Wednesday, January 29, 2020

(ဘယ်အထဲမှာ ဘယ်သူရှိနေလဲ)

0 comments
(ဘယ်အထဲမှာ ဘယ်သူရှိနေလဲ)
စစ်အုပ်စုဟာ သူ့အောက် ခေါင်းလျှိုပြီးဝင်လာတဲ့သူတွေကို ၂ စား ခွဲပြီး ပစားပေးပုံပေါ်ပါတယ်။ တစားက ခေါင်းလျှိုတော့ဝင်လာတယ် ကိုယ့်ဆန္ဒအလျှောက် စိတ်ပါလက်ပါ စစ်အုပ်စုကို အလုပ်အကြွေးမပြုဘူး။ ခိုင်းရင်တောင် ဝတ်ကြေတမ်းကြေလောက်လုပ်တဲ့အစားပါ။ ဒီအစားဟာ အခြေအနေ အလှည့်အပြောင်း ကြီးကြီးမားမားနဲ့ တိုးမိတိုက်မိရင် လူထုဘက်စိတ်ပြန်လည်ပြီး စစ်အုပ်စုနဲ့ ခတ်ခွာခွာဖြစ်သွားပါတယ်။ အပြီးအပြတ်လမ်းခွဲသွားတာမျိုးမဟုတ်ပဲ သံယောဇဉ်တငွေ့ငွေ့နဲ့ ငယ်ကြောက်သဘောနဲ့ လှဲ့ကြည့်လှဲ့ကြည့် ဖြစ်နေတာမျိုးပါ။ ဒုတိယတစားကတော့ ခေါင်းလျှိုဝင်လာပြီးတဲ့နောက် စစ်အုပ်စုက ခိုင်းခိုင်း မခိုင်းခိုင်း ကိုယ်တိုင်ကိုယ်ကျ စိတ်ပါလက်ပါကို အသုံးတော်ခံတာမျိုးပါ။ အခွင့်သင့်တိုင်း မိမိဦးလည်မသုန် အသုံးတော်ခံနေကြောင်း အလုပ်အကြွေးပြုနေကြောင်းကို သဏ္ဍန်မျိုးစုံနဲ့ဖော်ပြကြပါတယ်။ သူတို့ကျတော့ ဘယ်လို အခြေအနေအလှည့်အပြောင်းကြီးတွေနဲ့ တွေ့တွေ့ကြုံကြံု လူထုဘက်တိုင်းပြည်ဘက် ဦးပြန်မလည်စတမ်းကို ဖြစ်သွားတာပါ။ လူထု၊ တိုင်းပြည် နဲ့ မိမိပါတီအဖွဲ့အစည်းအပေါ် ပြတ်ပါတယ်။

ဒါကိုပဲ ကျနော်တို့က နိုင်ငံရေးစကားနဲ့ တခွန်းတည်းချုပ်ပြောတော့ အခြေအနေအရ လက်နက်ချသူနဲ့၊ အတွေးအခေါ်အရ လက်နက်ချသူဆိုပြီး ပြောကြတာပါ။

အခြေအနေအရ လက်နက်ချသူဟာ အခြေအနေ အလှည့်ပြောင်းပေါ်မူတည်ပြီး ရပ်တည်ချက်ပြောင်းတာ တိုင်းပြည်နဲ့လူထုအပေါ် မိမိအဖွဲ့အစည်းအပေါ် ဒါမှမဟုတ် ပါတီအပေါ် အတွေးအခေါ်အရ စိတ်ပြန်လည်တတ်ပါတယ်။ အဲ့သလို စိတ်ပြန်လည်တဲ့အခါ(အမှားမှန်းသိပြီး ပြင်လာတဲ့အခါ) လူထုက တိုင်းပြည်က မူလအဖွဲ့အစည်း(ပါတီ)က ပြန်လက်ခံသိမှတ်ပြီး မူလတူရှူချက်ဆီ ပြန်ရောက်သွားပါတယ်။ တနည်းပြောရရင် ပြန် တည့်မတ်သွားပါတယ်။

အတွေးအခေါ်အရလက်နက်ချသူကျတော့ ဘယ်လိုအခြေအနေမျိုး ဘယ်လိုအလှည့်ပြောင်းမျိုးမှာမဆို သူဟာ လူထုဘက် တိုင်းပြည်ဘက် မိမိအဖွဲ့အစည်းဘက် မိမိပါတီဘက် ပြန်မလှည့်စတမ်း ဖြစ်သွားတာပါ။ အဲ့သလိုလူတွေထဲမှာမှ တခါ ၂ စားလောက် ထပ်ရှိပါတယ်။ တစားက အတွေးအခေါ်အရ လက်နက်တော့ချသွားတယ် ဒါပေမယ့် လူထုအပေါ် တိုင်းပြည်အပေါ် မိမိအဖွဲ့အစည်းနဲ့ပါတီအပေါ် သစ္စာမဖေါက်တဲ့အစားပါ။ ဒုတိယအစားကတော့ အားလုံအပေါ် သစ္စာဖေါက်တတ်သူဖြစ်ပါတယ်။ လက်နက်ချသစ္စာဖေါက်ဖြစ်သွားတာပါ။

ပြန်ချုပ်ရရင် စစ်အုပ်စုအောက် ခေါင်းလျှိုဝင်သူ ၂ စားရှိပြီး၊ တစားက မလွဲသာလို့အသုံးချခံတယ်၊ နောက်တစားက စိတ်လိုလက်ရ အသုံးချခံတယ်။ စစ်အုပ်စုက အဲ့ ၂ စားကို မတူတဲ့အတိုင်းအတာအလျှောက် ပစားပေးတယ်။ အဲ့ ၂ စားကို ယေဘုယျသဘောအရ အခြေအနေအရလက်နက်ချနဲ့ အတွေးအခေါ်အရ လက်နက်ချအဖြစ် ပြောဆိုသုံးစွဲကြတယ်။ အခြေအနေအရလက်နက်ချဟာ အကြောင်းတခုခုကြောင့် တိုင်းပြည်လူထု မိမိပါတီအဖွဲ့အစည်း မိမိယုံကြည်ခဲ့ရာဘက်တွေကို ပြန်ဦးလှည့်တတ်ပြီး အတွေးအခေါ်အရလက်နက်ချဟာ သစ္စာဖေါက်အထိဖြစ်သွားတတ်တယ်ဆိုတာပါ။

စစ်အုပ်စုဘက်ကတော့ ရှင်းပါတယ်။ တခါလက်နက်ချရင် မသေမချင်းချမှ ရပါတယ်။
မျိုးမြင့်ချို
ဇန္နဝါရီ ၂၉၊ ၂ဝ၂ဝ

(ပတ်ဝန်းကျင်က လွှမ်းတဲ့သြဇာ)

0 comments
(ပတ်ဝန်းကျင်က လွှမ်းတဲ့သြဇာ)
ဆေးလိပ်ဖြတ်လိုက်ကတည်းက ကိုယ်အလေးချိန် တိုးတိုးလာတယ်၊ တဘက်တည်းနဲ့ တကိုယ်လုံးထမ်းထားရတဲ့ဒူးက နာနာလာတယ်၊ ပုံမှန် ခြေနှစ်ချောင်းနဲ့မဟုတ်ဘဲ ဂျိုင်းထောက်နဲ့လျှောက်ရတော့ ကိုယ်နေဟန်ထားမမှန်ပဲ ခါးကလည်း နာနာလာတယ်၊ လေ့ကျင့်ခန်းလည်း နိုင်သလောက် ရတဲ့ပုံစံနဲ့လုပ်တယ်၊ အစားအသောက်လည်း တတ်နိုင်သမျှဆင်ခြင်တယ်။
ဘောင်းဘီတွေ မတော်တော့ဘူး၊ ခါးပတ်ကရှည်လာတယ်၊ နေရထိုင်ရ တခါတလေ သက်သောင့်သက်သာမရှိဘူး၊ လေ့ကျင့်ခန်းပိုလုပ် အစားအသောက် ထပ်လျှော့ဖို့ကလည်း လွယ်မယ်မထင်ဘူး၊ အသက်လည်း ရလာပြီဆိုတော့ အမေက အချိုလျှော့ အငန်လျှော့ အစပ်လျှော့တဲ့၊ ကျနော်ကလည်း အစားဆို ချဉ်ငံစပ်ကလေးမှဆိုတော့ မခက်ဘူးလား။

အမေ့အသက် ၈၈ တင်းတင်းပြည့်တော့မယ်၊ ဆီးချို သွေးတိုး နှလုံးလို ရောဂါကြီးတွေမပြောနဲ့ ပုံမှန်ဆေးသောက်ဆေးစားလုပ်ရတဲ့ ကျန်းမာရေးပြဿနာ အငယ်စားလေးတွေတောင် မရှိဘူး၊ တခါတလေ အေးရင် ခြေသလုံးကြွက်တက်တတ်တယ်၊ ဒါလည်း လိမ်းဆေးလေးတွေလိမ်း ခြေအိပ်ရှည်အထူဝတ်ပြီး စောင်လေးဖုံးပြီး နွေးနွေးထွေးထွေးနေလိုက် ပျောက်သွားတာပဲ စိတ်ပူစရာမရှိဘူးတဲ့၊ တခါတလေ အချိုလေးနည်းနည်းစားမိရင် အအေးလေးနည်းနည်းပတ်ရင် ချောင်းခြောက်လေးနည်းနည်း ဆိုးသတဲ့၊ ချောင်းခြောက်ဆိုးတာက ပိုဆိုးတယ်၊ သလိပ်ပါတဲ့ချောင်းက ချောင်းဟပ်ရကြမ်းပေမယ့် အပျောက်မြန်သတဲ့၊ အကျလွယ်သတဲ့၊ ချောင်းဆိုးတဲ့အခါ ညီမက ချောင်းဆိုးပျောက်ဆေး နေ့ဆေးညဆေးဝယ်ပေးပြီး ပုံမှန်သောက်ရအောင် စီစဉ်ပေးတယ်၊ ဆေးသောက်ချိန် ဘယ်သူကမှ သတိပေးစရာမလိုဘူး။

အသက်ကြီးလာလို့ အရိုးအားနည်းမစိုးလို့၊ ကယ်လစီယမ်လို ဗိုက်တာမင်ဖြည့်စွက်ဆေးလေးတွေလည်း ညမနက်မှန်မှန်သောက်တယ်၊ သူ နေ့ည မမှားရအောင်၊ ရက်မကျော်ရအောင် ရက်အမည်ထိုးထားတဲ့ဗူးလေးထဲ ညဆေးမနက်ဆေး အရောင်ခွဲထားတဲ့အကန့်လေးတွေနဲ့ ထည့်ပေးထားတော့ အဆင်ပြေသတဲ့။ စာဖတ်တာ မျက်မှန် မတပ်ရဘူး။

တနေ့ ဘုရား ၅ ကြိမ်ဝတ်ပြုမပျက်ဘူး၊ ကိုရ်အန်ကျမ်းစာ တနေ့ ကျမ်းငယ်တစောင် အဖတ်မပျက်ဘူး၊ ဝေနေယျသတ္တဝါအပေါင်းကို မေတ္တာအပို့မပျက်ဘူး၊ လောကမှာ အဆိုးတွေပယ်ဖို့ အကောင်းတွေဖြစ်ဖို့ ဆုတောင်းပတ္တနာလည်း မပျက်ဘူး၊ အရေးအကြောင်းတွေထင်နေတဲ့ အမေ့မျက်နှာဟာ ဘယ်တော့မှ အကြည်လင်မပျက်ဘူး၊ သွား ၂ ချောင်းလားပဲ ကျိုးသေးတယ်၊ ဆံပင်ကလည်း ပြောသလောက် မဖြူသေးဘူး၊ ထမင်းချက်တုန်း ဟင်းချက်တုန်း ဟင်းရွက်သင်တုန်း အခံနွှာတုန်း၊ နွေဆို အပင်စိုက်တုန်း ရေလောင်းတုန်း ပေါင်းသင်တုန်း၊ အဲ့ဒါတွေ မလုပ်နဲ့တော့ အမေကြီး၊ မတော် တခုခုဖြစ်ရင် မလွယ်ဘူးဆိုပြီး ညီမက တားထားလို့သာ တော်တော့တယ်၊ နို့မို့ဆို ပေါက်တူးတောင်ပေါက်ဦးမလား မသိဘူး။

ဟိုတလောက ကျနော်ခါးနာပြီး လမ်းမလျှောက်နိုင်တော့ နောက်ဆို အင်္ဂလိပ်ဆေးတွေ သောက်တာလည်းသောက် ထိုးတာလည်းထိုး မိဂသီလို ဦးစိုင်းလို လိမ်းဆေးလေးလည်း ဆောင်ထား၊ နည်းနည်း နာချင်တာနဲ့ နာနာလေးပွတ်ပွတ်လိမ်းပေး၊ ဦးကျော်ထွန်း KT လိမ်းဆေးလေးလည်း ကောင်းတယ်၊ အနံ့မပြင်းဘူး၊ အင်္ဂလိပ်ဆေးက ချက်ခြင်းသက်သာပြီး ခနနဲ့ပျောက်သွားပေမယ့် အမြစ်ကပြတ်ချင်မှပြတ်တာ၊ ဗမာဆေးက စွဲသောက်စွဲလိမ်းရပေမယ့် သူကမှအမြစ်ပါပြတ်တာ၊ စိတ်တော့ရှည်ရမယ်တဲ့။

တခါတလေ ဟိုအကြောင်း ဒီအကြောင်းပြောရင်း လူတယောက်ယောက် အဖြစ်ဆိုးနဲ့ကြုံရတာ၊ ဝမ်းနည်းကြေကွဲစရာကိစ္စတွေ ကြံုရတဲ့အကြောင်းဆီ စကားရောက်သွားရင် အင်း...ဒါလည်း သူ့ကံပေါ့ သားရယ်၊ ဝဋ်ဆိုတာ လည်တတ်တယ်မဟုတ်လားလို့ပြောရင် ကျနော် ငေးမောပြီး ကြည့်မိတာပါပဲ၊ ဖန်ဆင်းရှင်၊ လူတယောက်ချင်းစီတိုင်းရဲ့ ကြမ္မာအဆိုးအကောင်းကို စီရင်သူ၊ အလိုမရှိရင် သစ်ရွက်လေးတရွက်တောင် မလှုပ်ခတ်စေသူထာဝရဘုရားကို သက်ဝင်ယုံကြည်သူက ကံတို့ ဝဋ်တို့ဆိုတဲ့ ဗုဒ္ဓဝါဒအယူကိုလည်း မပယ်ရှားပါလားလို့ အံ့အားသင့်ရတာပါပဲ၊ တကယ်ဆို အမေ့ဆင်ခြင်မှုမှာ အရာရာဟာ ဘုရားသခင်အလိုတော်ကျချည်း ဖြစ်ရမှာမဟုတ်လား၊ ကံတို့ဝဋ်တို့ဟာ အမေ့ယုံကြည်မှုမှာ မရှိကောင်းတဲ့အရာမဟုတ်လား၊

တကယ်တော့ အမေရော အမေ့ အဖိုးအဖွား အဘေးအဘီအဘင်တွေရော ဗမာပြည်မှာ မွေးခဲ့ကြ၊ နေခဲ့ကြ၊ သေခဲ့ကြ၊ ဗမာပြည်ကိုချစ်ခဲ့ကြ၊ ဗမာပြည်အပေါ် တာဝန်ကြေခဲ့ကြ၊ ဗမာပြည်အပေါ် သစ္စာစောင့်သိခဲ့ကြသူတွေချည်းပဲ၊ အမေကမွေးတဲ့ ကျနော်တို့ မောင်နှမတွေလည်း ထိုနည်းနှင်နှင်ဘဝကို ဖြတ်သန်းခဲ့ကြတာပဲ၊ ကိုးကွယ်ယုံကြည်မှုမှာ အမေဟာ ဗုဒ္ဓဘာသာဝင်မဟုတ်ပေမယ့် ဗမာပြည်မှာ ဗမာ့ယဉ်ကျေးမှု ဗမာ့ဓလေ့ထုံးတမ်းတွေနဲ့ ကြီးပြင်းလာသူပီပီ ယဉ်ပါးလာသူပီပီ အရာရာဟာ ဘုရားသခင်အလိုတော်ကျ ဖြစ်ရပျက်ရလေတယ်ဆိုတဲ့ အမေ့ယုံကြည်မှုဟာ ဘုရားသခင်ချည်းသက်သက် မဟုတ်တာပါလား၊ ဝဋ်တို့ကံတို့ သံသရာတို့ဆိုတဲ့ ဗုဒ္ဓသာသနာရဲ့အဆုံးအမ အယုံအကြည်ဟာ အမေ့ဆီမှာရှိနေပါလားလို့ အံ့အားသင့်မိတာပါ။

လူဟာ သူ့ ကိုးကွယ်ယုံကြည်မှုမှာ ဘယ်လောက်ပဲ သက်ဝင် သက်ဝင် သူမွေးဖွားကြီးပြင်းရာ ရုပ်ပတ်ဝန်းကျင်ရဲ့ အပြုအပြင်၊ အငွေ့အသက်၊ အရိပ်သြဇာနဲ့ မကင်းနိုင်ပါလား၊ သူ့ သိစိတ် မသိစိတ်တွေမှာ ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုက ရှိနေပါလား ကင်းလို့မရနိုင်ပါလား၊ မရစကောင်းပါလားလို့ ဆင်ခြင်မိတာပါပဲ။
မျိုးမြင့်ချို
ဇန္နဝါရီ ၂၇၊ ၂ဝ၂ဝ

Saturday, January 25, 2020

(ဗမာလူမျိုးကြီးဝါဒ၏အစွဲအလမ်းများ)

0 comments
(ဗမာလူမျိုးကြီးဝါဒ၏အစွဲအလမ်းများ) အကြီးဆုံးအစွဲအလမ်းမျာ၊ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား အစွဲအလမ်းဖြစ်သည်။ နဝတ=နအဖ အစိုးရက အမွှမ်းတင်လွန်းသည်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့ကို လွန်လွန်ကျူးကျူး အမွှမ်းတင်လွန်းလျှင် ဗမာလူမျိုးက ကျေနပ်နိုင်မည်ဖြစ်သော်လည်း မွန်၊ ရခိုင်တို့က အနာဟောင်းဆွပေးသလို အခံရခက်ကြမည်။
စစ်အုပ်စုက တမင်လုပ်နေခြင်းဖြစ်သည်ဟု ကွန်မြူနစ်များကထင်သည်။ စစ်အင်အားနှင့်ထိန်းမှ ၿငိမ်မည်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့လိုလုပ်မည်ဟု လူမျိုးစုများကို တဘက်လှည့်ခြိမ်းခြောက်နေခြင်းဟုမြင်သည်။
ဒီချုပ်ကိုလည်း လူမျိုးစုများအရေးမှာ ပျော့ညံ့ညံ့လုပ်နေလျှင် ခံရမည်ဟု ပြောလိုဟန်ရှိသည်။
နယ်ချဲ့ဆန့်ကျင်ရေးကို ဇောင်းပေးစဉ် ဘီအိုင်အေခေတ်က ရာဇဓိရာဇ်ကိုပါ ထည့်ပေးခဲ့သည်။ ဘီအိုင်အေတပ်တွင် မွန်တွေအများကြီးပါနေသည်မဟုတ်လော။ ထို့ကြောင့် ဖာဖာထေးထေး လုပ်နေခြင်းဖြစ်သည်။
မည်သို့ပင် ဖာဖာထေးထေးလုပ်သည်ဖြစ်စေ ပြီးခဲ့သောသမိုင်းကို ပြင်နိုင်မည်မဟုတ်ပါ။ သမိုင်းကိုပြန်လှန်နေကြလျှင် အနာဟောင်းများသာ ကြွထလာလိမ့်မည်။ အားလုံးကျေနပ်အောင်လည်း လုပ်မရပါ။ ထို့ကြောင့် ပဒေသရာဇ်အစွဲအလမ်းများအားလုံးကို ဖျောက်ရပါမည်။ အစွဲအလမ်းများရှိနေလျှင် သွေးကွဲရေးကိုသာ ဖြစ်စေလိမ့်မည်။
ရှေ့ကတင်ပြခဲ့သလို စစ်အုပ်စုသည် လက်နက်နှင့်အန်တုဖူးသူများကို လက်စားချေချင်နေသည်။ လေးငါးသိန်းရှိသည့်တပ်ကြီးရှိခိုက် အသာစီမှနေကာ အကြွေးဟူသမျှ ရှင်းချင်နေသည်။
စစ်အုပ်စု ဤသို့လုပ်နေလျှင် ပြည်ထောင်စုပြဿနာ မရှင်းနိုင်ရုံမက သံသရာတပတ်လည်ပြီး “သီးခြားတိုင်းပြည်“၊ “ခွဲထွက်ရေး“ အယူအဆများ ပြန်လည်အားကြီးလာလိမ့်မည်။ ပြည်ထောင်စုပြဿနာလည်း ရှင်း၍ရတော့မည်မဟုတ်ပါ။
နောက်အစွဲအလမ်းတခုက အမျိုးသားရေးနှင့်ပါတီရေးကိုစွဲလမ်းခြင်းြဖစ်သည်။
အမျိုးသားရေးဆိုသည့်အတွေးအခေါ်မှာ ဓနရှင်ခေတ်ပေါ်စမှ ပေါ်သည့်အတွေးအခေါ်ဖြစ်သည်။ ဓနရှင်တွေးခေါ်မြော်မြင်မှုဖြစ်သည်။
ပဒေသရာဇ်ခေတ်က ဂျာမဏီပြည်ဟူ၍မရှိပါ။ ဂျာမန်လူမျိုးများ၏ ပဒေသရာဇ်တိုင်းငယ်ပြည်ငယ်ကလေးများ ၃ဝဝ ကျော်ရှိသည်ဟုဆိုကြသည်။ ဟုတ်လိမ့်မည်။ ဗမာပြည်တွင်လည်း ထိုမျှလောက်ပင်ရှိခဲ့သည်ဟု ပြောရမည်ထင်သည်။
စစ်ကိုင်း၊ အင်းဝ၊ ပင်းယတိုင်းပြည်များသည် တခေါ်သာဝေးသည့်တိုင်းပြည်များဖြစ်သည်။ အားလုံးကလည်း ဗမာများဖြစ်သည်။ ပဒေသရာဇ်ချင်းသာမက လူထုချင်းကလည်း ဆွေမျိုးတော်စပ်နေသည်။ သို့သော် တိုက်ချင်လျှင် ထတိုက်ကြသည်။ မိုးညှင်းမှ ရှမ်း၊၊ မဏိပူရမှ ကသည်းတို့နှင့် မဟာမိတ်ပြုပြီး တဘက်တိုင်းပြည်ကို တိုက်ချင်တိုက်သည်။
ယခု ရှမ်းပြည်ဟုခေါ်သောနေရာတွင်လည်း တိုင်းပြည်တွေ အများကြီးရှိသည်။ ဗမာများက မိုးညှင်း၊၊ မိုးကုတ်၊ မိုးမိတ်၊ မိုးလို ခေါ်သော “မိုး“များသည်လည်းကောင်း မိုင်းတုံ၊ မိုင်းလုံ၊ မိုင်းရှူး၊ မိုင်းနောင်ဟုခေါ်သော “မိုင်း“များသည်လည်းကောင်း တိုင်းပြည်များဖြစ်သည်။ ၁၉၅ဝ ခုနှစ်များအထိ အိမ်ခြေ သုံးလေးရာစီမျှရှိသော ကျောက်ဂူနှင့်နောင်လုံမှလူများက ကျောက်ဂူပြည်၊ နောင်လုံပြည်ဟု ခေါ်နေကြဆဲဖြစ်သည်။ လူမျိုးအရတော့ နှစ်နေရာလုံး ရှမ်းများ၊ ဓနုများဖြစ်သည်။ နောင်လုံသားက ကျောက်ဂူသွားလျှင် ကျောက်ဂူပြည်သွားသည်ဟုပြောကြသည်။ ဗမာ၊ ရှမ်းတွေသာမဟုတ် မွန်၊ ရခိုင်လည်း ထိုသို့ပင်ဖြစ်သည်။
ပဒေသရာဇ်တိုင်းသည် ထီးဆောင်းမင်းတို့၏ဘုရင် တိုင်းပြည်တရာ၏မင်းဘွဲ့ ခံလိုကြသည်။ တရာ မပြည့်ပြည့်အောင် စစ်အင်အားရှိလျှင် နယ်ပယ်ချဲ့မည်။ မရှိလျှင်လည်း တရာပြည့်အောင် စာရင်းချမည်ဖြစ်သည်။
အထက်ဗမာပြည်ကွက်ကွက်ကလေးတွင် မင်းလုပ်နေသောမင်းတုန်းမင်းကို “ရာပြည့်မင်း“ဟု မြှောက်သူမြှောက်သည်။ မင်းတုန်းမင်းကလည်း ကျေနပ်သည်။ မြှောက်သူရော ဘုရင်ပါ စိတ်မသိုးမသန့်မဖြစ်ကြပါ။
ဤမျှရေးနေရခြင်းမှာ ပဒေသရာဇ်ခေတ်က အမျိုးသားရေးစိတ်မရှိကြောင်း တင်ပြလို၍ဖြစ်သည်။ ယခုစစ်အုပ်စုခေတ်တွင် ပါတီရေးနှင့်အမျိုးသားရေးကို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ဘက်ဖြစ်လေဟန်ေြပာနေကြသည်ကိုလည်း ကွန်မြူနစ်များသဘောမတူပါ။
ပါတီရေးလုပ်လေတိုင်း အမျိုးသားရေးနှင့်ဆန့်ကျင်သည်မဟုတ်ပါ။ ဘာလုပ်သလဲဆိုတာက အခရာ ကျသည်။
နအဖက သူတို့ကို “အမျိုးသားရေးဦးဆောင်မှုအခန်း“ ပေးရမည်ဟုပြောနေသည်။ စစ်အုပ်စုလုပ်တာမှန်သမျှ အမျိုးသားရေး၊ ဒီချုပ်လုပ်တာမှန်သမျှ ပါတီရေးဟုပြောနေသည်။
ကွန်မြူနစ်တို့အမြင်အရဆိုရလျှင် စစ်အုပ်စုကလုပ်သည်ဖြစ်စေ၊ ဒီချုပ်ကလုပ်သည်ဖြစ်စေ ဗမာပြည်၏အဆင့်နေရာကို နိမ့်ကျအောင်လုပ်လျှင် အမျိုးသားဆန့်ကျင်ရေးဖြစ်သည်ဟုမြင်သည်။ တိုင်းပြည်အဆင့်နေရာမြင့်တက်အောင်လုပ်လျှင် မည်သူလုပ်လုပ် အမျိုးသားရေးတာဝန်လုပ်သည်ဟု ယူဆသည်။
(မနေ့ညက သေချာပြန်လေ့လာမိသည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏အာဘော်ဖြစ်သော် “ပြည်သူ့အာဏာ“ဂျာနယ် အမှတ် ၂၂၊ အောက်တိုဘာလ ၂ဝဝ၂ ခုနှစ်ထုတ် ပြည်ထောင်စုပြဿနာဆောင်းပါးမှ ကောက်နှုတ်ချက်ကို ဒီမနက် စာရိုက်ပြီးတင်ပေးတာဖြစ်ပါတယ်)
မျိုးမြင့်ချို
ဇူလိုင် ၁၉၊ ၂ဝ၁၉

