၁၉၈ဝ
ဝန်းကျင်များဆီက ဆရာဝန်တွေနဲ့ ဆေးတက္က သိုလ်ကျောင်းသား/သူ တချို့ စာအတော်ရေးကြတယ်။ လစဉ်ထုတ် မဂ္ဂဇင်းတွေထဲမလဲ
သူတို့စာတွေ အလုအယက်ဖော်ပြလိုက်ကြတာမှ ရှောင်မလွတ် ဆိုသလိုပဲ။ စာရေးကောင်းတဲ့သူနဲ့ စာကောင်းရေးတဲ့သူတွေလည်း
မနည်းလှပါ။ ဘယ်လောက်တောင် ဆရာဝန်နဲ့ဆရာဝန်လောင်းတွေ စာရေးကြသလဲဆိုတော့ ကာတွန်းနဲ့ကို
လှောင်ယူ ရတဲ့အထိပဲ။ ကာတွန်းဆရာတော့မေ့သွားပြီ။ ကာတွန်းကတော့ တစ်ကွက်ကာတွန်းပဲ။ မဂ္ဂဇင်းမှာဖော်ပြ ထားတာ။
ကလေးလေးတစ်ယောက်က လူကြီးတစ်ယောက်ကိုမေးတယ်
"စာရေးဆရာဖြစ်အောင် ဘာလုပ်ရမလဲဟင်"..တဲ့။ လူကြီးက ပြန်ဖြေတယ် "ဆရာဝန်ဖြစ်အောင်အရင်လုပ်"..တဲ့။
ကဲ ခုလည်း အမတ်ဖြစ်ချင်ရင် အဆိုတော်၊ ရုပ်ရှင်မင်းသား/မင်းသမီး၊ ကဗျာဆရာ စတာတွေဖြစ်အောင်အရင်လုပ်
လို့ပြောရမလိုလား။ လူထုအရေးမို့ တိုင်းပြည်အရေးမို့ ထောင်တန်းအကျခံ (မကျပေမယ့်လည်း
ဘဝ အနာခံပြီး)လုပ်ခဲ့တဲ့ လုပ်နေတဲ့ အဆိုတော် မင်းသားမင်းသမီး ကဗျာဆရာ(ကြီးငယ်လတ်)တွေနဲ့
ခုပြောတဲ့ ခါတော်မီအမတ်မင်းတွေက ပြဒါးတစ်လမ်း သံတစ်လမ်းမှန်းတော့ ကွဲပြားပါတယ်။ ဘာတဲ့..
"လုပ်လို့မရတဲ့ အချိန်က..မလုပ်ခဲ့တာထက် လုပ်လို့ရတဲ့အချိန်မှာ.. မလုပ်တာက ပိုမဆိုးလား"ဆိုတဲ့စကားတောင်
ကိုးကားစာရင်းဝင်မှတော့ ဒီ့ထက်နာစရာဇာတ် ဘယ်မှာလာရှိပါတော့မလဲ။ ကဗျာအမတ်ကိစ္စ
စင်္ကာပူမှာ
အိန္ဒိယပြည်က ဟိန္ဒူအမျိုးသားတစ်ယောက်ကို ဘစ်ကားဒရိုင်ဘာက ထိုးကြိတ်ရာကနေစပြီး လစ်တဲလ်အင်န္ဒိယားလို့ဆိုတဲ့အရပ်မှာ
ကားမီးရှို့တာတွေ ရဲကားတွေမှောက်လှန်ပစ်တာတွေဖြစ်ကုန်တယ်။ ဘယ်ကစလို့ ဘယ်သူမှန်လို့ ဘယ်သူမှားတောင်
မသိရသေးပါဘူး ရခိုင်မှာမသီတာထွေးကိစ္စဖြစ်တုန်းက မျိုးချစ်စိတ်တွေဟုန်းဟုန်းတောက်ပြီး
ကုလားတွေသတ်ပစ်ရမယ်တို့ အမျိုးဘာသာ သာသနာတို့ကြုံးဝါး ခဲ့လေသူက ခုတော့ "ကျနော်တို့
ဒီမှာလာ ကျွန်ခံသလို အလုပ်လာလုပ်နေကြတာ ကိုယ့်ရည်မှန်းချက် အတွက်
