(ဘယ်သူ့ ဆရာ မွေးသလဲ)
အစိုးရတခုကတခုကိုပြောင်းသည့်အခါ သို့မဟုတ် အာဏာရအုပ်စုတစုမှတစုသို့ပြောင်းသည့်အခါ ပြည်တွင်း၌ လက်ဝေခံများ မွေးမြူရကြောင်းကို အများသိကြသလို ကျနော်လည်းပြောဖူးပါသည်။
အစိုးရတခုကတခုကိုပြောင်းသည့်အခါ သို့မဟုတ် အာဏာရအုပ်စုတစုမှတစုသို့ပြောင်းသည့်အခါ ပြည်တွင်း၌ လက်ဝေခံများ မွေးမြူရကြောင်းကို အများသိကြသလို ကျနော်လည်းပြောဖူးပါသည်။
ထိုအစိုးရသစ် သို့မဟုတ် အာဏာရအုပ်စုသစ်သည် ပြည်တွင်း၌ လက်ဝေခံများမွေးမြူရသလို ပြည်တွင်လည်း ဆရာရှာရပါသည်။ ဆရာမွေးရပါသည်။
နိုင်ငံငယ်များအဖို့ ဆရာရှာ၌ ကိုလိုနီသခင်ဟောင်းများထံ စိတ်ပြန်လည်သလို
သခင်သစ်၏အအုပ်အစီးအောက်ရောက်သွားတာလည်း ရှိပါသည်။ အင်္ဂလိပ်ကိုလိုနီအောက်က
လွတ်သွားသော်လည်း အမေရိကန်အပါအဝင် တခြားနယ်ချဲ့နိုင်ငံကြီးများ၏
သြဇာအရိပ်အောက်ကျသွားခြင်းကို ဆိုလိုပါသည်။
ဗမာပြည်သည် တရုတ်နှင့်အိန္ဒိယကြားညပ်နေသည့် နိုင်ငံအလတ်စား ဖြစ်ပါသည်။
ကံကောင်းထောက်မစွာ ထို ၂ နိုင်လုံးမှာ နယ်ချဲ့နိုင်ငံများ မဖြစ်ခဲ့ကြပါ။
ဆရာလာလုပ်သွားသူ နှစ်ယောက်ရှိခဲ့ဖူးပါသည်။ တယောက်က နှစ်ပေါင်းများစွာ
ဖိနှိပ်အုပ်ချုပ်ပြီးမှ သခင်ခေါ်တတ်အောင်သင်ပေးပြီး တယောက်က
သုံးနှစ်လောက်နှင့် ပါးရိုက်ပြီး မာစတာခေါ်တတ်အောင် လုပ်ခဲ့ပါသည်။
နှစ်ယောက်စလုံးသည် ကိုလိုနီနယ်ချဲ့ဖြစ်သော်လည်း တယောက်က
အရင်းရှင်ဒီမိုကရေစီဖြစ်ပြီး တယောက်က အရင်းရှင်ဖက်ဆစ် ဖြစ်ပါသည်။
ဤနေရာ၌ နယ်ချဲ့နှင့် ကိုလိုနီအကြောင်းလည်း နည်းနည်းပြောမှ ရမည်ထင်ပါသည်။
ပင်ဂွင်းတိုက်ထုတ် နိုင်ငံတကာဆက်ဆံရေးများအဘိဓာန်တွင် နယ်ချဲ့စနစ်ဆိုသည်မှာ
ဗိုလ်ကျလွှမ်းမိုး သည့်နိုင်ငံက သူ့လက်အောက်ခံနိုင်ငံများ၊ ပြည်သူများကို
လွှမ်းမိုးချုပ်ချယ်ခြင်း၊ မိမိ၏အာဏာများကို မိမိပြည်တွင်းတွင်သာမက
ပြည်ပတိုင်းပြည်များအပေါ်သို့ပါဖြန့်ကျက်ခြင်း ဖြစ်သည်ဟု အနက်ဖွင့်ပါသည်။
တပြိုင်တည်းမှာ နယ်ချဲ့ဝါဒ(စနစ်)သည် ကိုလိုနီဝါနှင့် တဆက်တစပ်တည်းရှိသလို
တသီးတခြားတဘာသာသဘောလည်း ရှိသည်ဟု ဆိုပါသည်။ ဤနေရာ၌ ကျနော်တို့နားလည်ရန်မှာ
နယ်ချဲ့စနစ်နှင့် ကိုလိုနီဝါဒ(ဟောင်း)သည် တထပ်တည်းကျသည်ဟု မထင်မြင်မိစေရန်
ဖြစ်ပါလိမ့်မည်။ လက်တွေ့တွင်လည်း နယ်ချဲ့စနစ်နှင့် ကိုလိုနီဝါဒ(ဟောင်း)သည်
