Saturday, January 18, 2020

(တိုရှည်နဲ့နံပြားစားခြင်းအကြောင်း)

0 comments
(တိုရှည်နဲ့နံပြားစားခြင်းအကြောင်း)
တမြန်နေ့မနက်က အမေ့အိမ်ဆိုတဲ့ မြန်မာအစားအစာတွေရောင်းတဲ့ဆိုင်မှာ မနက်စာ (Breakfast)သွားစားဖြစ်ပါတယ်။ အရင်လည်း ဒီဆိုင်ကို ၃ ကြိမ်လောက် နေ့လည်စာစား ရောက်ပြီးပါပြီ။ ဆိုင်က ဗမာပြည်ဖွား အစ္စလာမ်ဘာသာဝင်မိသားစု ဆိုင်ပါ။ အခင်းအကျင်း အပြင်အဆင်က ဘာမှ ခမ်းခမ်းနားနားနား ထည်ထည်ဝါဝါမရှိပဲ သူလိုကိုယ်လို ရိုးရိုးပဲမို့ သူသူငါငါဝင်ထွက်စားသောက်ဖို့ရာ ရှိူးတိုးရှန်းတန်း ဖြစ်နေစရာလည်း မရှိပါ။
အရင်နေ့လည်စာ လာစားတုန်းက တကြိမ်မှာ တီလားပီးယားငါး အကောင်လိုက်ကြီးကိုကြော်ပြီး ပဲငန်ပြာရည်တို့ ကြက်သွန်နီတို့ ဘာတို့နဲ့ ပြန်နှပ်ထားတဲ့ ဟင်းဖြစ်ပါတယ်။ အတူပါလာသူတွေက အမဲသားသုတ်မှာသူမှာ၊ ထိုင်း ဖာ့ကပေါင်မှာသူမှာ၊ အမဲကလီစာဟင်း မှာသူမှာ မှာပြီး ထမင်းနဲ့မြိန်ရည်ရှက်ရည်စားကြတာပါ။ ထိုင်းဟင်းတွေလည်းဖြစ် ကိုယ်ကလည်း နဂိုကမှ ဟင်းဆိုချဉ်ငန်စပ်လေးမှ ခတ်လေးလေးမှကြိုက်သူဆိုတော့ စားရ အတော်လေးခံတွင်းတွေ့ခဲ့ပါတယ်။ ချွေးတဖြိုက်ဖြိုက်ကြားကပဲ ရေနွေးပူပူမှုတ်သောက်ရင်း အစပ်ဖြေရတာကလည်း အရသာတမျိုးပါ။
ခုတခေါက်ကတော့ ကျနော်တို့ ဇနီးမောင်နှံ မနက်စာအဆာပြေစားဖို့ သွားကြတာပါ။ ဇနီးသည်က မဆလာအပါအဝင် ဟင်းခပ်အမွှေးအကြိုင်ကဲတဲ့ အိန္ဒိယစာ ပါကစ္စတန်စာ အရှေ့အလယ်ပိုင်းအစားအစာနဲ့ အာဖရိကန်စာတွေ အလွန့်ကို ခုံမင်ပါတယ်။ ထိုင်းစာမှာတော့ ဖာ့ကပေါင်တမျိုးကလွဲလို့ ကျန်တာတွေ မကြိုက်လို့ဆိုပြီး မစားပါ။ ဖို့တ်ဝိန်းမှာ ရန်ပုံငွေဈေးရောင်းပွဲ ရှိတယ်ကြားလို့ကတော့ ဘယ်ဘုန်းကြီးကျောင်းပွဲဖြစ်ဖြစ် ဗလီပွဲဖြစ်ဖြစ် မလွတ်တမ်းသွားပြီး ဗမာစာတွေလည်းစား အပြန်ကျ ဒန်ပေါက် အနည်းဆုံး ၃ ထုတ်လောက်တော့ဝယ်ပြီးမှ ပြန်ပါတယ်။ သူဒန်ပေါက်ကြိုက်ပုံက အမေပြောသလို ဘယ်ဘဝတည်းက ကြိုက်လာလဲမှမသိတာ ဆိုတာမျိုးမို့ သြချယူရပါတယ်။ ကျနော်တို့က ရန်ကုန်မွေး