Wednesday, January 29, 2020

(ပတ်ဝန်းကျင်က လွှမ်းတဲ့သြဇာ)

0 comments
(ပတ်ဝန်းကျင်က လွှမ်းတဲ့သြဇာ)
ဆေးလိပ်ဖြတ်လိုက်ကတည်းက ကိုယ်အလေးချိန် တိုးတိုးလာတယ်၊ တဘက်တည်းနဲ့ တကိုယ်လုံးထမ်းထားရတဲ့ဒူးက နာနာလာတယ်၊ ပုံမှန် ခြေနှစ်ချောင်းနဲ့မဟုတ်ဘဲ ဂျိုင်းထောက်နဲ့လျှောက်ရတော့ ကိုယ်နေဟန်ထားမမှန်ပဲ ခါးကလည်း နာနာလာတယ်၊ လေ့ကျင့်ခန်းလည်း နိုင်သလောက် ရတဲ့ပုံစံနဲ့လုပ်တယ်၊ အစားအသောက်လည်း တတ်နိုင်သမျှဆင်ခြင်တယ်။
ဘောင်းဘီတွေ မတော်တော့ဘူး၊ ခါးပတ်ကရှည်လာတယ်၊ နေရထိုင်ရ တခါတလေ သက်သောင့်သက်သာမရှိဘူး၊ လေ့ကျင့်ခန်းပိုလုပ် အစားအသောက် ထပ်လျှော့ဖို့ကလည်း လွယ်မယ်မထင်ဘူး၊ အသက်လည်း ရလာပြီဆိုတော့ အမေက အချိုလျှော့ အငန်လျှော့ အစပ်လျှော့တဲ့၊ ကျနော်ကလည်း အစားဆို ချဉ်ငံစပ်ကလေးမှဆိုတော့ မခက်ဘူးလား။

အမေ့အသက် ၈၈ တင်းတင်းပြည့်တော့မယ်၊ ဆီးချို သွေးတိုး နှလုံးလို ရောဂါကြီးတွေမပြောနဲ့ ပုံမှန်ဆေးသောက်ဆေးစားလုပ်ရတဲ့ ကျန်းမာရေးပြဿနာ အငယ်စားလေးတွေတောင် မရှိဘူး၊ တခါတလေ အေးရင် ခြေသလုံးကြွက်တက်တတ်တယ်၊ ဒါလည်း လိမ်းဆေးလေးတွေလိမ်း ခြေအိပ်ရှည်အထူဝတ်ပြီး စောင်လေးဖုံးပြီး နွေးနွေးထွေးထွေးနေလိုက် ပျောက်သွားတာပဲ စိတ်ပူစရာမရှိဘူးတဲ့၊ တခါတလေ အချိုလေးနည်းနည်းစားမိရင် အအေးလေးနည်းနည်းပတ်ရင် ချောင်းခြောက်လေးနည်းနည်း ဆိုးသတဲ့၊ ချောင်းခြောက်ဆိုးတာက ပိုဆိုးတယ်၊ သလိပ်ပါတဲ့ချောင်းက ချောင်းဟပ်ရကြမ်းပေမယ့် အပျောက်မြန်သတဲ့၊ အကျလွယ်သတဲ့၊ ချောင်းဆိုးတဲ့အခါ ညီမက ချောင်းဆိုးပျောက်ဆေး နေ့ဆေးညဆေးဝယ်ပေးပြီး ပုံမှန်သောက်ရအောင် စီစဉ်ပေးတယ်၊ ဆေးသောက်ချိန် ဘယ်သူကမှ သတိပေးစရာမလိုဘူး။

အသက်ကြီးလာလို့ အရိုးအားနည်းမစိုးလို့၊ ကယ်လစီယမ်လို ဗိုက်တာမင်ဖြည့်စွက်ဆေးလေးတွေလည်း ညမနက်မှန်မှန်သောက်တယ်၊ သူ နေ့ည မမှားရအောင်၊ ရက်မကျော်ရအောင် ရက်အမည်ထိုးထားတဲ့ဗူးလေးထဲ ညဆေးမနက်ဆေး အရောင်ခွဲထားတဲ့အကန့်လေးတွေနဲ့ ထည့်ပေးထားတော့ အဆင်ပြေသတဲ့။ စာဖတ်တာ မျက်မှန် မတပ်ရဘူး။

တနေ့ ဘုရား ၅ ကြိမ်ဝတ်ပြုမပျက်ဘူး၊ ကိုရ်အန်ကျမ်းစာ တနေ့ ကျမ်းငယ်တစောင် အဖတ်မပျက်ဘူး၊ ဝေနေယျသတ္တဝါအပေါင်းကို မေတ္တာအပို့မပျက်ဘူး၊ လောကမှာ အဆိုးတွေပယ်ဖို့ အကောင်းတွေဖြစ်ဖို့ ဆုတောင်းပတ္တနာလည်း မပျက်ဘူး၊ အရေးအကြောင်းတွေထင်နေတဲ့ အမေ့မျက်နှာဟာ ဘယ်တော့မှ အကြည်လင်မပျက်ဘူး၊ သွား ၂ ချောင်းလားပဲ ကျိုးသေးတယ်၊ ဆံပင်ကလည်း ပြောသလောက် မဖြူသေးဘူး၊ ထမင်းချက်တုန်း ဟင်းချက်တုန်း ဟင်းရွက်သင်တုန်း အခံနွှာတုန်း၊ နွေဆို အပင်စိုက်တုန်း ရေလောင်းတုန်း ပေါင်းသင်တုန်း၊ အဲ့ဒါတွေ မလုပ်နဲ့တော့ အမေကြီး၊ မတော် တခုခုဖြစ်ရင် မလွယ်ဘူးဆိုပြီး ညီမက တားထားလို့သာ တော်တော့တယ်၊ နို့မို့ဆို ပေါက်တူးတောင်ပေါက်ဦးမလား မသိဘူး။

