Wednesday, January 1, 2014

၂ဝ၁၃ ဒီဇင်ဘာ နောက်ဆုံးပတ်မှာရေးတဲ့ တိုနန့်နန့်လေးတွေ-၂-(မျိုးမြင့်ချို)

0 comments
“လူတွေ ဘာသာတစ်ခုကနေတစ်ခုကိုပြောင်းကြတာ ဘယ်လိုထင်သလဲနဲ့ ဦးဆန်းလွင်ကိုရော ဘယ်လိုမြင်သလဲ”လို့ (၂) ကြိမ်မြောက်မေးလာတဲ့မိတ်ဆွေလေးရေ “ဘာသာပြောင်း တာ ရာသီပြောင်းလို့ အဝတ်ပြောင်းဝတ်တာထက် ပိုခက်တဲ့ကိစ္စလို့မမြင်ပါ၊ ဦးဆန်းလွင်ကိုတော့ တစ်ခုခုကို မကိုးကွယ်ရမနေနိုင်သူလို့ မြင်ပါတယ်” ဘာသာပြောင်းနဲ့ဦးဆန်းလွင်ကိစ္စ

နှစ်ထောင့်ဆယ့်လေးမှာ စစ်ကြောရေးစခန်း ပဲ့ပြားပင်ဇာတ်လမ်းနဲ့ ဧည့်ခန်းမှာလူမစည်ပါစေသား..(ရေကြည်အိုင်က တပ်ကြပ်မောင်မြင့်အဆောင်မှာ (၁၉၈၉ ခုက)ညတိုင်းနီးပါးကြားရတဲ့အသံက "ဒီည ဧည့်သည်ရောက် မယ်"ဆိုတာပဲ။ ချစ်သူခင်သူမိသားစုတွေရဲ့ဘဝထဲ ကနေ ခေါင်းစွပ်နဲ့လက်ထိပ်နောက်ပြန်ခတ်ပြီး ဆွဲထုတ်ခံလာကြရတဲ့ဧည့်သည်တချို့ ဘယ်တော့မှ အိမ်ပြန်မရောက်ကြတော့ဘူး။ ဘယ်သူ့မှအပြစ်မတင်နဲ့၊ ဝဋ်ရှိလို့ခံရတာ၊ ရန်ကိုရန်ခြင်းမတုန့်နှင်းတွေနဲ့ တရားခံဖျောက်ဒေသနာအောက်မှာ နရသိန်ထဲ ဇိဝိန်ကြွေခဲ့ရသူတွေရဲ့မျက်နှာတွေသာ မြင်နေတယ်။ နှစ်ယောက်ပေါင်းလောင်းကျော်တဲ့ကာလ တခု ရှိခဲ့ဖူးတယ်။ ခင်ညွန့်နဲ့သဲကုန်းကိစ္စ

ဒီနေ့ ဒီမှာ ၂ဝ၁၃ ခု ဒီဇင်ဘာ ၃၁ ရက်နေ့ပါ။ မနက်ဖြန်ဆို ၂ဝ၁၄ ခု ဇန်နဝါရီ ၁ ရက်နေ့ပဲ။ အဲ့ဒါ ဘာဖြစ်လဲဆိုတော့ ဘာမှမဖြစ်ပါ။ ဘာမှမဖြစ်တာက ခုမှမဟုတ်ပါ။ ဘာများဖြစ်တော့မလဲ ဘာများဖြစ်တော့မလဲနဲ့ တစ်ဘဝလုံးနေလာခဲ့ရတာကိုက ခုချိန်ထိတော့ အရသာ။ အထဲတုန်းကလည်း ဟိုလူ လာပြန်ပြီ၊ ဒီလူ လာပြန်ပြီနဲ့ ၁၅ နှစ် လွတ်ရက်သာစေ့ရော လာလိုက်သွားလိုက်နဲ့။ လောက ဆိုတာကလည်း လာလာသသူ သွားသသူနှင့်မဟုတ်လား...Alfred Lord Tennyson ရဲ့ The Brook စမ်းချောင်းလေးပြောသလို men may come and men may go, but I go on forever. လို့ပြောရအောင်လည်း ကိုယ်က လူဖြစ်နေတော့ လာလာသသူ သွားသသူထဲ ပါလေပေါ့။ ဘာပဲဖြစ်ဖြစ် စိတ်ညစ်စရာရှိတဲ့အခါတိုင်း နည်းနည်းချင်းချွေတာပြီး ညစ်တတ်တဲ့၊ စိတ်ပျက်အားငယ်စရာတွေ့ တိုင်း ဖြည်းဖြည်းချင်းမျှဉ်းပြီး စိတ်ပျက်အားငယ်တတ်တဲ့အလေ့မှာ အထုံစွဲသူမို့ လာဦးမယ့် သက္ကရာဇ်ကိုလည်း ဘာများဖြစ်ဦးမလဲ ဘာများဖြစ်ဦးမလဲနဲ့ ဖြတ်ရမှာပါ။ ဘာမှမဖြစ်လည်း ဘာမှတော့မဖြစ်ပါ။ နှစ်သစ်ကူးတော့ဘာဖြစ်လဲကိစ္စ

