Sunday, January 12, 2020

(ဖိတ်ကားဖိတ်၏...)

0 comments
(ဖိတ်ကားဖိတ်၏...)
အမေရိကန်က ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံခေါင်းဆောင်တွေထဲကတယောက်ကိုဖိတ်တာလိုလို အမေရိကန်ရဲ့ သီးသန့်နိုင်ငံတော်ဧည့်သည်အဖြစ်နဲ့ ဖိတ်ထားသလိုလို အသံထွက်လာတာ ကြားပါတယ်။ ထရမ့်ရဲ့ အာဆီယံကိုခတ်ခွာခွာထားပြီး တနိုင်ငံချင်းအလိုက် ချဉ်းကပ်ပြီး အမေရိကန့်အကျိုးစီးပွား တည်ဆောက်ရေးနည်းဗျူဟာ အလုပ်ဖြစ်မဖြစ်ကလည်း စိတ်ဝင်စားစရာပါ။ အမေရိကန်တနိုင်ငံတည်းအနေနဲ့ အားနည်းတဲ့နိုင်ငံတွေကိုတနိုင်ငံချင်း လိုက်ရန်လုပ်နေတဲ့ကိစ္စတွေက နိုင်ငံငယ်တွေအဖို့ စိတ်မသက်သာစရာပါ။ အမေရိကန်တွေပြောတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကမ္ဘာ့ပြည်သူတွေက သံသယပိုကြီးနေတဲ့အချိန်ကြီးပါ။ အိုင်စီဂျေကိစ္စမှာ အမေရိကန်ဟာ ဝတ်ကျေတန်းကျေလောက်ပဲ ရပ်ခံထားတာပါ။
တရုတ်သမတရဲ့ ၂ဝ၂ဝ အတွက် ပထမဆုံး ပြည်ပခရီးစဉ်ဟာ ဗမာပြည်ပါ။ ၂၁ ရာစုကို ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးရာစုလို့ တရုတ်ကကြွေးကြော်ခံယူပြီး လုပ်နေတာပါ။ ကြီးထွားလာတဲ့စီးပွားရေးကိုကာကွယ်ဖို့ စစ်အင်အားတွေတိုးချဲ့နေတာမှန်ပေမယ့် ခုထိတော့ ဘယ်နိုင်ငံကိုမှ စစ်ရေးအရခြိမ်းခြောက်သံမထွက်သေးပါ။ တရုတ်မှာ အာဆီယံနဲ့စီးပွားရေးပူးပေါင်းမှူကိစ္စတွေအပြင် တောင်တရုတ်ပင်လယ်အငြင်းပွားမှူတွေလည်း တဖြည်းဖြည်းရှင်းနေရတာပါ။ ဘယ်ကိစ္စမှ မပြီးပြတ်သေးပါ။ BRI ကိစ္စ၊ တရုတ်မြန်မာစီးပွားရေးစင်္ကြန်ကိစ္စအပြင် ဗမာပြည် ပြည်တွင်းစစ်ကိစ္စ(လတ်တလောမှာ အပစ်ရပ်ရေးကိစ္စ)တွေမှာလည်း ထဲထဲဝင်ဝင် ဝင်ပါနေတာပါ။
အိန္ဒိယ၊ တောင်ကိုးရီး၊ ဂျပန်တွေ ဗမာပြည်ကို သူ့ထက်ငါအလုအယက် ချဉ်းကပ်နေပါတယ်။ တရုတ်နဲ့ဂျပန်ဟာ ကမ္ဘာရန်ပါ။ ကိုးရီးယားနဲ့ဂျပန်ဟာလည်း မဟာရန်သူတွေပါ။ တရုတ်နဲ့အိန္ဒိယကတော့ စစ်ပါထဖြစ်တဲ့အထိ ကျောင်းတောင်ကရန်စရှိပါတယ်။ အဲ့ဒီအလုအယက်တိုးဝင်တလာတဲ့နိုင်ငံတွေက ဗမာပြည်စက်မှူနိုင်ငံရေးဖြစ်ရေးပါ ကျွဲကူးရေပါလုပ်ပေးနိုင်ပါ့မလားက တွေးစရာပါ။ ပြည်တွင်းက အမျိုးသားအရင်းရှင်ကြီးငယ်တွေအနေနဲ့က ကိုယ့်ပြည်တွင်းစက်မှူလုပ်ငန်း ဘာဖြစ်ဖြစ်မဖြစ်ဖြစ် ငါတို့ပစ္စည်းရောင်းရပြီးရောဆိုပြီး နိုင်ငံခြားကစက်မှူပစ္စည်းတွေ ယဉ်တွေတင်သွင်းရောင်းချနေတာမျိုး မလုပ်ဖို့လိုပါလိမ့်မယ်။ အစိုးရအနေနဲ့က ပေါ်လစီချပြီး ဒါကို ကြပ်မတ်ရမယ်မြင်ပါတယ်။ စျေးဆိုင်က လူတိုင်းတည်တတ်ပါတယ်။ စျေးရောင်းတယ်ဆိုတာလည်း ခက်တဲ့ကိစ္စမဟုတ်ပါ။
ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ကဖိတ်တာမှန်တယ်ဆိုရင် ကောင်းပါတယ်။ ကောင်းတယ်ဆိုတာက အဖိတ်ခံရတာကိုပြောတာပါ။ ဦးသိန်းစိန်ကိုဖိတ်တုန်းကလို ကျောသပ်ရင်သပ်လောက်လုပ်ပြီး ပြန်လွှတ်လိုက်တာမျိုးတော့ မဖြစ်နိုင်ပါ။ ဖိတ်တယ်ဆို ဒေါ်စုလည်း လာလိမ့်မယ်လို့ထင်ပါတယ်။ တခြားသမတက ဖိတ်တယ်ဆိုရင်တောင်မှ သို့လောသို့လောဖြစ်စရာပါ။ ထရမ့်ဖိတ်တာဆို မလာရစရာ မရှိပါ။ ပျော်ပျော်ကြီးလာကြပါတယ်။ ထရမ့်ကလည်း သူ့ ဂျိမ်းစ်ဘွန်းဆန်ဆန် ကောင်းဘွီုင်ဆန်ဆန်နိုင်ငံရေးမျိုးတွေကို အလွန်လုပ်ပါတယ်။ တာလီဘန်တွေကို အမေရိကန်ကိုဖိတ်တာမျိုး၊ မြောက်ကိုးယားပြည်ထဲ ခြေလှမ်း ၂ ဆယ်လောက်ဝင်ပြတာမျိုး၊ ဆော်ဒီအိမ်ရှေ့မင်းကို အလွန်အကျွံပွဲထုတ်တာမျိုးတွေ လုပ်ရတာဝါသနာပါပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း အဖိတ်ခံရတယ်ဆို လာလိမ့်မယ်လို့မျှောလင့်ပါတယ်။
ကိုယ်အနေတတ်ရင် ဘယ်ပြဿနာထဲမှ ဆွဲသွင်းလို့မရပါ။ ပထမကမ္ဘာစစ်မှာ စစ်သားစုပေးရတာနဲ့ ဒုတိယကမ္ဘာစစ်မှာ ဝင်ပါတိုက်ပေးရတာတွေဟာ ဗမာပြည်ဟာ ဗြိတိသျှကိုလိုနီဖြစ်နေလို့ပါ။ ကျွန်ဝယ်ရာအဆစ်ပါတဲ့သဘောပါ။ ခုက လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင် အမျိုးသားနိုင်ငံပါ။ နိုင်ငံကြီးတွေကြားဝင်ပြီး တိုင်းပြည်အတွက်အမြတ်ထုတ်ဖို့ဆိုရင်တော့ စိတ်ကူးယဉ်ရာကျပါလိမ့်မယ်။ နိုင်ငံကြီးတွေဆိုတာ ရှူံးမယ့်မြင်း ဘယ်တော့မှမလောင်းပါ။ တဆုပ်ကြဲရင် တလှည်းဝင်ဖို့သေချာမှ ပထမခြေတလှမ်း စလှမ်းပါတယ်။ မိမိပါတီအနိုင်ရဖို့ မိမိအာဏာမြဲနေဖို့ လူထုအကြိုက်ကျနေဖို့ စတဲ့အမြတ်မျိုးထုတ်ဖို့တော့ လုပ်လို့ရပါတယ်။ လုပ်လည်း လုပ်ကြတာ ကမ္ဘာမှာရှိပြီးသားပါ။ ဗမာပြည်မှာ ဗိုလ်နေဝင်း အလွန်ကျင်လည်ပါတယ်။
ပြန်ချုပ်ရရင် ဖိတ်တာ ဟုတ်ပါစေ စိတ်ထဲဖြစ်မိပါတယ်။ ဟုတ်တယ်ဆို လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အမေရိကန်-တရုတ် ဗမာပြည်ကို အပြိုင်မျှားနေတာပါ။ အိန္ဒိယ၊၊ ဂျပန်၊ ကိုးရီးယား ခြေချင်းလိမ်နေပါတယ်။
မျိုးမြင့်ချို
ဇန္နဝါရီ ၁၂၊ ၂ဝ၁၉

0 comments:

Post a Comment