Sunday, January 19, 2020

(မိုးဟိန်းကျေးဇူး)

0 comments
(မိုးဟိန်းကျေးဇူး)
မိုးဟိန်း(သူရိယနေဝန်း လုပ်နေတဲ့ သဘောက်)ကျေးဇူး ကျနော့်အပေါ် ပါရာစီတမော နှစ်လုံးဖိုးရှိဖူးတယ်။
၁၉၉ဝ စက်တင်ဘာ ၂၅ ထောင်တွင်းနိုင်ကျဉ်းရပိုင်ခွင့်တောင်းဆိုတဲ့တိုက်ပွဲ ရစရာမရှိအောင်ဖြိုခွဲခံရပြီးတဲ့နောက် နိုင်ကျဉ်းတွေကို လူခွဲ တိုက်ခွဲ အဆောင်ခွဲ ထောင်ခွဲတွေ ခွဲတယ်။
ခွဲတော့ ကျနော်က ၄တိုက်(ရှည်)ကနေ ရင်ခွဲတိုက်(ခ) ၂ တိုက် (ခ) ကြိုးတိုက်ရောက်သွားတယ်။ ၂ တို အခန်း ၄၇ လို့မှတ်မိနေတယ်။ အဲ့အခန်းက မိုးဟိန်းနေသွားတဲ့အခန်းပဲ။ မိုးဟိန်း ဘယ်ရောက်သွားလဲတော့ ကျနော်လည်း မသိဘူး။
အဲ့အခန်းမှာ ကျနော်ရယ် မြိ့ုတော်ခမ်းမဗုံးခွဲမှုနဲ့ သေဒဏ်ကျနေတဲ့ ဆေးတက္ကသိုလ်ကျောင်းသား အိုအောင်သူရယ်ကို ထည့်လိုက်တယ်။
ကျနော့်မှာ တနေကုန်ရေစိမ်ရိုက်ခံထားရတဲ့ဒဏ်ကြောင့် တကိုယ်လုံး နာကျင်နေတယ်။ ဘယ်နေရာမှ အထိမခံနိုင်ဘူး။ အဆိုးဆုံးက ခါးပဲ။ နောက်ကျောကို နံပတ်တုတ်နဲ့ရိုက်တာမှာ ခါးဆစ်ကိုရိုက်မိသွားတယ်။ ရိုက်လိုက်တဲ့အချိန်က ဘယ့်လောက်နာတာ မနာတာတော့ မပြောတတ်ပေမယ့် တကိုယ်လုံး လျှပ်စစ်နဲ့ တို့လိုက်သလို ဒင်းကနဲ တကိုယ်လုံးကျင်တက်သွားတယ်။ နာလွန်းလို့ အားယူပြီး ပြန်ကုန်းအထမှာ နောက်နေဆောင့်ကန်လိုက်လို့ ပြန်မှောက်ကျပြီး မေးစေ့ပေါက်ပြဲသွားတယ်။
အခန်း ၄၇ ထဲရောက်တော့ ပုံစံကြီးထိုင်ထားရတာ အတော်ကြာတယ်။ အဲ့နေ့က တနေကုန် ထမင်းမကျွေးဘူး။ ညနေထောင်ပိတ်ပြီးတော့ ကိုအောင်သူနဲ့ကျနော် တခန်းတည်းနေပြီး စကားမပြောရဘူး။ မျက်လုံးနဲ့ မျက်နှာနဲ့ လက်ဟန်ခြေဟန်နဲ့ နာကျင်နေတဲ့အကြောင်း အချက်ပြပြောဖြစ်တယ်။
ကိုအောင်သူက သူ့နေ့ရာကနေ ကျနော့်ဘက်နံရံကို မေးဆတ်ပြတယ်။ လက်နဲ့လည်း ကလော်ကြည့် ကလော်ကြည့်ဆိုတဲ့ အမူအယာလုပ်ပြတယ်။