တလောက ရှစ်ပူး-ငြိမ်း/ပွင့်တွေထဲက ကိုကိုကြီးနဲ့မင်းဇေယျ ဖွဲ့စည်းပုံပြင်ရေးကိစ္စနဲ့စပ်လို့ ဘာတွေပြောကြ ဘယ်လိုတုန့်ပြန်ကြတွေ ကြားကြသိကြမှာပါပဲ။ အဓိကထားပြောကြတာက ကိုကိုကြီးကိုပါ။ အကောင်းဆိုး၊ ချီးမွမ်းရှူတ်ချ (၂)ထောင့်ကပြောကြတာပါ။ (ကျနော်လည်း ပြောတဲ့အထဲပါပါတယ်) မင်းဇေယျကိုတော့ သိတ်မပြောကြဘူး။ ပေယျာလကံထားကြသလားမပြောတတ်။
ကိုကိုကြီးနဲ့ အတွေးအခေါ်ရပ်ခံချက်နီးစပ်ပုံရတဲ့တစ်ယောက်က ကိုကိုကြီးကို လူတွေက
"သစ္စာဖေါက်၊
အသားထဲကလောက်၊
ရန်သူ့အလိုတော်ရိ၊
ဖေါက်ပြန်ရေးသမား
ကိုယ်ကျိုးရှာနေရာမျှော်သူ
စစ်အုပ်စုဘောမ"
စသည်ဖြင့် စွပ်စွဲကြ ထိုးနှက်ကြတဲ့အကြောင်းလေး
ရှာဖွေစုဆောင်းပြီးတင်ပေးတယ်။

ကိုကိုကြီးကို ချီးမွမ်းထောက်ခံ ထောမနာပြုကြသူတွေပြောတာကို စုပြီးတင်ဖို့တော့
သူ မေ့လျော့သွားဟန်ပါပဲ။
"လက်တွေ့ကျကျစဉ်းစားတတ်သူ၊
အမြော်အမြင်ကြီးသူ၊
တိုင်းပြည်အတွက် အနာခံပြီးပြောသူ၊
ကိုယ်ကျိုးမငဲ့သူ၊
မှန်မှန်ကန်ကန်အကဲဖြတ်နိုင်သူ
တပ်မတော်နဲ့တိုင်းပြည်အကျိုးလိုလားသူ" စတာမျိုးတွေပါ။
စွပ်စွဲထိုးနှက်ကြသူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သူတွေ၊ ပါဝင်နေ သူတွေနဲ့ ရှစ်ပူးတွေအပေါ်(ခုထက်တိုင်) တစုံတရာ မျှော်လင့်ချက်ထားသူတွေဖြစ်တာတွေ့ရပြီး၊ ချီးမွန်းထောမနာပြုသူတွေ ဘယ်သူတွေဆိုတာ ပြောဖို့လိုမယ်မထင်ပါ။ ရှစ်ပူးတွေအပေါ်မျှော်လင့်ချက် ထားကြတာခြင်းတူတာကလွဲလို့ အဲ့ဒီ(၂)စု ဘယ်နေရာမှမတူပါ။ မျှော်လင့်ချက်ထားကြတာခြင်းတူပေမယ့်
မျှော်လင့်ပုံမျှော်လင့်နည်းမှာ ကွဲပါတယ်။
နိုင်ငံရေးမှမဟုတ်ပါ နေရာတိုင်း အရေးတိုင်းမှာ ဘက်သဘောကတော့ ရှိရမှာပဲ။
ဘက်သဘောပြောရင်း ဗန်းမော်တင်အောင်ရဲ့ "ကျနော်"ကိုလည်း သတိရတယ်။
မောင်သာရရဲ့ "တို့ဘက်ကကြည့်တော့သူရဲကောင်း သူတို့ဘက်ကကြည့်တော့သစ္စာဖေါက်"
ကိုလည်းသတိရတယ်။ ကိုကိုကြီးနဲ့ဘက်ကိစ္စ

