Monday, January 13, 2020

(ဒီတုန်းက ဒါ့ကြောင့်ကွဲတယ်)

0 comments
(ဒီတုန်းက ဒါ့ကြောင့်ကွဲတယ်)
ပညာ့အလင်း၊ မြန်မာ့အလင်း၊ သူရိယစတဲ့ သတင်းစာများကွဲသွားကြပုံကို ဦးစိန်(ဗန္ဓုလဦးစိန်)က နိုင်ငံရေးနောက်ခံကားချပ်နဲ့ကပ်ပြလိုက်တယ်။ ၁၉၁၇ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့မှာ အိန္ဒိယအတွင်းဝန်မွန်တေဂူက အိန္ဒိယကို တာဝန်ခံအုပ်ချုပ်ရေး တစတစတိုးပေးမည့်အကြောင်း ကြေညာလိုက်တယ်။ သည်တော့ ဝိုင်အမ်ဘီအေထဲမှာ လူကြီးနှင့်လူငယ် နှစ်ပိုင်းကွဲသွားတယ်။ တူ-သာ-သင်း ဆိုတဲ့လူကြီးအပိုင်းကတော့ နိုင်ငံရေးတောင်းဆိုချက်တွေဘာတွေ မလုပ်ပဲ ကင်းကင်းရှင်းရှင်း ငြိမ်ငြိမ်သက်သက်နေရေးဖြစ်တယ်။ လူငယ်ပိုင်းကတော့ အိန္ဒိယတိုးတက်မှုရလျှင် မြန်မာလည်း ရရမယ်။ တာဝန်ခံအုပ်ချုပ်ရေးရအောင် နိုင်ငံရေးလုပ်ရမယ်စသည်ဖြင့်ဆိုပြီး ဝိုင်အမ်ဘီအေကို နိုင်ငံရေးလှုပ်ရှားမှုထဲ သွင်းလိုက်ကြတယ်။
ပညာ့အလင်းသတင်းစာက လူကြီးပိုင်းကိုထောက်ခံတယ်။ (ပညာအလင်းဟာ တခါတုန်းက ဦးရွှေကြူးပိုင်တယ်။ နောက် ဦးတင်ဆိုသူ ပိုင်တယ်။ ဆရာသင်သတ်မှုအတွက် ဦးတင်အဖမ်းခံရပြီး (ပညာ့အလင်း) ပျက်သွားတယ်။
သူရိယနှင့်မြန်မာ့အလင်းက လူငယ်ပိုင်းကိုထောက်ခံတယ်။
သတင်းစာအုပ်စုနှစ်ခုဟာ အပြန်အလှန်အတိုက်အခံရေးပြီး နိုင်ငံရေးတိုက်ပွဲမှာပါဝင်ဆင်နွှဲကြတယ်။
အချို့ သမိုင်းပြုစုသူတွေဟာ ဒီ နိုင်ငံရေးနောက်ခံကားချပ်ကိုချန်ထားပြီး သတင်းစာအချင်းချင်း အဓိပ္ပါယ်မရှိ တိုက်ခိုက်နေကြလေဟန်၊ မြန်မာ့အလင်းအယ်ဒီတာချုပ်ဆရာသင်ဟာ အကြောင်းမရှိအသတ်ခံသွားရလေဟန် ရေးခဲ့ကြတယ်(စာပေဗိမန်ထုတ် စွယ်စုံကျမ်းအတွဲမှ ဦးအံ့မောင်ရဲ့ မြန်မာသတင်းစာများအကြောင်းကို သာဓကဆောင်ထားတယ်)
ထိုစဉ်က လူငယ်ပိုင်းကို ကိုယ်စားပြုပြီး မြန်မာ့အလင်းသတင်းစာမှ ဆရာသင်က လူကြီးဂိုဏ်းသား လွတ်လပ်ရေးမာန်နတ်တွေ၊ အစိုးရရဲ့ အလိုတော်ရိ ငို့ဘခေါင်းညိတ် ပုတ်သင်ညိုတွေကို ဆော်ပါ နှက်ပါလေရော။
ဦးတင်ရဲ့ ပညာအလင်းကတော့ ဂျင်ဂျာပုလင်း ဆူတာပွက်တာလို လူကြီးများဘက်မှ ရေးခဲ့သားခဲ့တယ်။
ဒီလို တိုက်ပွဲဆင်နွှဲနေကြချိန်မှာ မြန်မာ့အလင့်အယ်ဒီတာချုပ်ဆရာသင်ဟာ အသတ်ခံခဲ့ရတယ်။ နေရာကတော့ ပန်းဆိုးတန်းထိပ် ဘူတာရုံကြီးရှေ့ဖြစ်ပါတယ်။ အငှားတရားခံကတော့ လူမိုက်ကြီးငမိုးဆိုသူ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းကစပြီး လူမိုက်ကို ငမိုးလို့ခေါ်ကြတယ်။
သတင်းစာဆရာကို လူမိုက်ငှားသတ်သူ တရားခံအစစ်ဘယ်သူလဲ။ သတင်းစာတွေရဲ့လွတ်လပ်ခွင့်ကို ဘယ်သူကဖျက်ဆီးနေသလဲ။
ဒါတွေကို ပြည်သူပြည်သားအများအပြား စဉ်းစားကြတယ်။ ဆွေးနွေးကြတယ်။ စုပေါင်းကာကွယ်ရန် စီစဉ်ကြတယ်။ သည်လိုနှင့် သူရိယ၊ မြန်မာ့အလင်း၊ ဗန္ဓုလ၊ ကြယ်တံခွန်၊ မီးဒုတ်၊ လစ်ဘာတီစတဲ့ သတင်းစာဂျာနယ်တို့ဟာ သတင်းစာဆရာအသင်းတည်ထောင်ရန် ပထမဆုံးအကြိမ် ကြိုးပမ်းခဲ့ကြတယ်။
စာပေလုပ်သားများရဲ့ စည်းရုံးလှုပ်ရှားမှုသမိုင်းကိုပြောကြတဲ့အခါမှာ အင်္ဂလိပ်စာရေးဆရာကြီး အိပ်ချ်ဂျီဝဲလ် မြန်မာပြည်ရောက်လာချိန် ၁၉၃၈ ခုနှစ်၊ စာနယ်ဇင်းသမားများ စာရေးဆရာများစုစည်းမိကြခြင်းကို သမိုင်းအစအဖြစ် ပြောသူပြောကြတယ်။ ဂျပန်ခေတ်မှာ ဂျပန်စစ်တပ်ထဲပါလာတဲ့ ဂျပန်စာရေးဆရာ တကာမီ ကပဲစတင်စည်းရုံးပေးခဲ့လေဟန် ပြောသူပြောကြတာပဲ။
ဗန္ဓုလဦးစိန်ရဲ့တင်ပြချက်ဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ နိုင်ငံရေးနောက်ခံကားချပ်နှင့်ဟပ်ပြီး တင်ပြချက်ဖြစ်ပြီး သဘာဝယုတ္တိရှိတယ်။ အခြေခံသဘောဆောင်တယ်။
(သိန်းဖေမြင့်ရဲ့ သူတို့ခေတ်၊ သူတို့အတိတ်၊ သူတို့ရိပ် ထဲမှ ဗန္ဓုလဦးစိန်အကြောင်း ဆောင်းပါးမှ ထုတ်နှုတ်ပါသည်)

0 comments:

Post a Comment