Thursday, January 16, 2020

“အယူဝါဒဆိုင်ရာ” (ရဲဘော်ဖိုးသံချောင်း)

0 comments
“အယူဝါဒဆိုင်ရာ”
(ရဲဘော်ဖိုးသံချောင်း)
လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်လောက်က ထင်ပါတယ်။ ရှစ်လေးလုံးမျိုးဆက်ထဲက ထက်မြက်တဲ့ လူငယ်တယောက်နဲ့ ကျနော် တွေ့တော့ ကျနော်က ကျနော့်ခေါင်းထဲရှိတာကို အခုလိုပြောပြလိုက်ပါတယ်။
“ကျနော်တို့ ဗမာပြည်က ဒီမိုကရေစီအင်အားစုတွေဟာ ဒီမိုကရေစီရရှှိရေးအတွက် ရိုးရိုးသားသားနဲ့ တိုက်ပွဲသဏ္ဍာန်အမျိုးမျိုးဆင်နွှဲနေကြတာကတော့ အမှန်ပဲ။ ဒါပေမယ့် ဒီမိုကရေစီဆိုတဲ့ အယူအဆတခုထဲပေါ်မှာ ရပ်တည်ရုံနဲ့ ရှည်ကြာတဲ့တိုက်ပွဲလမ်းခရီးကို အဆုံးတိုင်တဲ့အထိ လျှောက်နိုင်မှာမဟုတ်ဘူး။ ဝါဒ (-ism) တခုခုကိုတော့ ကိုင်စွဲရမယ်ထင်တယ်”ဆိုတာပါ။
သူက ဘာမှ ပြန်မပြောပါဘူး။ ကျနော် ပြောတာက ရှင်းရှင်းလင်းလင်း မရှိလို့လား၊ သူက စိတ်မဝင်စားလို့လား၊ ဆန့်ကျင်ပြောရမှာ အားနာ လို့လား မသိပါ။ ကျနော်ကလည်း လူချင်းသိကာစမို့ အရမ်းဖိမပြောပါ။ သူ့ကိုအကဲခတ်ရင်းသာ တလှမ်းချင်း လှမ်းသလို ပြောရတာဆိုတော့ ဒီအကြောင်းဟာ အဲဒီမှာပဲ ပြတ်သွားပါတယ်။ ဒါပေမယ့် ဒီစဉ်းစားမှုကတော့ ကျနော့်ခေါင်းထဲမှာ တောက်လျှောက်စွဲနေပါတယ်။
ကျနော်ဆိုလိုတဲ့အဓိပ္ပာယ်က ဒီလိုပါ။ နိုင်ငံရေးလုပ်ငန်းဆိုတာ နိုင်ငံရေးသမားတွေချည်း လုပ်တာ မဟုတ်ဘူးဆိုတဲ့စကားဟာ မှန်ပါတယ်။ သံဃာ၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ ဆိုက္ကားသမား၊ အိမ်ရှှိင်မ၊ ဘယ်သူမဆို အချိန်အခါအလိုက် အနည်းနဲ့အများ လုပ်ကြတာ ချည့်ပါပဲ။ ရွေးကောက်ပွဲမှာ မဲပေးတယ် ဆိုတာကိုက နိုင်ငံရေးလုပ်ရပ်တခုပါ။ ဒါပေမယ့် သူတို့ဟာ နိုင်ငံရေးကို စွဲစွဲမြဲမြဲလုပ်သူတွေ မဟုတ် ပါဘူး။ သူတို့ဟာ သူတို့ယုံကြည်ချက်တရပ်ကို တကွက်ဖော်ပြတာပါ။ ဒါဆိုရင် သူတို့တာဝန်ကျေပါတယ်။