Friday, January 24, 2020

(မွေးရာပါနိုင်ငံသားဖြစ်ခွင့်မသာပြီ)

0 comments
(မွေးရာပါနိုင်ငံသားဖြစ်ခွင့်မသာပြီ)
မနက်က ခုန်ချမယ်ဆို စဉ်းစားကြဖို့ ရေးခဲ့ပါတယ်။ ခုက မီးဖွားဖို့နီးနေတဲ့ ကိုယ်ဝန်အရင့်အမာနဲ့အမျိုးသမီးတွေကို ပြည်ဝင်ခွင့် ကန့်သတ်မယ့်အကြောင်းပါ။ ဘယ်နိုင်ငံကနေ ဘာဗီဇာအမျိုးအစားနဲ့ပဲဖြစ်ဖြစ် ကိုယ်ဝန်ဆောင်လျှက် အမေရိကန်ကိုရောက်လာပြီး ဒီကျမှမီးဖွားတယ်ဆို အဲ့ဒီကလေးဟာ မွေးရာအမေရိကန်နိုင်ငံသား ဖြစ်သွားပါတယ်။ ဒါက ရှိနေဆဲ တည်နေဆဲဥပဒေပါ။

ရုရှက ကိုယ်ဝန်ဆောင်သည်တွေ ကလေးမွေးဖို့ လပိုင်းလောက်အလိုမှာ အမေရိကန်ကိုအလည်လာပြီး ဒီကျ မီးဖွားကြတဲ့ဇာတ်လမ်းတွေ မနှစ်တနှစ်တွေတုန်းက ပလူပျံအောင်ထွက်ခဲ့သလို အီနေအောင်လည်း ဖတ်ရပါတယ်။ အဲ့ဒီတုန်းက ရုရှကို မဲနေချိန်ဆိုတော့ ရုရှပဲတည်တိုက်တာပါ။ ဒါပေမယ့် အလားတူဖြစ်ရပ်တွေ ဖစ်ကြတာ ရုရှတနိုင်ငံတည်းတော့ မဟုတ်ပါဘူး။ 

ကလေးမွေးပြီးတော့ မူလနိုင်ငံကိုပြန်ကြ အဲ့ဒီကလေး အရွယ်မရောက်တရောက်မှာ အမေရိကန်ကိုပြန်ပို့ပြီး သတ်မှတ်နှစ်ကာလစေ့တဲ့အခါ မိဘ ညီအကိုမောင်နှမများကို အမေရိကန်ကိုခေါ်ယူပြီး မိသားစုအတူနေထိုင်ကြတာတွေလည်း အနမတဂ္ဂရှိပါတယ်။ တချို့မိဘတွေကတော့ ကလေးကို ဒီမှာပဲ တယောက်ယောက်လက် အပ်သွားပြီး ကလေးအရွယ်ရောက်မှ မိသားစုပြန်လည်ပေါင်းစည်းရေး လုပ်ကြတာမျိုးပါ။ သူ့ဥပဒေပါပြဌာန်းချက်အရ ရပိုင်ခွင့်ဖြစ်လေတော့ ဘာနဲ့မှလည်း ငြင်းမရပါ။

ခု ထရမ့်လက်ထက်မှာ ရွှေ့ပြောင်းအခြေချလာသူတွေကို ပစ်မှတ်ထားအရေးယူဆောင်ရွက်တာတွေ တနေ့တခြားများများလာပါတယ်။ Executive Order ခေါ်တဲ့ သမ္မတအမိန့်နဲ့ကျပ်လို့ရတာမှန်သမျှ အကုန်ကျပ်တဲ့အပြင် တချို့လူဝင်နမှုဥပဒေတွေကို ပြင်နိုင်သမျှပြင်ဖို့လည်း ကျားကုပ်ကျားခဲလုပ်နေတာပါ။ ခု ကိုယ်ဝန်ဆောင်(မီးဖွားခါနီး) အမျိုးသမီးတွေဘက် တလှည့် လှည့်ကိုင်လာပါတယ်။ သိတ်တိတိကျကျကြီး ထွက်မလာသေးပေမယ့် ဃဂနဏတော့ ထွက်ကိုလာဦးမှာပါ။ 

ဝင်ခွင့်မပေးပဲနေလို့ရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို မပေးဘဲ မီးဖွားဖို့နီးနေပြီဆိုပေမယ့် မဖြစ်မနေလာကိုလာရမယ့် အမျိုးသမီးတွေကိုတော့ ဝင်ခွင့်ပေးပြီး မွေးလာမယ့်ကလေးကို မွေးရာပါနိုင်ငံသား မပေးမှာတွေလည်း ပါလာမှာပါ။ ကျနော်လည်း သိတ်သေသေချာချာတော့ မဖတ်ရမပြုရသေးသလို စည်းမျဉ်းစည်းကမ်း အသေးစိတ်တွေလည်း မမြင်ရသေးပါ။ သိရကြားရသလောက်ကိုပဲ မိတ်ဆွေတွေသိထားရအောင် လက်တို့ထားတဲ့သဘောပါ။ အသေးစိတ်တွေကို တိတိကျကျသိရတဲ့အခါကျ အသေးစိတ်ပြန်ပြောပြပါ့မယ်ခင်ဗျား။
မျိုးမြင့်ချို
ဇန္နဝါရီ ၂၃၊ ၂ဝ၂ဝ

(ခုန်ချမယ်ဆို စဉ်းစားပါ)

0 comments
(ခုန်ချမယ်ဆို စဉ်းစားပါ)
ဗမာပြည်ကနေ အမေရိကန်ကို ဗီဇာတခုခုနဲ့လာပြီး မပြန်ချင်တော့လို့ ချန်နေခဲ့သူတွေကို ခုန်ချသူတွေလိုခေါ်တာက ယေဘုယျသဘောပါ။ တချို့က ခုန်ချဖို့ရည်ရွယ်ချက်နဲ့ကိုလာကြတာဖြစ်ပြီး တချို့ကတော့ ဒီရောက်ပြီးမှ အကြောင်းအမျိုးမျိုးနဲ့ ခုန်ချလိုက်ကြသူတွေပါ။ ဘယ်လိုပဲဖြစ်ဖြစ် ခုန်ချလိုက်ပြီဆိုကတည်းက သူဟာ ဒီမှာ အထောက်အထားနဲ့ရောက်လာသူမှန်ပေမယ့် တရားမဝင်နေထိုင်သူ ဖြစ်သွားပါတယ်။


အရင့်အရင် ကာလတွေတုန်းဆီကတော့ အဲ့သလိုခုန်ချပြီးနေသူတွေဟာ ရာဇဝတ်တခုခု မကျူးလွန်သရွေ့၊ ဥပဒေတခုခုမချိုးဖေါက်သရွေ့ အေးဆေးနေလို့ရပါတယ်။ မသင်္ကာလို့ လမ်းမှာတားပြီး အိုင်ဒီပြပါတို့ ပါ့စ်ပို့တ်ပြပါတို့မခိုင်းသလို ညကြီးမင်းကြီးလည်း သန်းကောင်စာရင်း လာမစစ်ပါဘူး။ ခုန်ချမှန်းသိလို့လည်း ဘယ်သူ့ ဘယ်သူကမှ တိုင်နေတောနေတာလည်း မရှိပါဘူး။ သူလည်းသူ့ဘာသာနေ ကိုယ်လည်းကိုယ့်ဘာသာနေ နေနေကြတာပါ။ လွတ်လပ်ပါသေးတယ်။

ခုန်ချနေသူတွေက တရားဝင်မဟုတ်တော့ အခွန်ဆောင်ရတဲ့အလုပ်မျိုးတွေ အလုပ်ပါမစ်ပြရတဲ့အလုပ်မျိုးတွေတော့ လုပ်လို့မရပါ။ ဝင်ငွေရဖို့အတွက် ဆူရှီးဆိုင်တွေ စားသောက်ဆိုင်တွေ ကုန်စုံဆိုင်လိုဆိုင်တွေမှာ လုပ်လို့တော့ရပါတယ်။ တခါ အိမ်ဝယ်နေဖို့ခနထား အိမ်ခန်းငှားဖို့တောင် မလွယ်ပါဘူး။ ဒါပေမယ့်လည်း ခုန်ချနေခဲ့သူ အများတကာ့အများစုကြီးက ဒီကိုမလာခင်ကတည်းက ဒီကလူခံနဲ့ သေသေချာချာတိုင်ပင် ကျကျနနစီစဉ်ပြီးမှ စိတ်ချလက်ချ ခုန်ချလိုက်ကြတာဖြစ်တော့ နေရေးထိုင်ရေးအတွက်က သိတ်ပူစရာတော့မဟုတ်ပါ။ ကျနော်တို့ကသာ ဘေးကကြည့်ပြီး စိတ်ပူပေမယ့် သူတို့ကတော့ အပြုံးမပျက် စိတ်လက်အေးအေးရှိကြတာ များပါတယ်။ ဒီက နိုင်ငံသားဖြစ်ပြီးသူတွေနဲ့လက်ထပ်ပြီး ချစ်ချစ်ခင်ခင် ပေါင်းသင်းဆက်ဆံပြီး နေလိုက်ကြသူတွေလည်း ရှိပါတယ်။

အရင်တုန်းကတော့ ခုန်ချလိုက်သူတွေအတွက် နိုင်ငံရေးခိုလှုံခွင့်ရဖို့က သိတ်ခက်လှတာ မဟုတ်ပါဘူး။ ဒီရောက်ပြီးနောက် ဘယ်နေ့ ဘယ်မှာ ဘာအကြောင်းနဲ့ ဆန္ဒပြပွဲရှိတယ်ဆိုကိုစုံစမ်းပြီး ဆန္ဒဝင်ပြ၊ ထင်ရှားသူ၊ လူသိများသူတွေနဲ့ ဓာတ်ပုံဝင်ရိုက်၊ ပြီးတော့ လူဝင်မှုရှေ့နေတို့ဘာတို့နဲ့ တိုင်ပင်ပြီး ဓာတ်ပုံသက်သေ လူသက်သေတွေတင်ပြီး နိုင်ငံရေးခိုလှုံခွင့်လျှောက်ကြတာပါ။ အကြောင်းပြချက်က သူ ဒီမှာ စစ်အစိုးရ ဆန့်ကျင်ရေးတွေ ဒီမိုကရေစီရေးတွေလုပ်နေပြီ၊ ဒါ့ကြောင့် သူဗမာပြည်ပြန်ရင် အဖမ်းခံရနိုင်တယ် အန္တရာယ်ရှိတယ်ဆိုတဲ့သဘောတင်ပြပြီး အမေရိကန်အစိုးရရဲ့အကာအကွယ် တောင်းခံတာပါ။ အဲ့သလိုနည်းတဲ့ တင်တဲ့လူတွေများပါတယ်။ တင်တိုင်းလိုလိုလည်း ရကြတယ် ဆိုပါတယ်။ ဘယ်လောက်များများ ရကြတယ်ဆိုတာမသိပေမယ့် အတော်တော့ များမယ်ထင်ပါတယ်။ တခြားနည်းတွေ(ဘာသာရေးအရ၊ စီးပွားရေးအရ၊ လူမျိုးရေးအရအဖိနှိပ်ခံရလို့ စတဲ့အကြောင်းပြချက်တွေနဲ့လည်း ခိုလှုံခွင့်ရသူတွေရှိပါတယ်)။ ဒီလူတွေအားလုံး စစ်မှန်တယ် မမှန်ဘူး၊ လီဆယ်လုပ်ကြံတယ် မကြံဘူးတွေတော့ မပြောလိုပါ။ သူတို့အခြေအနေတွေ၊ သူတို့အခက်အခဲတွေ၊ သူတို့ဘဝတွေ၊ သူတို့ အကြောင်းပြချက်တွေနဲ့သူတို့ ရှိကြသလို သူတို့စိတ်လုံတာမလုံတာ သူတို့လိပ်ပြာသန့်တာ မသန့်တာလည်း ကျနော့်ကိစ္စမဟုတ်ဘူးလို့ သဘောပိုက်ပါတယ်။

ခုတော အိုဘားမားလက်ထက်ကစပြီး ဗမာပြည်ပေါ်ထားတဲ့သဘောထား တဆစ်ချိုးပြောင်းသွားတာ၊ ဗမာပြည်မှာလည်း နိုင်ငံရေး အလှည့်အပြောင်းက ရှိလာတာတွေကြောင့် ပြည်ဝင်ခွင့်အကန့်သတ်ခံထားရသူတွေကလွဲလို့ အများစုကြီးအနေနဲ့ ဗမာပြည်ကို အိမ်ဦးနဲ့ကြမ်းပြင် သွားလိုက်ပြန်လိုက် ဥဒဟိုလုပ်လို့ ရနေတာပါ။ ဒီအခြေအနေတွေကြောင့်ပဲ ခုန်ချသူတွေအတွက် နိုင်ငံရေး ခိုလှုံခွင့်ကိစ္စတွေက အရင်ကလောက်ရော အရင်ကလိုရော မလွယ်တော့ပါ။ ဗမာပြည်ဖွား တက်ကြွလှုပ်ရှားသူတွေအနေနဲ့လည်း အရင်ကလို ဆန္ဒပြပွဲတွေ တခြိမ်းခြိမ်းလုပ်စရာမရှိတော့ပါ။ ဒီတော့ ခုန်ချနေသူတွေအနေနဲ့ တနည်းနည်းနဲ့ တရားဝင်နေထိုင်သူဖြစ်လာရေးတွေ ကြံရစည်ရပါတယ်။ အဲ့ဒီအထဲမှာ နိုင်ငံရေးခိုလှုခွင့်ကတော့ ပါနေမြဲပါနေတယ်လို့ ထင်ပါတယ်။ လူ့အခွင့်အရေးရှေ့နေတွေ၊ လူဝင်မှု ရှေ့နေတွေနဲ့တိုင်ပင်ပြီး လုပ်ကြကိုင်ကြတယ်လို့သိရပါတယ်။ ရတော့ရကြတယ် ဒါပေမယ့် အကုန်အကျတော့ အလွန်များတယ်လို့ဆိုပါတယ်။ ဘယ်လိုများလဲ ဘယ်လောက်များလဲတော့ မပြောတတ်ပါ။

ခု ဒေါ်နယ်လ်ထရမ့်လက်ထက်မှာ လူဝင်မှုဥပဒေတွေ အလွန်တင်းကျပ်လာနေတာ လူတိုင်းအသိပါ။ တရားဝင်ရောက်လာ နေထိုင်သူတွေတောင် ဘယ်လူဝင်မှုအဆင့်အတန်းရှိသူဟာ ဘယ်ဥပဒေမျိုးချိုးဖေါက်ရင် ဘယ်ရာဇဝတ်မှုမျိုးကျူးလွန်ရင် လာရင်းနိုင်ငံပြန်ပို့တာတွေ ကြေညာပြီးတော့ကို လုပ်ပြနေတာပါ။ မနှစ်ကဆို မြိ့ုကြီးတွေမှာ ရဲတွေ၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေ၊ ဥပဒေစိုးမိုးရေးတပ်ဖွဲ့တွေပေါင်းပြီး စီမံချက်ကြီးတွေနဲ့ ဖမ်းတာဆီးတာ စစ်တာဆေးတာ အရေးယူတာပြန်ပို့တာတွေ လုပ်ပါတယ်။ ပြဿနာတွေလည်း တပုံတမကြီးတက်ပါတယ်။ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ ဘုရားကျောင်းတွေ၊ လူမှုအဖွဲ့အစည်းတွေဆီက ကန့်ကွက်သံတွေ ဘဝဂ်ညံနေပေမယ့် အစိုးရကတော့ သူ့အလုပ်အပျက်မခံဘဲ လုပ်သွားပါတယ်။ ခုလည်း လုပ်နေဆဲပါပဲ။ မီဒီယာတွေမှာ သိတ်တက်မလာအောင် သိုသိုသိပ်သိပ်လုပ်နေတာမျိုးပါ။ ပြောချင်တာက ခုန်ချနေသူတွေအဖို့ အရင်ကလို မချောင်တော့ဘူးဆိုတဲ့သဘောပါ။ သိတ်ကြီး ကျီးလန့်စာစားတော့မဟုတ်ပေမယ့် ကိုယ့်စိတ်မလုံရင်တော့ ကျီးကန်းတောင်းမှောက်ဖြစ်ရမယ့် အနေအထားပါ။

မနေ့တနေ့ကပဲ ဗမာပြည်အပါအဝင် နိုင်ငံတချို့ကလူတွေအပေါ် ပြည်ဝင်ခွင့် တင်းကြပ်မယ်ဆိုတဲ့သတင်းလည်း ဖတ်မိကြမှာပါ။ လုပ်လည်း တကယ်လုပ်လိမ့်မယ်လို့ ထင်ပါတယ်။ အကြောင်းပြချက်က ရောက်လာပြီး တရားမဝင်နေနေတဲ့လူတယောက်ကို ပြန်နှင်ထုတ်ဖို့က အလွန်ခက်ပေမယ့် ရောက်ကိုမလာအောင်လုပ်ထားတာက ပိုလွယ်ကူမယ်ဆိုတဲ့တွက်ချက်မှုနဲ့ဖြစ်ပါတယ်။
ဒီကိုလည်းလာမယ် ခုန်လည်းခုန်ချမယ်ဆိုရင်တော့ ဒီကနေ စပွန်ဆာပေးမယ့်သူရော လာပြီးခုန်ချမယ့်သူပါ သေသေချာချာချိန်ဆပြီးမှ လုပ်ကြစေချင်ပါတယ်။ အဲ့သလိုမဟုတ်လို့ကတော့ ခုန်ချတဲ့လူလည်း ဒုက္ခရောက်(ဒုက္ခရောက်က ပြန်အပို့ခံရတာအထိပါပါတယ်)မှာဖြစ်သလို စပွန်ဆာပေးတဲ့လူလည်း နံမည်ပျက်စာရင်းအသွင်းခံရမှာပါ။ နံမည်ပျက်စာရင်းအသွင်းခံရပြီး နောင်ကို ဘယ်သူ့ကိုမှဘယ်တော့မှ စပွန်ဆာ မပေးရလောက်နဲ့ပြီးရင် တော်ပါသေးတယ်။ ဒီ့ထက်ပိုတဲ့အရေးယူမှုတွေခံရရင် မကောင်းပါဘူး။ စပွန်ဆာပေးတဲ့သူဟာ တာဝန် အလွန်ကြီးတာကိုလည်း ပေါ့ပေါ့မတွေးစေလိုပါ။

ဟိုမှာမနေချင်လို့ ဒီလာနေချင်တာကို ဘယ်သူ့ဘယ်သူမှ ဘာအပြစ်မှမပြောအပ်ပါ။ လာမယ်နေမယ်ဆိုလည်း တရားဝင်ဖြစ်အောင်လုပ်ပြီး လာနေရင်ပိုကောင်းပေမယ့် ခုန်ချပြီးနေတဲ့သူတွေကိုလည်း အပြစ်မပြောထိုက်ပါ။ သူတို့တွေ ခုန်ချလို့ ငါတို့တွေပါ အမေရိကန်ကို သွားရကျပ်ကုန်ပြီလို့လည်း မတွေးထင်ကြစေလိုပါ။ အမေရိကန်လုပ်မယ့် ဗီဇာတင်းကျပ်မှုဟာ လူတိုင်းအပေါ် ဗီဇာအမျိုးအစားတိုင်းအပေါ် သက်ရောက်မှာလည်း မဟုတ်ပါ။
မျိုးမြင့်ချို
ဇန္နဝါရီ ၂၃၊ ၂ဝ၂ဝ

