“အတွေးအခေါ်နဲ့ လက်တွေ့တို့ရဲ့ ဆက်စပ်မှု”(ဗၾသ)
ပြဿနာတခုဟာ အတွေးအခေါ် ပြဿနာလား၊ လုပ်နည်းကိုင်နည်း ပြဿနာလား အရင်ခွဲခြမ်းစိပ်ဖြာရမယ်၊ စိပ်ဖြာတတ်ရမယ်။ မတူရင်မတူသလို ေြဖရှင်းရမယ်။ အတွေးအခေါ် တူနေရင် စည်းလုံးညီညွတ်နိုင်ရမယ်။ အပြန်အလှန် အားပေးရမယ်။ အကူအညီပေးရမယ်။
ပြီးခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ပြည်သူလူထုဘက်ကကြည့်တော့
‘ဒီမိုကရေစီ’၊ ‘လူထုအုံကြွမှု’လို့ တွေ့ရတယ်။ စစ်အုပ်စု၊
စစ်အစိုးရဘက်ကကြည့်တော့ ‘လူတစုရဲ့ မင်းမဲ့သောင်းကျန်းမှု’လို့ တွေ့ရတယ်။
ဒါဟာ တွေးခေါ်မှုမတူလို့ အမြင်မတူကြတာဖြစ်တယ်။
ဗမာပြည်နိုင်ငံရေးမှာ ဒီအတွေးအခေါ်နှစ်မျိုးတိုက်ပွဲ ဖြစ်နေတာကြာပြီ။
ဒီအတွေးအခေါ်နှစ်ခုအပေါ်မှာပဲ နှစ်ဘက်စလုံးက လက်တွေ့ လှုပ်ရှားမှုတွေအဖြစ်
ပုံသဏ္ဍာန်အမျိုးမျိုး ဖော်ထုတ်လုပ်ကိုင်နေကြတယ်။ ဒီလိုလုပ်နေကြတာဟာ လာမယ့်
သြဂုတ်လဆိုရင် ၁၈ နှစ် ပြည့်တော့မယ်။ တွေးခေါ်မှုဆိုတာက ရပ်တည်မှုကလာတာ။
အလွယ်ဆုံးပြောရရင် ဘယ်ဘက်က ရပ်တည်တယ်ဆိုတာ မတူတာနဲ့ တွေးခေါ်မှု
ကွဲတော့တာပဲ။ ကြား ရပ်တည်ပါတယ်ဆိုတဲ့လူဆို သူ့မှာလည်း ကြားတွေးခေါ်မှုပဲ
ရှိနေတယ်။
ဒီလိုအခါမှာ သမိုင်းရဲ့ဒီအပိုင်းကို ပြန်လည်သုံးသပ်ပြီး
နိဂုံးချုပ်တာလုပ်သင့်ပြီ ထင်တယ်။ ဒီလို သုံးသပ်နိဂုံးချုပ်တယ်ဆိုရင်
အတွေးအခေါ်ဇစ်မြစ်ကစပြီး တူးဖော်သုံးသပ်ပြဖို့လိုတယ်။ ဒါမှသာ
ဒီမိုကရေစီအရေးတော်ပုံရဲ့ခရီးအဆင့်ဆင့်မှာ ဘာလုပ်ရမယ်ဆိုတာ
ပုံပေါ်နိုင်မယ်။ အသေအချာ ပြောရမှာတခုက အတွေးအခေါ်ပြတ်မှ လက်တွေ့ပြတ်တယ်။
တနည်း အတွေးအခေါ်မပြတ်ရင် လက်တွေ့ လုပ်ရာမှာလည်း မပြတ်ဘူး။ ဒါပေမယ့်
လက်တွေ့နဲ့အတွေးအခေါ်ကို အဘက်ဘက်မှာ တထပ်တည်းပြုပြီး သဘောထားအရေးယူ