ဗဟိုကော်မတီအစည်းအဝေးအပြီးမှာ အင်န်အယ်လ်ဒီအတွင်းရေးမှူး ရှေ့နေကြီးဦးဉာဏ်ဝင်းကပြောတယ် “ဖွဲ့စည်းပုံ ပြင်ပြင်/မပြင်ပြင် ဝင်မယ်တဲ့ ၂ဝ၁၅ ရွေးကောက်ပွဲကို။ ခု ဒီအစည်းဝေးမှ ဒါဆုံးဖြတ်တာ မဟုတ်ဘူး”တဲ့။ ညလည်းကျရော ဗီအိုအေနဲ့အင်တာဗျူးမှာ အင်န်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ်ကြီး ဦးဝင်းမြင့်က “ဝင်ရေး မဝင်ရေးနဲ့ပတ်သက်လို့ စီအီးစီ/စီစီအစည်းအဝေးတွေမှာ တရားဝင်ဆုံးဖြတ်ချက် ချထားတာမျိုးတော့ မရှိဘူး”လို့ပြောပြန်တယ်။ အမြီးအမောက်မတည့်ဘူး။ အဆီအငေါ်မတည့် ဘူး။ ရှေ့လူပြောစကားက အပြီးအပြတ်ဆုံးဖြတ်ချက်ထချပြီးသားကြီးကို ခု ဒီအစည်းပြီးမှ သူ့နှုတ်က တရားဝင်ထုတ်ပြောရတဲ့အပေါက်မျိုး။ နောက်လူပြောတာကြ တရားဝင်ဆုံးဖြတ်ထားတာတော့ မရှိဘူးဆိုတော့ တရားမဝင်ဆုံးဖြတ်ထားတာရှိတယ်ဆိုတဲ့သဘောပဲ။ တရားဝင်ဝင် မဝင်ဝင်၊ ခုမှဆုံးဖြတ်ဖြတ် မဖြတ်ဖြတ် နှစ်ယောက်လုံးပြောစကားမှာ တူတာက ဘာလဲဆိုတော့ “၂ဝ၁၅ ရွေးကောက်ပွဲဝင်ရေးသဘောထားရှိတယ်ဆိုတာပဲ” ပါတီတစ်ခုရဲ့ ထိပ်တန်းဆုံးဖြတ်ချက်ကို တစ်ယောက်တစ်ပေါက်ပြောကြတယ်ဆိုတာ ကောင်းတဲ့လက္ခဏာမဟုတ်မှန်းလူတိုင်းသိမှာပဲ။
တွေးမိတာက အဲ့နှစ်ယောက်လုံး ကိုယ့်သဘောနဲ့ကိုယ်၊ ကိုယ့်မူနဲ့ကိုယ်၊ ကိုယ့်ရပ်ခံချက်နဲ့ကိုယ် ပါတီကိုယ်စားပြု ဗဟိုကော်မတီကိုယ်စားပြု ပြောကြတာလား၊ ပြောဝံ့ကြသလားဆိုတာ မသဲကွဲသေးဘူး။ အင်န်အယ်လ်ဒီမှာ အဲ့လိုပြောဝံ့တဲ့ရဲရင့်မှုမျိုး ဦးဝင်းတင်တစ်ယောက်မှာသာ ရှိတယ်။ ပြင်ပြင်မပြင်ပြင်ဦးဉာဏ်ဝင်းနဲ့ဦးဝင်းမြင်ကိစ္စ