တထပ်တည်း မကျခဲ့ပါ။
ဥပမာဆောင်ရလျှင် နယ်ချဲ့နိုင်ငံကြီးတချို့က ကိုလိုနီဝါဒကို
စတင်ကျင့်သုံးကြသည့်အခါ အချို့သော အရင်းရှင်နယ်ချဲ့နိုင်ငံကြီးတချို့က
သဘောမတွေ့ခဲ့ကြ မနှစ်သက်ခဲ့ကြပါ။ မနှစ်သက်ကြရသည်မှာ ကိုလိုနီအလုပ်ခံရမည့်
အမျိုးသား(နိုင်ငံများ)ကို စာနာစိတ်ကြောင့် မဟုတ်ကြပါ။ သူတို့တွက်ကိန်းမှာ
ဒေသတခု(နိုင်ငံတခု)ကို စီးပွားရေး၊ စစ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအရ
လွှမ်းမိုးထားနိုင်လျှင်လုံလောက်ပြီ။ ကိုလိုနီပြုပြီး နိုင်ငံရေးအရပါ
လွှမ်းမိုးချုပ်ကိုင်မည်ဆိုပါက စရိတ်စခအလွန်ကြီးလေးမည်
တွက်ခြေမကိုက်နိုင်ဟူ၍ဖြစ်ပါသည်။ တိုင်းပြည်တပြည်ကို ကိုလိုနီပြုလိုက်လျှင်
ထိုကိုလိုနီအပြုခံနိုင်ငံမှ လွတ်လပ်ရေးတိုက်ပွဲဝင်အမျိုးသားတို့၏
ဆန့်ကျင်တော်လှန်မှုကို အမြဲတွန်းလှန်နေရလိမ့်မည်၊
ထိုတော်လှန်ရေးတွေကိုဖိနှိပ်ဖို့ အမြဲတမ်းစစ်တပ်ထားရမည်၊ အုပ်ချုပ်ရေးအတွက်
ဗျူရိုကရေစီ ယန္တယားကြီး ထားရမည်၊ ရမည့်အခွန်အခနှင့် သုံးရမည့်စရိတ်စခ
မကာမိနိုင်ဟု တွက်ချက်ခြင်းဖြစ်ပါသည်။ တွက်ခြေမှကိုက်ပါ့မလားဟု
ပူပန်ခြင်းဖြစ်ပါသည်။ ထိုသို့ ပူပင်ကြသူမှာအနည်းစုဖြစ်ပြီး အများစုကြီးက
ကိုလိုနီပြုရေးကို ကြိုက်ပါသည်။ ထို့ကြောင့် ကမ္ဘာမြေတွင်
ကွက်လပ်မကျန်အောင် ကိုလိုနီအပြုခံရပါသည်။
ဗမာပြည်သည် ကိုလိုနီသမား ၂ ဦး၏ ကျွန်အပြုကိုခံခဲ့ရပါသည်။
ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ လွတ်လပ်ရေးရလာပါသည်။ လျှောလျှောလျှူလျှူ
သက်တောင့်သက်သာတော့မဟုတ်ပါ။ မရရင်ချမယ်ဟုပြောပြီး လူထုနည်းဖြင့်
စိန်ခေါ်အားစမ်းရင်း ရလာတာဖြစ်သည်။ ကိုလိုနီခေတ်ဦးဆီက
တွက်ခြေမှကိုက်ပါ့မလားဟု ပူပန်ခဲ့သူနယ်ချဲ့သမားများ၏
မြော်မြင်ခဲ့သလိုဖြစ်လာသဖြင့် ကိုလိုနီမြေတွေ လက်လွှတ်ခဲ့ရခြင်းလည်း
ဖြစ်ပါသည်။
လွတ်လပ်ရေးရလာတော့ ဖဆပလသည် ပြည်တွင်း၌ လက်ဝေခံမွေးမြူပြီး
ပြည်ပထွက်ဆရာရှာပါသည်။ ဆရာဟောင်း ကိုလိုနီသခင်ဗြိတိသျှမှာ
ကိုယ့်ဘာသာမရှူနိုင်မကယ်နိုင်ဖြစ်သေဖြင့် ဆရာသစ်
အမေရိကန်နှင့်အပေါင်းအပါများကို အားကိုးရပါသည်။ တပြိုင်တည်းမှာ
စစ်လျော်ကြေးပေးရသည့် ဂျပန်ကိုလည်း ဒုတိယနေရာထား၍ ဆရာတင်ပါသည်။ ဂျပန်သည်
ရုရှတို့ တရုတ်တို့အားနယ်ချဲ့ပြီး အရင်းနှီးစုဆောင်းထားသူဖြစ်သဖြင့်