ဆောင်ရွက်လို့မဖြစ်ဘူး။ ဒီနှစ်ခုမှာ ထပ်တူကျတာလည်းရှိတယ်၊ မကျတာလည်းရှိတယ်။
ဘယ်သူပဲဖြစ်ဖြစ်၊ လက်တွေ့အလုပ်တိုင်းမှာ အတွေးအခေါ်ပါတယ်။ ဒီအချက်ကို
ထည့်မတွက်ပဲ သုံးသပ်နိဂုံးချုပ်ရာမှာ လက်တွေ့လုပ်ငန်းကိုချည့် ကွက်ပြီး
သုံးသပ်နိဂုံးချုပ်တယ်ဆိုရင် အကွဲအပြဲတွေနဲ့ နိဂုံးချုပ်တတ်တယ်။
ဆရာကြီးဆလိုင်းထွန်းသန်းပြောတဲ့ “ဗမာနှစ်ယောက်ရှိရင်
နှစ်ဖွဲ့ကွဲတယ်”ဆိုတဲ့စကားကို အလေးအနက် စဉ်းစားသင့်တယ်။ ဒီလိုပြောနေတာ
သူတဦးတည်း မဟုတ်ပါဘူး။ တခြားလည်း (ပြည်တွင်းက ထွက်လာခဲ့တဲ့)ပုဂ္ဂိုလ်တွေ
အလားတူပဲပြောနေကြတယ်။
ဒီလိုဖြစ်တာရဲ့အကြောင်းရင်းကတော့ ပြဿနာဖြစ်သူတွေဟာ လက်တွေ့ အလုပ်ထဲမှာပဲ အဖြေရှာနေကြပြီး အတွေးအခေါ်ဇစ်မြစ်ကို မတူးဆွကြလို့ဖြစ်တယ်။
တချို့လူတွေက လက်တွေ့ထဲကအမှားကို အတွေးအခေါ်ပိုင်းအမှားနဲ့
ထပ်တူြုပကြတာလည်း တွေ့ရတယ်။ ဒါ မမှန်ဘူး။ အထက်မှာ ပြောခဲ့သလိုပဲ လက်တွေ့ဟာ
အတွေးအခေါ်က လာတယ်ဆိုပေမယ့် လက်တွေ့အမှားတိုင်း အတွေးအခေါ်အမှားက လာတယ်လို့
အလွယ်တကူပြောရင်လွဲမယ်။ ဗမာပြော ပြောရရင် စေတနာပါတဲ့အမှားနဲ့
တမင်လုပ်တဲ့အမှားတို့ဟာ မတူဘူး။
လက်တွေ့(လုပ်ငန်း)မှာ ရွေးချယ်စရာတွေ တခုထက်မက ရှိတတ်တယ်။ ရှိတာ
သဘာဝကျတယ်။ ရှိလည်းရှိရမယ်။ ဒါပေမယ့် အတွေးအခေါ်မှာတော့ ဒီနေ့ဗမာပြည်မှာ
ရွေးချယ်စရာဟာ နှစ်ခုပဲရှိတယ်။ တတိယတခု မရှိဘူး။ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်
လက်တွေ့လုပ်ငန်းကို ခေါင်းဆောင်ကြတာဟာ သက်ဆိုင်ရာဗဟိုတွေပဲ။ လက်တွေ့ကိုတော့
အားလုံးဝိုင်းလုပ်ကြတာ။ လက်တွေ့မှာ ရွေးလမ်းတွေက များလေတော့ ငါသာဆိုရင်
ဒီလိုလုပ်မှာမဟုတ်ဘူး၊ ဗဟိုကလုပ်တာမှားနေတယ်ဆိုတဲ့အတွေးမျိုးတွေ မကြာမကြာ
ပေါ်တတ်တယ်။ ဒီကဆက်ပြီး ငါလုပ်ချင်ကသာ မှန်တယ်။ သူ့ကို(သူတို့ကို)
ခေါင်းဆောင်တင်နေလို့ မအောင်မြင်နိုင်ဘူး၊ ဒါကြောင့်