ကိုယ့်မိသားစုဘဝအတွက်ပဲ။ ခု ဖြစ်နေတာက လူမျိုးရေးဆန်တဲ့ခွဲခြားမှုကြောင့်ဖြစ်ရတာပဲ။
ကိုယ်တွေက ကုလားတွေလိုပဲ ဒီမှာလာ အလုပ်လုပ်နေကြတာဆိုတော့ ကုလားတွေနဲ့သင့်အောင်ပေါင်း
စင်္ကပူရီယာန်တွေ အမြင်မစောင်းအောင်လည်းနေတတ်ဖို့လိုမယ်။ လူမျိုးရေးခွဲခြားပြီး တရုပ်သွေးပါတဲ့ စင်္ကာပူတွေ
ကျုပ်တို့ကို ရင့်သီးလာတာကြာပြီ။ ဂွင်ဝင်တုန်းလေးဆိုပြီး အနှိမ်ခံတွေအချင်းချင်းဆိုပြီး
ကုလားတွေဘက်ကလည်း သွားမပါကြပါနဲ့။ သွားပါလိုက်ရင် စင်္ကာပူပုလိပ်တွေနဲ့ လူဝင်မှုကြီးကြပ်ရေးက
ကျုပ်တို့ဘက်ပါ မြားဦးလှည့်လာလိမ့်မယ်။ ကိုယ့်ဘဝအတွက် ကိုယ်ရုန်းနေကြတာဆိုတော့ ဘယ်သူဘာဖြစ်ဖြစ်မတတ်နိုင်ဘူးလို့
ဥပက္ခာစိတ်နဲ့သာနေကြပါ" ဆိုပြီး နှိုးဆော်နေတာတွေ့ရပါတယ်။ ကျနော့်သဘောကတော့ဗျာ လူမျိုး
ဘာသာ အသားအရောင်ခွဲခြားရန်လိုတတ်တဲ့အရပ်မှာ လူ့အခွင့်အရေးမထွန်းကားသလို လူသားရဲ့ဂုဏ်သိက္ခာနဲ့တန်ဘိုးဟာလည်း
ချချအနင်းခံရတာချည်းပါ။ ပိုက်ဆံတွေအကုန်ခံပြီး ပိုက်ဆံရှာဖို့ မိသားစုဘဝလေးလှအောင်တည်ဆောက်ဖို့ရာ
သွားရုန်းကန်နေရရှာသူတွေ ဒုက္ခတွေကြုံပြီး အချိန်မတန်ခင်၊ ရည်မှန်းချက်မပြည့်ခင် မပြန်ချင့်ပြန်ချင်နဲ့
ပြန်ရောက်မလာကြစေချင်ပါဘူး။ စင်္ကာပူလစ်တယ်လ်အင်န္ဒိယကိစ္စ
ဝင်ပါ
၂ဝ၁၅ လည်း ဝင်ပါ။ မျှော်ပါ ကြားဖြတ်တုန်းကလိုဖြစ်မယ်လို့လည်း မျှော်ပါ။ ပီအာရ်လို့ဆိုတဲ့
အချိုးကျကိုယ်စားလှယ်စနစ် ဟိုဘက်ကတင်လာတော့ ဘာပြောလေဦးမလဲ။ ချုပ်ကွက်က တစ်ကွက်ခြင်း တိုးတိုးချုပ်နေတာ
အပ်ကွက်ဖြစ်လိမ့်မယ်လို့တော့မထင်။ နိုင်ငံရေးအာဏာလုတယ်ဆိုတာ စစ်တုရင်ပွဲမှ မဟုတ်တာ။
စစ်တုရင်ထိုးတာ ရွေးကောက်ပွဲဝင်တာမှမဟုတ်တာ။ အဲ့သလိုပဲ ဂျိမ်းစ်ဘွန်းကားကြိုက်ရင် ခွက်တိုက်ရင်းဉာဏ်ရည်ယှဉ်တာကို
စိတ်ကူးယဉ်လို့ရမယ်။ ကားပါမစ်နဲ့အပစ်အခတ်ရပ်တာဟာ ရုပ်ရှင်ရိုက်တာမှမဟုတ်တာ။ နိုင်ငံရေးမှာ
ခြေပုန်းခုတ်တယ်ဆိုတာ ကြောင်ကြာကြာရေမငုတ် သလိုပဲ။ ကြောင်ရေငုတ်ကိစ္စ
