Friday, January 10, 2020

(မရွယ်ပဲ ငှားဖြစ်သွားသည့် စာအုပ်များ)

0 comments
(မရွယ်ပဲ ငှားဖြစ်သွားသည့် စာအုပ်များ)
နေ့လည်စာကို ခေါက်ဆွဲပြုပ် လုပ်သောက်ကြ၏။ လုပ်ရတာမခက်သည့်အပြင် လင်မယား နှယောက်လုံးအကြိုက်လည်းညီသဖြင့် ဟန်ကျ၏။ မကြာမကြာလည်း လုပ်လုပ်စားလေ့ရှိ၏။ ခက်သည်က သည်နေ့လုပ်သည့် ခေါက်ဆွဲပြုပ်တွင် မှိူအနှစ် Mushroom Cream ထည့်လိုက်ခြင်းပင်။ သည် ခရင်မ်းက ခုမှ ပေါ်ကာစလို့ပြောရမလောက်ပင် ရောင်းအားကောင်းနေ၏။ လူစားလည်းများလွန်းနေသလား မပြောတတ်။ စတိုးဆိုင်ကြီးငယ်တိုင်းတွင် တွေ့ရ၏။ ခေါက်ဆွဲပြုပ်ထဲ သူ့ထည့်ပြုပ်ပါက အနံ့အရသာပိုပြည့်စုံလာသလို ပိုလည်းစားကောင်းသလိုပင်။ ခက်သည်က ဆားပြဿနာတက်ခြင်းပင်။ ကျနော်က မှိုအနှစ်မထည့်ခင်ကတည်းက ဆားအငန်ကို အလောတော်အနေမှာထား၏။ မှိူအနှစ်လည်းထည့်လိုက်ရော သူ့တွင်ပါသည့်အငန်နှင့် အိုးထဲကအငန်ပေါင်းမိသွား၏။ ဆားလေးသွား၏။ သို့သော် စားရအလွန်ကောင်းသဖြင့် နှစ်ယောက်သား ဗိုက်လေးသည်အထိ စားပစ်လိုက်ကြ၏။ စားပြီး သိတ်မကြာလိုက် ဆားသတ္တိကပြလာ၏။ အာခြောက်လာ၏ ရေငတ်လာ၏။

ဒါနှင့် အပြင်ထွက်ရအောင်ကွာ တနေရာရာမှာ တခုခုသောက်ကြတာပေါ့ဆိုတော့ ဇနီးက သူ စာကြည့်တိုက်ကြီးသွားချင်သည် ငှားထားသည့်စာအုပ်တွေပြန်အပ်ချင်သည် ထပ်လည်းငှားချင်သည်ဆို၏။ ဒါဆိုလည်း စာကြည့်တိုက်အရင်သွားမယ်လေ၊ ပြီးရင် Smoothy သွားသောက်ကြတာပေါ့ဟုပြောရင်း ကျနော်က ဒီနေ့ ဖို့တ်ဝိန်းမှာ ဘာပွဲများ ဘယ်နေရာများရှိမလဲဟု အွန်လိုင်းတက်ကြည့်၏။ ဖို့တ်ဝိန်းအနုပညာပြတိုက်တွင် ညနေ ၅ နာရီမှ ၈ နာရီအထိ Day of the Dead ပြပွဲရှိသည်။ ဒါ့အပြင် ဖန်ထည်အနုပညာပြခန်းလည်း ဖွင့်ပေးထားမည်။ မည်သူမဆို အခမဲ့ဝင်ခွင့်ပြုသည်ဆိုသည်ကို သွားတွေ့၏။ ဟေ့ စာကြည့်တိုက်အရင်သွား၊ ပြီးရင် အအေးသွားသောက်၊ ပြီးတော့ Fort Wayne Museum of Art သွားကြရင်ဘယ့်နှယ်လဲဆိုတော့ ကောင်းတယ်ပြီး နှစ်ယောက်သားထွက်ခဲ့၏။