အမေရိကားမှာ အော်စကာဆုတို့ ဘာဆုညာဆုတို့ရကြတဲ့အခါ ဆုရတဲ့သူတွေက သမ္မတကြီးကိုကျေးဇူး တင်ပါတယ်...တို့။ နိုင်ငံတော်အကြီးအကဲကို ကျေးဇူးတင်ပါတယ်.. တို့ ထည့်ပြောတာ မကြားမိ ပါဘူး။ ရွှေပြည်ကြီးကျမှ ဘယ့်နှယ်။ အကယ်ဒမီဆုပေးလည်း သမ္မတကြီးကိုကျေးဇူးတင်ရ။ ရပ်ကွက်ထဲ ကရေဆိုးမြောင်းဖော်လည်း သမ္မတကြီးကိုကျေးဇူးတင်ရ။ ရထားသံလမ်းအခမဲ့ကင်းစောင့်ချိန်လျှော့ပေး လည်းတင်ရ။ တစ်ရွာတစ်ယောက်ပဲ စစ်သားသစ်တောင်းလို့လည်း တင်ရ။ နေရာတကာကျေးဇူး တင်နေရ။ ကျေးဇူးမတင်မနေရအလုပ်ခံထားရတာများပြီး တချို့လည်း ကျေးဇူးမတင်ရမနေနိုင်တွေ များ ဖြစ်ကုန်သလားတောင်မှတ်ရတယ်။ ကိုယ့်ဆီကပိုက်ဆံကောက် တစ်ဝက်လောက်ဘုံးပြစ် ကျန်တာနဲ့ ခနော်နီနော်နဲ့တံတားလေးဆောက်ပေးလည်း တင်လိုက်ရတဲ့ကျေးဇူး။ ထားလိုက်ရတဲ့ နိုင်ငံတော်၏စေတ နာကြီး။ မတရားသဖြင့်ဖမ်းဆီးထောင်ချ နှိပ်စက်သတ်ဖြတ်ပြီး ခြေမန်းကွပ်စွပ်လွှတ်ပေးလိုက်လည်း တင်လိုက်ကြတဲ့ကျေးဇူး။ သေနတ်ကိုင်အာဏာယူပြီးစီးပွားရှာ၊ စစ်တပ်ကိုင် တိုင်းပြည်ဓါးမြတိုက်လို့ရတဲ့ ဓနဥစ္စာတွေ ထိန်းသိမ်းကာကွယ် ဆက်ခံတိုးချဲ့ရင်း ကျိကျိတက်ကြွယ်ဝနေသူတွေကို တမင်းနပ်မမှန်တွေ ကရော နပ်မှန်တွေကပါ အလကားနေအလကား ကျေးဇူးချည်းသာတင်ရလေတယ်။
အကယ်ဒမီနဲ့ကျေးဇူးတင်ကိစ္စ

ငယ်ငယ်ကတည်းက ကြားဖူးပြီး နားရည်ဝနေတာ ”အမိန့်ရထန်းရည်ဆိုင်” ”အမိန့်အပေါင်ဆိုင်”ဆိုတာတွေ ပဲ။ ခုတော့ မတရားတဲ့ဥပဒေတွေဖျက်ပေးဖို့ ဥပဒေနဲ့အညီခွင့်ပြုမိန့်ရမှဆန္ဒပြမှာ..တဲ့။ အင်းဒါဆို အသစ် တိုးပြီပေါ့။ ”အမိန့်ရဆန္ဒပြပွဲ” ဆိုတဲ့ဝေါဟာရတစ်လုံး။ နိုင်ငံကြီးသား ပီသပေတယ်။ တရားဥပဒေစိုးမိုးရေးကို ကိုယ်တိုင်လိုက်ကျင့်ကြံပြရုံမက အခြားသူတွေပါစံပြနမူနာဖြစ်အောင်နေတတ်ပေတယ်။ ဒီလို ကျင့်ကြံပြ ရဖို့များ ထောင်ထဲ ဆယ့်လေးငါးနှစ်သွားနေရတယ်လို့။ ဒါလေးယူဖို့များ အနှစ်အစိတ်လောက် တောင်းနေ /တိုက်နေရတယ်လို့။ ကျော်မကောင်း ကြားမကောင်း။ အမိန့်ရဆန္ဒပြကိစ္စ