အင်န်အယ်လ်ဒီဗဟိုကော်မတီအစည်းအဝေးအပြီး
ရှေ့နေကြီးဦးဉာဏ်ဝင်းပြောတော့မှ စာဖတ်နေသူကြီးက ဒီအတိုင်းပဲဖြစ်ရမလေဆိုကာ စာအုပ်လေးဘေးချ။
ကျော်ဝင်း ဒူးလေးနှံ့အမြီးလေးနှံ့။ အမေစုတွေ ဇာတ်တော်လာသားတရားစီရင်ခန်း ချီးမွမ်းခန်းဖွင့်ကြ။
၉၆၉ ဗုဒ္ဓဝါဒီအကြမ်းဖက်သမားတွေ ၂ဝ၁၄ ပွဲသိမ်း ခန်းနဲ့ဇာတ်သိမ်းခန်းကကြ။ ၂ဝ၁၅ ကို ကြားဖြတ်ရွေးကောက်ပွဲလိုဖြစ်မယ်လို့
မျှော်သူတွေပေါ်လာကြ။ ရုပ်ရှင်မင်းသားမင်းသမီးအဆိုတော်ကဗျာဆရာဘာညာတွေလည်း အမတ်လောင်းခြေလှမ်းပြင်ကြ
ခြေထိုးကြ ခြေချော်ကြ ချီးမွမ်းခြေကျောက် ကျောက်ကြ။ ဘာမှမဖြစ်လို့ ၂ဝ၁၅ ရွေးကောက်ပွဲဖြစ်တယ်ထား၊
အင်န်အယ်လ်ဒီလည်း အများစုနေရာနိုင်တယ်ထား၊ နိုင်ငံရေးအာဏာ ရမယ်လို့ ခင်ဗျားပြောနိုင်မလားဗျာ။
ပြောဖို့ကျန်နေတာက ပီအာရ်ကိစ္စ။ ဘယ်တော့ တစ်စခန်းထလာလေ မလဲ။
ပီအာရ်ခေါင်းထောင်မယ့်ကိစ္စ
(ဒါရေးနေတုန်းပဲ
ဦးဉာဏ်ဝင်းထွက်ပြောတယ် ၂ဝ၁၅ ကို ဝင်ဖြစ်အောင်ကိုဝင်မှာဆိုပြီး)ဒီ/ချုပ် ဗဟိုကော်မတီအစည်းအဝေးလုပ်တယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းလို့ မတက်နိုင်ဘူး လို့ဆိုတယ်။ ဟိုတလောက ခြေမမှာ
ခွဲစိတ်ကုသမှုခံရတာသိတယ်။ ပြီးတော့ ဟိုနေ့ကပဲ သူ့ကိုယ်ရေး အတွင်းရေးမှူး (ဒေါက်တာတင်မာအောင်)
နဲ့ မိတ္ထီလာအမတ်(ဦးဝင်းထိန်)တို့ကို နေရာကိုယ်စီ ခန့်အပ် တာဝန်ပေးကြောင်း ကြေငြာချက်ဖတ်ရတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံ(ပြင်ရေး)ကိစ္စက ထိပ်တက်နေတယ်။
မြစ်ဆုံ ကိစ္စ တရုတ်ဘက်က အသံပြန်ထွက်လာတယ်။ ရခိုင်ပြည်နယ်မှာ (၉၆၉) ဗုဒ္ဓဝါဒီအကြမ်းဖက်ခေါင်းဆောင်
(သင်္ကန်းဝတ်နဲ့လူဝတ်တွေ) တရားပွဲတွေတခြိမ်းခြိမ်း လုပ်နေတယ်။ ၂ဝဝ၈ မပြင်ရင် အခြားပါတီတွေ (ကြံ့ဖွံ့ကိုအဓိကဦးတည်)
၂ဝ၁၅ ရွေးကောက်ပွဲ မဝင်သင့်ဘူးလို့ပြောထားတာရှိတယ်။ အင်န်အယ်လ်ဒီ ကတော့ ဝင်မယ်ဆိုတောင်