တစင်ခွဲထောင်မယ်ဆိုတာအထိ ဖြစ်လာလေ့ရှိတယ်။ ဒီလိုနဲ့ ဗဟိုတွေများ
များလာနေတယ်။ ဆရာကြီး ဆလိုင်းထွန်းသန်းလိုလူ အနေနဲ့ ပြောလည်းပြောချင်စရာပဲ။
စစ်အုပ်စု ထိပ်သီးပိုင်းကိုပဲကြည့်။ သူတို့အကြားမှာ
တခြားကွဲလွဲတာတွေရှိပေမယ့် အတွေးအခေါ်မှာ မကွဲဘူး။ တသားတည်းပဲ။
ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့်၊
ဗိုလ်ရွှေမန်း၊ ဗိုလ်စိုးဝင်း၊ ဗိုလ်သိန်းစိန်၊ သူတို့အားလုံး
ဗမာနိုင်ငံရဲ့ နိုင်ငံတော်အာဏာကို စစ်အုပ်စုကသာ
အပြီးအပိုင်ထိန်းသိမ်းထားရေး၊ “ရှစ်လေးလုံး အရေးတော်ပုံဟာ
လူတစုရဲ့မင်းမဲ့သောင်းကျန်းမှုဖြစ်တယ်”ဆိုတဲ့ အခြေခံ အတွေးအခေါ်မှာ
သူတို့တွင်း လုံးဝမကွဲဘူး။ ဒီပေါ်မှာပဲ တသမတ်တည်း မြဲမြဲမြံမြံ
ရပ်တည်ကြတယ်။ သူတို့ထဲမှာ ဖြုတ်ခဲ့၊ ထုတ်ခဲ့၊ ထောင်သွင်းခဲ့တာတွေ
များလှပြီ။ ဒါပေမယ့် ဒါတွေဟာ အတွေးအခေါ်မတူလို့ မဟုတ်ဘူး။ တဦးချင်း
အကျိုးစီးပွား မတူကြရာက ပေါ်လာတာ။ အခုဖမ်းထားတဲ့ အဲဒီစစ်ဗိုလ်တွေကို
ပြန်လွှတ်ကြည့်၊ အများစုဟာ ပြည်သူလူထုဘက်ပြောင်းရပ်မှာ မဟုတ်ဘူး။ အလွယ်ဆုံး
ဥပမာအဖြစ် ဗိုလ်အောင်ကြီးကို ကြည့်။
အစောပိုင်းက စစ်အုပ်စုရဲ့ အဓိကဦးတည်ရန်သူဟာ ဗကပ။ ဒါကြောင့်
ဗိုလ်စောမောင်-ဗိုလ်ခင်ညွန့်တို့က “တောင်းပွဲ တိုက်ပွဲလမ်းစဉ်ကို
မလုပ်ပါနဲ့”လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်။ ဒါဟာ ဗကပကို ဦးတည်ပြောတာပဲ။
အဲဒါနဲ့ တဆက်တည်း မြေပေါ်ပါတီတွေအပေါ် တင်းကြပ်တဲ့ စည်းကမ်းတွေချမှတ်ပြီး
အရေအတွက် လျော့သွားနိုင်အောင် လုပ်ခဲ့တယ်။ ရုပ်ပြ ပြလို့ရနိုင်ရုံ
အရေအတွက်လေးသာ ချန်ထားခဲ့တယ်။ ဒီလိုအချိန်မှာ အတိုက်အခံပါဆိုတဲ့
ဗိုလ်အောင်ကြီးကလည်း ဒီချုပ်ထဲမှာရောက်နေတဲ့ “ကွန်မြူနစ်တွေကို