ရန်ကုန်ကြီးတွေဆိုတော့ တင်အေးတို့ နီလာတို့ ကြက်လျှာစွန်းတို့ မြေနီကုန်းဒန်ပေါက်တို့နဲ့ စားနေကျလာတာဆိုတော့ အမေရိကန်နေ ဗမာပြည်ဖွားတွေ ဖေါက်ရောင်းတဲ့ ဘယ်ဒန်ပေါက်ကိုမှ ဒန်ပေါက်ရာမသွင်းချင်ပေမယ့် ကျနော့်ဇနီးက တကယ့်ကို မက်ရည်စက်ရည်စားနေတာမြင်တော့ သူ့ ရန်ကုန်ခေါ်သွားပြီး ဟိုကဒန်ပေါက်သာ ကျွေးကြည့်လိုက်လို့ကတော့ ဘယ်လောက်တောင် စားလိုက်မလဲမသိဘူးလို့ တခါတခါ စိတ်ထဲဖြစ်ပါတယ်။
ခုလည်း ဒီ အမေ့အိမ်ဆိုတဲ့ဆိုင်လေးမှာ သွားစားမယ်ဆိုတော့ အိမ်ကမထွက်ခင်ကတည်းက ပဲဟင်းနံပြား ဒါမှမဟုတ် ပဲဟင်းနဲ့ချာပါတီ ဒါမှမဟုတ် ပဲဟင်းနဲ့တိုရှည်နဲ့စားရအောင်ဆိုပြီး သူ့ဟာသူဇယားဆွဲပါတယ်။ ကျနော်က အေးလေ ဘာရမလဲ မပြောတတ်သေးဘူး ဟိုကြ ကြည့်တာပေါ့ပြောပြီး ထွက်လာခဲ့တာပါ။ ဆိုင်ရောက်တော့ မီးနူးကြည့်ပြီး အရင်ဆုံး တိုရှည်နဲ့ပဲဟင်းတပွဲလို့ သူကမှာပြီး ကျနော်က လဘက်ရည်ကျဆိမ့် ၂ ခွက် မှာပါတယ်။ တိုရှည်ရောက်လာတော့ မစားခင် အပေါ်ကနေ လက်နဲ့ခပ်ပြီးအနံ့ရှူရင်း ဟား မွှေးနေတာပဲလို့ပြောပြီး သူ အရင် တဖဲ့စာဖဲ့ပါတယ်။ ဟုတ်ပါတယ်။ တိုရှည်က သူပြောသလို အတော့်ကို မွှေးပျံ့ပြီး အပြင်သားလေးက သံချေးရောင်ဖျော့ဖျော့ နဲ့ ကြွပ်နေတာပါ။ ပဲဟင်းကလည်း ပြင်းတော်သိမ်နဲ့ ဆီသတ်ထားတာမို့ ပြစ်ပြစ်နှစ်နှစ်နဲ့ အရသာလည်း အတော်ရှိပါတယ်။ တိုရှည်နဲ့စားဖို့က ပဲဟင်းအပြင် ကျတ်တနီးလိုကြိတ်ထားတဲ့ အနှစ်ရည်ကတမျိုး ငရုပ်သီးဆားထောင်းလေးကတမျိုး အပိုပါပါသေးတယ်။ ဒါနဲ့ ချလာတဲ့ တိုရှည် ၂ ချပ်ကို တက်တက်ပြောင်အောင်စားပြီးတော့ အီကြာကွေးနဲ့ပဲဟင်းရမလားမေးတော့ အီကြာကွေးကုန်သွားပြီ နံပြားပဲရတော့မယ်ဆိုတော့ ဒါဆို နံပြားနဲ့ ပဲဟင်းတပွဲပေးပါဆိုပြီး မှာပြန်ပါတယ်။ နှစ်ယောက်သား လဘက်ရည်ကျဆိမ့်လေးကို တစိမ့်စိမ့် အရသာခံကျိုက်လိုက် ရေနွေးပူပူလေးမှုတ်သောက်လိုက်နဲ့ နံပြားပဲဟင်းစောင့်ကြပါတယ်။