Thursday, January 23, 2020

(လိမ္မော်သီးဟာ မီးလောင်မလွယ်ဘူးဆိုပေမယ့်)

0 comments
(လိမ္မော်သီးဟာ မီးလောင်မလွယ်ဘူးဆိုပေမယ့်)
လမ်းဘေးဈေးသည် နိုင်ငံတိုင်းမှာရှိပါတယ်။ Street Food ဆိုပြီးကို သတ်သတ် သွားစားသူတွေရှိပါတယ်။ ကျနော်လည်း ဖို့ဝိန်းက ပွဲတော်ကြီးငယ်တွေရှိတိုင်း ရာသီစာရော ပွဲတော်စာရော သွားစားပါတယ်။ ဒါတင်မက လမ်းဘေးမှာ Food Truck တွေနဲ့ရောင်းတာရော ယဉ်နောက်ဆွဲတွဲလေးတွေနဲ့ရောင်းတာရော လက်တွန်းလှည်းလိုဟာနဲ့ရောင်းတာရော ကြိုက်တာရှိဝယ်စားပါတယ်။ ဝေါ်ရှင်တန်ဒီစီက အိမ်ဖြူတော်နဲ့ မလှမ်းမကမ်းမှာ၊ လွှတ်တော်အဆောက်အဦးတွေနဲ့ မလှမ်းမကမ်းတွေမှာတောင် လမ်းဘေးဈေးသည်တွေရှိပါတယ်။ လမ်းဘေးမှာ သန့်သန့်ရှင်းရှင်းနဲ့ စနစ်တကျရောင်းနိုင် ဝယ်စားနိုင်အောင်လုပ်ထားတာ ဖြစ်ပါတယ်။
ဘုရားပရဝုဏ်မှာ ဘယာကြော်လာရောင်းတဲ့ အစ္စလာမ်ဘာသာဝင် အဖိုးကြီးတယောက်ကို မဘသဘုန်းကြီးဆိုးတွေ ရိုက်နှက်ကြိမ်းမောင်းပြီး သူ့အသက်မွေးရာမီးဖိုလေး အကြော်အိုးလေးတွေကို ဖျက်ဆီးခဲ့တုန်းကလည်း ဒါဟာ မတရားမှု နိုင့်ထက်စီးနင်းမှု ဥပဒေမဲ့လုပ်ရပ်အဖြစ် ကျနော်တို့ နာကျင်ခဲ့ရပါတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက အဓမ္မမှုကျူးလွန်ခဲ့သူတွေဟာ ဘုန်းကြီးတွေဖြစ်ပြီး စည်ပင်ဝန်ထမ်းလို လုပ်ပိုင်ခွင့်အာဏာ(တရားဝင်)ရှိမထားသူတွေပါ။ ခံစားချက်တမျိုးနဲ့ ပိုကြေကွဲကြပါတယ်။
ခုလည်း လိမ္မော်သီးသည်ကြီးကို အဓမ္မမှု ကျူးလွန်ပြန်ပါပြီ။ ကျူးလွန်သူက အစိုးရဝန်ထမ်းလို့ဆိုနိုင်တဲ့ စည်ပင်သာယာကအမှုထမ်းတွေပါ။ ကျူးလွန်ပုံက ကာယကံရှင်ကို ရည်ရွယ်ချက်ပါပါ သိက္ခာချပြီး ရှက်ရွံ့သိမ်ငယ်စိတ်ဝင်အောင် နှိပ်ကွပ်တာပါ။ အရှက်ခွဲတာပါ။ လူ့စိတ်ကို နာကျင်အောင် တမင်လုပ်တာပါ။ သတ်မှတ်နေရာမဟုတ်ပဲ သတ်မှတ်ချက်တွေမပြည့်စုံပဲ စည်းမဲ့ကမ်းမဲ့ လာရောင်းလို့ အရေးယူရတယ်ဆိုရင်တောင် ခုလို လူသားတယောက် အရှက်တကွဲအကျိုးနည်းဖြစ်ရအောင် စော်ကားမော်ကားမလုပ်ထိုက်ပါ။
ပြဿနာက လမ်းဘေးဈေးရောင်းတဲ့ပြဿနာမဟုတ်ပါ။ လမ်းဘေးမှာ ဈေးဘယ်လိုရောင်းရမယ်ဆိုတဲ့ စည်းစနစ်ကျမှုမရှိတာလို့မြင်ပါတယ်။ လမ်းဘေးဈေးရောင်းသူတွေ အမှန်တကယ် ဈေးရောင်းနိုင်အောင် စီစဉ်ဆောင်ရွက်ထားမှုတွေ ရှိမယ်လို့ထင်ပါတယ်။ ဒါပေမယ့် လိုအပ်ချက်တွေရှိနေလို့သာ ခုလို စိတ်မကောင်းစရာအဖြစ်မျိုး နိုင်လိုမင်းထက်မှုမျိုးတွေဖြစ်ရတာပါ။
ချုပ်ကြည့်ရင် လက်ရှိအနေအထား လူမှုစီးပွားဘဝ အလွန်နိမ့်ပါးကြရရှာတဲ့ လမ်းဘေးဈေးသည်တွေကို အကြောင်းပြချက်တခုခုနဲ့ ဘုန်းကြီး(သင်္ကန်းဝတ်)တွေကဖြစ်စေ အစိုးရအမှုထမ်းခေါ်တဲ့ နိုင်ငံဝန်ထမ်းကဖြစ်တွေ လူပုံအလယ်မှာ အရှက်တကွဲအကျိုးနည်းဖြစ်အောင် ရှက်ရွံ့သိမ်ငယ်သွားအောင်လုပ်တဲ့ လုပ်ရပ်တွေကို အစိုးရအနေနဲ့ ခွင့်ပြုမထားဘူးဆိုဦးတောင် လျှစ်လျှုမရှုဘူးဆိုဦးအောင် အဲ့ဒါမျိုးတွေမဖြစ်ဖို့ ကြပ်ကြပ်မတ်မတ် မလုပ်ဘူးဆိုတာတော့ ပေါ်လွင်ပါတယ်။
သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေအနေနဲ့ ဒီလိုကိစ္စမျိုးတွေကို အသေးအမွှားလေးတွေပါဆိုပြီး မျက်နှာလွှဲခဲပစ်မထားကောင်းပါ။ အမှိုက်တိုင်းကစပြီး ပြသဒ်မီးလောင်တာမဟုတ်ပေမယ့် မီးလောင်ဖို့ရေခံမြေခံပြည့်စုံနေရင်တော့ အမှိုက်တိုင်းဟာ မီးလောင်လွယ်ပါတယ်။
မျိုးမြင့်ချို
ဇန္နဝါရီ ၂၂၊ ၂ဝ၂ဝ

Monday, January 20, 2020

(ဘယ်ဘက်ပါပါ ဘာရသလဲပဲပြောရမှာပါ)

0 comments
(ဘယ်ဘက်ပါပါ ဘာရသလဲပဲပြောရမှာပါ)
ဝလူမျိုးတွေဟာ ဗမာပြည်မှာ သုံးသိန်းလောက်နေပြီး တရုတ်ပြည်ဘက်မှာ လေးသိန်းလောက် နေကြတယ်ဆိုတဲ့အပြောဟာ နောက်ခံအကြောင်းကို ခြေခြေမြစ်မြစ်မသိလို့ရင်လည်းဖြစ်မယ် ပြီးစလွယ်ပြောလိုက်တာရင်လည်း ဖြစ်ပါလိမ့်မယ်။ ဝလူမျိုးဟာ ဒီဘက်မှာ တကယ်ပဲ သုံးသိန်းရှိမရှိနဲ့ ဟိုဘက်မှာ သေးသိန်းရှိမရှိဆိုတာလည်း ကျိန်းသေပေါက်ပြောဖို့ ခက်မယ်ထင်ပါတယ်။ ထားပါတော့ ဒီနေရာမှာ ဒါပြောမှာမဟုတ်လို့ ချန်ခဲ့ပါရစေ။ ပြောချင်တာက ဟိုဘက်မှာနေတဲ့ ဝလူမျိုးနဲ့ ဒီဘက်မှာနေတဲ့ ဝလူမျိုး ဆိုတာကိုပါ။ အမှန်က နေတာ မဟုတ်ပါ။ သူ့ဘက်ကိုယ့်ပါသူပါ ကျန်သူကျန် ဖြစ်ရတာပါ။
အင်္ဂလိပ်က ဗမာတပြည်လုံးသိမ်းပြီး လက်နိုင်ခြေနိုင်ရှိတော့မှ နယ်စပ်သတ်မှတ်ဖို့ စလုပ်တာပါ။ ဒါတောင် နယ်ခြားအကုန်လုံးကို တပြိုင်တည်းသတ်မှတ်နိုင်တာ မဟုတ်ပါ။ ကာလအခြားအနားတွေရှိပါတယ်။ နယ်ခြားသတ်မှတ်ရတာက သူတို့အာဏာစက်ဖြန့်ကျက်ဖို့၊ အခွန်ကောက်ဖို့၊ နယ်စပ်ကုန်သွယ်ရေးလုပ်ဖို့၊ အုပ်ချုပ်ရေးလွယ်ကူစေဖို့နဲ့ ကာကွယ်ရေးကိစ္စတွေ ပိုင်နိုင်အောင်လုပ်ဖို့ပါ။ ဒီ့မတိုင်က ပြောကြတဲ့ ဗမာနိုင်ငံတော်ဆိုတာ ဗမာပဒေသရာဇ်တွေ အားအကြီးအသေးပေါ်မူတည်ပြီး ကျဉ်းလိုက်ကျုံ့လိုက်ဖြစ်နေတာပါ။

ဗြိတိသျှနယ်ချဲ့က ယိုးဒယား-ဗမာ နယ်စပ်သတ်မှတ်တော့ ဟိုဘက်ပါသွားတဲ့ မွန်၊ ကရင်၊ ပဒေါင်၊ လားဟူ၊ အခါ စတဲ့ရွာတွေရှိသလို ဒီဘက်ကျန်ခဲ့တာတွေလည်း ရှိပါတယ်။ အဲ့သလိုပဲ ဒီဘက်ပါလာတဲ့ တိုင်ရှမ်းရွာတွေနဲ့ စာပေမရှိ စကားသာရှိတဲ့ အလွန်သေးငယ်တဲ့ သွေးတူစုလူမျိုးရွာတွေလည်း ရှိပါတယ်။ အိန္ဒိ-ဗမာ နယ်ခြားသတ်တော့လည်း(အဲ့ဒီတုန်းက ဘင်္ဂလားဒေ့ရှ်မပြောနဲ့ အရှေ့ပါကစ္စတန်တောင် မရှိသေးပါ။ အဲ့ဒါတွေက အိန္ဒိယလွတ်လပ်ရေးရပြီးနောက်မှ ပေါ်လာတာတွေပါ) ဟိုဘက်ပါသွားတဲ့ ရခိုင်၊ ကမ်းယံ၊ မြို၊ သက်စတဲ့ရွာတွေ ရှိသလို ဒီဘက်ကျန်ခဲ့တဲ့ ဘင်္ဂါလီ၊ ဟိန္ဒူ၊ ရိုဟင်ဂျာ ရွာတွေလည်းရှိပါတယ်။ တရုတ်-ဗမာ နယ်ခြားစည်းပိုင်းချလိုက်တော့လည်း ဟိုဘက်ပါသွားတဲ့ ဝ၊ ကိုးကန့်၊ ပလောင်၊ ကချင်၊ လီဆူး၊ ရဝမ်၊ အခါ စတဲ့ရွာတွေရှိသလို ဒီဘက်ကျန်ခဲ့တဲ့ ဝ၊ ကိုးကန့်စတဲ့ရွာတွေလည်း ရှိပါတယ်။ ဆိုလိုတာက နယ်ခြားစည်းနဲ့ပိုင်းချလိုက်တဲ့အခါ သူ့ဘက်ကိုယ့်ဘက် ပါသူပါ ကျန်သူကျန်ဖြစ်သွားတယ်ဆိုတာပါ။

ဘယ်ပြည်မှာနေနေ နယ်စပ်မှာနေကြသူတွေဟာ တဘက်နဲ့တဘက် အကူးအလူးအဆက်အဆံ မပြတ်ရှိပါတယ်။ ဘာသာစကားလည်းတူ၊ ဓလေ့နဲ့ထုံးစံလည်းတူ၊ ကိုးကွယ်ယုံကြည်ရာလည်းတူရင် ပိုတောင် အနေနီးကြပါတယ်။ ဒါပေမယ့် ဟိုဘက်ပါသွားသူတွေက ဟိုဘက် နိုင်ငံသားဖြစ်ပြီး ဒီဘက်ကျန်ခဲ့သူတွေက ဒီဘက်နိုင်ငံသားဖြစ်ကြရတာပါ။ တခါတလေ တမိသားစုတည်းကလူတောင် တယောက် တနိုင်ငံသား ဖြစ်ရင်ဖြစ်နေတာမျိုးပါ။

အဲ့ဒါကိုသွားပြီး တရုတ်နိုင်ငံထဲက တို့ကချင်တိုင်းရင်းသားတွေတို့၊ ဘင်္ဂလားဒေ့ရှ်က တိုရခိုင်တိုင်းရင်းသားတွေတို့၊ ယိုးဒယားက တို့ပဒေါင်တိုင်းရင်းသားတွေတို့ သွားလုပ်လို့ ပြောလို့မရပါ။ ပြောရင်လုပ်ရင် မိမိအဆင်ခြင်နည်းရာ ကျပါလိမ့်မယ်။ ပြောစရာနဲ့ တွေးစရာက ဟိုနိုင်ထဲပါသွားတဲ့လူတွေ ဟိုနိုင်ငံသားဖြစ်မဖြစ်နဲ့ ဟိုနိုင်ငံသားအခွင့်အရေး ရမရပဲ ဖြစ်ပါလိမ့်မယ်။ အလားတူပဲ တို့နိုင်ငံဘက် ပါလာတဲ့လူတွေကရော တို့နိုင်ငံသားဖြစ်မဖြစ်နဲ့ တို့နိုင်ငံသားအခွင့်အရေး ရမရပဲ တွေးရပြောရမှာဖြစ်ပါတယ်။

ခု ဗမာပြည်မှာ မီဒီယာတချို့နဲ့ နိုင်ငံရေးသမားတချို့ကပါ ကြိုက်လုံးပစ်နိုင်ငံရေး Popular Politics လှိုင်းစီးပြီး အမုန်းမီးတိုက်ရင်း ကိုယ်ကျိုးစီးပွား ရှာနေကြချိန်ကြီးပါ။ ဟိုဘက်ပါသွားတဲ့လူတွေ ဟိုဘက်နိုင်ငံသားအခွင့်အရေး ရမရကိုကျ ဘာမှမပြောပဲ ဒီဘက်ပါလာတဲ့သူတွေကို ကိုယ့်နိုင်ငံသားအခွင့်အရေးမပေးဖို့ သွေးထိုးလှုံ့ဆော်နေကြတာတွေ မိုးလုံးပြည့်နေတာပါ။
ဒီလိုဖြစ်တာဟာ အရင်ကတော့ ဗမာလူမျိုးကြီးဝါဒကိုင်စွဲတဲ့ စစ်အုပ်ထဲမှာသာ ပေါ်ပေါ်တင်တင်တွေ့ရပေမယ့် အရပ်ထဲမှာ အကြားရ နည်းပါတယ်။ 

ခုတော့ တွေးခေါ်မြော်မြင်နိုင်စွမ်းရှိသူတွေ၊ ကမ္ဘာကြည့် ကြည့်မြင်နိုင်သူတွေ၊ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားသူတွေ၊ ဆင်ခြင်တုံတရားနဲ့အညီ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းနေလိုသူတွေ၊ စစ်မက်ဆန့်ကျင်သူတွေကလွဲလို့ တချို့တချို့သော နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေထဲမှာပါ ဒီ လူမျိုးရေးခွဲခြားမှုကိစ္စဟာ ကူးစက်ပျံ့နှံ့နေတာပါ။ ဗမာလူမျိုးကြီးဝါဒီစစ်အုပ်စုရဲ့အနှိပ်စက်ကို ကျောကော့အောင်ခံနေရတဲ့ ဗမာမဟုတ်တဲ့အခြားလူမျိုးစုတချို့ထဲမှာပါ ဒီလေသံဟာ တချက်တချက် ထွက်ထွက်လာတာလည်း သတိထားမိပါတယ်။

ပြန်ချုပ်ရရင် တပြည်လုံး ကိုလိုနီဖြစ်ပြီးမှ ခုပြောနေတဲ့ဗမာပြည် ပေါ်လာတာပါ။ နယ်ခြားမျဉ်းသတ်တော့ လူတွေ သူ့ဘက်ကိုယ့်ဘက် ပါသူပါ ကျန်သူကျန်ဖြစ်ပါတယ်။ နယ်စပ်နေလူတွေ အကူးအလူးအဆက်အဆံရှိပါတယ်။ အခြေခံတူရင် ပိုအနေနီးပါတယ်။ တရုတ်ပြည်က ဝလူမျိုးဟာ တရုတ်နိုင်ငံသားဖြစ်ပြီး၊ ဗမာပြည်ထဲက ဝလူမျိုးဟာ ဗမာနိုင်ငံသားဟုတ်မဟုတ်ပဲ ပြောရမှာပါ။ သူ့ဘက်ပါသွားသူတွေကို ကိုယ့်တိုင်းရင်းသားတွေလို့ပြောတာဟာ လူမျိုးရေးတိမ်သလ္လာဖုံးတာပါ။ သူ့ဘက်ပါသူ သူ့နိုင်ငံသားဖြစ်မဖြစ်၊ သူ့နိုင်ငံသားအခွင့်အရေး ရမရ ပြောရမှာဖြစ်သလို ကိုယ့်ဘက်ပါသူ ကိုယ့်နိုင်ငံသားဖြစ်မဖြစ်နဲ့ ကိုယ့်နိုင်ငံသားအခွင့်အရေး ရမရ ပြောရမှာပါ။ လူမျိုးခွဲခြားရေးပဋိပက္ခဟာ လူယဉ်ကျေးတွေမှာ မကျင့်သုံးအပ်ပါ။ လူမျိုးခွဲခြားရေးအမုန်းမီးဟာ အန္တရာယ် ကြီးပါတယ်။ တိုင်းပြည်ကို ဘာစနစ်နဲ့တည်ဆောက် တည်ဆောက် ဘယ်လိုအစိုးရမျိုးတက်တက် ဒီပဋိပက္ခကြီးနေသရွေ့ ဘယ်တော့မှ ဘာမှမဖြစ်ပါ။ တိုင်းချစ်ပြည်ချစ်စိတ်ရှိသူတိုင်း တက်ညီလက်ညီ ဝိုင်းဝန်းဆန့်ကျင်တိုက်ဖျက်မှဖြစ်မှာပါ။
မျိုးမြင့်ချို
ဇန္နဝါရီ ၂ဝ၊ ၂ဝ၂ဝ

(ကာလုံနဲ့ ကဘောက်တိကဘောက်ချာများ)

0 comments
(ကာလုံနဲ့ ကဘောက်တိကဘောက်ချာများ)
၂ဝ၁၆ လောက်ကတည်းက နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေး(ကာလုံ)ထဲမှာ သမ္မတ မဲပေးခွင့်မရှိစေရေးဥပဒေတခု စစ်တပ်ကအဆိုတင်သွင်းလိမ့်မယ်ဆိုတဲ့သတင်း သိုးသိုးသန့်သန့်ထွက်ခဲ့ဖူးပါတယ်။ မှတ်မိသူတွေ မှတ်မိကြလိမ့်ဦးမယ်ထင်ပါတယ်။ အဲ့ဒီတုန်းက စစ်အုပ်စုစဉ်းစားချက်က စစ်တပ်ကတင်တဲ့လူ သမ္မတမဖြစ်ခဲ့ရင်ဆိုတဲ့အခြေခံကနေ ဖြစ်ပါတယ်။
ခုလည်း ဦးသိန်းစိန်နောက်ဖြစ်လာတဲ့သမ္မတ ၂ ယောက်လုံးဟာ စစ်တပ်တင်သမ္မတတွေ မဟုတ်ကြပါဘူး။ တဆက်တည်းမှာပဲ ဒီ သမ္မတ ၂ ယောက်လက်ထက်မှာလည်း (ခုထိ)ကာလုံမခေါ်သေးပါဘူး။ အရပ်သားသမ္မတတွေ (အင်န်အယ်လ်ဒီတင်သမ္မတတွေ)ဖြစ်နေလို့ ကာလုံမခေါ်တာတော့လည်း ဟုတ်ဟန်မတူပါဘူး။ ကာလုံကလည်း သမ္မတက ကိုယ့်သဘောနဲ့ကိုယ် (ကိုယ့်လက်ကိုယ့်ခြေ) အပိုင်ခေါ်လို့ ရမရကလည်း ရေရေရာရာတော့မရှိပါဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံမှာ ကာလုံအစည်းအဝေးတွေကို ဘယ်လိုခေါ်ယူကျင်းပရမယ်၊ အစည်းအဝေးဆုံးဖြတ်ချက်တွေကို ဘယ်လိုချမှတ်ရမယ်ဆိုတာမျိုး တိတိကျကျပြဌာန်းထားတာမျိုးမရှိပါဘူး။

ဦးသိန်းစိန်လက်ထက်တုန်းကတော့ ကာလုံအစည်းအဝေးတွေခေါ်တာရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီ ကာလုံအစည်းအဝေးကပဲ လက်ရှိကာချုပ် မင်းအောင်လှိုင်ကို ကာချုပ်တာဝန်ခန့်အပ်ခဲ့တာပါ။ ကာချုပ်ကို ကာလုံရဲ့ထောက်ခံချက်နဲ့ သမတက အတည်ပြုပေးရတာပါ။ ခု နောက်ပိုင်း အင်န်အယ်လ်ဒီခေတ်မှာ ကာလုံ တခါမှခေါ်တာမရှိသေးပါဘူး။ ဒါ့ကြောင့် ကြံ့ဖွံ့အစိုးရကနေ အင်န်အယ်လ်ဒီအစိုးရသာပြောင်းသွားတယ် ကာချုပ်ခန့်အပ်ခြင်းကတော့ မရှိပါဘူး။ အစိုးရသစ်ပြောင်းသွားရင် အစိုးရသစ်ပြန်ဖွဲ့စည်းရသလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်း ခန့်အပ်တာဝန်ပေးရပါတယ်။ ခု ဗိုလ်မင်းအောင်လှိုင်ကိုက အဲ့သလို ခန့် အပ်တာဝန်ပေးထားတာမဟုတ်လို့ တရားမဝင်ကာချုပ်ဆိုပြီး ရိသဲ့သဲ့တွေ ပြောနေရေးနေကြတာပါ။