ထုတ်ပစ်ရမယ်”လို့ ပြောလာခဲ့တယ်။ ဒါဟာ ဗိုလ်ခင်ညွန့်တို့ရဲ့ အတွေးအခေါ်နဲ့
တထပ်တည်းပဲ။ သူတို့ချင်း အတွေးအခေါ်ဆိုင်ရာမှာညှိပြီး လုပ်သလားလို့တောင်
စဉ်းစားစရာရှိတယ်။
ဗိုလ်အောင်ကြီးကို စစ်အုပ်စုထဲက ကန်ထုတ်လိုက်ပေမယ့် ဗိုလ်အောင်ကြီးမှာ
အဲဒီရပ်တည်ချက် မပျောက်လို့ အဲဒီအတွေးအခေါ် ကျန်နေတာပဲ။ ဗိုလ်အောင်ကြီးက
အဲဒီလို လှုပ်ရှားလိုက်ပြီးနောက် ဗိုလ်ခင်ညွန့်တို့ကလည်း ဒီချုပ်ထဲက
မထွက်ဘဲ တင်းခံနေတဲ့ ဗိုလ်အောင်ကြီးပြောတဲ့ ကွန်မြူနစ်တွေကို ဖမ်းပြီး
ထောင်ထဲထည့်လိုက်တယ်။
အဲဒီနောက် ဒီချုပ်ထဲမှာ ဗိုလ်အောင်ကြီးက ကွန်မြူနစ်လို့သမုတ်တဲ့လူတွေ
ရှိသေးသလား။ မရှိတော့ဘူး။ ဒီချုပ်ရော အဲဒါကြောင့် အားကောင်း လာသလား၊
အားနည်းသွားသလား။ အားလုံးသိတဲ့အတိုင်း ဒီချုပ်ရဲ့ခေါင်းဆောင်မှုအပိုင်းမှာ
အတော်ထိခိုက်သွားတယ်။ ဗိုလ်အောင်ကြီးနဲ့ ဗိုလ်ခင်ညွန့်တို့ အဲဒီပွဲမှာ
အနိုင်ရသွားတယ်လို့ ဆိုနိုင်တယ်။
နအဖခေတ်မှာ သူတို့ လေတမျိုးပြောင်းလာတာကို သတိပြုမိမယ်ထင်တယ်။ “အာဏာကို
ဖြတ်လမ်းက ရချင်တာဟာ” အရင်က ပြောသလို “ဗကပ မဟုတ်တော့ပါဘူး”တဲ့။
“အဲန်အယ်လ်ဒီဖြစ်တယ်”တဲ့။ အခုအခါ သူတို့အဖို့ အဓိက ဦးတည်ရန်သူဟာ ဗကပ
မဟုတ်တော့ဘူး။ ဒီချုပ် ဖြစ်သွားပြီ။ ဒါ တိတိကျကျပဲ။ ဒီချုပ်ပြိုသွားမှ
သူတို့ စိတ်ချလက်ချအိပ်နိုင်မှာ။ ဒီအတွက် သူတို့အားလုံး စိတ်တူသဘောတူ
အသေအလဲ လုံးပမ်းနေကြတယ်။
ဒါဟာ အတွေးအခေါ်မှာ တူညီနေလို့ပဲ။
ဒီမှာ ပြောနိုင်တာက စစ်အုပ်စုမှာ အဓိကရန်သူ ပြောင်းတယ်ဆိုတာဟာ
အတွေးအခေါ်ပြောင်းတာကို ပြတာမဟုတ်ဘူး။ သူတို့ရဲ့ စစ်အာဏာရှင် အတွေးအခေါ်ကနေ
ပြဋ္ဌာန်းလို့ ပစ်မှတ်ပြောင်းတာပဲ။
နောက်တချက်က ဗိုလ်အောင်ကြီးလိုလူဟာ အဖွဲ့အစည်းပြောင်းပြီး
လှုပ်ရှားပေမယ့်လည်း အတွေးခေါ်မပြောင်းဘူး။ ဒါတွေက အတွေးအခေါ်ရဲ့
