Saturday, January 18, 2020

(ဂရင်းကဒ်နဲ့နေသူတွေ သတိပြုမိစေချင်)

0 comments
(ဂရင်းကဒ်နဲ့နေသူတွေ သတိပြုမိစေချင်)
အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူများကို အမေရိကန်မှာ Green Card Holder လို့ခေါ်ပါတယ်။ သူတို့ဟာ နိုင်ငံသားမဖြစ်ကြသေးပေမယ့် တရားဝင်နေထိုင်ခွင့် အလုပ်လုပ်ခွင့်တွေ ရရှိထားကြပါတယ်။ ခု USCIS ခေါ်တဲ့ အမေရိကန် နိုင်ငံသားနှင့်လူဝင်မှုကြီးကြပ်ရေးဌာနက သူတို့အပေါ်သက်ရောက်မယ့် ဥပဒေတခု ပြဌာန်းလိုက်ပါတယ်။ ဒီဥပဒေက သက္ကရာဇ် ၂ဝ၂ဝ မှာ စတင် အသက်ဝင်မှာဖြစ်ပါတယ်။ မိမိကိုယ်တိုင် ဂရင်းကဒ်နဲ့နေသူ ဒါမှမဟုတ် မိမိအသိမိတ်ဆွေတွေထဲမှာ ဂရင်းကဒ်နဲ့နေသူတွေရှိတယ်ဆိုရင်တော့ ဒီ စည်းမျဉ်းသစ်တွေကို အလေးအနက်သိထားဖို့ လိုပါလိမ့်မယ်။ ဒီနှစ်ထဲမှာပဲ အသက်ဝင်လာမယ့် ဒီစည်းမျဉ်းသစ်တွေဟာ ဂရင်းကဒ်ကိုင်ဆောင်ထားသူတွေကို မိခင်နိုင်ငံပြန်ပို့တဲ့ထိ ဆိုက်ရောက်စေနိုင်တဲ့ စည်းမျဉ်းတွေဖြစ်နေလို့ပါပဲ။ ဒီစည်းမျဉ်းတွေကိုမသိလို့ မတော်တဆ ရိုးရိုးသားသား ချိုးဖေါက်မိဦးတောင် အရေးယူခံရတာကနေ လွတ်လမ်းမရှိပါဘူး။ ဘယ်လိုဆင်ခြေမျိုးကိုမှလက်မခံပဲ အရေးယူခံရမှာဖြစ်ပါတယ်။
ဒီ ဥပဒေ(စည်းမျဉ်း)သစ်မှာ ဒါတွေပါပါတယ်။ ဂရင်းကဒ်သမားဟာ IRS လိုခေါ်တဲ့ ပြည်တွင်းအခွန်များဦးစီးဌာနကို နှစ်စဉ်လုပ်နေကြ အခွန်ရှင်းလင်းတင်ပြခြင်း Tax Return လုပ်ဖို့ပျက်ကွက်ခဲ့ရင် ဒါမှမဟုတ် မိမိဝင်ငွေတွေထဲက ဝင်ငွေတချို့ကို IRS ကိုတင်ပြဖို့ပျက်ကွက်ခဲ့ရင် မိခင်တိုင်းပြည် ပြန်အပို့ခံရမည်။ သဘောက အခွန်ရှင်းတမ်းကိုလည်း မှန်မှန်လုပ်ပါ။ ဝင်ငွေမှန်သမျှကိုလည်း မခြွင်းမချန်တင်ပြပါ။ အဲ့ဒါတွေမလုပ်ရင် လာရာတိုင်းပြည်ပြန်ပို့မယ်။
အသက် ၁၈ နှစ်နဲ့ ၂၅ နှစ်ကြား ဂရင်းကဒ်နှင့်နေနေကြသောအမျိုးသားတိုင်း စစ်မှုထမ်းရန်ဆင့်ခေါ်သည့်အခါ လိုက်ပါမည်ဟု U.S Selective Service တွင် မှတ်ပုံတင်ထားကြရမည်။ ထိုသို့ မှတ်ပုံတင်မထားပါက မိခင်နိုင်ငံ ပြန်အပို့ခံရမည်။ သဘောက အမေရိကန်မှာ ဂရင်းကဒ်နဲ့လည်းနေတယ်၊ အမျိုးသားလည်းဖြစ်တယ်၊ အသက်ကလည်း ၁၈ နဲ့ ၂၅ ကြားရှိတယ်ဆိုရင် U.S Selective Service ခေါ်တဲ့ စစ်မှုထမ်းရွေးချယ်ရေးပုံစံစာရွက်မှာဖြည့်ပြီး Register မှတ်ပုံတင်ထားရမယ်။ အဲ့လို တင်မထားရင် မိခင်နိုင်ငံပြန်အပို့ခံရမယ်။
ဂရင်းကဒ်ကိုင်ထားပြီး အမေရိကန်ပြင်ပတွင် ကာလရှည်ကြာနေထိုင်သူများအား ဂရင်းကဒ်စွန့်လွှတ်သူများအဖြစ် သတ်မှတ်မည်။ သဘောက ဂရင်းကဒ်ကိုင်ပြီး တနိုင်ငံငံကိုသွားမယ်၊ ဟိုမှာနေထိုင်ဖို့ ရက် ၆ ဆယ်ရသွားတယ်ဆိုပါတော့၊ ဟိုရောက်ပြီး ရက် ၆ ဆယ်ပြည့်လို့ မပြန်ဖြစ်သေးပဲ နေထိုင်ခွင့်သက်တမ်း ထပ်ထပ်တိုးပြီးနေမယ်ဆိုရင် သူ့ကို ဂရင်းကဒ်စွန့်လွှတ်သူအဖြစ် သတ်မှတ်မယ်။ အမေရိကန်ကို ပြန်လာလို့ မရတော့ဘူး။
