Tuesday, January 14, 2014

၂ဝ၁၄ ဇန်နဝါရီအဆန်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဇန်နဝါရီအဆန်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)
အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့စကားလုံးကို စစ်တပ်က ခုချိန်ထိ ယောင်လို့တောင်မပြောဖူးတာ သတိထားမိကြမှာပဲ။ ဒို့တာဝန်အရေး(၃)ပါးကို အရာရာရဲ့အထက်မှာတင်ပြီး စစ်ဥစ္စာ/အာဏာအဖို့ လိုတရဆေးကြိမ်လုံးလို၊ အသက်ဗူးလိုယူမှတ်ထိန်းသိမ်းတယ်။ သူတို့စကားလုံးနဲ့ သူတို့အဓိပ္ပါယ်ဖွင့်ပြီး သူတို့"မူ"ကနေတစ်ပြားမှမလျှော့ဘူး။ သဏ္ဍန်ပိုင်း၊ လုပ်ဟန်ပိုင်းတွေမှာ လိုတိုးပိုလျှော့နဲ့ကစားတယ်။ လူပြောင်းကစားတယ်။ အကွက်ပြောင်းတယ်။ မူအပေါ်ခိုင်ကြည်တဲ့နေရာမှာတော့(ကြိုက်တာ-မကြိုက်တာ ကောင်းတာ-မကောင်းတာက တပိုင်းသတ်သတ်) ဒီမိုကရေစီရေး ဦးဆောင်နေသူတွေထက်သာတယ်။ ယုံကြည်မှုတည်ဆောက်ရေးကို နိုင်ငံရေးသမားတွေထက်တောင် သူတို့ကပြောသေးတယ်။ ဒီမှာလည်း သူ့အဓိပ္ပါယ်နဲ့သူပဲ။ သူ့မူနဲ့သူပဲ။ သူ့အာဏာနဲ့ သူ့အကျိုးစီးပွားကို မထိပါးဝံ့တော့ဘူး၊ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးဖြစ်သွားပြီ၊ ထားရာနေစေရာသွားဖြစ်သွားပြီ၊ သူတို့မူတွေကို စကားလုံးပြောင်း ဝေါဟာရပြောင်းပြောတတ်သွားပြီ၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အောက်ခေါင်းလျှိုလာပြီ၊ စစ်အာဏာကိုဦးခိုက်လာပြီဆိုရင်တော့ သူတို့ဘက်က ယုံကြည်သွားပါပြီ။ ဒါ ၂ဝဝ၈ အောက် ရတဲ့နည်းနဲ့ ရိုက်သွင်းထားရေးက သူတို့ "မူ"ပဲ။ အဲ့ဒီမူကနေကြည့်ပြီး ယုံကြည်ထိုက်တယ်ဆို တည်ဆောက်မည်။ ဘာလိုချင်သလဲသာပြော။ ကိုယ့်ဘက် ကျတော့ ခုချိန်ထိ ယုံကြည်မှုကို ဘယ်အပေါ်မှာတည်ဆောက်မယ်ဆိုတဲ့ "မူ"နဲ့ အခိုင်အမာပြောဆိုချက် ဘာတခုမှမရှိတာလည်း တွေ့နေရတယ်။ ယုံကြည်မှုတည်ဆောက်မယ်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့စကားကြီးနှစ်ခွန်းဟာ နောက်ကြောင်းပြန်လှည့်မှာ 