စာကြည့်တိုက်ရောက်မှ မြန်မာစာအုပ်တွေထားတဲ့ဘက် ဝင်ကြည့်ဦးမယ်ဆိုတော့ ဇနီးက ဒါဆို နင် အဲ့သွားလေ ငါက ငါငှားမယ့်စာအုပ်တန်းဘက်သွားမယ်ဆိုကာ ထွက်သွား၏။ ခုတလော ဇနီးသည်က ဗုဒ္ဓစာပေတွေကို အတော်လေး စိုက်လိုက်မတ်တပ်ဖတ်နေ လေ့လာနေ၏။ စာကြည့်တိုက်ကြီးသွားသွားပြီး ဖတ်လိုသည့်ဗုဒ္ဓစာအုပ်များ တပုံကြီး ငှားငှားလာသလို၊ အွန်လိုင်းတွင်ရော တီဗီချယ်နယ်လ်များတွင်ရော ဗုဒ္ဓစာပေများ ကျမ်းများ စာတမ်းများ မှတ်တမ်းမှတ်ရာများ သမိုင်းနောက်ခံကားများ စသည်တို့ကို အချိန်ပေးပြီး ဖတ်၏ မှတ်၏ လေ့လာ၏ ကြည့်၏ နားထောင်၏။ သူ မရှင်းသည်များကို ကျနော်နှင့် ပြောဖြစ်ဆိုဖြစ်ဆွေးနွေးဖြစ်၏။ တခါတလေတော့ ချေချေတင်တင် ဖြစ်သည်အထိ။ ခုလည်း သူ သွားငှားမည်ဆိုသည့်စာအုပ်များမှာ ဗုဒ္ဓစာပေများချည်း ဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲ။

ကျနော် မြန်မာစာအုပ်များထားသည့်နေရာရောက်တော့ စာအုပ်အရေအတွက်က အရင်ကလောက်ပင်ရှိမည်ထင်၏။ ဤနေရာသို့ ကျနော် နောက်ဆုံးရောက်ခဲ့သည်မှာ လွန်ခဲ့သည့် ၂ နှစ်ခန့်က။ စာရေးဆရာတယောက် လာလည်တော့ လိုက်ပို့ရင်းရောက်ခဲ့တာဖြစ်၏။ သည့်နောက် မရောက်တော့။ မရောက်ရသည်ကလည်း ကျနော် ဖတ်ချင့်သည့်စာအုပ်အမျိုးအစားက အားနည်းလှသဖြင့်ဖြစ်၏။ ဒီနေ့တော့ စိတ်ကူးပေါက်သဖြင့် ခြေဦးလှည့်ကြည့်ခြင်းသဘောလောက်သာ။ ကိုယ်ဖတ်ချင်မည့်စာအုပ်မျိုး ရတန်ကောင်းစေဆိုသည့်အတွေး အလျဉ်းမပါခဲ့။

စာအုပ်ထားသည့်နေရာရောက်တော့ စာအုပ်အနှောင့်တွေလိုက်ကြည့်ရင်း သုမောင်၏ ဝတ္တုတို ၁ဝဝ ကိုသွားတွေ့၏။ မဖတ်ဖူးသည့်စာ။ အထဲတွင်ပါမည့် အပုဒ်တွေထဲတွင် ကိုယ်ဖတ်ဖူးပြီးသားတွေ ပါမည်မှန်းသိသော်လည်း ခုလို တစုတစည်းတည်းဖတ်ရလိမ့်မည်ဟု တခါမှ မတွေးမိစဖူး။ ဝမ်းသာသွား၏။ ဒါနှင့် နောက်တတန်းလိုက်ကြည့်တော့ ကျန်းမာရေးပညာပေးစာအုပ် လေးငါးအုပ်ကြားတွင် နေဝင်းမြင့်၏ အာရှတိုက်ယွန်းပေါင်ပုရပိုက် ဝထ္တုတိုများကိုတွေ့၏။ ဖတ်ဖူးဖို့ဝေးစွ ကြားပင်မကြားဖူးသေးသည့် ဝတ္ထုတိုများစာအုပ်။ ဒါနှင့် သည်တအုပ်လည်း ဆွဲချလိုက်၏။ ဆက်ပြီး မျက်စေ့ကစားရင်း ညီတော်အာနန္ဒာ၏တသက်တာမှတ်တမ်း ၂ အုပ်အကြားတွင် သိန်းဖေမြင့်၏ သူတို့ခေတ် သူတို့အတိတ် သူတို့အရိပ်စာအုပ်သွားတွေ့၏။ သည်စာအုပ်က ဖတ်ပြီးသား။ ဖတ်ပြီးသားမှ ၂ ကြိမ်တိုင်တိုင်ဖတ်ပြီးသား။ ဟိုတလောက အကြောင်းအရာတခုရေးရင်း ထိုစာအုပ်ကို ပြန်သတိရကာ ပြန်ဖတ်ချင်၏။
သို့သော် ကျနော့်တွင်မရှိတော့ချေ။ လူ တယောက်ငှားသွားပြီး အစပျောက်သွားသည့်စာအုပ်။ ထိုတုန်းက နှမျောလည်းနှမျောမိ စိတ်လည်းတိုမိ၏။ ထိုသူ့ကိုလည်း နောင် ဘာစာအုပ်မှ မငှားတော့။ သူလည်း ကျနော့် အတွေ့မခံတော့။ စာတအုပ်ဖြင့် ရှင်ခန်းလိုလိုပြတ်နေကြ၏။ ထားပါတော့ ခု ဒီစာအုပ်ကို ဆိုက်ဆိုက်မြိုက်မြိုက်လာတွေ့၏။ စိတ်ထဲလည်း ကြည်နူးသွား၏။ တခြားလည်း ဖတ်ချင်တာလေးတွေ တွေ့သေး၏။ သို့သော် ထပ်မယူတော့။ တခြားသူတွေ ဖတ်ဖို့လည်း မျှချန်ထားရဦးမည်ဟုတွေးမိသောကြောင့်ပင်။ စာအုပ်က နည်းသည်မဟုတ်လား။ ကိုယ့်ဆီ လာပုံနေလျှင် ကျန်သူတွေ နစ်နာလိမ့်မည်။ ခု ဒီ ၃ အုပ်ကို ၇ ရက်စာ ငှားသွားမည်။ ၇ ရက်နှင့် ဖတ်မကုန်ရင် အွန်လိုင်းကနေ ရက်ထပ်တိုးမည်။ ပြီးမှ အခြားဖတ်ချင်သည့်စာအုပ်လေးများ ပြန်လာငှားမည်ဟု စိတ်တွင်တေးထားလိုက်၏။

