစစ်ပွဲကာလမှာ စတုတ္ထမြောက်ဂျော့ဘုရင်၏ လက်ထက်တွင်ဖြစ်၏။ ဘုရင်မှာရုပ်ပြသက်သက်သာဖြစ်၍ တကယ်တမ်း အာဏာပိုင်သူ များမှာ ဓနရှင်လူတန်းစားကိုယ်စားလှယ် (ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့) ဖြစ်သည်။ နယ်ချဲ့ရေးစိတ်ဓါတ်များ လျှမ်းလျှမ်းတောက်နေသော ကာလလည်းဖြစ်သည်။ ဒုတိယ-တတိယ စစ်ပွဲများမှာကား နာမည်ကျော် ဝိတိုရိယဘုရင်မ လက်ထက်တွင် ဖြစ်၏။ ပို၍ပင်တည်ငြိမ်နေလေပြီ။
ဗမာပြည်တွင်ကား ပဒေသရာဇ် လုပ်ကောင်းတုန်းဖြစ်သည်။ ထီးမွေနန်းမွေလုမှုများ အတောမသတ်ဖြစ်နေသည်။ တမျိုးသားလုံး ကျွန်ဖြစ်အံ့ ဆဲဆဲ နောက်ဆုံးအချိန်ထိဖြစ်နေခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့၏ သစ္စာခံဘုရင်ဖြစ်လိုသူ မင်းညီမင်းသား၊ ပြင်သစ်နယ်ချဲ့၏သစ္စာခံဘုရင်ဖြစ်လိုသူ မင်းညီမင်းသားတို့ပင် ရှိနေသည်။ နန်းတွင်းသတ်ပွဲ ဖြတ်ပွဲ လုပ်ကြံပွဲများ ဒလစပ် ဖြစ်နေသည်။ ပဌမစစ်ပွဲရှုံးပြီးမှ ပို၍ပင်များလာသည်ဟု ဆိုနိုင်သည်။ နယ်ချဲ့ကိုဆန့်ကျင်ရန်ကိစ္စ ဘေးချိတ်ပြီး ထီးနန်းစည်းစိမ်ရရေးအတွက်သက်သက် လှုပ်ရှားနေကြခြင်းဖြစ်သည်။
ဤသို့ နိုင်ငံရေးမတည်ငြိမ်မှုများရှိနေသဖြင့် အင်္ဂလိပ်ပိုင်နက်သို့ပြေးဝင်ခိုလှုံသူများလည်း များပြားလာသည်။ အာဏာကျသွားသော မင်းညီ၊ မင်းသား မှူးမတ်များသည် အုပ်နှင့်သင်းနှင့် အင်္ဂလိပ်ပိုင်နက်သို့ပြေးဝင်ကြသည်။ ဤလူတန်းစားမှ အချို့သည် အင်္ဂလိပ်နယ်ချဲ့နှင့်ပေါင်းပြီး လက်ဝေခံများဖြစ်လာကြသည်။
ပဒေသရာဇ်လူတန်းစားသည် တမျိုးသားလုံးကို နယ်ချဲ့ဆန့်ကျင်ရေးအတွက် မစည်းရုံးနိုင်။ သူ့ လူတန်းစားကိုပင် မစည်းရုံးနိုင်။
ပဒေသရာဇ်အတွေးအခေါ်ဖြင့်ဆင်နွှဲသော နယ်ချဲ့ဆန့်ကျင်ရေးသည်လည်း အောင်ပွဲမရနိုင်။ ဤနှစ်ချက်သည် အဓိကသင်္ခန်းစာပင်ဖြစ်သည်။
(၃)ရုပ်ဝတ္ထုချင်း ကွာခြားချက် ။
စစ်ပြိုင်အင်အားစု နှစ်စုက သုံးစွဲသောလက်နက်များ၊ သယ်ပို့ယာဉ်များ စသော စစ်ရေးရုပ်ဝတ္ထုအင်အားများ၏ ကွာခြားချက်မှာ မြင်သာ ထင်သာလွန်းသောအချက်ဖြစ်၍ အကျယ်တင်ပြရန် မလိုတော့ပါ။ ရုပ်ဝတ္ထု (စစ်သုံးလက်နက်နှင့်ယာဉ်များ) ခေတ်မီရေး အင်အားကြီးရေးမှာ စီးပွားရေးအခြေခံအုတ်မြစ်ပေါ်တွင် တည်မှီနေသည်။
ပဒေသရာဇ်စီးပွားရေးကိုအခြေခံနေရသော တိုင်းငယ်ပြည်ငယ် ဗမာပြည်တွင် စစ်ရေး ရုပ်ဝတ္ထုအင်အားဖြည့်ဆည်းရန်မှာ ခက်ခဲလှသည်။ ပြည်တွင်းစက်မှုလုပ်ငန်း လုံးဝမရှိသည့်အခြေအနေတွင် ဝယ်ယူဖြည့်တင်းသည့် နည်းလမ်းတခုတည်းသာရှိသည်။ ဝယ်ယူရန်ငွေကြေး ကလည်း ဖြစ်ဖြစ်မြောက်မြောက်မရှိ။
ဤသည်များကား ( ၁၈၂၄ မှ ၈၅ ထိ ) အနှစ် ၆ဝ နယ်ချဲ့ဆန့်ကျင်ရေးဖြစ်စဉ် အကျဉ်းဖြစ်၏။
ချုပ်လိုက်လျှင်  
ခေါင်းဆောင်မှုက ပဒေသရာဇ်ခေါင်းဆောင်မှုနှင့် ပဒေသရာဇ်အတွေးအခေါ်။
တမျိုးသားလုံးကိုမပြောနှင့် မိမိတို့ ပဒေသရာဇ် မင်းညီမင်းသားများကိုပင် မစုစည်းနိုင်။
မိမိဘက်မှ စိတ်ဓါတ်အင်အား ရုပ်ဝတ္ထုအင်အားဖြင့် ကူညီမည့်သူမရှိ။
မိမိ၏ အရှေ့ဘက်က အိမ်နီးချင်းတိုင်းပြည် ထိုင်း (ယိုးဒယား)က ရန်သူဘက်ပါနေသည်။ အနောက်ဘက် အိန္ဒိယပြည်ကြီးက အင်္ဂလိပ်၏ အမာခံစခန်းဖြစ်သွားပြီ။ မြောက်ဘက်မှ တရုပ်ပြည်ကြီးက ပဒေသရာဇ်ဘုရင်အချင်းချင်းဆက်ဆံမှု၊ ချစ်ကြည်မှုရှိသော်လည်း ကူညီနိုင်သည့် အခြေအနေမရှိ။ သူကိုယ်တိုင်ပင် ရန်သူဝိုင်းဝိုင်းလည်နေသည်။ နယ်ချဲ့သမားပေါင်းစုံက တရုပ်ပြည်နယ်မြေများကို တပိုင်းစီဖဲ့ယူနေကြပြီ။ သူ့ မြောက်ဘက်၊ အရှေ့မြောက်နှင့် အရှေ့ဘက်ကိုသာ အဓိက ထားနေရသည်။ တောင်ဘက်တံခါးဝကို ဂရုမပြုနိုင်။
ဤကဲ့သို့ အခြေအနေတွင် ဗမာပြည်စစ်ရှုံးပြီး၊ လွတ်လပ်သော ပဒေသရာဇ်တိုင်းပြည်အဖြစ်မှ ကိုလိုနီတိုင်းပြည်ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ အတွေ့အကြုံကောင်းထက် သင်္ခန်းစာများရလိုက်သော ကာလဖြစ်တော့သည်။

0 comments:

Post a Comment