ရခိုင်ကိစ္စ ICJ ရောက်ကာခါနီးအချိန်(တကယ်ကရောက်တော့မယ်ဆိုတာ သူတို့သိပြီးသားပါ။ ဘာမှ လျှို့ဝှက်လုပ်နေကြတာမှမရှိပါ)ကျမှ စစ်အမတ်တွေကရော တပ်မတော် သတင်းမှန်ပြန်ကြားရေးကရော အစိုးရကို ကာလုံခေါ်ဖို့ တကျီကျီလုပ်တာပါ။ အစိုးရက မခေါ်ပါဘူး။ မခေါ်ရတာမှာလည်း အတွင်းကျတဲ့အကြောင်းတွေ ထိပ်သီးတွေသာ သိနိုင်မယ့်အကြောင်းတွေရှိနိုင်ပေမယ့် အပြင်ကို ပေါက်ထွက်လာတဲ့ အရပ်သတင်းတခုမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ကာလုံခေါ်ယူကျင်းပရေးကို သဘောမတူလို့ မီးစိမ်းမပြလို့ သမ္မတက မခေါ်ဝံ့တာလို့ဆိုပါတယ်။ ဒီသတင်း ဟုတ်နိုင်ခြေရှိမရှိကို ဘာခိုင်လုံတဲ့အထောက်အထား သက်သေသက္ကာယနဲ့မှတော့ မပြနိုင်ကြပါ။ ကာလုံမခေါ်တော့ ကာချုပ်လည်း တရားဝင်ခန့်အပ်တာဝန်မပေးနိုင်သလို တိုင်းပြည်ရဲ့ တကဲ့ မီးရဲရဲကျောက်ရဲရဲကိစ္စတွေကိုလည်း စစ်အုပ်စုနဲ့တွဲပြီးကိုင်တွယ်ဖို့ မလွယ်ကူဘူးထင်ပါတယ်။ အန်အယ်လ်ဒီအစိုးရအနေနဲ့ ဖြစ်နေတဲ့ကိစ္စတွေဟာ ကာလုံတင်ပြီး မဲခွဲဆုံးဖြတ်ယူရလောက်တဲ့ကိစ္စတွေမဟုတ်ဘဲ သူတို့ဘာသာ လက်နိုင်ခြေနိုင်ရှိတယ်လို့ တွက်ဆနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ပြန်ကောက်ရရင် ၂ဝ၁၆ လောက်တုန်းက စစ်အုပ်စုဟာ ကာလုံထဲမှာ သမ္မတမဲပေးခွင့်မရှိစေရဥပဒေ အဆိုပြုဖို့ကြိုးပမ်းတဲ့အသံ ထွက်ဖူးတယ်။ အဆိုပြုဖြစ်တယ်တော့ မကြားမိပါ။ ဦးသိန်းစိန်လက်ထက်မှာ ကာလုံတွေခေါ်ဖူးကြောင်းကြားရပြီး အင်န်အယ်လ်ဒီခေတ်မှာ ကာလုံတခါမှမခေါ်ဖူးပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံမှာ ကာလုံကို ဘယ်လိုခေါ်ရမယ်ဆိုပြီး တိတိကျကျပြဌာန်းထားတာမရှိတော့ စစ်တပ်ကဘယ်လောက်ပဲ ကာလုံခေါ်ချင်နေခေါ်ချင်နေ အစိုးရကမခေါ်တော့ ဘာမှလုပ်မရပါ။ မခေါ်လို့လည်း သူတို့သစ္စာခံထားတဲ့ဖွဲ့စည်းပုံကို သစ္စာစောင့်သိရိုသေရာ မကျဘူးလို့ ဘယ်သူကမှ မပြောသာပါ။ စစ်အုပ်စုက ပိုတောင်မပြောပါ။ ကာလုံရဲ့ ခန့်အပ်တာဝန်ပေးခြင်းမရှိပဲ ဗိုလ်မင်းအောင်လှိုင်က ကာချုပ်တက်လုပ်နေတာပါ။ ဒါကို တရားဝင်တယ်မဝင်ဘူး ငြင်းခုန်နေရတာပါ။ မဝင်လို့လည်း ဘာမှမဖြစ်သလို၊ ဝင်လို့လည်း ဘာမှတော့ဖြစ်မှာမဟုတ်ပါ။

ဒါဆောင်းပါးမဟုတ်ပါခင်ဗျား။ စိတ်ထဲပေါ်လာတာတွေ နောင်တချိန်ပြန်ရေးဖြစ်တဲ့အခါ မှတ်မိအောင် ကိုယ့်ဘာသာ တေးထားတာလေးတွေပါ
မျိုးမြင့်ချို
ဇန္နဝါရီ ၂ဝ၊ ၂ဝ၂ဝ

Sunday, January 19, 2020

(မိုးဟိန်းကျေးဇူး)

0 comments
(မိုးဟိန်းကျေးဇူး)
မိုးဟိန်း(သူရိယနေဝန်း လုပ်နေတဲ့ သဘောက်)ကျေးဇူး ကျနော့်အပေါ် ပါရာစီတမော နှစ်လုံးဖိုးရှိဖူးတယ်။
၁၉၉ဝ စက်တင်ဘာ ၂၅ ထောင်တွင်းနိုင်ကျဉ်းရပိုင်ခွင့်တောင်းဆိုတဲ့တိုက်ပွဲ ရစရာမရှိအောင်ဖြိုခွဲခံရပြီးတဲ့နောက် နိုင်ကျဉ်းတွေကို လူခွဲ တိုက်ခွဲ အဆောင်ခွဲ ထောင်ခွဲတွေ ခွဲတယ်။
ခွဲတော့ ကျနော်က ၄တိုက်(ရှည်)ကနေ ရင်ခွဲတိုက်(ခ) ၂ တိုက် (ခ) ကြိုးတိုက်ရောက်သွားတယ်။ ၂ တို အခန်း ၄၇ လို့မှတ်မိနေတယ်။ အဲ့အခန်းက မိုးဟိန်းနေသွားတဲ့အခန်းပဲ။ မိုးဟိန်း ဘယ်ရောက်သွားလဲတော့ ကျနော်လည်း မသိဘူး။
အဲ့အခန်းမှာ ကျနော်ရယ် မြိ့ုတော်ခမ်းမဗုံးခွဲမှုနဲ့ သေဒဏ်ကျနေတဲ့ ဆေးတက္ကသိုလ်ကျောင်းသား အိုအောင်သူရယ်ကို ထည့်လိုက်တယ်။
ကျနော့်မှာ တနေကုန်ရေစိမ်ရိုက်ခံထားရတဲ့ဒဏ်ကြောင့် တကိုယ်လုံး နာကျင်နေတယ်။ ဘယ်နေရာမှ အထိမခံနိုင်ဘူး။ အဆိုးဆုံးက ခါးပဲ။ နောက်ကျောကို နံပတ်တုတ်နဲ့ရိုက်တာမှာ ခါးဆစ်ကိုရိုက်မိသွားတယ်။ ရိုက်လိုက်တဲ့အချိန်က ဘယ့်လောက်နာတာ မနာတာတော့ မပြောတတ်ပေမယ့် တကိုယ်လုံး လျှပ်စစ်နဲ့ တို့လိုက်သလို ဒင်းကနဲ တကိုယ်လုံးကျင်တက်သွားတယ်။ နာလွန်းလို့ အားယူပြီး ပြန်ကုန်းအထမှာ နောက်နေဆောင့်ကန်လိုက်လို့ ပြန်မှောက်ကျပြီး မေးစေ့ပေါက်ပြဲသွားတယ်။
အခန်း ၄၇ ထဲရောက်တော့ ပုံစံကြီးထိုင်ထားရတာ အတော်ကြာတယ်။ အဲ့နေ့က တနေကုန် ထမင်းမကျွေးဘူး။ ညနေထောင်ပိတ်ပြီးတော့ ကိုအောင်သူနဲ့ကျနော် တခန်းတည်းနေပြီး စကားမပြောရဘူး။ မျက်လုံးနဲ့ မျက်နှာနဲ့ လက်ဟန်ခြေဟန်နဲ့ နာကျင်နေတဲ့အကြောင်း အချက်ပြပြောဖြစ်တယ်။
ကိုအောင်သူက သူ့နေ့ရာကနေ ကျနော့်ဘက်နံရံကို မေးဆတ်ပြတယ်။ လက်နဲ့လည်း ကလော်ကြည့် ကလော်ကြည့်ဆိုတဲ့ အမူအယာလုပ်ပြတယ်။
နံရံကိုကြည့်တော့ အပေါက်တွေ တော်တော်များများတွေ့တယ်။ ကျပ်ပြားဝိုင်းလောက်မရှိတရှိကျယ်ပြီး လက် ၂ သစ်လောက်နက်တဲ့အပေါက်တခုထဲမှာ ဆေးလို့ထင်ရတဲ့ ဖြူဖြူအလုံးလေးတွေ တွေ့တယ်။
ဒါနဲ့ မိလ္လာနေရာမှာတွေ့တဲ့ ဖျာကြမ်းစကိုယူပြီး ကော်ထုတ်လိုက်တော့ ပါရာစီတမောဆေးပြား သုံးလေးပြား ထွက်ကျလာတယ်။
ဆေးတွေက သက်တမ်းလွန်နေပြီလား ကျန်သေးလားမသိပေမယ့် ဝမ်းအတော်သာသွားတယ်။ ၂ ပြား ကိုယ့်အတွက်ယူထားလိုက်ပြီး ကျန်တာ သူ့ဆီပစ်ပေးလိုက်တယ်။ ဆေးပြားတွေ ပါးစပ်ထဲပစ်ထည့်ပြီးမှ အပြင်လက်ထုတ်ပြီးရေခပ်ဖို့ ရေအိုးကြည့်တော့ မရှိတော့ဘူး။ ရေအိုးတွေပါ သိမ်းသွားကြတာကိုး။
ဒါနဲ့ ဆေးပြား ၂ ပြားကို ပါးစပ်ထဲမှာပဲ ညက်နေအောင်ဝါးပြီး တံတွေးနဲ့ မနည်း မျိုမျက်ချလိုက်ရတယ်။ မနည်းလို့ပြောရတာက လူက တနေကုန် ဘာအစာရေစာမှမစားရတော့ ရေဓာတ်က ခမ်းတန်းတန်းဖြစ်နေတာ။ ဆေးမှုန့်လေးတွေမျိုချဖို့ တံတွေးလေးတောင် အနိုင်နိုင်ထွက်ရတာ သေးပေါက်ဖို့ဆိုတာ ဝေလာဝေးပဲ။
ဆေးပြား ၂ ပြား သောက်ချလိုက်ပြီး ခနနေတော့ ခါးက အကိုက်အခဲက နည်းနည်း သက်သာသွားသလိုခံစားရတယ်။ ချွေးလေးလည်း နည်းနည်းစို့ချင်တယ်။ နောက်နေ့မနက် ဝါဒါတွေ တန်းစီးတွေအလစ်မှာ နံရံကအပေါက်တွေ လိုက်ကလော်တော့ အောက်စီတက်ထရာခေါ်တဲ့ဆေးပြားတွေ ထပ်တွေ့တယ်။ အဲ့အချိန်က ထောင်ထဲမှာ ဘာဖြစ်ဖြစ် ထောင်ဆေးမှူးတွေက ပေးလိုက်ရင် အောက်စီတက်ထရာတွေလိုလိုချည်းပဲ။
ခုချိန်မှာတော့ ကျနော့်အတွက် အောက်စီတက်ထရာက ဘာအတွက်ကောင်းလဲမကောင်းဘူး မသိပေမယ့် အနာအကျင်သက်သာလို သက်သာငြားတော့ သောက်ချပစ်လိုက်မိတာပါပဲ။
ဒီအကြောင်း အရင်လည်း စာတစောင်ပေတဖွဲ့လုပ်ပြီးကို ရေးဖူးပါတယ်။ ကြာတော့ကြာပါပြီ။ ပါရာစီတမောကျေးဇူးရှိတာကရှိတာပါပဲ။ ကျေးဇူးရှိပေမယ့် သူအခုလုပ်နေတာတွေအတွက်တော့ ပြစ်တင်ရှုတ်ချ ကန့်ကွက်ရုံမက စစ်အုပ်စုနဲ့တတန်းတည်းထားပြီးကို ဆန့်ကျင်ပါတယ်။
မျိုးမြင့်ချို
ဇန္နဝါရီ ၁၉၊ ၂ဝ၂ဝ

Saturday, January 18, 2020

(တိုရှည်နဲ့နံပြားစားခြင်းအကြောင်း)

0 comments
(တိုရှည်နဲ့နံပြားစားခြင်းအကြောင်း)
တမြန်နေ့မနက်က အမေ့အိမ်ဆိုတဲ့ မြန်မာအစားအစာတွေရောင်းတဲ့ဆိုင်မှာ မနက်စာ (Breakfast)သွားစားဖြစ်ပါတယ်။ အရင်လည်း ဒီဆိုင်ကို ၃ ကြိမ်လောက် နေ့လည်စာစား ရောက်ပြီးပါပြီ။ ဆိုင်က ဗမာပြည်ဖွား အစ္စလာမ်ဘာသာဝင်မိသားစု ဆိုင်ပါ။ အခင်းအကျင်း အပြင်အဆင်က ဘာမှ ခမ်းခမ်းနားနားနား ထည်ထည်ဝါဝါမရှိပဲ သူလိုကိုယ်လို ရိုးရိုးပဲမို့ သူသူငါငါဝင်ထွက်စားသောက်ဖို့ရာ ရှိူးတိုးရှန်းတန်း ဖြစ်နေစရာလည်း မရှိပါ။
အရင်နေ့လည်စာ လာစားတုန်းက တကြိမ်မှာ တီလားပီးယားငါး အကောင်လိုက်ကြီးကိုကြော်ပြီး ပဲငန်ပြာရည်တို့ ကြက်သွန်နီတို့ ဘာတို့နဲ့ ပြန်နှပ်ထားတဲ့ ဟင်းဖြစ်ပါတယ်။ အတူပါလာသူတွေက အမဲသားသုတ်မှာသူမှာ၊ ထိုင်း ဖာ့ကပေါင်မှာသူမှာ၊ အမဲကလီစာဟင်း မှာသူမှာ မှာပြီး ထမင်းနဲ့မြိန်ရည်ရှက်ရည်စားကြတာပါ။ ထိုင်းဟင်းတွေလည်းဖြစ် ကိုယ်ကလည်း နဂိုကမှ ဟင်းဆိုချဉ်ငန်စပ်လေးမှ ခတ်လေးလေးမှကြိုက်သူဆိုတော့ စားရ အတော်လေးခံတွင်းတွေ့ခဲ့ပါတယ်။ ချွေးတဖြိုက်ဖြိုက်ကြားကပဲ ရေနွေးပူပူမှုတ်သောက်ရင်း အစပ်ဖြေရတာကလည်း အရသာတမျိုးပါ။
ခုတခေါက်ကတော့ ကျနော်တို့ ဇနီးမောင်နှံ မနက်စာအဆာပြေစားဖို့ သွားကြတာပါ။ ဇနီးသည်က မဆလာအပါအဝင် ဟင်းခပ်အမွှေးအကြိုင်ကဲတဲ့ အိန္ဒိယစာ ပါကစ္စတန်စာ အရှေ့အလယ်ပိုင်းအစားအစာနဲ့ အာဖရိကန်စာတွေ အလွန့်ကို ခုံမင်ပါတယ်။ ထိုင်းစာမှာတော့ ဖာ့ကပေါင်တမျိုးကလွဲလို့ ကျန်တာတွေ မကြိုက်လို့ဆိုပြီး မစားပါ။ ဖို့တ်ဝိန်းမှာ ရန်ပုံငွေဈေးရောင်းပွဲ ရှိတယ်ကြားလို့ကတော့ ဘယ်ဘုန်းကြီးကျောင်းပွဲဖြစ်ဖြစ် ဗလီပွဲဖြစ်ဖြစ် မလွတ်တမ်းသွားပြီး ဗမာစာတွေလည်းစား အပြန်ကျ ဒန်ပေါက် အနည်းဆုံး ၃ ထုတ်လောက်တော့ဝယ်ပြီးမှ ပြန်ပါတယ်။ သူဒန်ပေါက်ကြိုက်ပုံက အမေပြောသလို ဘယ်ဘဝတည်းက ကြိုက်လာလဲမှမသိတာ ဆိုတာမျိုးမို့ သြချယူရပါတယ်။ ကျနော်တို့က ရန်ကုန်မွေး ရန်ကုန်ကြီးတွေဆိုတော့ တင်အေးတို့ နီလာတို့ ကြက်လျှာစွန်းတို့ မြေနီကုန်းဒန်ပေါက်တို့နဲ့ စားနေကျလာတာဆိုတော့ အမေရိကန်နေ ဗမာပြည်ဖွားတွေ ဖေါက်ရောင်းတဲ့ ဘယ်ဒန်ပေါက်ကိုမှ ဒန်ပေါက်ရာမသွင်းချင်ပေမယ့် ကျနော့်ဇနီးက တကယ့်ကို မက်ရည်စက်ရည်စားနေတာမြင်တော့ သူ့ ရန်ကုန်ခေါ်သွားပြီး ဟိုကဒန်ပေါက်သာ ကျွေးကြည့်လိုက်လို့ကတော့ ဘယ်လောက်တောင် စားလိုက်မလဲမသိဘူးလို့ တခါတခါ စိတ်ထဲဖြစ်ပါတယ်။
ခုလည်း ဒီ အမေ့အိမ်ဆိုတဲ့ဆိုင်လေးမှာ သွားစားမယ်ဆိုတော့ အိမ်ကမထွက်ခင်ကတည်းက ပဲဟင်းနံပြား ဒါမှမဟုတ် ပဲဟင်းနဲ့ချာပါတီ ဒါမှမဟုတ် ပဲဟင်းနဲ့တိုရှည်နဲ့စားရအောင်ဆိုပြီး သူ့ဟာသူဇယားဆွဲပါတယ်။ ကျနော်က အေးလေ ဘာရမလဲ မပြောတတ်သေးဘူး ဟိုကြ ကြည့်တာပေါ့ပြောပြီး ထွက်လာခဲ့တာပါ။ ဆိုင်ရောက်တော့ မီးနူးကြည့်ပြီး အရင်ဆုံး တိုရှည်နဲ့ပဲဟင်းတပွဲလို့ သူကမှာပြီး ကျနော်က လဘက်ရည်ကျဆိမ့် ၂ ခွက် မှာပါတယ်။ တိုရှည်ရောက်လာတော့ မစားခင် အပေါ်ကနေ လက်နဲ့ခပ်ပြီးအနံ့ရှူရင်း ဟား မွှေးနေတာပဲလို့ပြောပြီး သူ အရင် တဖဲ့စာဖဲ့ပါတယ်။ ဟုတ်ပါတယ်။ တိုရှည်က သူပြောသလို အတော့်ကို မွှေးပျံ့ပြီး အပြင်သားလေးက သံချေးရောင်ဖျော့ဖျော့ နဲ့ ကြွပ်နေတာပါ။ ပဲဟင်းကလည်း ပြင်းတော်သိမ်နဲ့ ဆီသတ်ထားတာမို့ ပြစ်ပြစ်နှစ်နှစ်နဲ့ အရသာလည်း အတော်ရှိပါတယ်။ တိုရှည်နဲ့စားဖို့က ပဲဟင်းအပြင် ကျတ်တနီးလိုကြိတ်ထားတဲ့ အနှစ်ရည်ကတမျိုး ငရုပ်သီးဆားထောင်းလေးကတမျိုး အပိုပါပါသေးတယ်။ ဒါနဲ့ ချလာတဲ့ တိုရှည် ၂ ချပ်ကို တက်တက်ပြောင်အောင်စားပြီးတော့ အီကြာကွေးနဲ့ပဲဟင်းရမလားမေးတော့ အီကြာကွေးကုန်သွားပြီ နံပြားပဲရတော့မယ်ဆိုတော့ ဒါဆို နံပြားနဲ့ ပဲဟင်းတပွဲပေးပါဆိုပြီး မှာပြန်ပါတယ်။ နှစ်ယောက်သား လဘက်ရည်ကျဆိမ့်လေးကို တစိမ့်စိမ့် အရသာခံကျိုက်လိုက် ရေနွေးပူပူလေးမှုတ်သောက်လိုက်နဲ့ နံပြားပဲဟင်းစောင့်ကြပါတယ်။
ခနနေတော့ နံပြားပဲဟင်းလာချပါတယ်။ ပဲဟင်းက တိုရှည်နဲ့စားခဲ့တဲ့ပဲဟင်းမို့ သိတ်မထူးခြားပေမယ့် နံပြားက ထူးခြားပါတယ်။ ဒီက ကုန်စုံဆိုင်တွေနဲ့ အစားအစာဆိုင်ကြီးတွေမှာ တင်ရောင်းတဲ့ အသင့်စားနံပြားမဟုတ်ပဲ ခုပဲ ရိုက်ပြီး နံပြားဖိုထဲကဆွဲထုတ်လာတဲ့ ဗမာပြည်ကနံပြားဖြစ်နေလို့ပါ။ ဒီကဆိုင်တွေမှာရောင်းတဲ့နံပြားတွေက ဂျုံလည်းနုညံ့ပြီး နံပြားအသားကလည်း ပျော့ပျော့ပွပွနေတာမျိုးပါ။ ဖဲ့ရရွဲ့ရလွယ်သလို ဟင်းရည်ထဲ လဘက်ရည်ကော်ဖီထဲစိမ်လိုက်ရင်လည်း ချက်ခြင်း အိဖတ်ကျသွားပါတယ်။ အစိမ်လေးများ နည်းနည်းကြာသွားလို့ကတော့ အဖတ်ဆည်ကိုမရတော့ပဲ ဇွန်းနဲ့ ကော်ခပ် ကပ်ကက်စားရပါတယ်။ နံပြားပေါ်မှာ တူးရာဆိုလို့ နှမ်းတစေ့စာတောင် ရှိတာမဟုတ်ပါ။ ဗမာနံပြားက ဂျံုသားချင်းတူဦးတောင် နည်းနည်းပို ပျင်းတွဲတွဲနိုင်တယ်မဟုတ်လား။ အဖဲ့ရအရွဲ့ရ နည်းနည်းလက်ဝင်သလို ဟင်းရည်တို့ လဘက်ရည်ကော်ဖီတို့ထဲလည်း အစိမ်ခံတယ်မဟုတ်လား။ ပြီးတော့ ဟိုနားဒီနား တူးရာလေးတွေနဲ့မို့ အနံ့လည်း မွှေးနေတာပါ။ ကျနော်တို့က ဒီ ဗမာပြည်နံပြားကို ပိုကြိုက်ပေမယ့် ကျနော့်တူတော်မောင်ကတော့ တခါစားဖူးပြီးကတည်းက အဲ့ဒီနံပြားကြီးတွေစားရတာ သားရေပြားကြီး ကိုက်ရ ဝါးရသလိုပဲပြောပြီး နောက်မစားတော့ပါ။ ကြက်ဆိုလည်း ကျနော်တို့က ဗမာကြက်ကို အရိုးအသားမျှအောင် ခုတ်ထစ်တုံးတက်ပြီး အရောအနှောလေးနဲ့ချက်မှ ပိုမြိန်ပေမယ့် သူတို့ကတော့ မွေးမြူရေးအသားတိုးကြက် အသားပွတွေကို ပေါင်လိုက် ရင်အုပ်လိုက်ကြီးတွေကို လက် ၂ ဘက်နဲ့ကိုင်ပြီး ထမင်းလွတ်စားကြတာမဟုတ်လား။ စားဓလေ့မတူတာပေါ့လေ။
ဒါနဲ့ ကျနော်တို့နှစ်ယောက်သား နံပြား တယောက်တချပ်စားကြပါတယ်။ ကျနော်က နံပြားကို တချပ်လုံး အလိပ်လိုက်လိပ်ပြီး ဟင်းရည်ထဲနှစ်လိုက် ဟင်းရည်စိုနေတဲ့နေရာကနေ ကွက်ကိုက်လိုက်စားပြီး သူက တလုပ်စာလောက်တဖဲ့ခြင်း ဖဲ့ဖဲ့ပြီး ဟင်းရည်နဲ့ တို့တို့စားတာပါ။ နံပြားနဲ့ ပဲဟင်း အတော့်ကိုလိုက်ဖက်တယ်ပြောရမှာပါ။ အပြင်မှာ အေးနေပေပေမယ့် ဆိုင်ထဲက Heater အရှိန်ရယ် စောစောက စားထားတဲ့ တိုရှည်အစပ်အရှိန်ရယ် ခု ပဲဟင်း စပ်ဖျဉ်းဖျဉ်းလေးရယ် ရေနွေးပူပူရယ်ပေါင်းပြီး ကျနော်တို့ ချွေးစို့နေကြတာမြင်တော့ စားပွဲထိုးတဲ့ချာတိတ်က အကိုတို့က အစပ်မစားနိုင်ဘူးနဲ့တူတယ် ပဲဟင်းက သိတ်မစပ်ပါဘူးအကိုရလို့ ပြောတော့ အေးကွ ပဲဟင်း ရေနွေး ပေါင်းမိသွားတာပါလို့ အလိုက်သင့်ပြန်ဖြေမိတယ်။ ဇနီးကတော့ ဘာတခွန်းမှ ဝင်မပြောပဲ သူ့နံပြားနဲ့ပဲဟင်းကို မဲပြီး တွယ်နေတာပါ။
စားလို့ကုန်တော့မှ အစာပိတ် လဘက်ရည်လက်ကျန်လေး အကုန်မော့ ရေနွေးလေးပလုပ်ကျင်းပြီး မျိုချ၊ နောက်တော့ ကောင်တာသွား ပိုက်ဆံရှင်းပါတယ်။ တိုရှည် နံပြား တပွဲစီကို ၄ ဒေါ်လာမို့ ၈ ဒေါ်လာ၊ လဘက်ရည်က တခွက် ၂ ဒေါ်လာဆိုတော့ ၄ ဒေါ်လာ၊ ပေါင်းမှ ဆယ့်နှစ်ဒေါ်လာပဲကျပါတယ်။ ဒီက အစားအသောက်ဈေး ဝင်ငွေအနေအထားနဲ့ဆို အတော့်ကို သက်သာတယ်လို့ဆိုရမှာပါ။ သူ့လိုပဲ တိုရှည် နံပြား ပဲဟင်းရောင်းတဲ့ တခြားဆိုင်လည်းရှိပေမယ့် အဲ့ဒီဆိုင်မှာက တပွဲကို ၅ ဒေါ်လာယူပါတယ်။ ဒီဆိုင်မှာ ၄ ဒေါ်လာမှန်း သိလို့ ကျနော်တို့ လာစားတာမှန်းမဟုတ်ပေမယ့် တပွဲမှ ၄ ဒေါ်လာဆိုတော့ ပိုပြီးတန်တယ်နော်လို့ နှစ်ယောက်သား ပြေမိကြပါသေးတယ်။
ဒီက မြန်မာအစားအသောက်ဆိုင်တွေမှာ ကိုယ့်ဘာသာ ကောင်တာသွားပြီးမှာရတာ၊ ငွေကို ကိုယ့်ဘာသာသွားချေရတာအပြင် စားသောက်နေချိန်မှာလည်း စားပွဲထိုးက လိုအပ်တာလေးတွေ ဘာမှလုပ်မပေးလေတော့ စားတဲ့လူတွေကလည်း Tips ပေးရိုးမရှိကြပါ။ နဂိုကတည်းကလည်း Tips ပေးတဲ့အလေ့နဲ့ လက်ပွန်းတတီးမရှိခဲ့ကြသူတွေဆိုတော့ သူ့ဆိုင်နဲ့သူ့ဖေါက်သည် သူ့အိုးနဲ့သူ့ဆန် ဟန့်ကိုကျနေတာပါ။ ဒါပေမယ့် အိုင်းရစ်ရှ်မ အမေရိကန်သူ ကျနော့်ဇနီးက ကောင်တာမှာ ငွေသွားရှင်းပြီးပြန်လာတော့ စားပွဲပေါ် တဒေါ်လာတန်လေး ၃ ရွက်ချထားခဲ့ပါတယ်။ စားလို့ကောင်းကြောင်း ဈေးလည်းတော်ကြောင်းပြောရင်း ဆိုင်ရှင်တွေကိုနှုတ်ဆက်ပြီး ပြန်လာခဲ့ကြပါတယ်။
ဘေးမှာထိုင်ရင်း ကျနော်က လေချဉ်တက်တော့ ဇနီးက ကားမောင်းရင်း လေချဉ်တက်တာတောင် အရသာရှိတယ်နော်လို့ပြောရင်း ရယ်ပါတယ်။
မျိုးမြင့်ချို
ဇန္နဝါရီ ၁၈၊ ၂ဝ၂ဝ