ခနနေတော့ နံပြားပဲဟင်းလာချပါတယ်။ ပဲဟင်းက တိုရှည်နဲ့စားခဲ့တဲ့ပဲဟင်းမို့ သိတ်မထူးခြားပေမယ့် နံပြားက ထူးခြားပါတယ်။ ဒီက ကုန်စုံဆိုင်တွေနဲ့ အစားအစာဆိုင်ကြီးတွေမှာ တင်ရောင်းတဲ့ အသင့်စားနံပြားမဟုတ်ပဲ ခုပဲ ရိုက်ပြီး နံပြားဖိုထဲကဆွဲထုတ်လာတဲ့ ဗမာပြည်ကနံပြားဖြစ်နေလို့ပါ။ ဒီကဆိုင်တွေမှာရောင်းတဲ့နံပြားတွေက ဂျုံလည်းနုညံ့ပြီး နံပြားအသားကလည်း ပျော့ပျော့ပွပွနေတာမျိုးပါ။ ဖဲ့ရရွဲ့ရလွယ်သလို ဟင်းရည်ထဲ လဘက်ရည်ကော်ဖီထဲစိမ်လိုက်ရင်လည်း ချက်ခြင်း အိဖတ်ကျသွားပါတယ်။ အစိမ်လေးများ နည်းနည်းကြာသွားလို့ကတော့ အဖတ်ဆည်ကိုမရတော့ပဲ ဇွန်းနဲ့ ကော်ခပ် ကပ်ကက်စားရပါတယ်။ နံပြားပေါ်မှာ တူးရာဆိုလို့ နှမ်းတစေ့စာတောင် ရှိတာမဟုတ်ပါ။ ဗမာနံပြားက ဂျံုသားချင်းတူဦးတောင် နည်းနည်းပို ပျင်းတွဲတွဲနိုင်တယ်မဟုတ်လား။ အဖဲ့ရအရွဲ့ရ နည်းနည်းလက်ဝင်သလို ဟင်းရည်တို့ လဘက်ရည်ကော်ဖီတို့ထဲလည်း အစိမ်ခံတယ်မဟုတ်လား။ ပြီးတော့ ဟိုနားဒီနား တူးရာလေးတွေနဲ့မို့ အနံ့လည်း မွှေးနေတာပါ။ ကျနော်တို့က ဒီ ဗမာပြည်နံပြားကို ပိုကြိုက်ပေမယ့် ကျနော့်တူတော်မောင်ကတော့ တခါစားဖူးပြီးကတည်းက အဲ့ဒီနံပြားကြီးတွေစားရတာ သားရေပြားကြီး ကိုက်ရ ဝါးရသလိုပဲပြောပြီး နောက်မစားတော့ပါ။ ကြက်ဆိုလည်း ကျနော်တို့က ဗမာကြက်ကို အရိုးအသားမျှအောင် ခုတ်ထစ်တုံးတက်ပြီး အရောအနှောလေးနဲ့ချက်မှ ပိုမြိန်ပေမယ့် သူတို့ကတော့ မွေးမြူရေးအသားတိုးကြက် အသားပွတွေကို ပေါင်လိုက် ရင်အုပ်လိုက်ကြီးတွေကို လက် ၂ ဘက်နဲ့ကိုင်ပြီး ထမင်းလွတ်စားကြတာမဟုတ်လား။ စားဓလေ့မတူတာပေါ့လေ။
ဒါနဲ့ ကျနော်တို့နှစ်ယောက်သား နံပြား တယောက်တချပ်စားကြပါတယ်။ ကျနော်က နံပြားကို တချပ်လုံး အလိပ်လိုက်လိပ်ပြီး ဟင်းရည်ထဲနှစ်လိုက် ဟင်းရည်စိုနေတဲ့နေရာကနေ ကွက်ကိုက်လိုက်စားပြီး သူက တလုပ်စာလောက်တဖဲ့ခြင်း ဖဲ့ဖဲ့ပြီး ဟင်းရည်နဲ့ တို့တို့စားတာပါ။ နံပြားနဲ့ ပဲဟင်း အတော့်ကိုလိုက်ဖက်တယ်ပြောရမှာပါ။ အပြင်မှာ အေးနေပေပေမယ့် ဆိုင်ထဲက Heater အရှိန်ရယ် စောစောက စားထားတဲ့ တိုရှည်အစပ်အရှိန်ရယ် ခု ပဲဟင်း စပ်ဖျဉ်းဖျဉ်းလေးရယ် ရေနွေးပူပူရယ်ပေါင်းပြီး