Thursday, January 16, 2020

(သုမောင်ကို ပြန်ခံစားခြင်း)

0 comments
(သုမောင်ကို ပြန်ခံစားခြင်း)
ကျနော် သုမောင် ဝတ္ထုတိ ၁ဝဝ ကိုဖတ်မည့်အကြောင်း ဟိုတနေ့ကပြောခဲ့ပါသည်။ သုမောင်သည် ကျနော်ကြိုက်သော ဝတ္ထုတိုရေးဆရာဟုလည်း ပြောခဲ့ပါသည်။ သူ့ကို ယခုထိလည်း ကျနော်ကြိုက်နေတုန်းဖြစ်ကြောင်းလည်း ပြောခဲ့ပါသည်။
သည်တုန်း ကျနော် မဆင်မခြင်ပြောမိမှန်း ကိုယ့်ဘာသာကိုယ် သတိမထားမိခဲ့ပါ။ ဟိုတုန်းက ဖတ်ခဲ့စဉ် ကြိုက်သည့်အကြိုက်ကို ယခုထက်ထိကြိုက်တုန်းဟုထင်ကာ ကြိုက်နေတုန်း ဖြစ်သည်ပြောခဲ့ခြင်း ဖြစ်မှန်း ခုမှ သိလိုက်ရပါသည်။ ကျနော် ဟိုနေ့က သုမောင်ကိုကြိုက်နေတုန်းဟု ပြောသည့်အချိန်တွင် သုမောင် ဝတ္ထုတို ၁ဝဝ ကို မဖတ်ရသေးပါ။ နောက်ဆုံးဖတ်ခဲ့ရသည့် သုမောင်ဝတ္ထုတိုမှာ ၁၉၈၈ ခု ဇန်နဝါရီလလောက်ကဖြစ်ပါလိမ့်မယ်။ သိတ်တော့ မသေချာပါ။ ထောင်ထဲ ခိုးဖတ်ခဲ့ရသည်များတွင် သုမောင်ဝတ္ထုတပုဒ်မှ မပါတာတော့ သေချာပါသည်။ ကျနော်တို့ခေတ်တုန်းက ထောင်ထဲတွင် စာခိုးဖတ်ရပါသည်။ ICRC ဝင်ပြီးနောက်တွင်သော်မှ ဘာသာရေးနှင့်ဆိုင်သည့်စာအုပ်များနှင့် ဘာသာရေးစာအုပ်တွေလောက်ပဲ တရားဝင်ရပါသည်။

ထောင်ကလွတ်တော့လည်း သုမောင်တွေမဖတ်ဖြစ်ပါ။ ထိုင်းရောက်တော့ သုမောင်ရော အခြားရသစာတွေပါ မဖတ်သလောက်ဖြစ်သွားပါသည်။ ဒုက္ခသည်စခန်းမှာ သစ်ကောင်းအိမ်တို့ ရဲထွန်းဦးတို့နှင့်အတူ စာကြည့်တိုက်လေးလုပ်တော့ ရသစာပေနည်းနည်း ပြန်ဖတ်ဖြစ်ပါသည်။ အမေရိကန်ရောက်တော့ စာ ပြန် ပို ဖတ်ဖြစ်ပါသည်။ သမိုင်းစာအုပ်တွေ သမိုင်းနောက်ခံဝတ္ထုရှည်ကြီးတွေနှင့် ခေတ်ပြိုင်သမိုင်းစာအုပ်တွေ များပါသည်။
ဗမာပြည်ကမိတ်ဆွေများ အလျဉ်းသင့်သည့်အခါပို့သည့်စာအုပ်များ သို့မဟုတ် ကျနော်မှာသောစာအုပ်များမှာလည်း နိုင်ငံရေးတွေ သမိုင်းတွေ ဒဿနတွေ သမိုင်းနောက်ခံ ရသဝတ္ထုရှည်ကြီးတွေချည်းဖြစ်ပါသည်။ ရသစာပေသက်သက် အလွန်နည်းပါသည်။ ထို့ကြောင့် သုမောင်စာတွေလည်း မဖတ်ဖြစ်တော့ပါ။ မဖတ်ဖြစ်သဖြင့် ဟိုတုန်းကလိုပဲကြိုက်နေသေးသည်ဟု ကိုယ့်ဘာသာထင်နေခြင်းဖြစ်ပါသည်။ ဘာနှင့်တူသလဲဆိုတော့ အညာနေတုန်းက ကျေက်စရစ်ကုန်းမှ ထန်းဖိုဦးရည်ကို မြေပဲခင်းထဲက ဆူဖြိုးလှသည့် လယ်ကြွက်ကြီးများကို မကျက်တကျက်ကင်ကာ နောက်ဆုံးမြည်းခဲ့ရသည့်အရသာကို ယခုတိုင် စိတ်ထဲစွဲနေသလို ခုနေ ပြန်စားရမြည်းရလျင်လည်း ဟိုတုန်းကလိုကောင်းမှာပဲဟု ထင်နေခြင်းဖြစ်ပါသည်။