စွန့်စားပြီးဝင်ရမှာဆိုပြီး သောင်မတင်ရေမကျနိုင်ငံရေးစကားပြောထားတာ ရှိတယ်။ လေးပွင့်ဆိုင်တွေ့ဖို့မေတ္တာရပ်ခံထားတာလည်း သဲထဲရေသွန်လိုဖြစ်နေတယ်။
စစ်အုပ်စုက တွေ့စရာမလိုဆိုတာကို အတိအလင်းသဘောပြောထားတယ်။ အပစ်အခတ်ရပ်စဲရေးကိစ္စတွေ လုပ်တဲ့နေရမှာလည်း
အောင်မင်းတို့ သိန်းစိန်တို့ လှမောင်ရွှေတို့ စစ်အလိုတော်ရိပြည်တော်ပြန်တွေ တစ်အုပ်လုံးပေါင်းတောင်
ခင်ညွန့်တစ်ခေါင်းစာကလိမ်ကကျစ်ဉာဏ်မှာ မမီဘူး။ ပြဿနာတွေ တက်လိုက် ရှေ့ကဖုံးလိုက် နောက်ကပေါ်လိုက်နဲ့။
ဆီးဂိမ်းမှာ မီးရှို့ရမ်းကားဆဲဆိုသူတွေကို မျိုးချစ်တွေဆိုပြီး စားရိတ်ပေးအိမ်ပြန်ဖို့
ရဲအချုပ်ကနေ ခရိုနီဇော်ဇော်က သွားထုတ်ပေးတယ်။ (အဲ့ငနဲနဲ့ ဒေါ်စု ဘောအတူ ထိုင်ကြည့်ခဲ့တယ်)
မလေးရှားဘက်မှာလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ပြဿနာဖြစ်နေတယ်။ အရင်တခါတုန်းကလောက်
ဇာမချဲ့လာသလို ကယ်တင်ရှင်မျိုးချစ်ခရိုနီကြီးတွေလည်း သိတ်စွာတာ မကြားရဘူး။ ရှစ်ပူး-ငြိမ်း/ပွင့်အင်န်ဂျီအိုကတော့
မှတ်ပုံတင်ပြီးမှ ဆန္ဒပြရမယ့်ဥပဒေပုဒ်မ(၁၈)ကိုဖျက်ပေးဖို့ အဲ့ဒီပုဒ်မ(ဥပဒေ)နဲ့အညီ ဆန္ဒပြခွင့်ရတယ်ကြားတယ်။
ဒေါ်စု အသက်ကြီးပြီ။ အင်န်အယ်လ်ဒီမှာ သူ့တသြဇာနဲ့ မီးသေခဲ့တာငြင်းမရဘူး။ အင်န်အယ်လ်ဒီမှာ(စစ်အုပ်စုလို-တစ်ဗိုလ်တက်
တစ်ဗိုလ်ဆင်း ကောင်းမွေ/ဆိုးမွေခံဖို့) စနစ်နဲ့ပြင်ဆင်မှုမမြင်ရသေးဘူး။ ဦးဝင်းတင်ခမျာလည်း
သူ့ကိုယ်သူ သူ့ယုံကြည်ရပ်ခံချက်မှာအထိုင်ချပြီး သတင်းစာသမားပြောလိုက် နိုင်ငံရေးသမားပြောလိုက်နဲ့ဖြစ်နေတယ်။
အန်အယ်လ်ဒီအတွက် ဖိဖိစီးစီးလုပ်နိုင်တဲ့အခွင့်အလမ်းနဲ့အခွင့်အာဏာဟာ ပါတီတွင်းမှာ လျှော့ချ
ဒါမှမဟုတ် လျော့ကျသွားခဲ့ရတာ ပါတီမှတ်ပုံပြန်တင် နာယကနေရာအပို့ခံရ ကြားဖြတ်ဝင်ပြီးကတည်းက။
ပါတီပြောခွင့်ရနဲ့အတွင်းရေးမှူးကြီးဦးဉာဏ်ဝင်း ဘာတွေများပြောလေမလဲ တွေးစရာပဲ။ ၂ဝ၁၅