(ကိုယ့်ဘာသာကိုယ်) စိုးကြောက်နေတာရဲ့တစ္ဆေခြောက်မှု အမှောက်အမှားအောက်မှာ မချိသွားဖြဲ။(သူ့စကားကိုယ့်စကား)

အင်အားကြီးနိုင်ငံများအကြား စစ်ဗိုလ်များ၏ နိုင်ငံရေးအကစားကျင်လည်မှုနှင့် အနှစ် ၂၀ ကျော်သည့်တိုင် မိမိတို့ ဒီမိုကရေစီအင်အားစုများ အနေဖြင့် အာဏာရအောင် မယူနိုင်ခြင်းတို့ကြောင့် စစ်အုပ်စုသည် တစ်လျှောက်လုံးကျူးလွန်ခဲ့သောရာဇဝတ်မှုများမှ ကင်းလွတ်ခွင့်ရရုံမက အိမ်နိမ့်စံဗိုလ်ခင်ညွန့်လိုလူက”ဘယ်သူ့တောင်းပန်ရမှာတုန်း” ဟူသည့် မထေမဲ့မြင်အပြောမျိုးပင် ပြောခွင့်ရသွားပါသည်။ ထို့အပြင် လူမျိုးစုများနှင့်အလွှာအသီးသီးမှ နစ်နာဆုံးရှူံးမှုများအတွက်အရေးဆိုနေကြသူများအား လွတ်လွတ်ကျွတ်ကျွတ် နှိပ်ကွပ်ခွင့်ပါရသွားပါသည်။ ဤသို့ဖြစ်ရခြင်းများအတွက် နိုင်ငံကြီးများ၏ ကိုယ်ကျိုးစီးပွားရှေ့တန်းတင်ပေါ်လစီများကို မေ့ထားဖို့မဖြစ်သလို နိုင်ငံရေးစကားလုပ်၍ ပြောနေစရာအကြောင်းလည်း မြင်မိပါ။ နိုင်ငံ့အကျိုးစီးပွား(အမျိုးသားအကျိုးစီးပွား)ဆိုသည်မှာ နိုင်ငံတိုင်း ထားကောင်းသည့်ကိစ္စဖြစ်သလို ထားကိုထားရပါသည်။ သို့သော် နိုင်ငံကြီးတို့၏ကိုယ်ကျိုးစီးပွားကာကွယ်ခွင့်ကို နိုင်ငံငယ်များ၏ကံကြမ္မာကိုဖန်တီးခွင့်ဟု ဘာသာပြန်ကြ သည်ကို မှားသည်ဟုမည်သူ့ပြောသံမျှမကြားမိပါ။ ယင်းကြောင့်ပင် ကြမ္မာငင်သည့်တိုင်းပြည်လေးတွင် စစ်အုပ်စုနှင့်ယင်း၏တစ်စင်ပါများမှာ ဓနဥစ္စာဆက်တိုးချဲ့ခွင့်နှင့် အာဏာခေါင်းစဉ်ပြောင်း ကိုင်စွဲခွင့်ကို နိုင်ငံကြီးများ၏ထောက်ခံချက်ဖြင့် ရရှိသွားပါသည်။ ဤသည်ကိုပင် အပြောင်းအလဲဟုခေါ်ဆိုနိုင်ပါသည်။

အပြောင်းအလဲတိုင်းတွင် အစုအသင်းဖြင့်ကစားရသည့်အားကစားများနည်းတူ Key Player(s) ရှိရပါသည်။ ကီးပလေယာသည် အာဏာ ဆုပ်ကိုင်ထားနိုင်သူ သို့မဟုတ် ”လူထုအား”နောက်ခံရှိသူဖြစ်ပါသည်။ အာဏာလက်ဆုပ်မပြနိုင်ပဲ လူထုနောက်အားမရှိပဲ မည်သူမျှ ကီးပလေယာမဖြစ်ပါ။ ကီးပလေယာသည်လည်း တစ်ယောက်တည်း တကိုယ်တော် ကီးဆိုပြီး ပလေးနေလို့မရပါ။ အိမ်ဖြည့်များလိုပါသည်။ တချို့တလေအား အိမ်ဖြည့်လူဖြည့်သဘော ”ဝင်”ကစားခိုင်းရပါသည်။ ဝင်လည်း ကစားရပါသည်။ ပွဲစည်းမျဉ်းထုံးစံအရလည်းကောင်း၊ တဘက်စောင်းနင်းကြီး သိတ်မဖြစ်စေရန်လည်းကောင်း၊ ကီးပလေယာတို့ ပိုအစွမ်းပြနိုင်ရန်လည်းကောင်း၊ ပရိသတ်အမြင်ကောင်းစေရန် လည်းကောင်း အိမ်ဖြည့်လူဖြည့်ကွင်းဖြည့် ဝင်ကစားပေးမည့်လူ လိုပါသည်။ အိမ်ဖြည့်ကောင်းလျှင်ပွဲပိုသွက်ပြီး ကီးပလေယာတို့ ပိုလက်စွမ်းပြ ခွင့်ရပါသည်။ အိမ်ဖြည့်သမားသည် တော်စရာမလိုပါ။ ဖြည့်တတ်ရုံမျှဆို ရပါသည်။ မတော်၍ အိမ်ဖြည့်နေရကြောင်း လူတိုင်းသိပါသည်။ တသင်းလုံးကောင်းလို့နိုင်တာဟုဘယ်လိုပြောပြော ကြေးအမြင့်ဆုံးရသည်မှာ ကီးပလေယာသာဖြစ်ပါသည်။ ပရိသတ်ကလည်း ဘယ်သူက ဘာမှန်းသိကြပါသည်။ အိမ်ဖြည့်များ လက်မထောင်လျှင် ပရိသတ်ပွဲကျတတ်ပြီး ယုန်တောင်ပြေးခွေးမြောက်လိုက်လုပ်နေလျှင် ဖျော်ဖြေရေးသဘောဆန်သည်မို့ အပျင်းပြေပါသည်။

အပျင်းပြေအောင်လုပ်တတ် ပွဲကျအောင်လုပ်တတ်သောအိမ်ဖြည့်သမားကို ကြေးကြီးကြီးပေးဝယ်စရာမလိုသော်လည်း ကြေးတော့ပေးရ ပါသည်။ ကြေးဘယ်လောက် ပေါက်သလဲဆိုသည်က ဘယ်လောက်ဖြည့်ပေးတတ်၊ ဘယ်လောက်ပွဲကျအောင်လုပ်တတ်နှင့် ဘယ်လောက် ဖျော်ဖြေတတ်အပေါ် တည်ပါသည်။ အိမ်ဖြည့်သမားတွင် ကြေးသတ်မှတ်ခွင့်မရှိသည်မှာ သဘာဝကျပါသည်။ သို့သော် ကြေးကို မတန်တဆ မဟုတ်ပဲ တန်ရာတန်ကြေးတော့ပေးဖို့ပါသည်။ တခါတရံတွင် အိမ်ဖြည့်သမားအကြောင်းပြောရသည်မှာ ပျော်စရာကောင်းသလို အပျင်းလည်း ပြေပါသည်။ သို့သော် သတိထားရမည်မှာ အိမ်ဖြည့်သမားဆိုသည်မှာ ပေါပါသည်။ လိုသည့်အချိန်သုံးကာ မလိုချိန်တွင်အောက်ဈေးဖြင့်ပြန် ရောင်းထုတ်လို့ရသလို ကန်ထုတ်လိုက်လို့လည်းရပါသည်။ အောက်ဈေးဖြင့်ရောင်းထုတ်ခံရလျှင် တော်ပါသေးသည်။ ကန်ထုတ်ခံရလျှင် ဝယ်သူမရှိတော့ပါ။

ယခု ဗမာပြည်မှ အပြောင်းအလဲတွင် အိမ်ဖြည့်သမားတချို့ ဈေးကောင်းရနေသည်ဟု ထင်ပါသည်။ အဝယ်လည်း အတန်အသင့် လိုက်နေသေးသည်ကို တွေ့ရပါသည်။ တချို့က ဈေးကွက်ရှိတုန်း တွန်းတွန်းထိုးထိုးချရောင်းသူများဖြစ်ပြီး၊ တချို့ကမူ ဈေးပေါင်မကျိုးခင် ဈေးမကွဲခင် ရရာဈေးဖြင့်ချရောင်းလိုက်ပါသည်