ဂရင်းကဒ်ကိုင်ဆောင်ထားသူတယောက်ယောက်ဟာ ပြဌာန်းလိုက်တဲ့ဒီဥပဒေသစ်ကိုမသိလို့ ကျူးလွန်မိလည်း အမေရိကန်ကနေ နှင်အထုတ်ခံရမယ်။ သဘောက ကျနော်/ကျမက ပြည်ပရောက်နေလို့ ဒီဥပဒေသစ်ကို မသိလိုက်ရလို့ ချိုးဖေါက်မိတာပါဆိုလည်း လက်မခံဘူး။ အပြီးအပိုင် ပြည်နှင်ဒဏ်ခံရင်ခံရ ဒါမှမဟုတ် အမေရိကန်ကို ပြန်လာလို့မရ ဖြစ်မယ်။
နိုင်ငံသားဖြစ်ပြီးသူတွေအနေနဲ့က အပေါ်မှာပြောခဲ့တဲ့ဥပဒေသစ်ကို ချိုးဖေါက်မိရင် ကုစားလို့ရရာရကြောင်းတွေရှိပါတယ်။ ဂရင်းကဒ်ကိုင်ထားသူတွေကတော့ ပြန်ပို့တာခံရရင်ခံရရင် ခံရမယ်။ နိုင်ငံသားဖြစ်ခွင့် မပေးတာခံရရင် ခံရမယ်။ ဂရင်းကဒ် မပေးတော့တာ ခံရရင် ခံရမယ်။ ဂရင်းကဒ်စွန့်လွှတ်သူအဖြစ် အသတ်မှတ်ခံရရင် ခံရမယ်။ တခုမဟုတ် တခု ဖြစ်ပါလိမ့်မယ်။ ပြေးမလွတ်ပါ။
ပြန်ချုပ်ရရင် ဂရင်းကဒ်နဲ့နေသူတွေအပေါ်သာသက်ရောက်မယ့် ဥပဒေတခုကို အမေရိကန်နိုင်ငံသားနဲ့လူဝင်မှုကြီးကြပ်ရေးဌာနက အတည်ပြုလိုက်ပါပြီ။ ဒီဥပဒေဟာ သက္ကရာဇ် ၂ဝ၂ဝ မှာပဲ အသက်ဝင်သွားပါပြီ။ ဒီဥပဒေအရ ဂရင်းကဒ်နဲ့နေသူတွေဟာ အခွန်ရှင်းတမ်းတင်ပြ Tax Return ဖို့ပျက်ကွက်ရင် ဒါမှမဟုတ် ဝင်ငွေကို အမှန်အမှန်အတိုင်း တင်ပြဖို့ပျက်ကွက်ရင် ဂရင်းကဒ်ပြန်ရုပ်သိမ်းမယ်၊ မိခင်နိုင်ငံ ပြန်အပို့ခံရမယ်။ အသက် ၁၈ နဲ့ ၂၅ ကြား ဂရင်းကဒ်နဲ့နေတဲ့ယောက်ျားတိုင်း စစ်မှုထမ်းရန်ဆင့်ခေါ်ပါက ထမ်းပါမည်ဟု သတ်မှတ်ပုံစံ စာရွက်နှင့်ဖြည့်ပြီး အစိုးရဆီမှာမှတ်ပုံတင်ထားရမယ်။ တင်မထားရင် ဂရင်းကဒ်ပြန်သိမ်းမယ်။ မိခင်နိုင်ငံပြန်အပို့ခံရမယ်။ ဂရင်းကဒ်နဲ့ ပြည်ပခရီးသွားခွင့်ရှိတယ်၊ ဒါပေမယ့် ပေးလိုက်တဲ့ရက်မပြန်ဖြစ်လို့ ဗီဇာသက်တမ်းထပ်ထပ်တိုးပြီးနေရင် အဲ့ဒီလူကို ဂရင်းကဒ် စွန့်လွှတ်သူအဖြစ်သတ်မှတ်မယ်။ အမေရိကန်ပြန်လာလို့မရတော့ဘူး။ ဂရင်းကဒ်သမားက အဲ့ဒီဥပဒေကို မသိလို့ ကျူးလွန်မိပါတယ်ဆိုလည်း ခွင့်မလွှတ်ဘူး။ အရေးယူခံရမယ်။ နိုင်ငံသားဖြစ်ပြီးသူတွေအတွက်ကတော့ ကျူးလွန်မိဦးတောင် ဖြေဆေးရှိသေးတယ်။ ဂရင်းကဒ်သမားမှာတော့ ကုရာနတ္တိဆိုတဲ့သဘောပါပဲ။
(စာကြွင်း။ ဂရင်းကဒ်နဲ့လည်းနေတယ်။ နိုင်ငံသားလျှောက်ဖို့ သတ်မှတ်ချက်တွေနဲ့လည်း ကိုက်ညီပြည့်စုံတယ်။ အမေရိကန်မှာလည်း နေသွားဖို့ရှိတယ်ဆိုရင်တော့ မိမိဘာသာဆုံးဖြတ် လုပ်ကိုင်ဆောင်ရွက်ကြဖို့ပါ)
မျိုးမြင့်ချို
ဇန္နဝါရီ ၁၈၊ ၂ဝ၂ဝ

0 comments:

Post a Comment