ကိစ္စ၊ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ရေးကိစ္စ။ ရှေ့နေကြီးကဥပဒေစကားပြောတော့ ဘယ်လောက်ကျင်လည် မလည်မပြောတတ်။
နိုင်ငံရေးစကားကတော့ မဲပြားဖယောင်းသုတ်နဲ့တင် ခန့်မှန်းယူလို့ရတယ်ဆိုတဲ့ပြောသံ ထွက်ဖူးတယ်။
ဒေါ်စု ကျန်းမာရေးသတင်းကြားရတာ စိတ်မကောင်းဘူး။ လူအများစိုးရိမ်နေကြသလို(ဒေါ်စုမရှိတဲ့အင်န်အယ်လ်ဒီ)
ဘယ်ပုံဆက်ချီတက်မလဲတော့ အလေးအနက်တွေးနေမိတယ်။ ခုနေခါ ပါတီအတွက် မျိုးဆက်ခေါင်းဆောင်နေရာချမယ်ဆို
မနှောင်းသေးဘူးထင်တယ်။ တမိုးလုံးဖျောက်ဆိပ် မြင်းတစ်စီး ဓါးတစ်လက်နိုင်ငံရေးဟာ နိုင်ငံရေးစန်း
မကုန်သေးသရွေ့တော့ လုပ်ဖြစ်ရုံဖြစ်ခဲ့မှာပဲ။ ဒေါ်အောင်ဆန်း စုကြည်လည်း ကျန်းကျန်းမာမာဆက်ရှိနေနိုင်ပါစေ။
အင်န်အယ်လ်ဒီလည်း မာမာချာချာရှိပါစေ။ ၂ဝ၁၃ အကုန်တောင်တွေးမြောက်တွေးကိစ္စ
အရင်က
အားနာလို့ ခါးပါတယ်..ပဲကြားဖူးတာ စကားပုံလိုလိုနဲ့။ ခုက အားနာလို့ ကားပါလာတာ..ဆိုပဲ။
ဘာစာအိပ်မှန်းမသိဘူး တွေ့တုန်းကပေးလိုက်လို့ ယူလာမိတာ။ ပြန်ရောက်မှဖွင့်ကြည့်တော့ ကားပါမစ်တွေဖြစ်နေတယ်။
ပြန်ပေးရမှာလည်း အားနာတာနဲ့ ယူထားလိုက်ရတာ..ဆိုတဲ့သဘောအပြောက ၂၀၁၄ အတွက် တာစားမယ့်စကား။
အားနာလို့ကားပါလာရတဲ့ကိစ္စ
အမေးခံရလိမ့်မယ်လို့
တခါမှမတွေးဖူးတဲ့ မေးခွန်း ဒီမနက်အမေးခံရတယ်။ မေးခွန်းက “ဒေါ်အောင်ဆန်းစုကြည်ကို မသနားဘူးလား”တဲ့။
“ဘာဖြစ်လို့လဲဗျ”ဆိုတော့ “သူ..ဒီလောက် စွန့်လွှတ် အနစ်နာခံပြီးလုပ်နေတာလေ”တဲ့။ ဒါနဲ့
“ခင်ဗျားကိုယ်ခင်ဗျား ဘယ်လိုသဘောထားသလဲဆိုတာနဲ့ သူ့အပေါ် ဘာအဖြစ်သဘောထားသလဲဆိုတဲ့အပေါ်တည်ပြီး
အဖြေအမျိုးမျိုးထွက်မယ်ထင်တယ်” လို့ပြန်ဖြေတော့ “စကားကို ဝေ့လည်ကြောင်ပတ်မလုပ်ပဲ (ဒဲ့)ဖြေပါ”လို့
ထပ်တောင်းဆိုပြန်တယ်။ ဒါနဲ့ပဲ “မသနားဘူး/ သနားတယ်ဆိုတာထက်
သနားစရာကိစ္စအဖြစ်ကို မမြင်မိတာပါ။ ဘာလို့လဲဆို လူတိုင်းဟာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ဆုံးဖြတ်ပြီး