ဒါပေမယ့် နိုင်ငံရေးသမား၊ တော်လှန်ရေးသမား ဆိုသူတွေကျတော့ တခါ တကွက် ဖော်ပြတယ်ဆိုတာနဲ့ မပြီးပါဘူး။ သူ့တာဝန် မကျေပါဘူး။ သူ့တာဝန်ဟာ အရေးတော်ပုံကြီးကို အောင်မြင်တဲ့အထိ သယ်ဆောင်သွားဖို့ ဖြစ်ပါတယ်။ ဒီလိုသယ်ဆောင်သွားဖို့ဆိုရင် ဒီမိုကရေစီ တောင်းတာဟာ တရားတယ်ဆိုတဲ့အသိလေးလောက်နဲ့ မဖြစ်ပါဘူး။ ပြဿနာကို သေသေချာချာ၊ ခြေခြေမြစ်မြစ် လေ့လာကြည့်ရင် ဒီမိုကရေစီဆိုတာဟာ အုပ်ချုပ်မှုအဆောက်အအုံရဲ့ တခန်းတကဏ္ဍသာဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။ အစိုးရတရပ်ရဲ့ ပေါ်လစီများစွာထဲက တခုသာဖြစ်ပါတယ်။ နောက်ပြီး ဒီပေါ်လစီဟာ တခြားပေါ်လစီတွေနဲ့ ဆက်နေတယ်ဆိုတာလည်း တွေ့ရပါလိမ့်မယ်။ သူ့ချည်းသတ်သတ် ခွဲထုတ်ကြည့်လို့ မရပါဘူး။ တနည်း၊ သူ့ချည်းသတ်သတ် ဖြေရှင်းလို့မရပါဘူး။ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ရမှာဟာ အင်မတန် ကျယ်ပြန့်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
ဒီလို ကျယ်ပြန့်၊ ခက်ခဲ၊ ရှည်ကြာတဲ့တိုက်ပွဲစ ဉ်ကြီးတခုကို ဇွဲရှိရှိတိုက်ဖို့ဆိုရင် ဒီမိုကရေစီလိုချင်တယ်ဆိုတဲ့ အသိလေးလောက်နဲ့ ကြံ့ကြံ့မခံနိုင်ပါဘူး။ မြဲမြံတဲ့အယူဝါဒတခု ခိုင်ခိုင်မာမာရှိရပါမယ်။ ဒီလိုဆိုတဲ့အတွက် မာ့က်စ်ဝါဒကို ယုံရမယ်လို့ဆိုတာ မဟုတ်ပါဘူး။ ပြည်ချစ်ဝါဒပဲဖြစ်ဖြစ်၊ အရင်းရှင်ဝါဒပဲဖြစ်ဖြစ်၊ ခေတ်သစ်အယူဝါဒတွေပဲဖြစ်ဖြစ်၊ စစ်ဝါဒသာ မဟုတ်ရင် ဖြစ်ပါတယ်။ လူတယောက်မှာ ဒီလို ခိုင်မာတဲ့အယူဝါဒတခုရှိမှသာ သူဟာ သူ့အယူဝါဒရဲ့ခံယူချက်နဲ့အတူ လူ့အဖွဲ့အစည်းရဲ့ပြဿနာတွေကို ချ ဉ်းကပ်မယ်၊ ဖြေရှင်းဖို့ကြိုးစားပါမယ်။
ဒီနေရာမှာ စပ်မိလို့ပြည်ချစ်ဝါဒ-မျိုးချစ်ဝါဒအကြောင်း ပြောချင်ပါတယ်။ ပြည်ချစ်ဝါဒဟာ မျိုးချစ်ဝါဒ မဟုတ်ပါဘူး။ ပြည်ချစ်ဝါဒမှာ လူတန်းစားအခြေခံရှိပြီး မျိုးချစ်ဝါဒမှာတော့ လူမျိုးရေးအခြေခံပဲ ရှိပါတယ်။ စစ်ဝါဒ၊ ဖက်ဆစ်ဝါဒတို့က လူမျိုးရေးဝါဒ ကျင့်သုံးပါတယ်။ ရှော်ဗင်ဝါဒဟာ လူမျိုးရေးဝါဒပါပဲ။ ဟစ်တလာနာဇီဝါဒက ဂျူး ၆ သန်းကို မီးလောင်တိုက်သွင်းခဲ့တာတွေ၊ သတ်ဖြတ်ခဲ့တာတွေဟာ လူမျိုးရေးဝါဒက လာတာပါ။
ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင်က လက်ဝဲပညာတတ် အသိုင်းအဝိုင်းမှာ ရယ်စရာလိုလို၊ အတည်ပေါက်လိုလိုအပြောတခု ရှိဖူးပါတယ်။ အဲဒါက “ကမ္ဘာကြီးကိုကိုင်လှုပ်တာ ‘ဂျူး ၃ ယောက်’ တဲ့။ ဂျီစပ်စ် (သခင်ယေရှူ)ရယ်၊ မာ့က်စ်ရယ်၊ အိုင်းစတိုင်းရယ်”ဆိုတာပါ။ ဟစ်တလာရဲ့ ခေါင်းထဲမှာ ဂျူးရယ်၊ ကွန်မြူနစ်ရယ်ကြောင့် ဂျာမဏီက ပထမကမ္ဘာစစ်မှာ စစ်ရှုံးတာလို့ အသေစွဲနေပါတယ်။ ဒါကြောင့် ဒုတိယကမ္ဘာစစ်နိုင်ဖို့ ဂျူးနဲ့ကွန်မြူနစ် အပြတ်ရှင်းတာပဲ။
ဗမာပြည်က နဂါးနက်ဂိုဏ်းနဲ့ နဂါးနက်ဝါဒဟာ ဂျပန်မှာမြစ်ဖျားခံပေမယ့် ဗမာပြည်မှာ စျေးကွက်ရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မတိုင်မီက ဗမာလူငယ် တော်တော်များများ စိတ်ဝင်စားဖူးပါတယ်။ သူ့အနှစ်သာရက မွန်ဂိုနွယ်၊ လူဝါမျိုးတွေ တခေတ်ဆန်းရေး၊ ကမ္ဘာကိုစိုးမိုးရေးပါပဲ။ ဒါကို အဝါရောင်အန္တရာယ် Yellow Peril လို့ လူဖြူတွေကပြောကြပါတယ်။ မဆလ စစ်အုပ်စု ကြီးစိုးတဲ့ခေတ်တုန်းက စစ်အုပ်စုအာဏာပိုင် တချို့ကို ဂျပန်နဂါးနက်ဂိုဏ်းက လာပြီးစည်းရုံးခဲ့ဖူးတယ်။ သူတို့ချင်း အဆက်အသွယ်လုပ်ဖို့က မခက်ဘူးမဟုတ်လား။
ဝါဒလို့ဆိုတော့ တကယ်ပဲ ‘ဝါဒ’ တွေက များပါတယ်။ ‘ဝါဒ’ တိုင်းမှာ လူမျိုးရေးအခြေခံသော်လည်းကောင်း၊ ပထဝီ အခြေခံသော် လည်းကောင်း၊ လူတန်းစားအခြေခံသော်လည်းကောင်း ရှိကြပါတယ်။ ‘ပြည်ချစ်ဝါဒ’ဟာ ပထဝီအခြခံနဲ့ လူတန်းစားအခြေခံ ပေါင်းထားတဲ့ဝါဒပဲ။ နအဖရဲ့လူမျိုးရေးအခြေခံတဲ့မျိုးချစ်ဝါဒကို ဆန့်ကျင်ဖို့၊ နယ်ချဲ့အန္တရာယ်ကိုဆန့်ကျင်ဖို့၊ နယ်မြေတည်တံ့ပြည့်စုံမှုကို ကာကွယ်ဖို့ ပြည်ချစ်ဝါဒကို ကိုင်စွဲရတာ ဖြစ်တယ်။
မျိုးချစ်ဝါဒဆိုရင် ကျ ဉ်းမြောင်းပါတယ်။ ဘယ်လူမျိုးကို ချစ်ရမလဲဆိုတဲ့ပြဿနာရှိတယ်။ ဗမာက ဗမာလူမျိုးချစ်ရင်၊ ရှမ်းက၊ ကရင်က၊ ကချင်က၊ ဝ’က၊ ပအိုဝ်း၊ ပလောင်၊ ဓနု၊ အင်းသားတွေကလည်း သူတို့လူမျိုးသူတို့ချစ်မှာပါပဲ။ ဒါက တိုင်းရင်းသားတွေကို ပြောတာပါ။ ဒါ့အပြင် တရုတ်၊ ကုလားကလည်း သူ့လူမျိုးချစ်မှာ ဓမ္မတာပါပဲ။ ဒါဆိုရင် နိုင်ငံတခုမှာ ဒီလိုလူမျိုးစုံ ဘယ်လိုလုပ်ပြီး အတူတွဲပြီး နေနိုင်ကြမလဲ။ ကွဲအက်မယ်။ ခွဲထွက်မယ် တကဲကဲဖြစ်မှာပါ။ ဗမာလူမျိုးကြီးဝါဒီ ဗမာစစ်အုပ်စုကလည်း အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့ အလံထူပြီး အတင်းဖိနှိပ်မှာပဲ။ အဖိခံရတဲ့လူမျိုးကလည်း မနိုင်ရင် နိုင်တာနဲ့ ကိုင်မှာပါပဲ။