(ဂရင်းကဒ်နဲ့နေသူတွေ သတိပြုမိစေချင်)

0 comments
(ဂရင်းကဒ်နဲ့နေသူတွေ သတိပြုမိစေချင်)
အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူများကို အမေရိကန်မှာ Green Card Holder လို့ခေါ်ပါတယ်။ သူတို့ဟာ နိုင်ငံသားမဖြစ်ကြသေးပေမယ့် တရားဝင်နေထိုင်ခွင့် အလုပ်လုပ်ခွင့်တွေ ရရှိထားကြပါတယ်။ ခု USCIS ခေါ်တဲ့ အမေရိကန် နိုင်ငံသားနှင့်လူဝင်မှုကြီးကြပ်ရေးဌာနက သူတို့အပေါ်သက်ရောက်မယ့် ဥပဒေတခု ပြဌာန်းလိုက်ပါတယ်။ ဒီဥပဒေက သက္ကရာဇ် ၂ဝ၂ဝ မှာ စတင် အသက်ဝင်မှာဖြစ်ပါတယ်။ မိမိကိုယ်တိုင် ဂရင်းကဒ်နဲ့နေသူ ဒါမှမဟုတ် မိမိအသိမိတ်ဆွေတွေထဲမှာ ဂရင်းကဒ်နဲ့နေသူတွေရှိတယ်ဆိုရင်တော့ ဒီ စည်းမျဉ်းသစ်တွေကို အလေးအနက်သိထားဖို့ လိုပါလိမ့်မယ်။ ဒီနှစ်ထဲမှာပဲ အသက်ဝင်လာမယ့် ဒီစည်းမျဉ်းသစ်တွေဟာ ဂရင်းကဒ်ကိုင်ဆောင်ထားသူတွေကို မိခင်နိုင်ငံပြန်ပို့တဲ့ထိ ဆိုက်ရောက်စေနိုင်တဲ့ စည်းမျဉ်းတွေဖြစ်နေလို့ပါပဲ။ ဒီစည်းမျဉ်းတွေကိုမသိလို့ မတော်တဆ ရိုးရိုးသားသား ချိုးဖေါက်မိဦးတောင် အရေးယူခံရတာကနေ လွတ်လမ်းမရှိပါဘူး။ ဘယ်လိုဆင်ခြေမျိုးကိုမှလက်မခံပဲ အရေးယူခံရမှာဖြစ်ပါတယ်။
ဒီ ဥပဒေ(စည်းမျဉ်း)သစ်မှာ ဒါတွေပါပါတယ်။ ဂရင်းကဒ်သမားဟာ IRS လိုခေါ်တဲ့ ပြည်တွင်းအခွန်များဦးစီးဌာနကို နှစ်စဉ်လုပ်နေကြ အခွန်ရှင်းလင်းတင်ပြခြင်း Tax Return လုပ်ဖို့ပျက်ကွက်ခဲ့ရင် ဒါမှမဟုတ် မိမိဝင်ငွေတွေထဲက ဝင်ငွေတချို့ကို IRS ကိုတင်ပြဖို့ပျက်ကွက်ခဲ့ရင် မိခင်တိုင်းပြည် ပြန်အပို့ခံရမည်။ သဘောက အခွန်ရှင်းတမ်းကိုလည်း မှန်မှန်လုပ်ပါ။ ဝင်ငွေမှန်သမျှကိုလည်း မခြွင်းမချန်တင်ပြပါ။ အဲ့ဒါတွေမလုပ်ရင် လာရာတိုင်းပြည်ပြန်ပို့မယ်။
အသက် ၁၈ နှစ်နဲ့ ၂၅ နှစ်ကြား ဂရင်းကဒ်နှင့်နေနေကြသောအမျိုးသားတိုင်း စစ်မှုထမ်းရန်ဆင့်ခေါ်သည့်အခါ လိုက်ပါမည်ဟု U.S Selective Service တွင် မှတ်ပုံတင်ထားကြရမည်။ ထိုသို့ မှတ်ပုံတင်မထားပါက မိခင်နိုင်ငံ ပြန်အပို့ခံရမည်။ သဘောက အမေရိကန်မှာ ဂရင်းကဒ်နဲ့လည်းနေတယ်၊ အမျိုးသားလည်းဖြစ်တယ်၊ အသက်ကလည်း ၁၈ နဲ့ ၂၅ ကြားရှိတယ်ဆိုရင် U.S Selective Service ခေါ်တဲ့ စစ်မှုထမ်းရွေးချယ်ရေးပုံစံစာရွက်မှာဖြည့်ပြီး Register မှတ်ပုံတင်ထားရမယ်။ အဲ့လို တင်မထားရင် မိခင်နိုင်ငံပြန်အပို့ခံရမယ်။
ဂရင်းကဒ်ကိုင်ထားပြီး အမေရိကန်ပြင်ပတွင် ကာလရှည်ကြာနေထိုင်သူများအား ဂရင်းကဒ်စွန့်လွှတ်သူများအဖြစ် သတ်မှတ်မည်။ သဘောက ဂရင်းကဒ်ကိုင်ပြီး တနိုင်ငံငံကိုသွားမယ်၊ ဟိုမှာနေထိုင်ဖို့ ရက် ၆ ဆယ်ရသွားတယ်ဆိုပါတော့၊ ဟိုရောက်ပြီး ရက် ၆ ဆယ်ပြည့်လို့ မပြန်ဖြစ်သေးပဲ နေထိုင်ခွင့်သက်တမ်း ထပ်ထပ်တိုးပြီးနေမယ်ဆိုရင် သူ့ကို ဂရင်းကဒ်စွန့်လွှတ်သူအဖြစ် သတ်မှတ်မယ်။ အမေရိကန်ကို ပြန်လာလို့ မရတော့ဘူး။
ဂရင်းကဒ်ကိုင်ဆောင်ထားသူတယောက်ယောက်ဟာ ပြဌာန်းလိုက်တဲ့ဒီဥပဒေသစ်ကိုမသိလို့ ကျူးလွန်မိလည်း အမေရိကန်ကနေ နှင်အထုတ်ခံရမယ်။ သဘောက ကျနော်/ကျမက ပြည်ပရောက်နေလို့ ဒီဥပဒေသစ်ကို မသိလိုက်ရလို့ ချိုးဖေါက်မိတာပါဆိုလည်း လက်မခံဘူး။ အပြီးအပိုင် ပြည်နှင်ဒဏ်ခံရင်ခံရ ဒါမှမဟုတ် အမေရိကန်ကို ပြန်လာလို့မရ ဖြစ်မယ်။
နိုင်ငံသားဖြစ်ပြီးသူတွေအနေနဲ့က အပေါ်မှာပြောခဲ့တဲ့ဥပဒေသစ်ကို ချိုးဖေါက်မိရင် ကုစားလို့ရရာရကြောင်းတွေရှိပါတယ်။ ဂရင်းကဒ်ကိုင်ထားသူတွေကတော့ ပြန်ပို့တာခံရရင်ခံရရင် ခံရမယ်။ နိုင်ငံသားဖြစ်ခွင့် မပေးတာခံရရင် ခံရမယ်။ ဂရင်းကဒ် မပေးတော့တာ ခံရရင် ခံရမယ်။ ဂရင်းကဒ်စွန့်လွှတ်သူအဖြစ် အသတ်မှတ်ခံရရင် ခံရမယ်။ တခုမဟုတ် တခု ဖြစ်ပါလိမ့်မယ်။ ပြေးမလွတ်ပါ။
ပြန်ချုပ်ရရင် ဂရင်းကဒ်နဲ့နေသူတွေအပေါ်သာသက်ရောက်မယ့် ဥပဒေတခုကို အမေရိကန်နိုင်ငံသားနဲ့လူဝင်မှုကြီးကြပ်ရေးဌာနက အတည်ပြုလိုက်ပါပြီ။ ဒီဥပဒေဟာ သက္ကရာဇ် ၂ဝ၂ဝ မှာပဲ အသက်ဝင်သွားပါပြီ။ ဒီဥပဒေအရ ဂရင်းကဒ်နဲ့နေသူတွေဟာ အခွန်ရှင်းတမ်းတင်ပြ Tax Return ဖို့ပျက်ကွက်ရင် ဒါမှမဟုတ် ဝင်ငွေကို အမှန်အမှန်အတိုင်း တင်ပြဖို့ပျက်ကွက်ရင် ဂရင်းကဒ်ပြန်ရုပ်သိမ်းမယ်၊ မိခင်နိုင်ငံ ပြန်အပို့ခံရမယ်။ အသက် ၁၈ နဲ့ ၂၅ ကြား ဂရင်းကဒ်နဲ့နေတဲ့ယောက်ျားတိုင်း စစ်မှုထမ်းရန်ဆင့်ခေါ်ပါက ထမ်းပါမည်ဟု သတ်မှတ်ပုံစံ စာရွက်နှင့်ဖြည့်ပြီး အစိုးရဆီမှာမှတ်ပုံတင်ထားရမယ်။ တင်မထားရင် ဂရင်းကဒ်ပြန်သိမ်းမယ်။ မိခင်နိုင်ငံပြန်အပို့ခံရမယ်။ ဂရင်းကဒ်နဲ့ ပြည်ပခရီးသွားခွင့်ရှိတယ်၊ ဒါပေမယ့် ပေးလိုက်တဲ့ရက်မပြန်ဖြစ်လို့ ဗီဇာသက်တမ်းထပ်ထပ်တိုးပြီးနေရင် အဲ့ဒီလူကို ဂရင်းကဒ် စွန့်လွှတ်သူအဖြစ်သတ်မှတ်မယ်။ အမေရိကန်ပြန်လာလို့မရတော့ဘူး။ ဂရင်းကဒ်သမားက အဲ့ဒီဥပဒေကို မသိလို့ ကျူးလွန်မိပါတယ်ဆိုလည်း ခွင့်မလွှတ်ဘူး။ အရေးယူခံရမယ်။ နိုင်ငံသားဖြစ်ပြီးသူတွေအတွက်ကတော့ ကျူးလွန်မိဦးတောင် ဖြေဆေးရှိသေးတယ်။ ဂရင်းကဒ်သမားမှာတော့ ကုရာနတ္တိဆိုတဲ့သဘောပါပဲ။
(စာကြွင်း။ ဂရင်းကဒ်နဲ့လည်းနေတယ်။ နိုင်ငံသားလျှောက်ဖို့ သတ်မှတ်ချက်တွေနဲ့လည်း ကိုက်ညီပြည့်စုံတယ်။ အမေရိကန်မှာလည်း နေသွားဖို့ရှိတယ်ဆိုရင်တော့ မိမိဘာသာဆုံးဖြတ် လုပ်ကိုင်ဆောင်ရွက်ကြဖို့ပါ)
မျိုးမြင့်ချို
ဇန္နဝါရီ ၁၈၊ ၂ဝ၂ဝ

Friday, January 17, 2020

“အတွေးအခေါ်နဲ့ လက်တွေ့တို့ရဲ့ ဆက်စပ်မှု”(ဗၾသ)