လုပ်ကြရတာပဲမဟုတ်လား။ သူများတိုက်တွန်းလို့၊ အားနာလို့၊ ဖိအားပေးခံရလို့၊ ကြောက်လို့၊
မလွဲသာလို့ဆိုတဲ့အကြောင်းတွေကြောင့် လုပ်နေရတာဆိုရင်တော့ သနားစရာပါ။ ဒေါ်စုကလည်း သူ
အဲ့သလို အကြောင်းကြောင်းတွေကြောင့် လုပ်နေရတာပါလို့ပြောသံ တခါမှမကြားမိပါဘူး။ စွန့်လွှတ်လို့သနားရမယ်ဆိုရင်
သနားစရာစာရင်းကြီးက တနံတလျားဖြစ်သွားမှာပါ။ သူ့နည်းတူ၊ သူ့ထက်မလျော့၊ သူ့ထက်မကစွန့်လွှတ်ခဲ့ကြသူတွေ
အရင်ကရော၊ ခုရော ဒုနဲ့ဒေးများလှပါတယ် ဗမာ့သမိုင်းမှာ။ နောက်တချက်က ခင်ဗျား သူ့ကို ဘယ်လိုသဘောထားသလဲ။
နိုင်ငံရေးခေါင်းဆောင် အဖြစ်လား၊ လူမှုပြုပြင်ရေးအတွေးအခေါ်သမားအဖြစ်လား၊ ပါတီတစ်ခုရဲ့ခေါင်းဆောင်အဖြစ်လား၊
လူထုခေါင်းဆောင်အဖြစ်လား၊ ရပ်ကွက်ထဲကသာမန်အိမ်ရှင်မ/မိခင်တစ်ယောက်အဖြစ်လား၊ ဗုဒ္ဓဝင် ဇာတ်တော်ထဲကပဋာစာရီလိုလား စသည်ဖြင့်ပေါ့။ နောက်တချက်က ခင်ဗျားကိုယ်ခင်ဗျားရော ဘယ်လို သဘောထားသလဲ၊
အဲ့ဒါက အရေးအကြီးဆုံးမေးခွန်းဖြစ်ပြီး ကိုယ့်ဘာသာပြန်တွေး၊ ပြန်မေးပြန်ဖြေရမယ် ထင်တယ်ဗျ”လို့ပြောတော့..
“ခင်ဗျားလည်း သနားစရာသတ္တဝါပဲ”လို့ပြောပြီး လိုင်းပေါ်ကဆင်းသွားတယ်ဗျ။ ကျနော်လည်း ကိုယ့်ကိုယ်ကိုပဲ
သနားရမှာလိုလို၊ သူ့ပဲသနားရမှာလိုလို၊ ဒေါ်စုပဲသနားရမှာ လိုလိုနဲ့ ကြောင်တက်တက်ကျန်ခဲ့တယ်။
ဒေါ်စုသနား/မသနားကိစ္စ
လက်ရှိ
အင်န်အယ်လ်ဒီနဲ့ လက်နက်ကိုင်လမ်းစဉ်နဲ့က ပြဒါးတလမ်းသံတလမ်းပါ။ လူထုတိုက်ပွဲကျတော့ လည်း
ရွေးလမ်းအရံအဖြစ်တောင် ထား/မထားမသေချာဘူး။ ၂၀၀၈ ဖွဲ့စည်းပုံပြင်မယ်ဆိုပြီး ကိုယ့်ပါတီဖွဲ့စည်းပုံပြင်ကာ
လွှတ်တော်ထဲဝင်သွားပြီး မှန်းချက်အတိုင်းနှမ်းမထွက်တော့ (ကြီး(၄)ကြီးပဲ ထား)တွေ့ဖို့မေတ္တာရပ်ခံတယ်။
စစ်အုပ်စုဘက်က တုံဏှိဘာဝေလုပ်နေတယ်။ လွှတ်တော်အမတ် တယောက်က အဲ့ကြီး(၄)ကြီးကိစ္စ လွှတ်တော်ထဲတင်လာရင်
ဆန့်ကျင်ကန့်ကွက်မယ်ဆိုပြီး ကြိုဟန့် ထားတယ်။(တင်စရာကိစ္စနဲ့