ဒုတိယကမ္ဘာစစ်တွင်ရှူံးသော်လည်း ဆင်ပိန်ကျွဲတော့ ဖြစ်နေပါသေးသည်။
လျော်နိုင်စားနိုင်ပါသေးသည်။ စစ်ရေးစစ်ရာ ကိစ္စများကို
အမေရိကန်လက်ဝကွက်အပ်ထားရသော်လည်း အချုပ်အခြာအဏာတော့ ပိုင်နေပါသေးသည်။
ဗိုလ်နေဝင်းတို့ စစ်အာဏာသိမ်းပြီး စီးပွားရှာကြတော့ စီးပွားရေးတွင်
အမေရိကန်ထက် ဂျပန်ကိုဆရာ ပိုတင်ပါသည်။ ဂျပန့်ဆီမှ စစ်လျော်ကြေးအပြင်
ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ငွေတွေသောက်သောက်လဲချေးပါသည်။ ဒါကို
အမေရိကန်ကသိပါသည်။ သို့သော် ဂျပန်ကိုရထားပြီးသည့်အမေရိကန်က
ဗမာကိုဂျပန်ရလျှင် အမေရိကန်ရသည်ဟု သဘောပိုက်ပါသည်။ ထို့ကြောင့်
ဗိုလ်နေဝင်းတို့အပေါ် ဂျပန့်သြဇာအလွန်ညောင်းပါသည်။
ရဲဘော်သုံးကျိပ်ကိစ္စကျေးဇူး မကင်းရာမကင်းကြောင်းတွေလည်း ပါပါသည်။ ဂျပန်သည်
ဆမလခေတ်ဗမာပြည်၏ အကြီးဆုံးမြီရှင်ဖြစ်ပါသည်။ အကြွေးတွေပြန်မဆပ်နိုင် LDC
ခံလိုက်ပါဟုပြောတာလည်း ဂျပန်ဟုဆိုပါသည်။ ဆိုတော့ လွတ်လပ်ရေးခေတ်
နိုင်ငံရေးအစိုးရတွေရော စစ်အာဏာရှင်ခေတ် မဆလခေတ် အစိုးရတွေရော
ဆရာကိုယ်စီရှိကြပါသည်။ နဝတခေတ် နအဖခေတ် ကြံ့ဖွံ့ခေတ်အစိုးရတွေလည်း
ဆရာကိုယ်စီရှိကြပါသည်။ ဘယ်သူက ဘယ်သူ့ကိုဆရာတင်သည်ကိုပြောရန်
အကြောင်းများပါလိမ့်မည်။ ရှည်လျားပါလိမ့်မည်။ ထို့ကြောင့် ဤနေရာတွင်
ချန်ခဲ့ပါဦးမည်။
ယခုဆက်ပြောလိုသည်မှာ NLD ခေတ်တွင်ရော ပြည်ပ၌ ဆရာထွက်ရှာသလားမရှာသလားက
စောကြောရမည်ဖြစ်ပါသည်။ ပြည်တွင်း၌ မိမိလက်ဝေခံသစ်များမွေးမြူပြီး
စခန်းသွားနေသည်မှာ မှန်သော်လည်း ဗျူရိုကရေစီယန္တယားဟောင်းကြီး
ကာဆီးထားဖြင့် ခရီးကထင်သလောက်မတွင်သေး။ အိန္ဒြေရရ ဟန်ကျပန်ကျမရှိသေးတာတော့
သေချာသည်။ ဒါဆိုလျှင် ပြည်ပကဆရာရော မည်သူဖြစ်မည်နယ်း။ စီးပွားရေးအရ
မည့်သူ့ထံ(အဓိက)မျက်နှာအောက်ချရမည်နည်း။ ဒါတွေက မိမိတို့အတွေးအမြင်များကို
အချက်အလက်အခိုင်အမာဖြင့် ဆွေးနွေးကြရန်သာဖြစ်၏။ ဗမာပြည်လို
အမျိုးသားစီးပွားရေးတောင့်တင်းခိုင်မာမှုမရှိသည့်နိုင်ငံသည် စီးပွားရေးအရ
အမှီအခိုကင်းကင်း တင်းတင်းရင်းရင်း မရပ်တည်နိုင်သေးတာကတော့ သေချာပါသည်။
ဆရာမွေးရပါသည်။
မျိုးမြင့်ချို
ဇန္နဝါရီ ၁၃၊ ၂၁ဝ၁၉
မျိုးမြင့်ချို
ဇန္နဝါရီ ၁၃၊ ၂၁ဝ၁၉
0 comments:
Post a Comment