Friday, January 10, 2014

ဖို့တ်ဝိန်းယဉ်ကျေးမှုစုံကောင်စီတစေ့တစောင်း (မျိုးမြင့်ချို)

0 comments
အမေရိကန်ပြည်ထောင် အင်ဒီယားနားပြည်နယ်ရဲ့ဒုတိယမြို့တော် ဖို့တ်ဝိန်းကို ရဲမင်းကြီးအသစ်ရောက်လာပါတယ်။ အမည်က GARRY HAMILTON ဖြစ်ပါတယ်။ အာဖရိကန်-အမေရိကန်ပါ။ လူပုံက တုတ်တုတ်ခိုင်ခိုင် တောင့်တောင့်တင်းတင်းနဲ့ မျက်နှာထားအလွန်ချိုပါတယ်။ မနေ့က သူ့ရာထူးသစ်ခန့်အပ်ခံရခြင်းအတွက် ဂုဏ်ပြုကြိုဆိုပွဲလေးလုပ်ပါတယ်။ ဂုဏ်ပြုစကားမိတ်ဆက်စကားပြောဖို့ အဖိတ်ခံရသူတွေထဲ ကျနော်လည်းပါခဲ့ပါတယ်။ တွဲပေးထားတဲ့ Flyer လေးမှာမြင်နိုင်ပါတယ်။ ဦးဆောင်ပြီးလုပ်တာက ဒီမြို့မှာ Multi-Culture Counsel က ဖြစ်ပါတယ်။ ကျနော်က အဲ့ဒီကောင်စီရဲ့ စေတနာ့ဝန်ထမ်းအဖွဲ့ဝင်ပါ။ အဖွဲ့ဝင်တိုင်းစေတနာ့ဝန်ထမ်းတွေချည်းပါပဲ။ ထမင်းစားဖို့က အခြားအလုပ်တွေ သတ်သတ်လုပ်ရပါတယ်။ အဲ့ဒီကောင်စီမှာ ရဲ၊ မီးသတ်၊ ကြက်ခြေနီ၊ တရားဥပဒေစိုးမိုးရေးအင်အားစုများ၊ မြို့တော်အုပ်ချုပ်ရေးကောင်စီ၊ မြို့တော်ဝန်ရုံး၊ မြို့စည်ပင်သာယာ၊ ဒုက္ခသည်ပြန်လည်နေရာချထားရေးဌာနများ၊ နိုင်ငံစုံ/လူမျိုးစုံကွန်မြူနတီများ စတာတွေကနေ မိမိတို့ဆန္ဒအလျှောက် စေတနာ့ဝန်ထမ်းလုပ်ကြမယ်ဆိုပြီး စုစည်းထားတဲ့အဖွဲ့ပါ။ ကျနော် စဝင်ပြီးလုပ်ခဲ့တာက ၂၀၀၉ ကတည်းကပါ။ အဲ့တုန်းကတော့ လူလေး ၂ ယောက်တစ်ပိုင်းနဲ့ စခဲ့ရတာပါ။ ရဲစခန်း၊ မီးသတ်ဌာ၊ Sheriff လို့ဆိုတဲ့ အကျဉ်းထောင် တရားရေးနဲ့ဆိုင်တဲ့လက်နက်ကိုင်ဝန်ထမ်းတွေနဲ့ ကွန်မြူနတီအချို့က လူအချို့နဲ့ ကမကထပြုခဲ့ကြတာပါ။ ဖွဲ့စက အလုပ်လည်းများ ငွေကလည်း ဘယ်ကမှမရ အိပ်စိုက်(ကျနော်အပါအဝင်အများစုက ခုပြောနေချိန်အထိ အိပ်စိုက်စေတနာ့ဝန်ထမ်းတွေပါ) လူတွေကလည်း တယောက်အကြောင်းတယောက် သိတ်မသိ၊ တယောက်ယဉ်ကျေးမှုတယောက်သိတ် မတီးမိမခေါက်မိ၊ တယောက်အထာတယောက် မကျက်မိကြနဲ့ဆိုတော့ အတော်လေးကို့ရိုးကားယားနိုင်ပြီး ကသီလင်တလည်းဖြစ်ခဲ့ကြပါတယ်။ နောက်တော့ ၁ နှစ်လောက်လည်ပတ်ပြီး အထိုင်လေးလည်းကျလာ အရှိန်လေးလည်းရလာ မြို့အစိုးရ၊ မြို့စည်ပင်သာယာ၊ မြို့တော်ဝန်ရုံး၊ မြို့တော်ကျန်းမာရေးဌာန၊ ကလေးထောင် လူကြီးထောင်၊ တရားရုံးများ၊ မူးယစ်ဆေးဝါးနဲ့အရက်သေစာဖြတ်ရေး/ကုသရေးအေဂျင်စီများနဲ့ဆေးရုံများ၊ အိုင်ဗီကွန်မြူနတီကောလိပ်၊ ဖို့တ်ဝိန်းပါရ်ဒူးရ်တက္ကသိုလ်၊ ဘုရားကျောင်းတချို့နဲ့ အခြားကွန်မြူနတီတွေကပါပူးပေါင်းလာကြတော့ အတော်လေးကျယ်ပြန့်လာပြီး အလုပ်တွေသွက်လာပါတယ်။ ဒီတော့မှ ဒိုင်ခံလုပ်ကြသူတချို့ကို မုန့်ဖိုးပဲဖိုးသာသာလောက်လေးပေး အခမ်းအနားနဲ့ပွဲလမ်းသဘင်လေးတွေ လုပ်တဲ့အခါ ငွေလေး နေရာလေး လူလေးကူပံ့ပေးနဲ့ ခုဆို အတော့်ကိုတွင်တွင်ကျယ်ကျယ် တိုးတိုးပေါက်ပေါက်ဖြစ်နေပါပြီ။ ဒီ ယဉ်ကျေးမှုစုံကောင်စီက ဘာတွေလုပ်သလဲဆိုတော့ ပုံမှန်အားဖြင်အပတ်စဉ်လို အစည်းအဝေးရှိပါတယ်။ ကွန်မြူနတီတစ်ခုစီက လူတစ်ယာက်စီ၊ ဌာနတစ်ခုစီကတစ်ယောက်စီ စသည်ဖြင့်တက်ကြပါတယ်။ အဲ့ဒီအစည်းဝေးကနေပဲ ရှေ့ဘာတွေလုပ်မယ်ဆုံးဖြတ်ကြသလို လုပ်ခဲ့ပြီးတာတွေရဲ့ အဆိုးအကောင်းပြန်သုံးသပ် ပြုပြင်တာမျိုးလုပ်ပါတယ်။ ဘာသာစကားမတူတဲ့လူတွေကို သက်ဆိုင်ရာကွန်မြူနတီတွေမှာ စကားပြန်နဲ့ဘာသာပြန်လုပ်ချင်ဖို့ (ပင်ကိုယ်အရည်အချင်းအခံပေါ်တည်ပြီး) စကားပြန်ဘာသာပြန်သင်တန်းလေးတွေ တက်နိုင်အောင် စီစဉ်ပေးတာ။ ရဲစခန်းကနေ ရဲအရာရှိတွေနဲ့အတူ စကားပြန်တွေက ကိုယ့်လူမျိုးတွေအများစု စုပြီးနေထိုင်ရာအပါ့တ်မင်န့်ကြီးတွေထိသွားပြီး ဥပဒေရေးရာကိစ္စ(ဥပမာ- အိမ်တွင်းအကြမ်းဖက်မှု၊ အရက်မူးကားမောင်းမှု၊ ကားတိုက်မောင်းပြေးမှု၊ ကလေးသူငယ်များအပေါ် နိုင့်ထက်စီနင်းနဲ့ပစ္စလက်ခတ်ထားမှု၊ ကလေးသူငယ်ဆိုင်ရာဥပဒေများ၊ ရာဇဝတ်ဂိုဏ်းများအကြောင်း၊ အမျိုးသမီးအခွင့်အရေးကိစ္စ)တွေ ရှင်းပြအပြန်အလှန်ဆွေးနွေးတာမျိုး၊ ရဲတပ်ဖွဲ့နေ့၊ မီးသတ်တပ်ဖွဲ့နေ့၊ ကြက်ခြေနီနေ့၊ လွတ်လပ်ရေးနေ့၊ စစ်ပြန်များနေ့စတဲ့ နေ့ကြီးရက်ကြီးတွေမှာ ကွင်းကျယ်ကြီးတွေမှာစုပြီး မီးသတ်ကားတွေ၊ တင့်ကားတွေ၊ လူနာတင်ကားတွေ။ ရဲအရေးပေါ်ကားတွေ၊ ပစ္စည်းကိရိယါအသုံးအဆောင်တွေ ခင်းပြကျင်းပြရုံတင်မက ကလေးတွေတက်ကစား ဝင်ကစား အရာရှိတွေက ကလေးတွေမေးသမျှ စိတ်ရှည်လက်ရှည်နဲ့ပြန်ဖြေ၊ မြို့တပတ်ရဟတ်ယာဉ်စီး(အဲ့ဒါတော့ ပိုက်ဆံပေးရပါတယ်) ကလေးကစားစရာတွေ ပျော်ပွှဲရွှင်ပွဲတွေ၊ အစားအသောက်အခမဲ့ကျွေးတာတွေ၊ ကာကွယ်ဆေးအခမဲ့ထိုးပေးတာ၊ မျက်စိနှာခေါင်းလည်ချောင်းစစ်ဆေးပေးတာ၊ သွေးချိုစစ်၊ အိပ်ခ်ျအိုင်ဗီအေအိုင်ဒီအက်စ်၊ ကာလသားရောဂါ၊ တီဘီရောဂါ၊ အသည်းဆိုင်ရာရောဂါတွေရှိ/မရှိ အခမဲ့စစ်ဆေးပေးတာလုပ်ပါတယ်။ နောက်တခုက လူမျိုးစုံနိုင်ငံစုံကလာပြီး