နံရံကိုကြည့်တော့ အပေါက်တွေ တော်တော်များများတွေ့တယ်။ ကျပ်ပြားဝိုင်းလောက်မရှိတရှိကျယ်ပြီး လက် ၂ သစ်လောက်နက်တဲ့အပေါက်တခုထဲမှာ ဆေးလို့ထင်ရတဲ့ ဖြူဖြူအလုံးလေးတွေ တွေ့တယ်။
ဒါနဲ့ မိလ္လာနေရာမှာတွေ့တဲ့ ဖျာကြမ်းစကိုယူပြီး ကော်ထုတ်လိုက်တော့ ပါရာစီတမောဆေးပြား သုံးလေးပြား ထွက်ကျလာတယ်။
ဆေးတွေက သက်တမ်းလွန်နေပြီလား ကျန်သေးလားမသိပေမယ့် ဝမ်းအတော်သာသွားတယ်။ ၂ ပြား ကိုယ့်အတွက်ယူထားလိုက်ပြီး ကျန်တာ သူ့ဆီပစ်ပေးလိုက်တယ်။ ဆေးပြားတွေ ပါးစပ်ထဲပစ်ထည့်ပြီးမှ အပြင်လက်ထုတ်ပြီးရေခပ်ဖို့ ရေအိုးကြည့်တော့ မရှိတော့ဘူး။ ရေအိုးတွေပါ သိမ်းသွားကြတာကိုး။
ဒါနဲ့ ဆေးပြား ၂ ပြားကို ပါးစပ်ထဲမှာပဲ ညက်နေအောင်ဝါးပြီး တံတွေးနဲ့ မနည်း မျိုမျက်ချလိုက်ရတယ်။ မနည်းလို့ပြောရတာက လူက တနေကုန် ဘာအစာရေစာမှမစားရတော့ ရေဓာတ်က ခမ်းတန်းတန်းဖြစ်နေတာ။ ဆေးမှုန့်လေးတွေမျိုချဖို့ တံတွေးလေးတောင် အနိုင်နိုင်ထွက်ရတာ သေးပေါက်ဖို့ဆိုတာ ဝေလာဝေးပဲ။
ဆေးပြား ၂ ပြား သောက်ချလိုက်ပြီး ခနနေတော့ ခါးက အကိုက်အခဲက နည်းနည်း သက်သာသွားသလိုခံစားရတယ်။ ချွေးလေးလည်း နည်းနည်းစို့ချင်တယ်။ နောက်နေ့မနက် ဝါဒါတွေ တန်းစီးတွေအလစ်မှာ နံရံကအပေါက်တွေ လိုက်ကလော်တော့ အောက်စီတက်ထရာခေါ်တဲ့ဆေးပြားတွေ ထပ်တွေ့တယ်။ အဲ့အချိန်က ထောင်ထဲမှာ ဘာဖြစ်ဖြစ် ထောင်ဆေးမှူးတွေက ပေးလိုက်ရင် အောက်စီတက်ထရာတွေလိုလိုချည်းပဲ။
ခုချိန်မှာတော့ ကျနော့်အတွက် အောက်စီတက်ထရာက ဘာအတွက်ကောင်းလဲမကောင်းဘူး မသိပေမယ့် အနာအကျင်သက်သာလို သက်သာငြားတော့ သောက်ချပစ်လိုက်မိတာပါပဲ။
ဒီအကြောင်း အရင်လည်း စာတစောင်ပေတဖွဲ့လုပ်ပြီးကို ရေးဖူးပါတယ်။ ကြာတော့ကြာပါပြီ။ ပါရာစီတမောကျေးဇူးရှိတာကရှိတာပါပဲ။ ကျေးဇူးရှိပေမယ့် သူအခုလုပ်နေတာတွေအတွက်တော့ ပြစ်တင်ရှုတ်ချ ကန့်ကွက်ရုံမက စစ်အုပ်စုနဲ့တတန်းတည်းထားပြီးကို ဆန့်ကျင်ပါတယ်။
မျိုးမြင့်ချို
ဇန္နဝါရီ ၁၉၊ ၂ဝ၂ဝ

0 comments:

Post a Comment