အရှေ့တောင်အာရှမှာရှိတဲ့ ခေတ်သစ်နိုင်ငံတိုင်းဟာ လူဖြူနယ်ချဲ့သမားတွေ စည်းရုံးပေးထားခဲ့တာချည်းပါ။ အမျိုးသားနိုင်ငံရယ်လို့ ဖြစ်လာအောင် ဥရောပတိုက်ကနေ ဗဟိုချုပ်ကိုင်မှုနဲ့ ထူထောင်ခဲ့တာချည်းပါ။ ပဒေသရာဇ်ခေတ်ကနေ အရင်းရှင်ခေတ်ရောက်အောင် လုပ်ပေးခဲ့တာချည်းဖြစ်ပါတယ်။ အဆုံးထိအရောက် ပို့မပေးနိုင်ခဲ့တာတော့ တပိုင်းပေါ့။ နယ်ချဲ့သမားတွေက မတတ်သာလို့ လွတ်လပ်ရေး ပေးရတော့ တက်ကြွတဲ့ လှုပ်လှုပ်ရှားရှား လုပ်နေတဲ့ နိုင်ငံရေးအင်အားစုကို အာဏာလွှဲပေးခဲ့ရတာချည်းပါပဲ။ ဗမာတွေလက် အာဏာအပ်ခဲ့ရတာ မလေးတွေ၊ ဂျားဗားတွေ၊ ဗီယက်နမ်တွေလက် အာဏာအပ်ခဲ့ရတာမျိုးချည်း ဖြစ်ပါတယ်။ ဒီတော့ ဒီပြဿနာကို ကောင်းအောင်ဖြေရှင်းကြရမှာပါ။ ဒီပြဿနာကို လူမျိုးရေးဝါဒနဲ့ရှင်းလို့ မရဘူး။ ပြည်ချစ်ဝါဒနဲ့ပဲရှင်းနိုင်ပါတယ်။ မရှင်းနိုင်ရင်တော့ အညှီရှိရင် ယင်အုံမှာပဲ။
တဆက်ထဲမှာ ပြောချင်တာက စစ်အစိုးရအပါအဝင် တချို့လူတွေ ပြောလေ့ရှိတဲ့ “အယူအဆအစွဲ ကင်းရမယ်”၊ “ပါတီစွဲ မရှိရဘူး” ဆိုတာတွေကို စဉ်းစားပြီး တွန့်ဆုတ်နေရင် မှားပါတယ်။ အဲဒီစကားလုံးတွေဟာ တပ်ပေါင်းစု လုပ်ငန်းအတွက် ပူးတွဲလုပ်ကိုင်တဲ့မူနဲ့သာ ဆိုင်ပါတယ်။ နေရာတကာ အသုံးချရမယ့် စကားရပ်တွေ မဟုတ်ပါဘူး။ အဲဒီစကားမျိုးတွေကို အများဆုံးပြောတဲ့ ဗမာပြည်က စစ်အုပ်စုဟာ အနာဂတ်အစိုးရမှာ စစ်တပ်ကို လွှတ်တော်မှာ နေရာလေးပုံတပုံ ပပးရမယ်လို့ပြောနေတယ် မဟုတ်လား။ ဒါကမှ တကယ့်ကို စစ်တပ်စွဲ၊ ဂိုဏ်းဂဏစွဲ၊ မရိုးသားတဲ့ လုပ်ရပ်ပါ။
လူတချို့ကတော့ ငါဟာ ဘယ်ပါတီဝင်မှ မဟုတ်ဘူးကွ၊ ဒီမိုကရေစီကို ရိုးရိုးသားသား ယုံကြည်လို့တိုက်ပွဲဝင်နေတာဆိုပြီး သူ့အယူအဆကိုသူ ဂုဏ်ယူပြောတတ်ပါတယ်။ သူ တကယ်ပဲ ရိုးရိုးသားသားပြောတာပါ။ အခုကျနော်ပြောနေတာက ပါတီဝင်ဖို့ မဟုတ်ပါဘူး။ ပါတီအသင်းအဖွဲ့တွေထဲကို ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ၊ တိကျခိုင်မာတဲ့ဝါဒတရပ် ကိုင်စွဲထားဖို့လိုကြောင်း ပြောနေတာပါ။