ကျနော် စာအုပ်တွေရွေးပြီး ကြမ်းပေါ် စိမ်ပြေနပြေဖင်ချထိုင်ကာ စာမြည်းနေတုန်း ဇနီးက စာအုပ်တပွေ့နှင့်ပြန်ရောက်လာ၏။ ကျနော့်ကို ကြည့်ရင်း ရယ်ရယ်မောမောဖြင့် နင့်ကြည့်ရတာ နင့်ရုပ်ရှင်ကားထဲက ဒီရောက်ကာစ စာကြည့်တိုက်မှာ စာအုပ်စင်တွေကြားကအခန်းထဲကအတိုင်းပဲဟု ပြော၏။ ကျနော်က ဒီ စာကြည့်တိုက်ပဲလေ။ ဒါပေမယ့် ဒီနေရာတော့မဟုတ်ဘူး။ နောက်ပြီး အဲ့တုန်းက ငါ ဆွဲထုတ်လိုက်တဲ့စာအုပ်က ဘာထရန်ရပ်ဆဲလ်စာအုပ်မှတ်တယ်ဟုပြောတော့ သူက ဟုတ်တယ်ဟုတ်တယ်ဟုဆိုကာ ပြုံး၏။ သို့နှင့် စာအုပ် ၃ အုပ် ငှားလာဖြစ်၏။
နောက်တော့ အအေးဆိုင်သွားကာ အအေးတခွက်စီသောက်ကြ၏။ ၅ နာရီမထိုးခင်လေးမှာ အအေးဆိုင်မျထကာ မြူဇီယမ်ဘက်သွားကြ၏။ ပြပွဲကား သိတ်မစည်လှ သို့သော် ငြိမ်ငြိမ်ဆိတ်ဆိတ်နှင့် ကြည်မွေ့ဖွယ်ပင်။ ဓာတ်ပုံလေး သုံးလေးပုံရိုက်ခဲ့၏။ နောက်တော့ သည်အကြောင်းလေးတွေ ပြောဦးမည်တွေး၏။

ခုတော့ ခု ညတော့ နေဝင်းမြင့်၏ အာရှတိုက်ယွန်းပေါင်ပုရပိုက်ဝတ္ထုတိုများ ဖတ်တော့မည္ပြင်၏။ (ဒီစက်နဲ့ စာရိုက်ရတာ အဆင်မပြေပါ အကျအပေါက်တွေ နောက်တော့ ပြန်ပြင်ပေးပါ့မယ်။ ခုတော့ သည်းခံခွင့်လွှတ်ကြပါ)
မျိုးမြင့်ချို
ဇန္နဝါရီ ၉၊ ၂ဝ၁၉

0 comments:

Post a Comment