Saturday, January 11, 2014

သတ္တိနဲ့ဒီမိုကရေစီဒဏ္ဍာရီအလွမ်း (တူမောင်ညို)

0 comments
သတ္တိနဲ့ ဒီမိုကရေစီဒဏ္ဍာရီအလွမ်း(တူမောင်ညို)
(၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁ဝ ရက် )
“သတ္တိစကား”တွေပြောသံ ကြားလာရပါတယ်။
နေရာ ၂ ခုကနေ၊ လူပုဂ္ဂိုလ် ၂ ဦးက ကိုယ်စီရည်ရွယ်ချက်နဲ့ပြောနေတဲ့ သတ္တိစကားတွေလည်းဖြစ်ပါတယ်။
ချင်းပြည်နယ်၊ ဟားခါးမြို့ကနေပြောတဲ့“သတ္တိစကား”အကြောင်း အရင်ပြောပ့ါမယ်။ ပြောတဲ့သူက ဒီချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ “တပ်မတော်”ကို ဦးတည်ပြီးပြောတဲ့စကား ဖြစ်ပါတယ်။ “တပ်မတော်”ဆိုတော့ ကာချုပ်ဗိုလ်မင်းအောင်လှိုင်ကို ရည်ရွယ်ပြီး ပြောတာပါ။ ကောက်နုတ်ဖော်ပြပါ့မယ်။ “တပ်မတော်အနေနဲ့ သတ္တိရှိရှိ (၂ဝဝ၈ အခြေခံဥပဒေ) ပြင်ဆင်ပေးရမယ်၊  တပ်မတော်လုပ်ပြီး သတ္တိမရှိရင် ဘယ်လိုလုပ်မလဲ၊ သတ္တိဆိုတာက တိုက်ရဲခိုက်ရဲမှသတ္တိခေါ်တာမဟုတ်ဘူး၊ လုပ်သင့်လုပ်ထိုက်တာကို မှန်မှန်ကန်ကန်လုပ်ရဲမှသတ္တိခေါ်တယ်၊ တိုင်းပြည်ကို ပြန်လည်ထူထောင်နိုင်အောင် တပ်မတော်ကသတ္တိရှိရမယ်”

ကာချုပ်သတ္တိဆိုတာ ပြချင်တိုင်းပြလို့ရတာမဟုတ်ပါဘူး။ “နောက်ကွယ်” က “သတ္တိပြဟေ့” ဆိုတဲ့ ကြိမ်ဒဗျာ(တံဖျာ) ဝင့်လိုက်မှ ပြရ/ ပြောရ တာ ကာချုပ်ဗိုလ်မင်းအောင်လှိုင်ရဲ့ တကယ့်မူလသရုပ်မှန်ဖြစ်ပါတယ်။ ဒါကြောင့် ကာချုပ်ဗိုလ်မင်းအောင်လှိုင်မှာ “လုပ်သင့်လုပ်ထိုက်တာကို မှန်မှန်ကန်ကန်လုပ်ရဲတဲ့သတ္တိ” မရှိဘူးဆိုတာကို ဒီချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငဲ့ညှာထောက်ထားပြီး နားလည်ပေးသင့် ပါတယ်။

ကာချုပ်ဗိုလ်မင်းအောင်လှိုင်ဟာ စစ်သားဆိုတော့ “တုံးဆိုတိုက် ကျားဆိုကိုက်”မယ့် စစ်သားသတ္တိအပြည့်ရှိလိမ့်မယ်ဆိုတာ ကျနော်ယုံတယ်။ ဒါပေမယ့် စစ်သားသတ္တိဆိုတာ အထက်ကအမိန့်ပေးမှ ပြလို့ရတဲ့သတ္တိဖြစ်ပါတယ်။ အထက်ကအမိန့်မပေးဘဲ၊ သတ္တိပြရင် အမိန့်မနာခံမှု၊ စည်းကမ်းမလိုက်နာမှုဖြစ်ပါတယ်။ အနိမ့်ဆုံး ကွာတားအချုပ်ထဲဝင်ရပါလိမ့်မယ်။