0 comments
“အတွေးအခေါ်နဲ့ လက်တွေ့တို့ရဲ့ ဆက်စပ်မှု”(ဗၾသ)
ပြဿနာတခုဟာ အတွေးအခေါ် ပြဿနာလား၊ လုပ်နည်းကိုင်နည်း ပြဿနာလား အရင်ခွဲခြမ်းစိပ်ဖြာရမယ်၊ စိပ်ဖြာတတ်ရမယ်။ မတူရင်မတူသလို ေြဖရှင်းရမယ်။ အတွေးအခေါ် တူနေရင် စည်းလုံးညီညွတ်နိုင်ရမယ်။ အပြန်အလှန် အားပေးရမယ်။ အကူအညီပေးရမယ်။
ပြီးခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ပြည်သူလူထုဘက်ကကြည့်တော့ ‘ဒီမိုကရေစီ’၊ ‘လူထုအုံကြွမှု’လို့ တွေ့ရတယ်။ စစ်အုပ်စု၊ စစ်အစိုးရဘက်ကကြည့်တော့ ‘လူတစုရဲ့ မင်းမဲ့သောင်းကျန်းမှု’လို့ တွေ့ရတယ်။ ဒါဟာ တွေးခေါ်မှုမတူလို့ အမြင်မတူကြတာဖြစ်တယ်။
ဗမာပြည်နိုင်ငံရေးမှာ ဒီအတွေးအခေါ်နှစ်မျိုးတိုက်ပွဲ ဖြစ်နေတာကြာပြီ။ ဒီအတွေးအခေါ်နှစ်ခုအပေါ်မှာပဲ နှစ်ဘက်စလုံးက လက်တွေ့ လှုပ်ရှားမှုတွေအဖြစ် ပုံသဏ္ဍာန်အမျိုးမျိုး ဖော်ထုတ်လုပ်ကိုင်နေကြတယ်။ ဒီလိုလုပ်နေကြတာဟာ လာမယ့် သြဂုတ်လဆိုရင် ၁၈ နှစ် ပြည့်တော့မယ်။ တွေးခေါ်မှုဆိုတာက ရပ်တည်မှုကလာတာ။ အလွယ်ဆုံးပြောရရင် ဘယ်ဘက်က ရပ်တည်တယ်ဆိုတာ မတူတာနဲ့ တွေးခေါ်မှု ကွဲတော့တာပဲ။ ကြား ရပ်တည်ပါတယ်ဆိုတဲ့လူဆို သူ့မှာလည်း ကြားတွေးခေါ်မှုပဲ ရှိနေတယ်။
ဒီလိုအခါမှာ သမိုင်းရဲ့ဒီအပိုင်းကို ပြန်လည်သုံးသပ်ပြီး နိဂုံးချုပ်တာလုပ်သင့်ပြီ ထင်တယ်။ ဒီလို သုံးသပ်နိဂုံးချုပ်တယ်ဆိုရင် အတွေးအခေါ်ဇစ်မြစ်ကစပြီး တူးဖော်သုံးသပ်ပြဖို့လိုတယ်။ ဒါမှသာ ဒီမိုကရေစီအရေးတော်ပုံရဲ့ခရီးအဆင့်ဆင့်မှာ ဘာလုပ်ရမယ်ဆိုတာ ပုံပေါ်နိုင်မယ်။ အသေအချာ ပြောရမှာတခုက အတွေးအခေါ်ပြတ်မှ လက်တွေ့ပြတ်တယ်။ တနည်း အတွေးအခေါ်မပြတ်ရင် လက်တွေ့ လုပ်ရာမှာလည်း မပြတ်ဘူး။ ဒါပေမယ့် လက်တွေ့နဲ့အတွေးအခေါ်ကို အဘက်ဘက်မှာ တထပ်တည်းပြုပြီး သဘောထားအရေးယူ ဆောင်ရွက်လို့မဖြစ်ဘူး။ ဒီနှစ်ခုမှာ ထပ်တူကျတာလည်းရှိတယ်၊ မကျတာလည်းရှိတယ်။
ဘယ်သူပဲဖြစ်ဖြစ်၊ လက်တွေ့အလုပ်တိုင်းမှာ အတွေးအခေါ်ပါတယ်။ ဒီအချက်ကို ထည့်မတွက်ပဲ သုံးသပ်နိဂုံးချုပ်ရာမှာ လက်တွေ့လုပ်ငန်းကိုချည့် ကွက်ပြီး သုံးသပ်နိဂုံးချုပ်တယ်ဆိုရင် အကွဲအပြဲတွေနဲ့ နိဂုံးချုပ်တတ်တယ်။ ဆရာကြီးဆလိုင်းထွန်းသန်းပြောတဲ့ “ဗမာနှစ်ယောက်ရှိရင် နှစ်ဖွဲ့ကွဲတယ်”ဆိုတဲ့စကားကို အလေးအနက် စဉ်းစားသင့်တယ်။ ဒီလိုပြောနေတာ သူတဦးတည်း မဟုတ်ပါဘူး။ တခြားလည်း (ပြည်တွင်းက ထွက်လာခဲ့တဲ့)ပုဂ္ဂိုလ်တွေ အလားတူပဲပြောနေကြတယ်။
ဒီလိုဖြစ်တာရဲ့အကြောင်းရင်းကတော့ ပြဿနာဖြစ်သူတွေဟာ လက်တွေ့ အလုပ်ထဲမှာပဲ အဖြေရှာနေကြပြီး အတွေးအခေါ်ဇစ်မြစ်ကို မတူးဆွကြလို့ဖြစ်တယ်။
တချို့လူတွေက လက်တွေ့ထဲကအမှားကို အတွေးအခေါ်ပိုင်းအမှားနဲ့ ထပ်တူြုပကြတာလည်း တွေ့ရတယ်။ ဒါ မမှန်ဘူး။ အထက်မှာ ပြောခဲ့သလိုပဲ လက်တွေ့ဟာ အတွေးအခေါ်က လာတယ်ဆိုပေမယ့် လက်တွေ့အမှားတိုင်း အတွေးအခေါ်အမှားက လာတယ်လို့ အလွယ်တကူပြောရင်လွဲမယ်။ ဗမာပြော ပြောရရင် စေတနာပါတဲ့အမှားနဲ့ တမင်လုပ်တဲ့အမှားတို့ဟာ မတူဘူး။
လက်တွေ့(လုပ်ငန်း)မှာ ရွေးချယ်စရာတွေ တခုထက်မက ရှိတတ်တယ်။ ရှိတာ သဘာဝကျတယ်။ ရှိလည်းရှိရမယ်။ ဒါပေမယ့် အတွေးအခေါ်မှာတော့ ဒီနေ့ဗမာပြည်မှာ ရွေးချယ်စရာဟာ နှစ်ခုပဲရှိတယ်။ တတိယတခု မရှိဘူး။ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် လက်တွေ့လုပ်ငန်းကို ခေါင်းဆောင်ကြတာဟာ သက်ဆိုင်ရာဗဟိုတွေပဲ။ လက်တွေ့ကိုတော့ အားလုံးဝိုင်းလုပ်ကြတာ။ လက်တွေ့မှာ ရွေးလမ်းတွေက များလေတော့ ငါသာဆိုရင် ဒီလိုလုပ်မှာမဟုတ်ဘူး၊ ဗဟိုကလုပ်တာမှားနေတယ်ဆိုတဲ့အတွေးမျိုးတွေ မကြာမကြာ ပေါ်တတ်တယ်။ ဒီကဆက်ပြီး ငါလုပ်ချင်ကသာ မှန်တယ်။ သူ့ကို(သူတို့ကို) ခေါင်းဆောင်တင်နေလို့ မအောင်မြင်နိုင်ဘူး၊ ဒါကြောင့် တစင်ခွဲထောင်မယ်ဆိုတာအထိ ဖြစ်လာလေ့ရှိတယ်။ ဒီလိုနဲ့ ဗဟိုတွေများ များလာနေတယ်။ ဆရာကြီး ဆလိုင်းထွန်းသန်းလိုလူ အနေနဲ့ ပြောလည်းပြောချင်စရာပဲ။
စစ်အုပ်စု ထိပ်သီးပိုင်းကိုပဲကြည့်။ သူတို့အကြားမှာ တခြားကွဲလွဲတာတွေရှိပေမယ့် အတွေးအခေါ်မှာ မကွဲဘူး။ တသားတည်းပဲ။ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်စိုးဝင်း၊ ဗိုလ်သိန်းစိန်၊ သူတို့အားလုံး ဗမာနိုင်ငံရဲ့ နိုင်ငံတော်အာဏာကို စစ်အုပ်စုကသာ အပြီးအပိုင်ထိန်းသိမ်းထားရေး၊ “ရှစ်လေးလုံး အရေးတော်ပုံဟာ လူတစုရဲ့မင်းမဲ့သောင်းကျန်းမှုဖြစ်တယ်”ဆိုတဲ့ အခြေခံ အတွေးအခေါ်မှာ သူတို့တွင်း လုံးဝမကွဲဘူး။ ဒီပေါ်မှာပဲ တသမတ်တည်း မြဲမြဲမြံမြံ ရပ်တည်ကြတယ်။ သူတို့ထဲမှာ ဖြုတ်ခဲ့၊ ထုတ်ခဲ့၊ ထောင်သွင်းခဲ့တာတွေ များလှပြီ။ ဒါပေမယ့် ဒါတွေဟာ အတွေးအခေါ်မတူလို့ မဟုတ်ဘူး။ တဦးချင်း အကျိုးစီးပွား မတူကြရာက ပေါ်လာတာ။ အခုဖမ်းထားတဲ့ အဲဒီစစ်ဗိုလ်တွေကို ပြန်လွှတ်ကြည့်၊ အများစုဟာ ပြည်သူလူထုဘက်ပြောင်းရပ်မှာ မဟုတ်ဘူး။ အလွယ်ဆုံး ဥပမာအဖြစ် ဗိုလ်အောင်ကြီးကို ကြည့်။
အစောပိုင်းက စစ်အုပ်စုရဲ့ အဓိကဦးတည်ရန်သူဟာ ဗကပ။ ဒါကြောင့် ဗိုလ်စောမောင်-ဗိုလ်ခင်ညွန့်တို့က “တောင်းပွဲ တိုက်ပွဲလမ်းစဉ်ကို မလုပ်ပါနဲ့”လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်။ ဒါဟာ ဗကပကို ဦးတည်ပြောတာပဲ။ အဲဒါနဲ့ တဆက်တည်း မြေပေါ်ပါတီတွေအပေါ် တင်းကြပ်တဲ့ စည်းကမ်းတွေချမှတ်ပြီး အရေအတွက် လျော့သွားနိုင်အောင် လုပ်ခဲ့တယ်။ ရုပ်ပြ ပြလို့ရနိုင်ရုံ အရေအတွက်လေးသာ ချန်ထားခဲ့တယ်။ ဒီလိုအချိန်မှာ အတိုက်အခံပါဆိုတဲ့ ဗိုလ်အောင်ကြီးကလည်း ဒီချုပ်ထဲမှာရောက်နေတဲ့ “ကွန်မြူနစ်တွေကို ထုတ်ပစ်ရမယ်”လို့ ပြောလာခဲ့တယ်။ ဒါဟာ ဗိုလ်ခင်ညွန့်တို့ရဲ့ အတွေးအခေါ်နဲ့ တထပ်တည်းပဲ။ သူတို့ချင်း အတွေးအခေါ်ဆိုင်ရာမှာညှိပြီး လုပ်သလားလို့တောင် စဉ်းစားစရာရှိတယ်။
ဗိုလ်အောင်ကြီးကို စစ်အုပ်စုထဲက ကန်ထုတ်လိုက်ပေမယ့် ဗိုလ်အောင်ကြီးမှာ အဲဒီရပ်တည်ချက် မပျောက်လို့ အဲဒီအတွေးအခေါ် ကျန်နေတာပဲ။ ဗိုလ်အောင်ကြီးက အဲဒီလို လှုပ်ရှားလိုက်ပြီးနောက် ဗိုလ်ခင်ညွန့်တို့ကလည်း ဒီချုပ်ထဲက မထွက်ဘဲ တင်းခံနေတဲ့ ဗိုလ်အောင်ကြီးပြောတဲ့ ကွန်မြူနစ်တွေကို ဖမ်းပြီး ထောင်ထဲထည့်လိုက်တယ်။
အဲဒီနောက် ဒီချုပ်ထဲမှာ ဗိုလ်အောင်ကြီးက ကွန်မြူနစ်လို့သမုတ်တဲ့လူတွေ ရှိသေးသလား။ မရှိတော့ဘူး။ ဒီချုပ်ရော အဲဒါကြောင့် အားကောင်း လာသလား၊ အားနည်းသွားသလား။ အားလုံးသိတဲ့အတိုင်း ဒီချုပ်ရဲ့ခေါင်းဆောင်မှုအပိုင်းမှာ အတော်ထိခိုက်သွားတယ်။ ဗိုလ်အောင်ကြီးနဲ့ ဗိုလ်ခင်ညွန့်တို့ အဲဒီပွဲမှာ အနိုင်ရသွားတယ်လို့ ဆိုနိုင်တယ်။
နအဖခေတ်မှာ သူတို့ လေတမျိုးပြောင်းလာတာကို သတိပြုမိမယ်ထင်တယ်။ “အာဏာကို ဖြတ်လမ်းက ရချင်တာဟာ” အရင်က ပြောသလို “ဗကပ မဟုတ်တော့ပါဘူး”တဲ့။ “အဲန်အယ်လ်ဒီဖြစ်တယ်”တဲ့။ အခုအခါ သူတို့အဖို့ အဓိက ဦးတည်ရန်သူဟာ ဗကပ မဟုတ်တော့ဘူး။ ဒီချုပ် ဖြစ်သွားပြီ။ ဒါ တိတိကျကျပဲ။ ဒီချုပ်ပြိုသွားမှ သူတို့ စိတ်ချလက်ချအိပ်နိုင်မှာ။ ဒီအတွက် သူတို့အားလုံး စိတ်တူသဘောတူ အသေအလဲ လုံးပမ်းနေကြတယ်။
ဒါဟာ အတွေးအခေါ်မှာ တူညီနေလို့ပဲ။
ဒီမှာ ပြောနိုင်တာက စစ်အုပ်စုမှာ အဓိကရန်သူ ပြောင်းတယ်ဆိုတာဟာ အတွေးအခေါ်ပြောင်းတာကို ပြတာမဟုတ်ဘူး။ သူတို့ရဲ့ စစ်အာဏာရှင် အတွေးအခေါ်ကနေ ပြဋ္ဌာန်းလို့ ပစ်မှတ်ပြောင်းတာပဲ။
နောက်တချက်က ဗိုလ်အောင်ကြီးလိုလူဟာ အဖွဲ့အစည်းပြောင်းပြီး လှုပ်ရှားပေမယ့်လည်း အတွေးခေါ်မပြောင်းဘူး။ ဒါတွေက အတွေးအခေါ်ရဲ့ အခြေခံကျမှုကို ဖော်ပြတယ်။
ရှစ်လေးလုံးမှာ အလျှော့ပေးလိုက်ရတဲ့ အတိုက်အခံတွေဟာ ရွေးကောက်ပွဲကျမှ သိစေမယ်ဆိုပြီး ချုံထဲမှာ ချို (ဂျို) သွေးခဲ့ကြတယ်။ ရွေးကောက်ပွဲလုပ်တော့ တကယ်လည်းနိုင်တယ်။ နိုင်တာမှအပြတ်အသတ်က ိုနိုင်တယ်။ ဒါပေမယ့် ဘာမှဖြစ်မလာသေးဘူး။ ဒီရွေးကောက်ပွဲနောက်ပိုင်း ၁၆ နှစ် ခရီးကို ပြန်သုံးသပ်နိဂုံးချုပ်ရင်လည်း အတွေးအခေါ်မပြတ်တာကိုပဲ ထပ်တွေ့ရတယ်။
တကယ်တော့ အတိုက်အခံတွေဘက်ကသာ မပြတ်တာ၊ သူတို့ဘက်က ပြတ်တယ်။ သိပ်ပြတ်တယ်။ သူတို့ကလည်း သေမြေကြီး ရှင်ရွှေထီးပဲ။ အတိုက်အခံတွေထဲမှာ အတွေးအခေါ်ရှူပ်ထွေးမှုတွေ ပေါ်တယ်။ နဝတ-နအဖထိပ်ပိုင်းမှာ အခုအထိ ဒါမျိုးမပေါ်သေးဘူး။
ဒါကြောင့် အတိုက်အခံအင်အားစုတွေဟာ အတွေးအခေါ်ပိုင်းကို အလေးထားရမယ်။ ဒီဘက်မှာ ဦးစားပေးလုပ်ကြရမယ်။ အတွေးအခေါ် ကြံ့ခိုင် သန်စွမ်းရေးကို လုပ်ငန်းတခုအဖြစ် သတ်သတ်မှတ်မှတ်လုပ်ရမယ်။ စည်းလုံးညီညွတ်မှုမှာလည်း အတွေးအခေါ်ကို အဓိကထားရမယ်။ အချင်းချင်း ဝေဖန်အကူအညီပေးတာမှာလည်း အတွေးအခေါ်ပိုင်းကို သတိထားကိုင်တွယ်ရမယ်။
ဒီလိုဆိုတဲ့အတွက် ပြဿနာတိုင်းကို အတွေးအခေါ် ပြဿနာလားဆိုတဲ့သံသယနဲ့ ချဉ်းကပ်နေဖို့ မဟုတ်ဘူး။ တစ်က ပြဿနာတခုဟာ အတွေးအခေါ် ပြဿနာလား၊ လုပ်နည်းကိုင်နည်းပြဿနာလား အရင်ခွဲခြမ်းစိပ်ဖြာရမယ်၊ စိပ်ဖြာတတ်ရမယ်။ မတူရင်မတူသလို ဖြေရှင်း ရမယ်။ အတွေးအခေါ်တူနေရင် စည်းလုံးညီညွတ်နိုင်ရမယ်။ အပြန်အလှန် အားပေးရမယ်။ အကူအညီပေးရမယ်။ လက်တွေ့လုပ်ငန်းမှာ မတူတာ၊ ကွဲတာလောက်နဲ့ ခွဲတဲ့အထိ မဖြစ်သင့်ဘူး။ အမှားတွေထဲက သင်ခန်းစာထုတ် ဆက်အတူလျှောက်ကြရမှာပဲ။ ရန်သူကို ဖြိုခွဲရာမှာလည်း အတွေးအခေါ်အရ သူတို့ပြောင်းလဲလာရေးကို အလေးထားရမယ်။
-ဗၾသ-
(၉၊ ၁၀၊ ၂၀၀၆)

(မီတူးလည်း မီတူးနဲ့ပါ)

0 comments
(မီတူးလည်း မီတူးနဲ့ပါ)
လုပ်ငန်းခွင်တွေမှာ လိင်မှုဆိုင်ရာ ထိပါးနှောင့်ယှက်မှုဖြစ်တာတွေကို အကြောင်းပြုပြီး မီတူးလှုပ်ရှားမှု ပေါ်လာတယ်။ တကယ်လည်း လုပ်ငန်းခွင်တွေမှာ လိင်မှုဆိုင်ရာ ထိကပါးရိကပါးတွေရှိနေတာ အမှန်ပဲ။ တချို့ဆို ကိုယ်ထိလက်ရောက်တွေပါ ပါတယ်။ ဘလက်ကာယပြုတာ ဆွဲလားရမ်းလားလုပ်တာ ဘာတာလောက်အထိတော့လည်း မဟုတ်ဘူးပေါ့။ ကာယိန္ဒြေပျက်လောက်အောင်ထိလုပ်တာ ကျနော့်ရှေ့တင်ဖြစ်ဖူးပါတယ်။ ဒီတုန်းက Me Too လှုပ်ရှားမှုကလည်း မပေါ်လာသေး အမေရိကန်စီးပွား ဆုတ်ဆိုင်းကနေလည်း နာလန်ပြန်မထူသေး(၂ဝ၁ဝ လောက်က)ဆိုတော့ ကိုယ့်အထက်ကလူက သရော်မော်ကားလာလုပ်လို့ သွားတိုင်မိရင် အလုပ်ပြုတ်မှာကြောက်ပြီး ကြိတ်မှိတ်အောင့်အည်း ခံလိုက်ရတဲ့သဘောနဲ့ ပြီးသွားတာတွေ့ခဲ့ဖူးပါတယ်။
ခုတော့ အမေရိကန်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပေါလာ(တကယ်က အိုဘားမား လက်ထက် သူ့ သမ္မတဒုတိယသက်တမ်း နောက်ဆုံး ၂ နှစ်မှာ စပြီး အလုပ်လက်မဲ့နှုန်းကျလာ၊ အလုပ်အကိုင်အခွင့်အလမ်း ပြန်ပေါ၊ အမေရိကန်စီးပွားရေး ပြန်နလန်ထူလာတာပါ)၊ လူတွေမှာ အလုပ်ရွေးချယ်စရာလည်း များလာ၊ Me Too အရှိန်နဲ့ဂယက်ကလည်း ကြီးလာဆိုတော့ ကာယကံ ဝစီကံတွေနဲ့ မဖွယ်မရာလုပ်လိုက်ရင်တော့ Sexual Harassment နဲ့ညိပြီး အလုပ်ပြုတ်သူတွေ လျော်ကြေးပေးရသူတွေ တရားစွဲထောင်ချခံရသူတွေ တပုံတခေါင်းရှိနေပါပြီ။ မိန်းမသားတွေဘက်ကလည်း ကိုယ့်အထက်ကလူက မထိမထိလာပြောလို့ နှုတ်လာသရမ်းလို့ အရင်လို ငုံ့ခံမနေတော့ပဲ သက်ဆိုင်ရာဌာနတွင်း/အလုပ်တွင်းမှာ တိုင်ကြားအရေးယူခိုင်းနေတာတွေ လုပ်နေပါပြီ။ ကောင်းတဲ့ဘက်ကို ရွေ့သွားတာလို့ လူအများက သဘောတူကြပါတယ်။ အလုပ်နဲ့လုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေ စိတ်လုံလုံခြုံခြံု ဘဝလုံလုံခြံုခြံုနဲ့ လုပ်လို့ကိုင်လို့ ပိုရသွားတာပါ။
တဘက်က အဲ့သလိုတွေးရင်း တဘက်ကနေလည်း သတင်းတွေကို အလျဉ်းသင့်သလို ကြည့်ဖြစ်ပါတယ်။ ဒီ လိင်ပိုင်းဆိုင်ရာ သရော်မော်ကားမှု ထိပါးမှုတွေဆို မီဒီယာတချို့ကလည်း တစ်တစ်ခွခွ အလုအယက် သူ့ထက်ငါ ဖော်ပြကြတာလည်းရှိပါတယ်။ အထူးသဖြင့် ဆယ်လီဘရစ်တီးစ်တွေနဲ့ပတ်သက်တဲ့ အမှုတွေဆို ပိုတောင်ဆိုးပါတယ်။ အညှီအဟောက်ကင်းပါတယ်ဆိုတဲ့ မီဒီယာကြီးတချို့တောင် နံမည်ကြီးတွေဖြစ်တဲ့အမှုဆို သတင်းထူးဖြစ်လို့ တင်ကြပါတယ်။ အဝါရောင် စာနယ်ဇင်းတွေကတော့ စည်းစောင့်တာ သိတ်မရှိလှပေမယ့် သတင်းသိက္ခာရှိတဲ့ မီဒီယာကြီးတွေကတော့ ထိန်းထိန်းသိမ်းသိမ်းတော့ ရှိပါတယ်။
မနက်က ဒေသအခြေခံရေဒီယိုသတင်းတခုမှာ Me Too လှုပ်ရှားမှုအကြောင်းတင်ဆက်ရင်း ပြောသွားတာမှာ ဘာပါလာသလဲဆိုတော့ ကုမ္ပဏီကြီးတွေ လုပ်ငန်းကြီးတွေနဲ့အေဂျင်စီကြီးတွေမှာ လူကြီး(အမျိုးသားတွေ)ရဲ့ အတွင်းရေးမှူးနေရာတွေမှာ အမျိုးသမီးငယ်တွေကို ခေါ်ယူခန့်ထားတာ လျော့ကျလာတဲ့အကြောင်း၊ အမျိုးသားတွေကို ခေါ်ယူခန့်ထားမှု တိုးလာတဲ့အကြောင်း၊ အရည်အချင်းအရ သိတ်လိုအပ်လို့ ဒီမိန်းကလေးကိုပဲ ခေါ်ရမယ်ဆိုလည်း တယောက်အစား ၂ ယောက် ခေါ်ယူတတ်ကြောင်း၊ တချို့နေရာတွေမှာဆို အတွေ့အကြုံလည်းရှိတဲ့ အသက်အရွယ်ကြီးရင့်သူ အမျိုးသမီးတွေကိုသာ ခန့်တော့ကြောင်း၊ စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်ကြတဲ့မိန်းမသား အရေအတွက်ဟာ ကျမသွားပေမယ့် လက်ရှိအလုပ်လက်မဲ့နှုန်းမှာတော့ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် ရာခိုင်နှုန်းအားဖြင် ပိုနေတာတွေ့ရကြောင်း စတာတွေကို ဝေဝေဆာဆာ တင်ပြသွားပါတယ်။
ကျနော်လည်း သတင်းနားထောင်ရင်း စဉ်းစားစရာတွေ ပေါ်ပါတယ်။ မိတ်ဆွေတို့လည်း စဉ်းစားစရာရနိုင်မလားတွေးမိပြီး ပြန်ပြောပြတာပါ။
မျိုးမြင့်ချို
ဇန္နဝါရီ ၁၇၊ ၂ဝ၂ဝ

Thursday, January 16, 2020

“အယူဝါဒဆိုင်ရာ” (ရဲဘော်ဖိုးသံချောင်း)