အဲဒီလို တသီးပုဂ္ဂလရပ်တည်ပြီး ကိုယ့်မူဝါဒအပေါ်မှာ ကြံ့ကြံ့ခိုင်ရပ်တည်နေသူတွေ ဗမာပြည်မှာ ပြည့်လို့ပါ။ ဒဂုန်တာရာ၊ ဒေါက်တာသန်းထွန်း၊ လူထုဦးစိန်ဝင်း၊ သူတို့ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းထဲမှာမှ မပါဝင်ကြပါဘူး။ မဆလလည်း မဝင်ခဲ့ဖူးပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ကြံ့ခိုင်တဲ့ ရပ်တည်မှုကြောင့် ပြည်သူတွေ အားတက်ရတယ် မဟုတ်ပါလား။ သူတို့မှာ မူနဲ့အယူဝါဒတော့ အတိအကျရှိပါတယ်။
တကယ်တော့ ဒီမိုကရေစီဟာ ဝါဒမဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာကို လစ်ဘရယ်ဝါဒသမားက အဓိပ္ပါယ်တမျိုးဖွင့်မယ်။ ကွန်မြူနစ်က တမျိုးဖွင့်မယ်။ ကျန်တဲ့ဝါဒတွေကလည်း အမျိုးမျိုးဖွင့်ကြမှာပါ။ ပဒေသရာဇ်ဝါဒကလည်း အဓိပ္ပါယ်တမျိုးနဲ့ကျင့်သုံးခဲ့တာပါ။ သီပေါမင်းဟာ လွှတ်တော်ဝန်ကြီးတွေရဲ့ ဒီမိုကရေစီနဲ့ မဲပေးရွေးခြယ်ခဲ့ကြလို့ မင်းဖြစ်လာတာပဲ။ မင်းတုန်းမင်းကနေ သတင်းစာဆရာကြီး ဖိုးဝဇီရကို ပြောခဲ့တဲ့စကားလည်း အားလုံးမှတ်မိကြတာပါ။ ကျွန်စနစ်ထွန်းကားတဲ့ ခေါမဒီမိုကရေစီလည်း ဒီလိုပါပဲ။ ဘယ်ဒီမိုကရေစီမှာမဆို ဘယ်လူတန်းစားက ဘယ်လိုကျင့်သုံးနေသလဲဆိုတဲ့မေးခွန်း မေးရမှာချည်းပါ။ စစ်အုပ်စုဟာ သူ့အသိုင်းအဝိုင်းကိုတော့ ဒီမိုကရေစီ ပေးထားတယ်ဆိုတာ မေ့လို့မဖြစ်ပါ။ ဗိုလ်စိန်လွင်ကို ၁၈ ရက်နဲ့ ဖြုတ်ခဲ့တာ အဒီ ဒီမိုကရေစီနဲ့ပါပဲ။
ပြန်ချုပ်ပြောရရင် ဒီမိုကရေစီ အရေးတော်ပုံကြီးအတွက် ရေရှှည်တိုက်ပွဲဝင်ကြသူတွေဟာ ခိုင်မာတဲ့အယူဝါဒတခုကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ဖို့ လိုပါတယ်။ ပိုပြီးခြေခြေမြစ်မြစ်၊ ကျယ်ကျယ်ပြန့်ပြန့် လေ့လာလိုက်စားကြဖို့လိုပါတယ်။
အခုတင်ပြခဲ့တာတွေဟာ ကျနော့်ခေါင်းထဲမှာ ရှိတာတွေပါ။ စာဖတ်သူများအတွက် ဦးဏှောက်လှုပ်ရှှားစရာအကြောင်းအရာတခု ပေးတယ်လို့သာ ယူဆစေချင်ပါတယ်။
ရဲဘော်ဖိုးသံချောင်း

0 comments:

Post a Comment