လက်မထောင်နေသည့် အိမ်ဖြည့်တွေကိုကြည့်ရင်း ပရိသတ်မှာပွဲကျရပါသည်။ တောင်ပြေးမြောက်ပြေးများကိုကြည့်ရင်း အပျင်းပြေသလို ရယ်လည်းရယ်ရပါသည်။ အိမ်ဖြည့်များကတော့ ကိုယ့်ကိုယ်ကို ကီးပလေယာအထင်နှင့် မြွေစွယ်ကျိုးများပမာ မဲပြာပုဆိုးများနှင့်ဟန်ရေးပြ နေသည်ကိုမြင်ရပါသည်။

လတ်တလောတွင်မူ ဗြမ္မစိုရ်ထွန်းသည့်ဗမာ့နိုင်ငံရေးအပြောင်းအလဲနှင့် မချိသွားဖြဲအမျိုးသားပြန်လည်သင့်မြတ်ရေးအောက်တွင် မိမိတို့အဖို့ တရားမျှတမှုနှင့် ရာဇဝတ်ကောင်များအားဥပဒေနှင့်အညီစီရင်ရေးမျှော်မှန်းချက်မှာ ဝေးနေသလို၊ ကွင်းထဲတွင် ကီးပလေယာနှင့်အိမ်ဖြည့်များ ဒွေးရောယှက်တင်ဖြစ်ချင်ယောင် ဆောင်နေပါသည်။ (ကီးပလေယာမှတ်တဲ့အိမ်ဖြည့်)

"လူထု" လူထုနဲ့။ ထစ်ကနဲရှိ လူထုကသတ္တိရှိရမယ်..တို့၊ လူထုက ကိုယ့်အခွင့်အရေး ကိုယ့်ဘာသာတိုက်ယူရမယ်..တို့၊ လူထုက ကြောက်နေဖို့မလိုဘူး.. တို့ဆိုပြီး ထမင်းရည်ပူလာလျှာလွှဲသမားတွေ။ ဘာလဲ ခင်ဗျားတို့ရော အဲ့ဒီလူထုထဲမပါဘူးလား။ ခင်ဗျားတို့ကရော အဲ့ဒီလူထုမဟုတ်ဘူးလား။ ခင်ဗျားတို့ကရော အဲ့ဒီလူထုထဲကလူ မဟုတ်ဘူးလား။ ဘာလဲ ခင်ဗျားတို့က လူတွေကိုခေါင်းဆောင်လုပ်ဖို့၊ လူတွေကိုဆုံးမချေချွတ်ဖို့၊ လူတွေကို ငါသိငါတတ်လုပ်ဖို့၊ လူတွေကိုဂုတ်ခွစီးဖို့၊ လူတွေကိုနင်းတက်ဖို့၊ လူတွေကို ငါ့စကားနွားရပြောဖို့၊ လူတွေကိုချီးမွမ်းခြေကျောက်လုပ်ဖို့ လူတွေခေါင်းပေါ်တင်ပေးလိုက်တဲ့ ကောင်းကင်ကကျလာတဲ့ မိုးကျရွှေကိုယ်နိုင်ငံရေးသမားတွေလို့ ကိုယ့်ကိုယ်ကိုမှတ်နေသလား။ (လူထုဆိုတဲ့နိုင်ငံရေးသမား)

လူပဲဖြစ်ဖြစ် တိရိစ္ဆာန်ပဲဖြစ်ဖြစ် သဘဝတရားရဲ့ အပြောင်းအလဲအလိုက် လိုက်ပြောင်းလဲပေးရ ပြောင်းလဲယူရတာပဲ။ သဘာဝတရား ကိုယ်ကလည်း အပြောင်းအလဲကိုး။ မပြောင်းပဲ တင်းခံတောင့်ခံနေလို့၊ အချိန်မီ လိုက်မထိမ်းညှိနိုင်လို့ ပြတ်ထွက်သွားတာတွေ မျိုးကန်း ကုန်တာတွေလည်းရှိတာပဲ။ အပြောင်းမတော်လို့ ပျော့ကျသွားပြီး ဘဝကန်းကုန်ကြတာတွေလည်း အထင်အရှားပဲ။ ပြောင်းရင် ဘယ်လို လိုက်ပြောင်းမလဲ အလိုက်သင့်ပါအောင် ဘယ်လိုထိမ်းညှိယူမလဲဆိုတာ သဘာဝတရားနဲ့လူ၊ သဘာဝတရားနဲ့ တိရိစ္ဆာန်တွေမှာကြတော့ ပြဌာန်းချက်တမျိုး။ လူမှာပဲ နိုင်ငံရေးမှာကြတော့ တဘာသာပြဌာန်းချက်ဖြစ်တာအမှန်ပဲ။ နိုင်ငံရေးမှာ ပြောင်းမယူလို့မရတဲ့အနေအထားဆို သူရောကိုယ်ပါပြောင်းရတာပဲ။ အပြောင်းအလဲဟာလှိုင်းတခုဆိုပါတော့။ လှိုင်းထဲလိုက်စီးမလား၊ လှိုင်းပေါ်ထိုင်လိုက်မလား၊ လှိုင်းထဲ အလူးလူးအလိမ့်လိမ့် ဂျွမ်းထိုးမှောက်ခုံဖြစ်သွားမလားကတော့ ပြောင်းလဲယူကြတဲ့ဘက်အသီးသီးရဲ့အင်အား၊ ချိန်ဆနိုင်စွမ်း၊ အမြော်အမြင်နဲ့ နိုင်ငံရေးရေချိန်၊ ရပ်ခံချက် စတာတွေအပြင် ပြင်ပကဖန်တီးပေးလိုက်တဲ့အခြေအနေနဲ့လည်းဆိုင်မှာပါပဲ။ တခုတော့ရှိတာတော့….. ပြောင်းတယ်ဆိုတိုင်း ကောင်းတယ်မှတ်ဖို့တော့မလွယ်ဘူး။
ပြောင်းသူတိုင်းတန်ရာတန်ဖိုးတော့ပေးကြရတာပါပဲ။
ပြောင်းပြီးရင်လည်း တန်ရာတန်ကြေးရကြတာပါပဲ။
ကိုယ့်တန်ရာတန်ဖိုးနဲ့ ကိုယ့်တန်ရာတန်ကြေးကိုက်/မကိုက်ကတော့ ကိုယ့်ဝမ်းနာကိုယ်သာသိကြမှာပါပဲ (အပြောင်းအလဲ)

ကျနော် နိုင်ငံရေးထဲဝင်ပါမယ်ဆိုတော့ အချိန်မရွေးအဖမ်းခံရနိုင်တယ်လို့ကြိုတွက်ပြီး ထောင်ကျခံဖို့ပြင်ထားတယ်။ ဝင် "ပါ" တယ်။ အဖမ်းခံရတယ်။ တစ်ကြိမ်မဟုတ်ဘူး(၃)ကြိမ်။ ထောင်လည်းကျတယ်(၂)ကြိမ်။ ပထမအကြိမ်အဖမ်းခံရတာက ထောင်မကျဘူး။ ညီကိုဖမ်းဖို့ထောင်ချောက်ဆင်တဲ့အနေနဲ့ ခနအလွှတ်ပြတာ။ အပြင်မှာ(၃)ရက်နဲ့ တမနက်ပဲနေပြီး ပြန်အဖမ်းခံရတယ်။ ညီက တောထဲရောက်သွားတာကိုး။ ထောင်ကျတာမှ တစ်ကြိမ်က(၁ဝ)နှစ်။ (၈နှစ်)လောက်နေရပြီး သာမန်လွတ်ရက်နဲ့ ပြန်လွတ်တယ်။ နောက်တစ်ကြိမ်က(၇)နှစ်။ (၄ဝ၁)လက်မှတ်မထိုးရကောင်းလားဆိုပြီး(၇)နှစ်ချတာကို (၇)နှစ်နဲ့ (၃)ကျော်နေခဲ့ရတယ်။ တတိယအကြိမ် ပြန်အဖမ်းမခံချင်တော့တာနဲ့ ထိုင်းဖက်ကိုထွက်ပြေးလာတယ်၊ ကြောက်ကြောက်နဲ့ပြေးလာတာပဲ တော်မလှန်ရေးတွေဘာတွေလုပ်ဖို့