ဟိုတလောက ကျနော်ခါးနာပြီး လမ်းမလျှောက်နိုင်တော့ နောက်ဆို အင်္ဂလိပ်ဆေးတွေ သောက်တာလည်းသောက် ထိုးတာလည်းထိုး မိဂသီလို ဦးစိုင်းလို လိမ်းဆေးလေးလည်း ဆောင်ထား၊ နည်းနည်း နာချင်တာနဲ့ နာနာလေးပွတ်ပွတ်လိမ်းပေး၊ ဦးကျော်ထွန်း KT လိမ်းဆေးလေးလည်း ကောင်းတယ်၊ အနံ့မပြင်းဘူး၊ အင်္ဂလိပ်ဆေးက ချက်ခြင်းသက်သာပြီး ခနနဲ့ပျောက်သွားပေမယ့် အမြစ်ကပြတ်ချင်မှပြတ်တာ၊ ဗမာဆေးက စွဲသောက်စွဲလိမ်းရပေမယ့် သူကမှအမြစ်ပါပြတ်တာ၊ စိတ်တော့ရှည်ရမယ်တဲ့။

တခါတလေ ဟိုအကြောင်း ဒီအကြောင်းပြောရင်း လူတယောက်ယောက် အဖြစ်ဆိုးနဲ့ကြုံရတာ၊ ဝမ်းနည်းကြေကွဲစရာကိစ္စတွေ ကြံုရတဲ့အကြောင်းဆီ စကားရောက်သွားရင် အင်း...ဒါလည်း သူ့ကံပေါ့ သားရယ်၊ ဝဋ်ဆိုတာ လည်တတ်တယ်မဟုတ်လားလို့ပြောရင် ကျနော် ငေးမောပြီး ကြည့်မိတာပါပဲ၊ ဖန်ဆင်းရှင်၊ လူတယောက်ချင်းစီတိုင်းရဲ့ ကြမ္မာအဆိုးအကောင်းကို စီရင်သူ၊ အလိုမရှိရင် သစ်ရွက်လေးတရွက်တောင် မလှုပ်ခတ်စေသူထာဝရဘုရားကို သက်ဝင်ယုံကြည်သူက ကံတို့ ဝဋ်တို့ဆိုတဲ့ ဗုဒ္ဓဝါဒအယူကိုလည်း မပယ်ရှားပါလားလို့ အံ့အားသင့်ရတာပါပဲ၊ တကယ်ဆို အမေ့ဆင်ခြင်မှုမှာ အရာရာဟာ ဘုရားသခင်အလိုတော်ကျချည်း ဖြစ်ရမှာမဟုတ်လား၊ ကံတို့ဝဋ်တို့ဟာ အမေ့ယုံကြည်မှုမှာ မရှိကောင်းတဲ့အရာမဟုတ်လား၊

တကယ်တော့ အမေရော အမေ့ အဖိုးအဖွား အဘေးအဘီအဘင်တွေရော ဗမာပြည်မှာ မွေးခဲ့ကြ၊ နေခဲ့ကြ၊ သေခဲ့ကြ၊ ဗမာပြည်ကိုချစ်ခဲ့ကြ၊ ဗမာပြည်အပေါ် တာဝန်ကြေခဲ့ကြ၊ ဗမာပြည်အပေါ် သစ္စာစောင့်သိခဲ့ကြသူတွေချည်းပဲ၊ အမေကမွေးတဲ့ ကျနော်တို့ မောင်နှမတွေလည်း ထိုနည်းနှင်နှင်ဘဝကို ဖြတ်သန်းခဲ့ကြတာပဲ၊ ကိုးကွယ်ယုံကြည်မှုမှာ အမေဟာ ဗုဒ္ဓဘာသာဝင်မဟုတ်ပေမယ့် ဗမာပြည်မှာ ဗမာ့ယဉ်ကျေးမှု ဗမာ့ဓလေ့ထုံးတမ်းတွေနဲ့ ကြီးပြင်းလာသူပီပီ ယဉ်ပါးလာသူပီပီ အရာရာဟာ ဘုရားသခင်အလိုတော်ကျ ဖြစ်ရပျက်ရလေတယ်ဆိုတဲ့ အမေ့ယုံကြည်မှုဟာ ဘုရားသခင်ချည်းသက်သက် မဟုတ်တာပါလား၊ ဝဋ်တို့ကံတို့ သံသရာတို့ဆိုတဲ့ ဗုဒ္ဓသာသနာရဲ့အဆုံးအမ အယုံအကြည်ဟာ အမေ့ဆီမှာရှိနေပါလားလို့ အံ့အားသင့်မိတာပါ။

လူဟာ သူ့ ကိုးကွယ်ယုံကြည်မှုမှာ ဘယ်လောက်ပဲ သက်ဝင် သက်ဝင် သူမွေးဖွားကြီးပြင်းရာ ရုပ်ပတ်ဝန်းကျင်ရဲ့ အပြုအပြင်၊ အငွေ့အသက်၊ အရိပ်သြဇာနဲ့ မကင်းနိုင်ပါလား၊ သူ့ သိစိတ် မသိစိတ်တွေမှာ ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုက ရှိနေပါလား ကင်းလို့မရနိုင်ပါလား၊ မရစကောင်းပါလားလို့ ဆင်ခြင်မိတာပါပဲ။
မျိုးမြင့်ချို
ဇန္နဝါရီ ၂၇၊ ၂ဝ၂ဝ

0 comments:

Post a Comment