ကျနော်တို့ လမ်းထိပ်တွင် ဖဆပလ ခေတ် ဝန်ထောက်ကတော်ကျ အမျိုးသမီးကြီး တယောက်ရှိပါသည်။ ဖဆပလ ခေတ်ပျက်သွားသဖြင့် သူ့လည်းအထည်ကြီး ပျက်ဟုပြောရမည်လား မသိပါ။ ဘာမှပြောင်ပြောင်ရောင်ရောင် မရှိတော့ပေမယ့် အစိတ်သားလောက်ကြက်ကလေးတကောင်ဝယ်လာပြီး တခြမ်းကို ရို့စ်လုပ်ပြီး တခြမ်းကို Soup လုပ်သောက်လိုက်တယ်လေဟု ရွှေလက်ကောက်အတုကြီးတွေကို တချွင်ချွင်ခါရင်း အိမ်နီးပါးခြင်းတွေကို ခေါင်းကလေးမော့ကာမော့ကာ ပြောတတ်သူ ဖြစ်ပါသည်။ သမီးတွေချည်း အပြိုင်းအရိုင်းမွေးထားပြီး သမီးတွေနည်းတူ ခေတ်ဆန်ဆန် ဆတ်ကော့လတ်ကော့လည်း ဝတ်တတ်စားတတ်ပါသည်။ စကားပြောလျှင် အင်္ဂလိပ်လိုတွေလည်း တခွန်းစနှစ်ခွန်းစ ညှပ်ညှပ်ပြောတတ်ပါသည်။ မင်းတို့အန်ကယ်လ်ရှိတုန်းကဆိုရင်လေ ဆိုရင်လေတွေလည်း ပြောတတ်ပါသည်။ တကယ်က သူပြောသည့် မင်းတို့အန်ကယ်လ်ကို ကျနော်အပါအဝင် တလမ်းတည်းနေ ဘယ်သူမှလည်း မမြင်ဖူး မသိဖူးကြပါ။

ထိုအမျိုးသမီးကြီး ကျနော်တို့လမ်းထိပ်သို့ပြောင်းလာချိန်တွင် သူ့အသက်မှာ ၆၅ ခွန်နှစ်ဆယ်ခန့်ရှိမည်ထင်ပြီး ကျနော့်အသက်မှာ ၁၅ နှစ်ခန့်ရှိပါသည်။ သူသည် စာအုပ်အငှားဆိုင်များမှ ဝတ္ထုစာအုပ်များ အမြဲလိုလို ငှားငှားဖတ်ပါသည်။ စီးကရက်တော့ မသောက်ပါ။ တနေ့ ကျနော်လည်း စာအုပ်ငှားဖို့အသွား သူနှင့် စာအုပ်ဆိုင်တွင်ဆုံဖြစ်ပါသည်။ အငှားဆိုင်ရှင်သူငယ်ချင်းက လက်မအားသဖြင့် ထိုအန်တီကြီး အငှားစာအုပ်စာရင်း ကျနော့်သွင်းခိုင်းပါသည်။ ကျနော် သွင်းပေးလိုက်ပါသည်။ သူဖတ်သည့် စာအုပ်များမှာ ဆွေလှိုင်ဦးတို့၊ ယုဝတီခင်စိန်လှိုင်တို့အပြင် နေနွယ်ဇင်မြင့်တို့ဖြစ်ပါသည်။ သူ ဘယ်အရွယ်အထိ ထိုစာရေးဆရာတို့၏စာအုပ်များဖတ်သွားသည်ကို ကျနော်မသိသော်လည်း သူ့အသက်ဖြင့်မီလျှင် လမင်းမိုမိုတို့ လွန်းထားထားတို့ဘာတို့တွေပါ ဖတ်သွားလိမ့်မည်ထင်ပါသည်။
ကျနော်အခု သုမောင် ဝတ္ထုတို ၁ဝဝ ကို ဖတ်နေသည်မှာ တဝက်ကျော်ကျော်ကျိုးပါပြီ။ ဖတ်ပြီးသားတွေလည်း မနည်းပါပါသည်။ 

ဖတ်ရင်းနှင့် စာအုပ်ဘေးချပြီး ဖေ့စ်ဘွတ်ခ်တက်လိုက် ခွေးလေး ၂ ကောင်ကို စလိုက် ကြက်ကလေးတွေ အစာထွက်ကျွေးလိုက် ရေနွေးတည်လိုက် ကော်ဖီဖျော်လိုက် ဈေးဝယ်စာရင်းရေးလိုက် အိမ်သာတက်လိုက် ခေါင်းဖြီးလိုက် ရေချိုးခန်းဝင်လိုက်တွေဖြစ်နေပါသည်။

ဟိုတုန်းကဆို ဆိုလျှင် ထိုင်ရာမထဖတ်ဖြစ်မှာ သေချာပါသည်။ လူတွေ အကြိုက်ပြောင်းသွားကြသည်မှာ အသက်နှင့်မဆိုင်ဟုထင်ပါသည်။
မျိုးမြင့်ချို
ဇန္နဝါရီ ၁၆၊ ၂ဝ၂ဝ

0 comments:

Post a Comment