0 comments
“အယူဝါဒဆိုင်ရာ”
(ရဲဘော်ဖိုးသံချောင်း)
လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်လောက်က ထင်ပါတယ်။ ရှစ်လေးလုံးမျိုးဆက်ထဲက ထက်မြက်တဲ့ လူငယ်တယောက်နဲ့ ကျနော် တွေ့တော့ ကျနော်က ကျနော့်ခေါင်းထဲရှိတာကို အခုလိုပြောပြလိုက်ပါတယ်။
“ကျနော်တို့ ဗမာပြည်က ဒီမိုကရေစီအင်အားစုတွေဟာ ဒီမိုကရေစီရရှှိရေးအတွက် ရိုးရိုးသားသားနဲ့ တိုက်ပွဲသဏ္ဍာန်အမျိုးမျိုးဆင်နွှဲနေကြတာကတော့ အမှန်ပဲ။ ဒါပေမယ့် ဒီမိုကရေစီဆိုတဲ့ အယူအဆတခုထဲပေါ်မှာ ရပ်တည်ရုံနဲ့ ရှည်ကြာတဲ့တိုက်ပွဲလမ်းခရီးကို အဆုံးတိုင်တဲ့အထိ လျှောက်နိုင်မှာမဟုတ်ဘူး။ ဝါဒ (-ism) တခုခုကိုတော့ ကိုင်စွဲရမယ်ထင်တယ်”ဆိုတာပါ။
သူက ဘာမှ ပြန်မပြောပါဘူး။ ကျနော် ပြောတာက ရှင်းရှင်းလင်းလင်း မရှိလို့လား၊ သူက စိတ်မဝင်စားလို့လား၊ ဆန့်ကျင်ပြောရမှာ အားနာ လို့လား မသိပါ။ ကျနော်ကလည်း လူချင်းသိကာစမို့ အရမ်းဖိမပြောပါ။ သူ့ကိုအကဲခတ်ရင်းသာ တလှမ်းချင်း လှမ်းသလို ပြောရတာဆိုတော့ ဒီအကြောင်းဟာ အဲဒီမှာပဲ ပြတ်သွားပါတယ်။ ဒါပေမယ့် ဒီစဉ်းစားမှုကတော့ ကျနော့်ခေါင်းထဲမှာ တောက်လျှောက်စွဲနေပါတယ်။
ကျနော်ဆိုလိုတဲ့အဓိပ္ပာယ်က ဒီလိုပါ။ နိုင်ငံရေးလုပ်ငန်းဆိုတာ နိုင်ငံရေးသမားတွေချည်း လုပ်တာ မဟုတ်ဘူးဆိုတဲ့စကားဟာ မှန်ပါတယ်။ သံဃာ၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ ဆိုက္ကားသမား၊ အိမ်ရှှိင်မ၊ ဘယ်သူမဆို အချိန်အခါအလိုက် အနည်းနဲ့အများ လုပ်ကြတာ ချည့်ပါပဲ။ ရွေးကောက်ပွဲမှာ မဲပေးတယ် ဆိုတာကိုက နိုင်ငံရေးလုပ်ရပ်တခုပါ။ ဒါပေမယ့် သူတို့ဟာ နိုင်ငံရေးကို စွဲစွဲမြဲမြဲလုပ်သူတွေ မဟုတ် ပါဘူး။ သူတို့ဟာ သူတို့ယုံကြည်ချက်တရပ်ကို တကွက်ဖော်ပြတာပါ။ ဒါဆိုရင် သူတို့တာဝန်ကျေပါတယ်။
ဒါပေမယ့် နိုင်ငံရေးသမား၊ တော်လှန်ရေးသမား ဆိုသူတွေကျတော့ တခါ တကွက် ဖော်ပြတယ်ဆိုတာနဲ့ မပြီးပါဘူး။ သူ့တာဝန် မကျေပါဘူး။ သူ့တာဝန်ဟာ အရေးတော်ပုံကြီးကို အောင်မြင်တဲ့အထိ သယ်ဆောင်သွားဖို့ ဖြစ်ပါတယ်။ ဒီလိုသယ်ဆောင်သွားဖို့ဆိုရင် ဒီမိုကရေစီ တောင်းတာဟာ တရားတယ်ဆိုတဲ့အသိလေးလောက်နဲ့ မဖြစ်ပါဘူး။ ပြဿနာကို သေသေချာချာ၊ ခြေခြေမြစ်မြစ် လေ့လာကြည့်ရင် ဒီမိုကရေစီဆိုတာဟာ အုပ်ချုပ်မှုအဆောက်အအုံရဲ့ တခန်းတကဏ္ဍသာဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။ အစိုးရတရပ်ရဲ့ ပေါ်လစီများစွာထဲက တခုသာဖြစ်ပါတယ်။ နောက်ပြီး ဒီပေါ်လစီဟာ တခြားပေါ်လစီတွေနဲ့ ဆက်နေတယ်ဆိုတာလည်း တွေ့ရပါလိမ့်မယ်။ သူ့ချည်းသတ်သတ် ခွဲထုတ်ကြည့်လို့ မရပါဘူး။ တနည်း၊ သူ့ချည်းသတ်သတ် ဖြေရှင်းလို့မရပါဘူး။ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ရမှာဟာ အင်မတန် ကျယ်ပြန့်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
ဒီလို ကျယ်ပြန့်၊ ခက်ခဲ၊ ရှည်ကြာတဲ့တိုက်ပွဲစ ဉ်ကြီးတခုကို ဇွဲရှိရှိတိုက်ဖို့ဆိုရင် ဒီမိုကရေစီလိုချင်တယ်ဆိုတဲ့ အသိလေးလောက်နဲ့ ကြံ့ကြံ့မခံနိုင်ပါဘူး။ မြဲမြံတဲ့အယူဝါဒတခု ခိုင်ခိုင်မာမာရှိရပါမယ်။ ဒီလိုဆိုတဲ့အတွက် မာ့က်စ်ဝါဒကို ယုံရမယ်လို့ဆိုတာ မဟုတ်ပါဘူး။ ပြည်ချစ်ဝါဒပဲဖြစ်ဖြစ်၊ အရင်းရှင်ဝါဒပဲဖြစ်ဖြစ်၊ ခေတ်သစ်အယူဝါဒတွေပဲဖြစ်ဖြစ်၊ စစ်ဝါဒသာ မဟုတ်ရင် ဖြစ်ပါတယ်။ လူတယောက်မှာ ဒီလို ခိုင်မာတဲ့အယူဝါဒတခုရှိမှသာ သူဟာ သူ့အယူဝါဒရဲ့ခံယူချက်နဲ့အတူ လူ့အဖွဲ့အစည်းရဲ့ပြဿနာတွေကို ချ ဉ်းကပ်မယ်၊ ဖြေရှင်းဖို့ကြိုးစားပါမယ်။
ဒီနေရာမှာ စပ်မိလို့ပြည်ချစ်ဝါဒ-မျိုးချစ်ဝါဒအကြောင်း ပြောချင်ပါတယ်။ ပြည်ချစ်ဝါဒဟာ မျိုးချစ်ဝါဒ မဟုတ်ပါဘူး။ ပြည်ချစ်ဝါဒမှာ လူတန်းစားအခြေခံရှိပြီး မျိုးချစ်ဝါဒမှာတော့ လူမျိုးရေးအခြေခံပဲ ရှိပါတယ်။ စစ်ဝါဒ၊ ဖက်ဆစ်ဝါဒတို့က လူမျိုးရေးဝါဒ ကျင့်သုံးပါတယ်။ ရှော်ဗင်ဝါဒဟာ လူမျိုးရေးဝါဒပါပဲ။ ဟစ်တလာနာဇီဝါဒက ဂျူး ၆ သန်းကို မီးလောင်တိုက်သွင်းခဲ့တာတွေ၊ သတ်ဖြတ်ခဲ့တာတွေဟာ လူမျိုးရေးဝါဒက လာတာပါ။
ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင်က လက်ဝဲပညာတတ် အသိုင်းအဝိုင်းမှာ ရယ်စရာလိုလို၊ အတည်ပေါက်လိုလိုအပြောတခု ရှိဖူးပါတယ်။ အဲဒါက “ကမ္ဘာကြီးကိုကိုင်လှုပ်တာ ‘ဂျူး ၃ ယောက်’ တဲ့။ ဂျီစပ်စ် (သခင်ယေရှူ)ရယ်၊ မာ့က်စ်ရယ်၊ အိုင်းစတိုင်းရယ်”ဆိုတာပါ။ ဟစ်တလာရဲ့ ခေါင်းထဲမှာ ဂျူးရယ်၊ ကွန်မြူနစ်ရယ်ကြောင့် ဂျာမဏီက ပထမကမ္ဘာစစ်မှာ စစ်ရှုံးတာလို့ အသေစွဲနေပါတယ်။ ဒါကြောင့် ဒုတိယကမ္ဘာစစ်နိုင်ဖို့ ဂျူးနဲ့ကွန်မြူနစ် အပြတ်ရှင်းတာပဲ။
ဗမာပြည်က နဂါးနက်ဂိုဏ်းနဲ့ နဂါးနက်ဝါဒဟာ ဂျပန်မှာမြစ်ဖျားခံပေမယ့် ဗမာပြည်မှာ စျေးကွက်ရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မတိုင်မီက ဗမာလူငယ် တော်တော်များများ စိတ်ဝင်စားဖူးပါတယ်။ သူ့အနှစ်သာရက မွန်ဂိုနွယ်၊ လူဝါမျိုးတွေ တခေတ်ဆန်းရေး၊ ကမ္ဘာကိုစိုးမိုးရေးပါပဲ။ ဒါကို အဝါရောင်အန္တရာယ် Yellow Peril လို့ လူဖြူတွေကပြောကြပါတယ်။ မဆလ စစ်အုပ်စု ကြီးစိုးတဲ့ခေတ်တုန်းက စစ်အုပ်စုအာဏာပိုင် တချို့ကို ဂျပန်နဂါးနက်ဂိုဏ်းက လာပြီးစည်းရုံးခဲ့ဖူးတယ်။ သူတို့ချင်း အဆက်အသွယ်လုပ်ဖို့က မခက်ဘူးမဟုတ်လား။
ဝါဒလို့ဆိုတော့ တကယ်ပဲ ‘ဝါဒ’ တွေက များပါတယ်။ ‘ဝါဒ’ တိုင်းမှာ လူမျိုးရေးအခြေခံသော်လည်းကောင်း၊ ပထဝီ အခြေခံသော် လည်းကောင်း၊ လူတန်းစားအခြေခံသော်လည်းကောင်း ရှိကြပါတယ်။ ‘ပြည်ချစ်ဝါဒ’ဟာ ပထဝီအခြခံနဲ့ လူတန်းစားအခြေခံ ပေါင်းထားတဲ့ဝါဒပဲ။ နအဖရဲ့လူမျိုးရေးအခြေခံတဲ့မျိုးချစ်ဝါဒကို ဆန့်ကျင်ဖို့၊ နယ်ချဲ့အန္တရာယ်ကိုဆန့်ကျင်ဖို့၊ နယ်မြေတည်တံ့ပြည့်စုံမှုကို ကာကွယ်ဖို့ ပြည်ချစ်ဝါဒကို ကိုင်စွဲရတာ ဖြစ်တယ်။
မျိုးချစ်ဝါဒဆိုရင် ကျ ဉ်းမြောင်းပါတယ်။ ဘယ်လူမျိုးကို ချစ်ရမလဲဆိုတဲ့ပြဿနာရှိတယ်။ ဗမာက ဗမာလူမျိုးချစ်ရင်၊ ရှမ်းက၊ ကရင်က၊ ကချင်က၊ ဝ’က၊ ပအိုဝ်း၊ ပလောင်၊ ဓနု၊ အင်းသားတွေကလည်း သူတို့လူမျိုးသူတို့ချစ်မှာပါပဲ။ ဒါက တိုင်းရင်းသားတွေကို ပြောတာပါ။ ဒါ့အပြင် တရုတ်၊ ကုလားကလည်း သူ့လူမျိုးချစ်မှာ ဓမ္မတာပါပဲ။ ဒါဆိုရင် နိုင်ငံတခုမှာ ဒီလိုလူမျိုးစုံ ဘယ်လိုလုပ်ပြီး အတူတွဲပြီး နေနိုင်ကြမလဲ။ ကွဲအက်မယ်။ ခွဲထွက်မယ် တကဲကဲဖြစ်မှာပါ။ ဗမာလူမျိုးကြီးဝါဒီ ဗမာစစ်အုပ်စုကလည်း အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့ အလံထူပြီး အတင်းဖိနှိပ်မှာပဲ။ အဖိခံရတဲ့လူမျိုးကလည်း မနိုင်ရင် နိုင်တာနဲ့ ကိုင်မှာပါပဲ။
အရှေ့တောင်အာရှမှာရှိတဲ့ ခေတ်သစ်နိုင်ငံတိုင်းဟာ လူဖြူနယ်ချဲ့သမားတွေ စည်းရုံးပေးထားခဲ့တာချည်းပါ။ အမျိုးသားနိုင်ငံရယ်လို့ ဖြစ်လာအောင် ဥရောပတိုက်ကနေ ဗဟိုချုပ်ကိုင်မှုနဲ့ ထူထောင်ခဲ့တာချည်းပါ။ ပဒေသရာဇ်ခေတ်ကနေ အရင်းရှင်ခေတ်ရောက်အောင် လုပ်ပေးခဲ့တာချည်းဖြစ်ပါတယ်။ အဆုံးထိအရောက် ပို့မပေးနိုင်ခဲ့တာတော့ တပိုင်းပေါ့။ နယ်ချဲ့သမားတွေက မတတ်သာလို့ လွတ်လပ်ရေး ပေးရတော့ တက်ကြွတဲ့ လှုပ်လှုပ်ရှားရှား လုပ်နေတဲ့ နိုင်ငံရေးအင်အားစုကို အာဏာလွှဲပေးခဲ့ရတာချည်းပါပဲ။ ဗမာတွေလက် အာဏာအပ်ခဲ့ရတာ မလေးတွေ၊ ဂျားဗားတွေ၊ ဗီယက်နမ်တွေလက် အာဏာအပ်ခဲ့ရတာမျိုးချည်း ဖြစ်ပါတယ်။ ဒီတော့ ဒီပြဿနာကို ကောင်းအောင်ဖြေရှင်းကြရမှာပါ။ ဒီပြဿနာကို လူမျိုးရေးဝါဒနဲ့ရှင်းလို့ မရဘူး။ ပြည်ချစ်ဝါဒနဲ့ပဲရှင်းနိုင်ပါတယ်။ မရှင်းနိုင်ရင်တော့ အညှီရှိရင် ယင်အုံမှာပဲ။
တဆက်ထဲမှာ ပြောချင်တာက စစ်အစိုးရအပါအဝင် တချို့လူတွေ ပြောလေ့ရှိတဲ့ “အယူအဆအစွဲ ကင်းရမယ်”၊ “ပါတီစွဲ မရှိရဘူး” ဆိုတာတွေကို စဉ်းစားပြီး တွန့်ဆုတ်နေရင် မှားပါတယ်။ အဲဒီစကားလုံးတွေဟာ တပ်ပေါင်းစု လုပ်ငန်းအတွက် ပူးတွဲလုပ်ကိုင်တဲ့မူနဲ့သာ ဆိုင်ပါတယ်။ နေရာတကာ အသုံးချရမယ့် စကားရပ်တွေ မဟုတ်ပါဘူး။ အဲဒီစကားမျိုးတွေကို အများဆုံးပြောတဲ့ ဗမာပြည်က စစ်အုပ်စုဟာ အနာဂတ်အစိုးရမှာ စစ်တပ်ကို လွှတ်တော်မှာ နေရာလေးပုံတပုံ ပပးရမယ်လို့ပြောနေတယ် မဟုတ်လား။ ဒါကမှ တကယ့်ကို စစ်တပ်စွဲ၊ ဂိုဏ်းဂဏစွဲ၊ မရိုးသားတဲ့ လုပ်ရပ်ပါ။
လူတချို့ကတော့ ငါဟာ ဘယ်ပါတီဝင်မှ မဟုတ်ဘူးကွ၊ ဒီမိုကရေစီကို ရိုးရိုးသားသား ယုံကြည်လို့တိုက်ပွဲဝင်နေတာဆိုပြီး သူ့အယူအဆကိုသူ ဂုဏ်ယူပြောတတ်ပါတယ်။ သူ တကယ်ပဲ ရိုးရိုးသားသားပြောတာပါ။ အခုကျနော်ပြောနေတာက ပါတီဝင်ဖို့ မဟုတ်ပါဘူး။ ပါတီအသင်းအဖွဲ့တွေထဲကို ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ၊ တိကျခိုင်မာတဲ့ဝါဒတရပ် ကိုင်စွဲထားဖို့လိုကြောင်း ပြောနေတာပါ။
အဲဒီလို တသီးပုဂ္ဂလရပ်တည်ပြီး ကိုယ့်မူဝါဒအပေါ်မှာ ကြံ့ကြံ့ခိုင်ရပ်တည်နေသူတွေ ဗမာပြည်မှာ ပြည့်လို့ပါ။ ဒဂုန်တာရာ၊ ဒေါက်တာသန်းထွန်း၊ လူထုဦးစိန်ဝင်း၊ သူတို့ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းထဲမှာမှ မပါဝင်ကြပါဘူး။ မဆလလည်း မဝင်ခဲ့ဖူးပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ကြံ့ခိုင်တဲ့ ရပ်တည်မှုကြောင့် ပြည်သူတွေ အားတက်ရတယ် မဟုတ်ပါလား။ သူတို့မှာ မူနဲ့အယူဝါဒတော့ အတိအကျရှိပါတယ်။
တကယ်တော့ ဒီမိုကရေစီဟာ ဝါဒမဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာကို လစ်ဘရယ်ဝါဒသမားက အဓိပ္ပါယ်တမျိုးဖွင့်မယ်။ ကွန်မြူနစ်က တမျိုးဖွင့်မယ်။ ကျန်တဲ့ဝါဒတွေကလည်း အမျိုးမျိုးဖွင့်ကြမှာပါ။ ပဒေသရာဇ်ဝါဒကလည်း အဓိပ္ပါယ်တမျိုးနဲ့ကျင့်သုံးခဲ့တာပါ။ သီပေါမင်းဟာ လွှတ်တော်ဝန်ကြီးတွေရဲ့ ဒီမိုကရေစီနဲ့ မဲပေးရွေးခြယ်ခဲ့ကြလို့ မင်းဖြစ်လာတာပဲ။ မင်းတုန်းမင်းကနေ သတင်းစာဆရာကြီး ဖိုးဝဇီရကို ပြောခဲ့တဲ့စကားလည်း အားလုံးမှတ်မိကြတာပါ။ ကျွန်စနစ်ထွန်းကားတဲ့ ခေါမဒီမိုကရေစီလည်း ဒီလိုပါပဲ။ ဘယ်ဒီမိုကရေစီမှာမဆို ဘယ်လူတန်းစားက ဘယ်လိုကျင့်သုံးနေသလဲဆိုတဲ့မေးခွန်း မေးရမှာချည်းပါ။ စစ်အုပ်စုဟာ သူ့အသိုင်းအဝိုင်းကိုတော့ ဒီမိုကရေစီ ပေးထားတယ်ဆိုတာ မေ့လို့မဖြစ်ပါ။ ဗိုလ်စိန်လွင်ကို ၁၈ ရက်နဲ့ ဖြုတ်ခဲ့တာ အဒီ ဒီမိုကရေစီနဲ့ပါပဲ။
ပြန်ချုပ်ပြောရရင် ဒီမိုကရေစီ အရေးတော်ပုံကြီးအတွက် ရေရှှည်တိုက်ပွဲဝင်ကြသူတွေဟာ ခိုင်မာတဲ့အယူဝါဒတခုကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ဖို့ လိုပါတယ်။ ပိုပြီးခြေခြေမြစ်မြစ်၊ ကျယ်ကျယ်ပြန့်ပြန့် လေ့လာလိုက်စားကြဖို့လိုပါတယ်။
အခုတင်ပြခဲ့တာတွေဟာ ကျနော့်ခေါင်းထဲမှာ ရှိတာတွေပါ။ စာဖတ်သူများအတွက် ဦးဏှောက်လှုပ်ရှှားစရာအကြောင်းအရာတခု ပေးတယ်လို့သာ ယူဆစေချင်ပါတယ်။
ရဲဘော်ဖိုးသံချောင်း

(သုမောင်ကို ပြန်ခံစားခြင်း)

0 comments
(သုမောင်ကို ပြန်ခံစားခြင်း)
ကျနော် သုမောင် ဝတ္ထုတိ ၁ဝဝ ကိုဖတ်မည့်အကြောင်း ဟိုတနေ့ကပြောခဲ့ပါသည်။ သုမောင်သည် ကျနော်ကြိုက်သော ဝတ္ထုတိုရေးဆရာဟုလည်း ပြောခဲ့ပါသည်။ သူ့ကို ယခုထိလည်း ကျနော်ကြိုက်နေတုန်းဖြစ်ကြောင်းလည်း ပြောခဲ့ပါသည်။
သည်တုန်း ကျနော် မဆင်မခြင်ပြောမိမှန်း ကိုယ့်ဘာသာကိုယ် သတိမထားမိခဲ့ပါ။ ဟိုတုန်းက ဖတ်ခဲ့စဉ် ကြိုက်သည့်အကြိုက်ကို ယခုထက်ထိကြိုက်တုန်းဟုထင်ကာ ကြိုက်နေတုန်း ဖြစ်သည်ပြောခဲ့ခြင်း ဖြစ်မှန်း ခုမှ သိလိုက်ရပါသည်။ ကျနော် ဟိုနေ့က သုမောင်ကိုကြိုက်နေတုန်းဟု ပြောသည့်အချိန်တွင် သုမောင် ဝတ္ထုတို ၁ဝဝ ကို မဖတ်ရသေးပါ။ နောက်ဆုံးဖတ်ခဲ့ရသည့် သုမောင်ဝတ္ထုတိုမှာ ၁၉၈၈ ခု ဇန်နဝါရီလလောက်ကဖြစ်ပါလိမ့်မယ်။ သိတ်တော့ မသေချာပါ။ ထောင်ထဲ ခိုးဖတ်ခဲ့ရသည်များတွင် သုမောင်ဝတ္ထုတပုဒ်မှ မပါတာတော့ သေချာပါသည်။ ကျနော်တို့ခေတ်တုန်းက ထောင်ထဲတွင် စာခိုးဖတ်ရပါသည်။ ICRC ဝင်ပြီးနောက်တွင်သော်မှ ဘာသာရေးနှင့်ဆိုင်သည့်စာအုပ်များနှင့် ဘာသာရေးစာအုပ်တွေလောက်ပဲ တရားဝင်ရပါသည်။

ထောင်ကလွတ်တော့လည်း သုမောင်တွေမဖတ်ဖြစ်ပါ။ ထိုင်းရောက်တော့ သုမောင်ရော အခြားရသစာတွေပါ မဖတ်သလောက်ဖြစ်သွားပါသည်။ ဒုက္ခသည်စခန်းမှာ သစ်ကောင်းအိမ်တို့ ရဲထွန်းဦးတို့နှင့်အတူ စာကြည့်တိုက်လေးလုပ်တော့ ရသစာပေနည်းနည်း ပြန်ဖတ်ဖြစ်ပါသည်။ အမေရိကန်ရောက်တော့ စာ ပြန် ပို ဖတ်ဖြစ်ပါသည်။ သမိုင်းစာအုပ်တွေ သမိုင်းနောက်ခံဝတ္ထုရှည်ကြီးတွေနှင့် ခေတ်ပြိုင်သမိုင်းစာအုပ်တွေ များပါသည်။
ဗမာပြည်ကမိတ်ဆွေများ အလျဉ်းသင့်သည့်အခါပို့သည့်စာအုပ်များ သို့မဟုတ် ကျနော်မှာသောစာအုပ်များမှာလည်း နိုင်ငံရေးတွေ သမိုင်းတွေ ဒဿနတွေ သမိုင်းနောက်ခံ ရသဝတ္ထုရှည်ကြီးတွေချည်းဖြစ်ပါသည်။ ရသစာပေသက်သက် အလွန်နည်းပါသည်။ ထို့ကြောင့် သုမောင်စာတွေလည်း မဖတ်ဖြစ်တော့ပါ။ မဖတ်ဖြစ်သဖြင့် ဟိုတုန်းကလိုပဲကြိုက်နေသေးသည်ဟု ကိုယ့်ဘာသာထင်နေခြင်းဖြစ်ပါသည်။ ဘာနှင့်တူသလဲဆိုတော့ အညာနေတုန်းက ကျေက်စရစ်ကုန်းမှ ထန်းဖိုဦးရည်ကို မြေပဲခင်းထဲက ဆူဖြိုးလှသည့် လယ်ကြွက်ကြီးများကို မကျက်တကျက်ကင်ကာ နောက်ဆုံးမြည်းခဲ့ရသည့်အရသာကို ယခုတိုင် စိတ်ထဲစွဲနေသလို ခုနေ ပြန်စားရမြည်းရလျင်လည်း ဟိုတုန်းကလိုကောင်းမှာပဲဟု ထင်နေခြင်းဖြစ်ပါသည်။

ကျနော်တို့ လမ်းထိပ်တွင် ဖဆပလ ခေတ် ဝန်ထောက်ကတော်ကျ အမျိုးသမီးကြီး တယောက်ရှိပါသည်။ ဖဆပလ ခေတ်ပျက်သွားသဖြင့် သူ့လည်းအထည်ကြီး ပျက်ဟုပြောရမည်လား မသိပါ။ ဘာမှပြောင်ပြောင်ရောင်ရောင် မရှိတော့ပေမယ့် အစိတ်သားလောက်ကြက်ကလေးတကောင်ဝယ်လာပြီး တခြမ်းကို ရို့စ်လုပ်ပြီး တခြမ်းကို Soup လုပ်သောက်လိုက်တယ်လေဟု ရွှေလက်ကောက်အတုကြီးတွေကို တချွင်ချွင်ခါရင်း အိမ်နီးပါးခြင်းတွေကို ခေါင်းကလေးမော့ကာမော့ကာ ပြောတတ်သူ ဖြစ်ပါသည်။ သမီးတွေချည်း အပြိုင်းအရိုင်းမွေးထားပြီး သမီးတွေနည်းတူ ခေတ်ဆန်ဆန် ဆတ်ကော့လတ်ကော့လည်း ဝတ်တတ်စားတတ်ပါသည်။ စကားပြောလျှင် အင်္ဂလိပ်လိုတွေလည်း တခွန်းစနှစ်ခွန်းစ ညှပ်ညှပ်ပြောတတ်ပါသည်။ မင်းတို့အန်ကယ်လ်ရှိတုန်းကဆိုရင်လေ ဆိုရင်လေတွေလည်း ပြောတတ်ပါသည်။ တကယ်က သူပြောသည့် မင်းတို့အန်ကယ်လ်ကို ကျနော်အပါအဝင် တလမ်းတည်းနေ ဘယ်သူမှလည်း မမြင်ဖူး မသိဖူးကြပါ။