တင်မယ့်ကိစ္စလည်းမဟုတ်ဘူးထင်တာပဲ) ဆိုတော့ (ထည့်စဉ်းစားစရာမလိုတဲ့ လက်နက်ကိုင်နည်း၊
လူထုတိုက်ပွဲနည်းတွေတော့ ထားလိုက်ပါတော့) လွှတ်တော်ထဲကနည်း၊ ကြီး(၄) ကြီးတွေ့ပါရစေနည်း၊
နိုင်ငံတချို့ဆီက(စီးပွားရေး၊ နိုင်ငံရေးနဲ့သံတမန်နည်းလမ်း အကူအပံ့နဲ့သွားတဲ့နည်း)
ဘယ်နည်းတွေမှ အရာမထင်လာသေးဘူး။ ဆိုတော့ သဲထဲရေသွန်ရင်း အလကားမတ်တင်းပွဲစားလုပ်ရင်း
နိုင်ငံရေး”စန်း”နဲ့ နိုင်ငံရေးအိုမင်းတွင်းဆုံးချိန် မတိုင်ခင်မှာ လမ်းရှင်းဖို့ လိုင်းရှင်းဖို့
ဘာလုပ်မယ်၊ ဘယ်လမ်းနဲ့သွားမယ် တိတိပပသိရမှ ”ဒေါ်စုလမ်းကြောင်းကို ဝိုင်းထောက်ခံကြ”ဆိုတဲ့
ဆွဲဆောင်သံကို မှန်မှန်ကန်ကန်တုန့်ပြန်နိုင်ကြလိမ့်မယ်။ ခုလို ဘာလုပ်မယ်မှန်း ဘယ်သွားမယ်မှန်း
လိုင်းမရှင်း/ လမ်းမရှင်းခင်မှာထောက်ခံခိုင်းတာ နိုင်ငံရေးအရည်မလည်ရာ အဝါးမဝရာရောက်တယ်လို့
မထင်ဘူးလား။ ဒေါ်စုလမ်းကြောင်းထောက်ခံကြကိစ္စ
ယုံကြည်ရပ်ခံချက်ကို
ဟိုဟာနဲ့လဲစား..ဒါနဲ့လဲစားခဲ့ပြီးနောက် အရင်လို စကားကိုတည်ကြည်စွာ ဆိုဖို့ပြောဖို့ မဝံ့တော့တဲ့အခါ
ကလေးလိုလို ပေါချာချာလိုလိုနဲ့ အရူးကွက်သာနင်းရလေတော့ တယ်။ ထောင်စကားတခု ရှိတယ်။ ခေတ်မကောင်းလို့
ရူးချင်ယောင်ဆောင်နေတာ...ခေတ်လည်းကောင်းရော ရူးလည်း တကယ်ရူးရောပဲ..
တဲ့။ ခုနေခါ အယောင်ဆောင်လို့ရသေးတယ်။ တဘက်က လက်နက်ချမလား မချဘူးလား အတိအလင်းမေးလာတဲ့အခါ
ပွင့်ကျမယ့်အတွင်းကရုပ်တွေ မမြင်ပါရစေနဲ့။ ခုများတော့ ရန်သူလို့ တချိန်ကသူတို့ကြွေးကြော်စူးရဲခဲ့သူတွေနဲ့
အလဲအလှယ်ပွဲမှာနောက်ကျကျန်ခဲ့မစိုးလို့ မီရာကားနဲ့လိုက် ရရာဈေးနဲ့ချရောင်းခဲ့ပြီးနောက်
ခွက်ချင်းတိုက်လိုက် လဲလို့ရတာလေးရောင်းစားလိုက် အရက်ခွဲတမ်းလေးတန်းစီလိုက်နဲ့ အငုံ့စိတ်နဲ့ရွှေပြည်ဟာ
လူတောမတိုးဝံ့စွာနဲ့ ဘယ်လောက်ကြာကြာ သာနေလိမ့်မလဲ။ ခေတ်မကောင်းလို့ရူးဟန်ဆောင်ကိစ္စ
0 comments:
Post a Comment