ခုနေ ဒေါ်နော်အုန်းလှက ဘာခွင့်ပြုချက်မှ ဘယ်သူ့ဆီမှ မတောင်းပဲ ဇန်နဝါရီလ ၄ ရက်နေ့မှာ ”မတရားတဲ့ ဥပဒေတွေမို့လို့ဖျက်ပေး”ဆိုပြီး တစ်ကိုယ်တော်ဆန္ဒပြတယ်ဆိုပါတော့...။ ဒါမှမဟုတ်လည်း (တဆင့်လျှော့ ပြီး)ဆန္ဒပြမယ်လို့အသံထွက်လာတယ်ဆိုပါတော့..။ ဒါမှမဟုတ်သေးလည်း (နောက်တဆင့် ထပ်လျှော့ပြီး)ဆန္ဒပြဖို့ခြေလှုပ်လက်လှုပ်လေး လှုပ်တယ်ဆိုပါတော့ ဘာဖြစ်မယ်ထင်လဲ။ ခင်ဗျား ကတော့ ပြောမှာပေါ့ ”ဘာမှမ မဖြစ်တဲ့ဟာ ဘာဖြစ်မယ် ဘယ်လိုထင်ရမတုန်း”လို့။ ဒါလည်း ဟုတ်တာပဲ။ ဒါဆို ခု ရှစ်ပူး-ငြိမ်း/ပွင့်အန်ဂျီအိုတွေ ဆန္ဒပြမယ်..(၄)ရက်နေ့က လွတ်လပ်ရေးနေမို့လို့ ဗန္ဓုလပန်းခြံမို့လို့ အမိန့်ရဆန္ဒကို (၅)ရက်နေ့မှာ ပြောင်းပြမယ်ဆိုတာကျ ခင်ဗျားက ဘာလို့ စိတ်မဝင်စားရပြန် တုန်း။ နော်အုန်းလှလက်လှုပ်ခြေလှုပ်ကိစ္စ

ဘာဆိုင်လို့လဲဗျ...လို့ ခင်ဗျားက ပြောချင်ပြောလိမ့်မယ်။ အမှန်က ဘာမှလည်းမဆိုင်ပါဘူး။ ဦးဥာဏ်ဝင်းကြီး မုဆိုးဘိုအောင်ဇေယျလေသံနဲ့ ပြင်ပြင်/မပြင်ပြင်ဝင်မှာပဲလို့ ပြောသံကြားပြီး ရဲယိုရွက်ငါးခူဆီပြန်၊ သရက်သီးစိမ်းသုတ်၊ ဆူးပုတ်ရွက်ပဲဝါလေးအရည်ကျဲဟင်းချို၊ ငြုပ်စိမ်းမီးသင်းထောင်းငါးမီးဖုတ်ငါးပိရည်ဖျော်၊ ပင်ကျသခွားညှက်ကွေးတို့စရာနဲ့ ထမင်းတနပ်လောက် အားရပါးရလွေးချင်မိတယ်။ ထောင်ထဲတုန်းကလည်း ခနခန အဲ့လို စားချင်စိတ်ပေါက်တယ်။ တခါမှ မစားခဲ့ရဘူး။ အပြင်ရောက်တော့ အမေ ချက်ကျွေးတယ်။ စားချင်တယ်ပြောလို့။ ဒါပေမယ့် စားမယ်လည်း လုပ်ရော ထမင်းပန်းကန်ထဲမှာ အထဲကျန်နေသူမျက်နှာတွေပေါ်လာလို့ မျက်ရည်တွေတွေကျပြီး တစ်လုပ်တောင်မစားရက်ခဲ့ဘူး။ အခု ပြန်စားချင်နေပြန်ပြီ။ ဘာလို့လဲတော့မသိဘူး။ အန်င်အယ်လ်ဒီနဲ့ချဉ်ခြင်းကိစ္စ