ထိုအမျိုးသမီးကြီး ကျနော်တို့လမ်းထိပ်သို့ပြောင်းလာချိန်တွင် သူ့အသက်မှာ ၆၅ ခွန်နှစ်ဆယ်ခန့်ရှိမည်ထင်ပြီး ကျနော့်အသက်မှာ ၁၅ နှစ်ခန့်ရှိပါသည်။ သူသည် စာအုပ်အငှားဆိုင်များမှ ဝတ္ထုစာအုပ်များ အမြဲလိုလို ငှားငှားဖတ်ပါသည်။ စီးကရက်တော့ မသောက်ပါ။ တနေ့ ကျနော်လည်း စာအုပ်ငှားဖို့အသွား သူနှင့် စာအုပ်ဆိုင်တွင်ဆုံဖြစ်ပါသည်။ အငှားဆိုင်ရှင်သူငယ်ချင်းက လက်မအားသဖြင့် ထိုအန်တီကြီး အငှားစာအုပ်စာရင်း ကျနော့်သွင်းခိုင်းပါသည်။ ကျနော် သွင်းပေးလိုက်ပါသည်။ သူဖတ်သည့် စာအုပ်များမှာ ဆွေလှိုင်ဦးတို့၊ ယုဝတီခင်စိန်လှိုင်တို့အပြင် နေနွယ်ဇင်မြင့်တို့ဖြစ်ပါသည်။ သူ ဘယ်အရွယ်အထိ ထိုစာရေးဆရာတို့၏စာအုပ်များဖတ်သွားသည်ကို ကျနော်မသိသော်လည်း သူ့အသက်ဖြင့်မီလျှင် လမင်းမိုမိုတို့ လွန်းထားထားတို့ဘာတို့တွေပါ ဖတ်သွားလိမ့်မည်ထင်ပါသည်။
ကျနော်အခု သုမောင် ဝတ္ထုတို ၁ဝဝ ကို ဖတ်နေသည်မှာ တဝက်ကျော်ကျော်ကျိုးပါပြီ။ ဖတ်ပြီးသားတွေလည်း မနည်းပါပါသည်။ 

ဖတ်ရင်းနှင့် စာအုပ်ဘေးချပြီး ဖေ့စ်ဘွတ်ခ်တက်လိုက် ခွေးလေး ၂ ကောင်ကို စလိုက် ကြက်ကလေးတွေ အစာထွက်ကျွေးလိုက် ရေနွေးတည်လိုက် ကော်ဖီဖျော်လိုက် ဈေးဝယ်စာရင်းရေးလိုက် အိမ်သာတက်လိုက် ခေါင်းဖြီးလိုက် ရေချိုးခန်းဝင်လိုက်တွေဖြစ်နေပါသည်။

ဟိုတုန်းကဆို ဆိုလျှင် ထိုင်ရာမထဖတ်ဖြစ်မှာ သေချာပါသည်။ လူတွေ အကြိုက်ပြောင်းသွားကြသည်မှာ အသက်နှင့်မဆိုင်ဟုထင်ပါသည်။
မျိုးမြင့်ချို
ဇန္နဝါရီ ၁၆၊ ၂ဝ၂ဝ

Monday, January 13, 2020

(ဒီတုန်းက ဒါ့ကြောင့်ကွဲတယ်)

0 comments
(ဒီတုန်းက ဒါ့ကြောင့်ကွဲတယ်)
ပညာ့အလင်း၊ မြန်မာ့အလင်း၊ သူရိယစတဲ့ သတင်းစာများကွဲသွားကြပုံကို ဦးစိန်(ဗန္ဓုလဦးစိန်)က နိုင်ငံရေးနောက်ခံကားချပ်နဲ့ကပ်ပြလိုက်တယ်။ ၁၉၁၇ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့မှာ အိန္ဒိယအတွင်းဝန်မွန်တေဂူက အိန္ဒိယကို တာဝန်ခံအုပ်ချုပ်ရေး တစတစတိုးပေးမည့်အကြောင်း ကြေညာလိုက်တယ်။ သည်တော့ ဝိုင်အမ်ဘီအေထဲမှာ လူကြီးနှင့်လူငယ် နှစ်ပိုင်းကွဲသွားတယ်။ တူ-သာ-သင်း ဆိုတဲ့လူကြီးအပိုင်းကတော့ နိုင်ငံရေးတောင်းဆိုချက်တွေဘာတွေ မလုပ်ပဲ ကင်းကင်းရှင်းရှင်း ငြိမ်ငြိမ်သက်သက်နေရေးဖြစ်တယ်။ လူငယ်ပိုင်းကတော့ အိန္ဒိယတိုးတက်မှုရလျှင် မြန်မာလည်း ရရမယ်။ တာဝန်ခံအုပ်ချုပ်ရေးရအောင် နိုင်ငံရေးလုပ်ရမယ်စသည်ဖြင့်ဆိုပြီး ဝိုင်အမ်ဘီအေကို နိုင်ငံရေးလှုပ်ရှားမှုထဲ သွင်းလိုက်ကြတယ်။
ပညာ့အလင်းသတင်းစာက လူကြီးပိုင်းကိုထောက်ခံတယ်။ (ပညာအလင်းဟာ တခါတုန်းက ဦးရွှေကြူးပိုင်တယ်။ နောက် ဦးတင်ဆိုသူ ပိုင်တယ်။ ဆရာသင်သတ်မှုအတွက် ဦးတင်အဖမ်းခံရပြီး (ပညာ့အလင်း) ပျက်သွားတယ်။
သူရိယနှင့်မြန်မာ့အလင်းက လူငယ်ပိုင်းကိုထောက်ခံတယ်။
သတင်းစာအုပ်စုနှစ်ခုဟာ အပြန်အလှန်အတိုက်အခံရေးပြီး နိုင်ငံရေးတိုက်ပွဲမှာပါဝင်ဆင်နွှဲကြတယ်။
အချို့ သမိုင်းပြုစုသူတွေဟာ ဒီ နိုင်ငံရေးနောက်ခံကားချပ်ကိုချန်ထားပြီး သတင်းစာအချင်းချင်း အဓိပ္ပါယ်မရှိ တိုက်ခိုက်နေကြလေဟန်၊ မြန်မာ့အလင်းအယ်ဒီတာချုပ်ဆရာသင်ဟာ အကြောင်းမရှိအသတ်ခံသွားရလေဟန် ရေးခဲ့ကြတယ်(စာပေဗိမန်ထုတ် စွယ်စုံကျမ်းအတွဲမှ ဦးအံ့မောင်ရဲ့ မြန်မာသတင်းစာများအကြောင်းကို သာဓကဆောင်ထားတယ်)
ထိုစဉ်က လူငယ်ပိုင်းကို ကိုယ်စားပြုပြီး မြန်မာ့အလင်းသတင်းစာမှ ဆရာသင်က လူကြီးဂိုဏ်းသား လွတ်လပ်ရေးမာန်နတ်တွေ၊ အစိုးရရဲ့ အလိုတော်ရိ ငို့ဘခေါင်းညိတ် ပုတ်သင်ညိုတွေကို ဆော်ပါ နှက်ပါလေရော။
ဦးတင်ရဲ့ ပညာအလင်းကတော့ ဂျင်ဂျာပုလင်း ဆူတာပွက်တာလို လူကြီးများဘက်မှ ရေးခဲ့သားခဲ့တယ်။
ဒီလို တိုက်ပွဲဆင်နွှဲနေကြချိန်မှာ မြန်မာ့အလင့်အယ်ဒီတာချုပ်ဆရာသင်ဟာ အသတ်ခံခဲ့ရတယ်။ နေရာကတော့ ပန်းဆိုးတန်းထိပ် ဘူတာရုံကြီးရှေ့ဖြစ်ပါတယ်။ အငှားတရားခံကတော့ လူမိုက်ကြီးငမိုးဆိုသူ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းကစပြီး လူမိုက်ကို ငမိုးလို့ခေါ်ကြတယ်။
သတင်းစာဆရာကို လူမိုက်ငှားသတ်သူ တရားခံအစစ်ဘယ်သူလဲ။ သတင်းစာတွေရဲ့လွတ်လပ်ခွင့်ကို ဘယ်သူကဖျက်ဆီးနေသလဲ။
ဒါတွေကို ပြည်သူပြည်သားအများအပြား စဉ်းစားကြတယ်။ ဆွေးနွေးကြတယ်။ စုပေါင်းကာကွယ်ရန် စီစဉ်ကြတယ်။ သည်လိုနှင့် သူရိယ၊ မြန်မာ့အလင်း၊ ဗန္ဓုလ၊ ကြယ်တံခွန်၊ မီးဒုတ်၊ လစ်ဘာတီစတဲ့ သတင်းစာဂျာနယ်တို့ဟာ သတင်းစာဆရာအသင်းတည်ထောင်ရန် ပထမဆုံးအကြိမ် ကြိုးပမ်းခဲ့ကြတယ်။
စာပေလုပ်သားများရဲ့ စည်းရုံးလှုပ်ရှားမှုသမိုင်းကိုပြောကြတဲ့အခါမှာ အင်္ဂလိပ်စာရေးဆရာကြီး အိပ်ချ်ဂျီဝဲလ် မြန်မာပြည်ရောက်လာချိန် ၁၉၃၈ ခုနှစ်၊ စာနယ်ဇင်းသမားများ စာရေးဆရာများစုစည်းမိကြခြင်းကို သမိုင်းအစအဖြစ် ပြောသူပြောကြတယ်။ ဂျပန်ခေတ်မှာ ဂျပန်စစ်တပ်ထဲပါလာတဲ့ ဂျပန်စာရေးဆရာ တကာမီ ကပဲစတင်စည်းရုံးပေးခဲ့လေဟန် ပြောသူပြောကြတာပဲ။
ဗန္ဓုလဦးစိန်ရဲ့တင်ပြချက်ဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ နိုင်ငံရေးနောက်ခံကားချပ်နှင့်ဟပ်ပြီး တင်ပြချက်ဖြစ်ပြီး သဘာဝယုတ္တိရှိတယ်။ အခြေခံသဘောဆောင်တယ်။
(သိန်းဖေမြင့်ရဲ့ သူတို့ခေတ်၊ သူတို့အတိတ်၊ သူတို့ရိပ် ထဲမှ ဗန္ဓုလဦးစိန်အကြောင်း ဆောင်းပါးမှ ထုတ်နှုတ်ပါသည်)

(ဘယ်သူ့ ဆရာ မွေးသလဲ)

0 comments
(ဘယ်သူ့ ဆရာ မွေးသလဲ)
အစိုးရတခုကတခုကိုပြောင်းသည့်အခါ သို့မဟုတ် အာဏာရအုပ်စုတစုမှတစုသို့ပြောင်းသည့်အခါ ပြည်တွင်း၌ လက်ဝေခံများ မွေးမြူရကြောင်းကို အများသိကြသလို ကျနော်လည်းပြောဖူးပါသည်။
ထိုအစိုးရသစ် သို့မဟုတ် အာဏာရအုပ်စုသစ်သည် ပြည်တွင်း၌ လက်ဝေခံများမွေးမြူရသလို ပြည်တွင်လည်း ဆရာရှာရပါသည်။ ဆရာမွေးရပါသည်။
နိုင်ငံငယ်များအဖို့ ဆရာရှာ၌ ကိုလိုနီသခင်ဟောင်းများထံ စိတ်ပြန်လည်သလို သခင်သစ်၏အအုပ်အစီးအောက်ရောက်သွားတာလည်း ရှိပါသည်။ အင်္ဂလိပ်ကိုလိုနီအောက်က လွတ်သွားသော်လည်း အမေရိကန်အပါအဝင် တခြားနယ်ချဲ့နိုင်ငံကြီးများ၏ သြဇာအရိပ်အောက်ကျသွားခြင်းကို ဆိုလိုပါသည်။
ဗမာပြည်သည် တရုတ်နှင့်အိန္ဒိယကြားညပ်နေသည့် နိုင်ငံအလတ်စား ဖြစ်ပါသည်။ ကံကောင်းထောက်မစွာ ထို ၂ နိုင်လုံးမှာ နယ်ချဲ့နိုင်ငံများ မဖြစ်ခဲ့ကြပါ။ ဆရာလာလုပ်သွားသူ နှစ်ယောက်ရှိခဲ့ဖူးပါသည်။ တယောက်က နှစ်ပေါင်းများစွာ ဖိနှိပ်အုပ်ချုပ်ပြီးမှ သခင်ခေါ်တတ်အောင်သင်ပေးပြီး တယောက်က သုံးနှစ်လောက်နှင့် ပါးရိုက်ပြီး မာစတာခေါ်တတ်အောင် လုပ်ခဲ့ပါသည်။ နှစ်ယောက်စလုံးသည် ကိုလိုနီနယ်ချဲ့ဖြစ်သော်လည်း တယောက်က အရင်းရှင်ဒီမိုကရေစီဖြစ်ပြီး တယောက်က အရင်းရှင်ဖက်ဆစ် ဖြစ်ပါသည်။
ဤနေရာ၌ နယ်ချဲ့နှင့် ကိုလိုနီအကြောင်းလည်း နည်းနည်းပြောမှ ရမည်ထင်ပါသည်။ ပင်ဂွင်းတိုက်ထုတ် နိုင်ငံတကာဆက်ဆံရေးများအဘိဓာန်တွင် နယ်ချဲ့စနစ်ဆိုသည်မှာ ဗိုလ်ကျလွှမ်းမိုး သည့်နိုင်ငံက သူ့လက်အောက်ခံနိုင်ငံများ၊ ပြည်သူများကို လွှမ်းမိုးချုပ်ချယ်ခြင်း၊ မိမိ၏အာဏာများကို မိမိပြည်တွင်းတွင်သာမက ပြည်ပတိုင်းပြည်များအပေါ်သို့ပါဖြန့်ကျက်ခြင်း ဖြစ်သည်ဟု အနက်ဖွင့်ပါသည်။ တပြိုင်တည်းမှာ နယ်ချဲ့ဝါဒ(စနစ်)သည် ကိုလိုနီဝါနှင့် တဆက်တစပ်တည်းရှိသလို တသီးတခြားတဘာသာသဘောလည်း ရှိသည်ဟု ဆိုပါသည်။ ဤနေရာ၌ ကျနော်တို့နားလည်ရန်မှာ နယ်ချဲ့စနစ်နှင့် ကိုလိုနီဝါဒ(ဟောင်း)သည် တထပ်တည်းကျသည်ဟု မထင်မြင်မိစေရန် ဖြစ်ပါလိမ့်မည်။ လက်တွေ့တွင်လည်း နယ်ချဲ့စနစ်နှင့် ကိုလိုနီဝါဒ(ဟောင်း)သည် တထပ်တည်း မကျခဲ့ပါ။
ဥပမာဆောင်ရလျှင် နယ်ချဲ့နိုင်ငံကြီးတချို့က ကိုလိုနီဝါဒကို စတင်ကျင့်သုံးကြသည့်အခါ အချို့သော အရင်းရှင်နယ်ချဲ့နိုင်ငံကြီးတချို့က သဘောမတွေ့ခဲ့ကြ မနှစ်သက်ခဲ့ကြပါ။ မနှစ်သက်ကြရသည်မှာ ကိုလိုနီအလုပ်ခံရမည့် အမျိုးသား(နိုင်ငံများ)ကို စာနာစိတ်ကြောင့် မဟုတ်ကြပါ။ သူတို့တွက်ကိန်းမှာ ဒေသတခု(နိုင်ငံတခု)ကို စီးပွားရေး၊ စစ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအရ လွှမ်းမိုးထားနိုင်လျှင်လုံလောက်ပြီ။ ကိုလိုနီပြုပြီး နိုင်ငံရေးအရပါ လွှမ်းမိုးချုပ်ကိုင်မည်ဆိုပါက စရိတ်စခအလွန်ကြီးလေးမည် တွက်ခြေမကိုက်နိုင်ဟူ၍ဖြစ်ပါသည်။ တိုင်းပြည်တပြည်ကို ကိုလိုနီပြုလိုက်လျှင် ထိုကိုလိုနီအပြုခံနိုင်ငံမှ လွတ်လပ်ရေးတိုက်ပွဲဝင်အမျိုးသားတို့၏ ဆန့်ကျင်တော်လှန်မှုကို အမြဲတွန်းလှန်နေရလိမ့်မည်၊ ထိုတော်လှန်ရေးတွေကိုဖိနှိပ်ဖို့ အမြဲတမ်းစစ်တပ်ထားရမည်၊ အုပ်ချုပ်ရေးအတွက် ဗျူရိုကရေစီ ယန္တယားကြီး ထားရမည်၊ ရမည့်အခွန်အခနှင့် သုံးရမည့်စရိတ်စခ မကာမိနိုင်ဟု တွက်ချက်ခြင်းဖြစ်ပါသည်။ တွက်ခြေမှကိုက်ပါ့မလားဟု ပူပန်ခြင်းဖြစ်ပါသည်။ ထိုသို့ ပူပင်ကြသူမှာအနည်းစုဖြစ်ပြီး အများစုကြီးက ကိုလိုနီပြုရေးကို ကြိုက်ပါသည်။ ထို့ကြောင့် ကမ္ဘာမြေတွင် ကွက်လပ်မကျန်အောင် ကိုလိုနီအပြုခံရပါသည်။
ဗမာပြည်သည် ကိုလိုနီသမား ၂ ဦး၏ ကျွန်အပြုကိုခံခဲ့ရပါသည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ လွတ်လပ်ရေးရလာပါသည်။ လျှောလျှောလျှူလျှူ သက်တောင့်သက်သာတော့မဟုတ်ပါ။ မရရင်ချမယ်ဟုပြောပြီး လူထုနည်းဖြင့် စိန်ခေါ်အားစမ်းရင်း ရလာတာဖြစ်သည်။ ကိုလိုနီခေတ်ဦးဆီက တွက်ခြေမှကိုက်ပါ့မလားဟု ပူပန်ခဲ့သူနယ်ချဲ့သမားများ၏ မြော်မြင်ခဲ့သလိုဖြစ်လာသဖြင့် ကိုလိုနီမြေတွေ လက်လွှတ်ခဲ့ရခြင်းလည်း ဖြစ်ပါသည်။
လွတ်လပ်ရေးရလာတော့ ဖဆပလသည် ပြည်တွင်း၌ လက်ဝေခံမွေးမြူပြီး ပြည်ပထွက်ဆရာရှာပါသည်။ ဆရာဟောင်း ကိုလိုနီသခင်ဗြိတိသျှမှာ ကိုယ့်ဘာသာမရှူနိုင်မကယ်နိုင်ဖြစ်သေဖြင့် ဆရာသစ် အမေရိကန်နှင့်အပေါင်းအပါများကို အားကိုးရပါသည်။ တပြိုင်တည်းမှာ စစ်လျော်ကြေးပေးရသည့် ဂျပန်ကိုလည်း ဒုတိယနေရာထား၍ ဆရာတင်ပါသည်။ ဂျပန်သည် ရုရှတို့ တရုတ်တို့အားနယ်ချဲ့ပြီး အရင်းနှီးစုဆောင်းထားသူဖြစ်သဖြင့် ဒုတိယကမ္ဘာစစ်တွင်ရှူံးသော်လည်း ဆင်ပိန်ကျွဲတော့ ဖြစ်နေပါသေးသည်။ လျော်နိုင်စားနိုင်ပါသေးသည်။ စစ်ရေးစစ်ရာ ကိစ္စများကို အမေရိကန်လက်ဝကွက်အပ်ထားရသော်လည်း အချုပ်အခြာအဏာတော့ ပိုင်နေပါသေးသည်။
ဗိုလ်နေဝင်းတို့ စစ်အာဏာသိမ်းပြီး စီးပွားရှာကြတော့ စီးပွားရေးတွင် အမေရိကန်ထက် ဂျပန်ကိုဆရာ ပိုတင်ပါသည်။ ဂျပန့်ဆီမှ စစ်လျော်ကြေးအပြင် ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ငွေတွေသောက်သောက်လဲချေးပါသည်။ ဒါကို အမေရိကန်ကသိပါသည်။ သို့သော် ဂျပန်ကိုရထားပြီးသည့်အမေရိကန်က ဗမာကိုဂျပန်ရလျှင် အမေရိကန်ရသည်ဟု သဘောပိုက်ပါသည်။ ထို့ကြောင့် ဗိုလ်နေဝင်းတို့အပေါ် ဂျပန့်သြဇာအလွန်ညောင်းပါသည်။ ရဲဘော်သုံးကျိပ်ကိစ္စကျေးဇူး မကင်းရာမကင်းကြောင်းတွေလည်း ပါပါသည်။ ဂျပန်သည် ဆမလခေတ်ဗမာပြည်၏ အကြီးဆုံးမြီရှင်ဖြစ်ပါသည်။ အကြွေးတွေပြန်မဆပ်နိုင် LDC ခံလိုက်ပါဟုပြောတာလည်း ဂျပန်ဟုဆိုပါသည်။ ဆိုတော့ လွတ်လပ်ရေးခေတ် နိုင်ငံရေးအစိုးရတွေရော စစ်အာဏာရှင်ခေတ် မဆလခေတ် အစိုးရတွေရော ဆရာကိုယ်စီရှိကြပါသည်။ နဝတခေတ် နအဖခေတ် ကြံ့ဖွံ့ခေတ်အစိုးရတွေလည်း ဆရာကိုယ်စီရှိကြပါသည်။ ဘယ်သူက ဘယ်သူ့ကိုဆရာတင်သည်ကိုပြောရန် အကြောင်းများပါလိမ့်မည်။ ရှည်လျားပါလိမ့်မည်။ ထို့ကြောင့် ဤနေရာတွင် ချန်ခဲ့ပါဦးမည်။
ယခုဆက်ပြောလိုသည်မှာ NLD ခေတ်တွင်ရော ပြည်ပ၌ ဆရာထွက်ရှာသလားမရှာသလားက စောကြောရမည်ဖြစ်ပါသည်။ ပြည်တွင်း၌ မိမိလက်ဝေခံသစ်များမွေးမြူပြီး စခန်းသွားနေသည်မှာ မှန်သော်လည်း ဗျူရိုကရေစီယန္တယားဟောင်းကြီး ကာဆီးထားဖြင့် ခရီးကထင်သလောက်မတွင်သေး။ အိန္ဒြေရရ ဟန်ကျပန်ကျမရှိသေးတာတော့ သေချာသည်။ ဒါဆိုလျှင် ပြည်ပကဆရာရော မည်သူဖြစ်မည်နယ်း။ စီးပွားရေးအရ မည့်သူ့ထံ(အဓိက)မျက်နှာအောက်ချရမည်နည်း။ ဒါတွေက မိမိတို့အတွေးအမြင်များကို အချက်အလက်အခိုင်အမာဖြင့် ဆွေးနွေးကြရန်သာဖြစ်၏။ ဗမာပြည်လို အမျိုးသားစီးပွားရေးတောင့်တင်းခိုင်မာမှုမရှိသည့်နိုင်ငံသည် စီးပွားရေးအရ အမှီအခိုကင်းကင်း တင်းတင်းရင်းရင်း မရပ်တည်နိုင်သေးတာကတော့ သေချာပါသည်။ ဆရာမွေးရပါသည်။
မျိုးမြင့်ချို
ဇန္နဝါရီ ၁၃၊ ၂၁ဝ၁၉