အမိန့်မပေးဘဲ။ စစ်သားသတ္တိပြတာတော့ ၂ ကြိမ် ၂ ခါသတိပြုမိပါတယ်။ ပထမတစ်ခါက ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ဒီရေမြင့်နေတဲ့ ကာလမှာဖြစ်ပါတယ်။ တပ်မတော်သားတွေ အရေးတော်ပုံကြီးထဲပါဝင်လာတဲ့ကိစ္စဖြစ်ပါတယ်။ ဒုတိယအကြိမ်က ၁၉၉ဝ ရွေးကောက်ပွဲ မဲပေးစဉ်က ဖြစ်ပါတယ်။ မင်္ဂလာဒုံလို စစ်တပ်နယ်မြေကတပ်မတော်သားတွေဟာ ဒီချုပ်(တစ်ခါက ဒီချုပ်)အား မဲတွေပုံအောပေးခဲ့ကြပါတယ်။

ဒါကြောင့် အဲဒီလက်တွေ့ဖြစ်ရပ် ၂ ခုကနေ ဒီလိုနိဂုံးချုပ်ကြည့်ပါတယ်။
တပ်မတော်သားတွေ သတ္တိကောင်းကောင်းပြသနိုင်ဖို့ ပြည်သူဘက်ကရပ်တည်လာဖို့၊ ပြည်သူလူထု လှုပ်ရှားမှုထဲပူးပေါင်းပါဝင်လာဖို့၊ ပြည်သူတွေနဲ့အတူ သူတို့ဆန္ဒမဲတွေကို သူတို့ကြိုက်တဲ့နိုင်ငံရေးပါတီကိုပေးဖို့ဆိုရင် လူထုတိုက်ပွဲရှိမှဖြစ်မယ်။ လူထုလှုပ်ရှားမှုတွေ အားကောင်းနေစေရမယ်။ ဒီလိုမှမဟုတ်ရင်တော့ စစ်သားတွေဟာ အမိန့်ဆိုတဲ့နှောင်ကြိုး (၆ဝ)အောက်မှာ ပြားပြားဝပ်နေကြရပြီး။ ပြည်သူဆန့်ကျင်ရေး၊ ဒီမိုကရေစီဆန့်ကျင်ရေးအလုပ်တွေကို အထက်ကပေးတဲ့အမိန့်အတိုင်း လုပ်ကြရပါလိမ့်မယ်။
ဒါကြောင့်တပ်မတော်သားတွေသတ္တိရှိလာဖို့ဆိုရင် လူထုတိုက်ပွဲရှိရမယ်။ အားကောင်းရမယ်။