ဘာမှမလုပ်ပဲ ဘာမှမပြောပဲ ဒီအတိုင်းထိုင်နေတာကမှ(နိုင်ငံရေးအရ) သူ့ကို အလုပ်ပေးထားတဲ့သဘော၊ ကိုယ်ဘာမှ လုပ်မရဘူးဆိုတဲ့သဘောပေါ်လွင်ပြီး နိုင်ငံရေးအရထောက်ခံမှု၊ စာနာမှုနဲ့ ဂရုဏာအသက် ခံရရင် ခံရနိုင်ပါတယ်။ ခုက လေတစ်လုံးမိုးတစ်လုံးတွေပြောပြီး အဆုံးကျ လျှောမွေးဖြစ်ပေါင်းများလှပြီ လို့မြင်တယ်။ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ဘာမှမလုပ်ပဲ(ဘာ ရပိုင်အခွင့်အတွက်မှ မတိုက်ပဲ ဘာဂုဏ်သိက္ခာအတွက်မှမတိုက်ပဲ)ဒီအတိုင်း ထိုင်နေကြရတာကိုက အလုပ်လုပ်နေတာဖြစ်တယ်။ ”ကျနော်တို့ကို ဘာမှလုပ်မရအောင်လုပ်ထားလို့ ဒီအတိုင်းထိုင်နေကြရတယ်”ဆိုတာကိုက ”နိုင်ငံရေး အလုပ်”ဖြစ်နေတယ်။ ကိုယ်က ဘာမှမလုပ်နိုင်တဲ့အခါ (အနည်းဆုံး)သူ့ကို အလုပ်ပေးထားဖို့တော့လိုပါ တယ်။ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲရှိနေတာ(တခါတခါ) ဘာမှမလုပ်ပဲထိုင်နေတာကိုက သူ့ကို အလုပ်ပေးထားပြီးသားဖြစ်နေတယ်။ အင်န်အယ်လ်ဒီအနေနဲ့ ဖွဲ့စည်းပုံပြင်ရေးအတွက် လူတွေခေါ်ပြီး ကိုယ့်ကိုထောက်ခံခိုင်း၊ လူထုနိုင်ငံရေးနိုးကြားလာမှုကိုဇက်ဝင်သပ်ပြီး ကိုယ့်လက်အောက်ဆွဲသွင်းကာ လွှတ်တော်ထဲတင်သွင်းဖို့ကြံစည်ချက်လည်းပျက် တွေ့ပါရစေမေတ္တာရပ်ချက်လည်း အဖက်လုပ် မခံရနဲ့ နောက်ဆုံးတော့”ဖွဲ့စည်းပုံပြင်ပြင်/မပြင်ပြင်ဝင်မှာပဲ”ဆိုကာ နိုင်ငံရေးမျက်နှာချရတဲ့ ကိန်းဆိုက် သလိုဖြစ်ရတယ်။ ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူးဆိုတာ နေရာတိုင်းမမှန်ဘူး။ ထိုင်နေမှ ဖြစ်သွားတဲ့ အလုပ်ဆိုတာ နိုင်ငံရေးမှာတင်မက အခြားနေရာတွေမှာလည်းရှိပါတယ်။ တခုပဲ ”အထိုင်” တတ်ဖို့တော့ လိုမယ်မြင်တယ်။ အထိုင်မတတ်ရင်တော့ ထသွားမှကျိုးမှန်းသိထက်ဆိုးတဲ့အဖြစ်နဲ့တိုးမှာပဲထင်တယ်။
ထိုင်တာကိုကအလုပ်ကိစ္စ


0 comments:

Post a Comment