ဖို့တ်ဝိန်းမှာအခြေချနေထိုင်ကြသူတွေရဲ့ သက်ဆိုင်ရာယဉ်ကျေးမှုပွဲတော်တွေ၊ ရံပုံငွေဈေးရောင်းပွဲတွေ၊ အတီးအမှုတ်အကအခုန်တွေ၊ ရိုးရာအစားအသောက်ပွဲတော်တွေ (အခမဲ့ကျွေးကြိုက်သလောက်ကြိုက်တာစား)လည်း ပုံမှန်လုပ်ပေးပါတယ်။ လက်မှုပစ္စည်းတွေလုပ်ပြီး စားပွဲခုံတွေ ဆိုင်ပေါက်စလေးတွေခင်းကျင်းပြီးရောင်းချင်သူတွေလည်း လာရောင်းလို့ရသလို ရောင်းလည်းရောင်းကြ ဝယ်သူလည်းဝယ်ကြနဲ့ပါ။ ဗမာပြည်သားတွေကလည်း ကချင် ကရင် ရှမ်းဝတ်စုံတွေ လက်ဝတ်လက်စားတွေ လွယ်အိပ် ထမီပုဆိုး ပန်းချီကားစတာတွေလာရောင်းကြပါတယ်။ ပါဝင်သူတွေဘက်ကလည်း ငွေကုန်ကြေးကျရှိသလို အချိန်လူ လုပ်အားတွေပါဝင်ကြရပါတယ်။ ပျော်ရာရွှင်စရာ၊ ဗဟုသုတတိုးစရာ၊ တယောက်ယဉ်ကျေးမှုတယောက် နီးနီးကပ်ကပ်လေ့လာ၊ သိခွင့်နားလည်ခွင့်၊ အပြန်အလှန်လေးစားသိမှတ်ပြုခွင့်နဲ့အတူ မတူတဲ့လူမျိုးတွေ ဘာသာတွေဘယ်လိုချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနေထိုင်ကြသလဲ/ကြမလဲဆိုတာ လက်တွေ့အလုပ်နဲ့သင်ပြပေးရာလည်းရောက် အစားအသောက်တွေလည်းအခမဲ့စားရ၊ သူ့ရိုးရာစာ ကိုယ့်ရိုးရာစာတွေ မြည်းခွင့်စမ်းခွင့်လည်းရကြ၊ ဆေးဝါးနဲ့ကျန်းမာရေးလည်း အခမဲ့စစ်ခွင့်ရကြနဲ့ဆိုတော့ အတော်လေးကို နှစ်ခြိုက်ကျေနပ်ကြည်နူး စရာပါပဲ။ ပြောရရင်များပါတယ်။ ခုလောလောဆယ်တော့ အခြေခံပညာအထက်တန်း(၁၂)တန်းအောင်ပြီးသူ အမေရိကန်နိုင်ငံသားဖြစ်ပြီးတဲ့ ဗမာပြည်သားလူငယ်ရဲအရာရှိသစ်တွေစတင်စုဆောင်းနေပါပြီ။ မနှစ်ကစစုတာပါ။ ဖို့တ်ဝိန်းမှာ ခုဆို ဗမာပြည်သားကချည်း ၆ ထောင်ဝန်းကျင်ရှိလာပြီမဟုတ်လား။ နောင်များ အခွင့်ကြုံခဲ့ရင် အသေးစိတ်ဖြည်ဖြည်ဖြန့်ဖြန့်လေး ရသလေးနဲ့ရေးမယ် တွေးထားပါတယ်။ အဲ့သလို ယဉ်ကျေးမှုစုံ လူမျိုးစုံ ဘာသာစုံလူတွေ အတူးရောနှောနေထိုင်ရင်း၊ စားကြသောက်ကြရင်း၊ ချစ်ကြည်ရင်းနှီးရင်း လက်ထပ်ထိမ်းမြားကြရင်း၊ သွေးစုံနှော အရောင်အသွေးစုံ မျိုးဆက်သစ်တွေမွေးဖွားရင်း၊ မိသားစုဘဝတွေတည်ဆောက်ကြရင်း တပြိုင်ထည်းမှာ ကိုယ့်မြို့ပကိုပိုကောင်းမည့်မြို့၊ အမေရိကန်ပြည်ထောင်စုကို ပိုကောင်းမယ့်ပြည်ဖြစ်အောင် ဝိုင်းတည်ဆောက်နေကြတာများ ရွှေပြည်ကြီးက မောင်မျိုးချစ်တွေနဲ့ မယ်သာကီတွေမြင်ရင် ဘာပြောလေမလဲလို့တွေးနေမိတယ်။ မျိုးမြင့်ချို ဇန်နဝါရီ ၉ ရက်။

0 comments:

Post a Comment