ကျနော်တို့ ချွေးစို့နေကြတာမြင်တော့ စားပွဲထိုးတဲ့ချာတိတ်က အကိုတို့က အစပ်မစားနိုင်ဘူးနဲ့တူတယ် ပဲဟင်းက သိတ်မစပ်ပါဘူးအကိုရလို့ ပြောတော့ အေးကွ ပဲဟင်း ရေနွေး ပေါင်းမိသွားတာပါလို့ အလိုက်သင့်ပြန်ဖြေမိတယ်။ ဇနီးကတော့ ဘာတခွန်းမှ ဝင်မပြောပဲ သူ့နံပြားနဲ့ပဲဟင်းကို မဲပြီး တွယ်နေတာပါ။
စားလို့ကုန်တော့မှ အစာပိတ် လဘက်ရည်လက်ကျန်လေး အကုန်မော့ ရေနွေးလေးပလုပ်ကျင်းပြီး မျိုချ၊ နောက်တော့ ကောင်တာသွား ပိုက်ဆံရှင်းပါတယ်။ တိုရှည် နံပြား တပွဲစီကို ၄ ဒေါ်လာမို့ ၈ ဒေါ်လာ၊ လဘက်ရည်က တခွက် ၂ ဒေါ်လာဆိုတော့ ၄ ဒေါ်လာ၊ ပေါင်းမှ ဆယ့်နှစ်ဒေါ်လာပဲကျပါတယ်။ ဒီက အစားအသောက်ဈေး ဝင်ငွေအနေအထားနဲ့ဆို အတော့်ကို သက်သာတယ်လို့ဆိုရမှာပါ။ သူ့လိုပဲ တိုရှည် နံပြား ပဲဟင်းရောင်းတဲ့ တခြားဆိုင်လည်းရှိပေမယ့် အဲ့ဒီဆိုင်မှာက တပွဲကို ၅ ဒေါ်လာယူပါတယ်။ ဒီဆိုင်မှာ ၄ ဒေါ်လာမှန်း သိလို့ ကျနော်တို့ လာစားတာမှန်းမဟုတ်ပေမယ့် တပွဲမှ ၄ ဒေါ်လာဆိုတော့ ပိုပြီးတန်တယ်နော်လို့ နှစ်ယောက်သား ပြေမိကြပါသေးတယ်။
ဒီက မြန်မာအစားအသောက်ဆိုင်တွေမှာ ကိုယ့်ဘာသာ ကောင်တာသွားပြီးမှာရတာ၊ ငွေကို ကိုယ့်ဘာသာသွားချေရတာအပြင် စားသောက်နေချိန်မှာလည်း စားပွဲထိုးက လိုအပ်တာလေးတွေ ဘာမှလုပ်မပေးလေတော့ စားတဲ့လူတွေကလည်း Tips ပေးရိုးမရှိကြပါ။ နဂိုကတည်းကလည်း Tips ပေးတဲ့အလေ့နဲ့ လက်ပွန်းတတီးမရှိခဲ့ကြသူတွေဆိုတော့ သူ့ဆိုင်နဲ့သူ့ဖေါက်သည် သူ့အိုးနဲ့သူ့ဆန် ဟန့်ကိုကျနေတာပါ။ ဒါပေမယ့် အိုင်းရစ်ရှ်မ အမေရိကန်သူ ကျနော့်ဇနီးက ကောင်တာမှာ ငွေသွားရှင်းပြီးပြန်လာတော့ စားပွဲပေါ် တဒေါ်လာတန်လေး ၃ ရွက်ချထားခဲ့ပါတယ်။ စားလို့ကောင်းကြောင်း ဈေးလည်းတော်ကြောင်းပြောရင်း ဆိုင်ရှင်တွေကိုနှုတ်ဆက်ပြီး ပြန်လာခဲ့ကြပါတယ်။
ဘေးမှာထိုင်ရင်း ကျနော်က လေချဉ်တက်တော့ ဇနီးက ကားမောင်းရင်း လေချဉ်တက်တာတောင် အရသာရှိတယ်နော်လို့ပြောရင်း ရယ်ပါတယ်။
မျိုးမြင့်ချို
ဇန္နဝါရီ ၁၈၊ ၂ဝ၂ဝ

0 comments:

Post a Comment