ဒီချုပ်ဥက္ကဋ္ဌက အခုလို “သတ္တိစကား”တွေပြောလာပြန်တော့ ကျနော့်မှာ တထိတ်ထိတ်နဲ့စိတ်လှုပ်ရှားလာရပြန်ပါတယ်။ ဒါပေမယ့် ခဲမှန်ဖူးတဲ့ စာသူငယ်ရဲ့ “သတိ”မျိုးတော့ရှိပါတယ်။ သာယာဝတီနဲ့ အဖျောက်က “စိန်ခေါ်သံတွေ” ကြားရတုန်းကလည်း ကျနော့်လက်သီးတွေ ကျစ်ကျစ်ပါအောင်ဆုပ်မိသွားတယ်လို့ ရေးခဲ့ဖူးပါတယ်။  ဒါပေမယ့် ဒီ “စိန်ခေါ်သံတွေ” ဟာ “သဘောတရားအရ” နဲ့ “အိုင်ဒီယာအရ” ပြောတာပါဆိုပြီး။  “၂ဝ၁၅ ရွေးကောက်ပွဲကြီးကို ဒီချုပ်က ၂ဝဝ၈ အခြေခံဥပဒေပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ၊ ဝင်ကို ဝင်မယ်” ဆိုတဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကြီး၊ အီးစီအဖွဲ့ဝင်လူကြီး ဦးဉာဏ်ဝင်းရဲ့ပြောစကားမှာ တစ်စစီ၊ တစ်စစီ ဝေ့ဝဲလွင့်ပါးသွားခဲ့ရပါတယ်။
ဒီဖြစ်ရပ်မှာ “လေးပစ်သူ”ကဦးဉာဏ်ဝင်း၊ “လွမ်းရသူ” က ဦးဝင်းတင်ဖြစ်ပါတယ်။
“ကျုပ်တော့ ဒီအသည်းနာစရာကြီးကို ၂ဝဝ၉၊ ၂ဝ၁ဝဗဟိုကော်မတီခေတ်နိုင်ငံရေးဒဏ္ဍာရီလွမ်းစရာနဲ့ဖြေလိုက်သဗျို့” ဆိုပြီး ဦးဝင်တင်က သူ့ရဲ့အသည်းကွဲဒီမိုကရေစီကို ရင်ဖွင့်ထားပါတယ်။ ၂ဝဝ၉ ဗဟိုကော်မတီဆုံးဖြတ်ချက်၊ ၂ဝ၁ဝ မတ်၊ ဗဟိုကော်မတီဆုံးဖြတ်ချက်မှာပါ ပြတ်ပြီးသားတဲ့။ “၂ဝဝ၈ အခြေခံဥပဒေ”ပြင်မှ ဝင်ဖို့၊ တင်ဖို့ စဉ်းစားမယ်၊ ဒီလိုယတိပြတ်ချမှတ်ခဲ့တာဗျလို့ဆိုပြီး ပြန်ပြောင်းသက်သေထူ ပါတယ်။
ဒါပေမယ့် ၂ဝ၁၁ နိုဝင်ဘာရောက်တော့ ပါတီဗဟိုကော်မတီက ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်ဆုံးဖြတ်တော့ မူလဆုံးဖြတ်“ပြင်- ဝင်” ကနေ “ ဝင် - ပြင်”ပြောင်းသွားပုံကိုလည်း ခြေရာကောက်ပြပါတယ်။ အဲဒီ “ဝင် - ပြင်” ( ရွေးကောက်ပွဲ၊ လွှတ်တော်ထဲ ဝင်ပြီးမှ အခြေခံဥပေ ဒပြင်မယ်)ဆိုတဲ့ဆုံးဖြတ်ချက်ကို “နိုင်ငံရေးခံတွင်းမတွေ့ဘူး”လို့ ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်းရေး ထားပါတယ်။
ဒါကြောင့် “သတ္တိစကားတွေ” ကြားလာရပြန်တော့ သွေးပူလှုပ်ရှားလာပြန်တဲ့စိတ်ကလေးကို သတိနဲ့ အသိနဲ့ထိန်းထားရပါတယ်။ “ဒီမိုကရေစီနိုင်ငံရေးဒဏ္ဍာရီအလွမ်း”ကို ကိုးရီးယားကားတွေလို အခန်းဆက် ဆက်ပြီးလွမ်းမနေချင်တော့ဘူးဗျာ။
ဒါကြောင့် ကိုတိုးကြီးသီချင်းနဲ့   “အရှုံးမပေးနဲ့မိငယ်ရေ --- ရဲရင့်မှကျော်ဖြတ်သွား”ဆိုပြီး အားတင်းရပါတယ်။