အခြေခံကျမှုကို ဖော်ပြတယ်။
ရှစ်လေးလုံးမှာ အလျှော့ပေးလိုက်ရတဲ့ အတိုက်အခံတွေဟာ ရွေးကောက်ပွဲကျမှ
သိစေမယ်ဆိုပြီး ချုံထဲမှာ ချို (ဂျို) သွေးခဲ့ကြတယ်။ ရွေးကောက်ပွဲလုပ်တော့
တကယ်လည်းနိုင်တယ်။ နိုင်တာမှအပြတ်အသတ်က ိုနိုင်တယ်။ ဒါပေမယ့်
ဘာမှဖြစ်မလာသေးဘူး။ ဒီရွေးကောက်ပွဲနောက်ပိုင်း ၁၆ နှစ် ခရီးကို
ပြန်သုံးသပ်နိဂုံးချုပ်ရင်လည်း အတွေးအခေါ်မပြတ်တာကိုပဲ ထပ်တွေ့ရတယ်။
တကယ်တော့ အတိုက်အခံတွေဘက်ကသာ မပြတ်တာ၊ သူတို့ဘက်က ပြတ်တယ်။ သိပ်ပြတ်တယ်။
သူတို့ကလည်း သေမြေကြီး ရှင်ရွှေထီးပဲ။ အတိုက်အခံတွေထဲမှာ
အတွေးအခေါ်ရှူပ်ထွေးမှုတွေ ပေါ်တယ်။ နဝတ-နအဖထိပ်ပိုင်းမှာ အခုအထိ
ဒါမျိုးမပေါ်သေးဘူး။
ဒါကြောင့် အတိုက်အခံအင်အားစုတွေဟာ အတွေးအခေါ်ပိုင်းကို အလေးထားရမယ်။
ဒီဘက်မှာ ဦးစားပေးလုပ်ကြရမယ်။ အတွေးအခေါ် ကြံ့ခိုင် သန်စွမ်းရေးကို
လုပ်ငန်းတခုအဖြစ် သတ်သတ်မှတ်မှတ်လုပ်ရမယ်။ စည်းလုံးညီညွတ်မှုမှာလည်း
အတွေးအခေါ်ကို အဓိကထားရမယ်။ အချင်းချင်း ဝေဖန်အကူအညီပေးတာမှာလည်း
အတွေးအခေါ်ပိုင်းကို သတိထားကိုင်တွယ်ရမယ်။
ဒီလိုဆိုတဲ့အတွက် ပြဿနာတိုင်းကို အတွေးအခေါ် ပြဿနာလားဆိုတဲ့သံသယနဲ့
ချဉ်းကပ်နေဖို့ မဟုတ်ဘူး။ တစ်က ပြဿနာတခုဟာ အတွေးအခေါ် ပြဿနာလား၊
လုပ်နည်းကိုင်နည်းပြဿနာလား အရင်ခွဲခြမ်းစိပ်ဖြာရမယ်၊ စိပ်ဖြာတတ်ရမယ်။
မတူရင်မတူသလို ဖြေရှင်း ရမယ်။ အတွေးအခေါ်တူနေရင် စည်းလုံးညီညွတ်နိုင်ရမယ်။
အပြန်အလှန် အားပေးရမယ်။ အကူအညီပေးရမယ်။ လက်တွေ့လုပ်ငန်းမှာ မတူတာ၊
ကွဲတာလောက်နဲ့ ခွဲတဲ့အထိ မဖြစ်သင့်ဘူး။ အမှားတွေထဲက သင်ခန်းစာထုတ်
ဆက်အတူလျှောက်ကြရမှာပဲ။ ရန်သူကို ဖြိုခွဲရာမှာလည်း အတွေးအခေါ်အရ
သူတို့ပြောင်းလဲလာရေးကို အလေးထားရမယ်။
-ဗၾသ-(၉၊ ၁၀၊ ၂၀၀၆)
0 comments:
Post a Comment