“သတ္တိစကား” ပြောလာသူ နောက်တစ်ယောက်အကြောင်းဆက်ရအောင်။
ပြောတဲ့သူက ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ၊  ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးဟောင်းသူရရွှေမန်းဖြစ်ပါတယ်။
“၂ဝဝ၈ အခြေခံဥပဒေ”ထဲက  ဘယ်အခန်း၊ ဘယ်ပုဒ်မ၊ ဘယ်စာပိုဒ်တွေကို ဘယ်လိုပြင်မယ်၊ ဘယ်လိုဖြုတ်ပယ်မယ်၊ ဘယ်လိုအစားထိုးမယ်၊ (A) အဆင့်၊ (B) အဆင့်ခွဲခြားတာ စတဲ့လုပ်ငန်းစဉ်အားလုံးကို ကြံ့ဖွံ့ပါတီ၊  “၁ဝ၉ဦး ပူးပေါင်းကော်မတီ”၊ ပြည်ထောင်စုလွှတ်တော်တို့မှာပါ အဓိကကြိုးကိုင်၊ စီမံ၊ ကွပ်ကဲနေသူဟာ ဗိုလ်ရွှေမန်းဖြစ်ပါတယ်။ 
သူပြောတဲ့ “သတ္တိစကား” ကဒီလိုပါ။ “ဧရာဝတီတိုင်း ဖျာပုံ၊ ပုသိမ်ခရီးစဉ် ” က နေပြောတာဖြစ်ပါ။
“အခြေခံဥပဒေပြင်ဆင်ရေးသုံးသပ်ရာတွင် ဉာဏ်အမြော်အမြင်ရှိစွာဖြင့်လေ့လာသုံးသပ်ပြီး ပြင်ဆင်သင့်သည်ကို ရဲရဲဝံ့ဝံ့ဆုံးဖြတ်ရမှာ ဖြစ်သကဲ့သို့ မပြင်သင့်သည်များကိုလည်း ရဲရဲဝံ့ဝံ့သတ္တိရှိရှိဆုံးဖြတ်ရမှာဖြစ်မှာပါကြောင်း” ဟူ၍ ဖြစ်ပါတယ်။
ဒီနေရာမှာ ပြင်သင့်တာနဲ့ မပြင်သင့်တာ ဆိုတဲ့ ကိစ္စ ၂ ရပ်မှာ ဗိုလ်ရွှေမန်းတို့အတွက်အဓိကထားတဲ့ဘက်က မပြင်သင့်တဲ့ဘက်၊ မပြင်သင့်တဲ့အချက်တွေဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီကပြင်မယ်ဆိုတဲ့အချက် (၇၃ ချက်လို့ဆိုတယ်)တွေအတွက် ဘာမှထူးပြီး သတ္တိရှိနေဖို့၊ ရဲဝံ့နေဖို့မလိုဘူး။
ဒါကြောင့်  ကြံ့ဖွံ့ပါတီက မပြင်ဘူးလို့ဆုံးဖြတ်ထားတဲ့အချက်တွေအပေါ်မှာ ရဲရဲဝံ့ဝံ့သတ္တိရှိရှိရပ်တည်ရမယ်၊ ဆုံးဖြတ်ရမယ်လို့ ဗိုလ်ရွှေမန်းက ညွန်ကြားနေတာပါ။ ကြံ့ဖွံ့ပါတီကတင်တဲ့ “ ပြင်ဆင်ရေး ၇၃ ချက်”  ထဲမှာ “ စစ်သားအမတ် ၂၅ ရာခိုင်နှုန်းပြင်ဆင်ရေးကိစ္စမပါဘူး”လို့ ခိုင်ခိုင်မာမာကြားထားရပါတယ်။ ပုဒ်မ ၅၉ (စ)ထဲမှာ အချက်စကားလုံးအချို့ပြင်ဆင်တာသည်ပင်(A)အဆင့်မှာ မပါဘူး  (B)ထဲမှာပဲပါတယ်လို့ ကြံ့ဖွံ့ဗဟိုကော်မတီဝင်တစ်ဦးက ပြောပါတယ်။
ဗိုလ်ရွှေမန်းက “ပြင်ရေးနဲ့မပြင်ရေး”ကိုပြောရာမှာ သတိထားပြီးဖတ်ကြည့်၊ နားထောင်ကြည့်ကြပါ။  “ပြင်ရေး”ကို ရှေ့ကထားပြီး အမြဲပြောပါတယ်။ ပြီးတော့မှ “မပြင်ရေး”ကိုပြောပါတယ်။ နောက်က သူထပ်ပြောတဲ့“မပြင်ရေး”က ရှေ့ကသူပြောခဲ့တဲ့“ပြင်ရေး”ကို လွှမ်းမိုးနေတာချည်း၊ ချေဖျက်နေတာချည်းဖြစ်ပါတယ်။
ဒါပေမယ့် ဒီအချက်ကို တချို့မီဒီယာများဖော်ပြရာမှာ ဗိုလ်ရွှေမန်းကြံရွယ်ချက်ရှိရှိ ရှေ့ကထားပြောတဲ့“ပြင်ရေး”ဆိုတဲ့ ဘက်တစ်ဖက်တည်းကိုပဲ ကွက်ပြီးအခုလို ဖော်ပြကြပါတယ်။
၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် နိုင်ငံနှင့်ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းစေသောဥပဒေများကို မည်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက် ရဲရဲဝံ့ဝံ့ ပြင်ဆင်သွားရမည်” တဲ့။
တကယ်တော့ ဒီလိုဗိုလ်ရွှေမန်းပြောတာကို အပြည့်အစုံမဖော်ပြတာဟာ တုံးတာမဟုတ်ရင် ဗိုလ်ရွှေမန်းနဲ့ လက်ဝါးချင်းရိုက်ထားကြတာပဲ ဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ဗိုလ်ရွှေမန်းတို့အတွက် သတ္တိဆိုတာ  မပြင်ရေးအတွက်ထားရမယ့် မိုက်မဲပြီးခေါင်းမာတဲ့သတ္တိဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒကို ဆန့်ကျင်တဲ့သတ္တိဖြစ်ပါတယ်။ ဒီလိုမိုက်မဲခေါင်းမာတဲ့သတ္တိဆိုတာ ဗိုလ်ရွှေမန်းတို့ကြံ့ဖွံ့အဖို့ ထူးပြီးထားနေဖို့မလိုပါဘူး။ ဒီသတ္တိနဲ့(နဝတ-နအဖ) စစ်အစိုးရအုပ်စိုးလာခဲ့တာပါ။ ဒီသတ္တိနဲ့ “ဒီပဲယင်း အကြမ်းဖက်သတ်ဖြတ်မှု”ကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။  
သတ္တိရှိတာမကောင်းဘူးလား။ ကောင်းတာပေါ့။ လုပ်သင့်လုပ်ထိုက်တာကို ပြတ်ပြတ်သားသားလုပ်ရဲရင် ပိုပြီးတော့ ကောင်းတာပေါ့။
ဗိုလ်ရွှေမန်းတို့ကြံ့ဖွံ့ပါတီကပြောနေတဲ့ မိုက်ရူးရဲအကြမ်းဖက်သတ္တိမျိုးကိုတော့ လုံးဝလက်မခံနိုင်ပါဘူး။ ဒါဟာ ပြည်သူဆန့်ကျင်ဖို့၊ ဒီမိုကရေစီဆန့်ကျင်ဖို့ သွေးထိုးပေးနေတဲ့ လူမိုက်စကားတွေသာဖြစ်ပါတယ်။
ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြောနေတဲ့ “လုပ်သင့်လုပ်ထိုက်တာကို မှန်မှန်ကန်ကန်လုပ်ရဲတဲ့သတ္တိ”ကတော့ ကြိုဆိုနှစ်လိုဖွယ် သတ္တိမျိုးဖြစ်ပါတယ်။ ဒီသတ္တိမျိုးပြည်သူတွေကို သွင်းပေးရမှာပါ။ လှုံ့ဆော်ပေးရမှာပါ။ အုပ်စိုးသူတွေရဲ့ မိုက်ရူးရဲလုပ်ရပ်တွေကို ရင်ဆိုင်ဖို့ဆိုရင် ပြည်သူတွေမှာ လုပ်သင့်လုပ်ထိုက်တာကို မှန်မှန်ကန်ကန်လုပ်ရဲတဲ့သတ္တိ”ရှိဖို့ မုချလိုအပ်ပါတယ်။
ပြည်သူတွေထဲမှာ နိုင်ငံရေးပါတီတွေလည်းပါ ပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေလည်းပါ ပါတယ်။
ပြည်သူတွေသတ္တိရှိလာမှ၊ အုံကြွလာမှ တပ်မတော်ထဲကရိုးသားနိုးကြားတဲ့တပ်မတော်သားအများစုကြီးကလည်း ပြည်သူတွေနဲ့အတူ “သတ္တိပြနိုင်မယ်”မဟုတ်ပါလား။
ဘယ်လိုပဲဖြစ်ဖြစ် “သတ္တိစကားတွေ”ကြားရတော့ သတ္တိရှိစရာကောင်းသလို၊ သတိကြီးကြီးရှိဖို့လည်းကောင်းပါတယ်။
- မြန်မာ့အလင်သတင်းစာ၊ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ (၉) ရက် (၁ဝ) ရက်။
- ဒီလှိုင်းစာစောင်၊ အတွဲ ၃၊ အမှတ် ၁၊ တနင်္လာနေ့ ( ၆ - ၁ - ၂ဝ၁၄)


0 comments:

Post a Comment