မဟုတ်ပါဘူး။ ထိုင်းမှာလည်းကြောက်တာနဲ့ ဆက်ပြေးလာတာ ခု အမေရိကားရောက်နေပြီ။ ဒီမှာတော့ ခုချိန်ထိ ထပ်ကြောက်စရာ မတွေ့သေးဘူး။ တွေ့ရင် ပြေးတော့ပြေးရဦးမှာပဲ။ ဘယ်ပြေးရမှန်းသာ သေချာမသိသေးတာ။ သေချာတာကတော့ အကြောက်နဲ့မွေး အကြောက်နဲ့နေခဲ့ရတဲ့တိုင်းပြည်ကို အကြောက်နဲ့သေဖို့ပြန်မယ်စိတ်မကူးဘူး။ ဘုံရန်သူ စုတိုက်ခဲ့ချိန်က မိတ်ဆွေဖြစ်ခဲ့ဖူးသူတွေရဲ့အတိုက်ကို ခံဖို့၊ ဒီမိုကရေစီမသထာရေစာနဲ့ နိုင်ငံရေးထမင်းတစ်လုပ်တုတ်တစ်ချက်အတွက် ရင်ဖွင့်ကျောကော့ပြီးလည်း ပြန်မယ်စိတ်မကူးဘူး။ မိမိနိုင်ငံရေးဘဝတည်ရှိမှုကို တိုင်းပြည်ဖိစီးနေသူတွေရဲ့ခွင့်ပြုမိန့်နဲ့မှဖြစ်ရတယ်ဆိုတာမျိုး၊ သူတို့ရဲ့အဆုံးအဖြတ်ကိုခံယူရမယ်ဆိုတာမျိုးဟာ ဘယ်တော့မှ လိုလားအပ်တဲ့ကိစ္စလို့မမြင်ဘူး။ ပြန်သူပြန်တာနဲ့ ကျန်သူကျန်တာဟာ သူ့ကိစ္စနဲ့သူ့အကြောင်းတွေချည်းသာပဲ။ လူထုအပေါ် သစ္စာမြဲနေသေးသူ၊ စစ်အာဏာကို ဒူးမထောက်သေးသူ၊ အတွေးအခေါ်အရလက်နက်မချသေးသူ၊ ရန်သူကိုမိတ်ဆွေလုပ်ဖို့ မိတ်ဆွေတွေကို ရန်မလုပ်သေးတဲ့သူ ဘယ်သူ့ကိုမဆို ဘယ်နေရာရောက်ရောက် မိတ်ဆွေလို့သာမြတ်နိုးထွေးပွေ့နေမယ်။ အဲ့သလိုမဟုတ်တော့တဲ့ မိတ်ဆွေဟောင်းတွေကိုတော့ စစ်အာဏာရှင်နဲ့တတန်းတည်းထားပြီးဆန့်ကျင်မယ်။ သူတို့သွားဆန့်ကျင်ရင် ကိုယ့်လည်းပြန်ဆန့်ကျင်မှာပဲ။ ဘာဆန်းလဲ ဆန့်ကျင်ဘက်မို့ဆန့်ကျင်ကြတာပဲဟာ။ အာဏာဆန့်ကျင်ဘက်သဘောမှာ လိုအပ်ရင် မိတ်ဆွေချင်းတောင် ကြိုးစင်တင်ကြ သေးတာပဲ။ ခုက အတွေးအခေါ်နဲ့ရပ်ခံချက်တွေမှာ တိုးမိတိုက်မိနေကြတာပဲ၊ ငြိနေကြတာပဲ။ နှုတ်သီးကောင်းလျှာပါးရန်ထောင်နေကြတာမှ မဟုတ်တာ။ ပြောပေါ့ တင်းတင်းရင်းရင်း။ ဆန့်ကျင်ပေါ့ ပြတ်ပြတ်သား။ ငြင်းပေါ့ တိတိကျကျ.. ဘာဖြစ်လဲ။ ဘယ်သူမှားဘယ်သူမှန်ဆိုတာ သမိုင်းဆိုပြီး အဝေးကြီးသွားမကြည့်နဲ့။ ဘက်သဘောလက်တွေ့ကိုက မျက်တွေ့ပြဌာန်းနေတာပဲ။ ကျနော့်ကတော့ နိုင်ငံရေးထဲဝင်ပါမယ် ဆိုတုန်းကစိတ်မျိုးပဲမွေးထားပါတယ်။ သူ့သွားဆန့်ကျင်ရင် ကိုယ့်လည်း ပြန်အဆန့်ကျင်ခံရမယ်ဆိုပြီး အဆန့်ကျင်ခံရဖို့ပြင်ထားပါတယ်။ တကြိမ်မဟုတ်ဘူး အကြိမ်ကြိမ်ဆန့်ကျင်ခံရလည်း ထုသားပေသားကျအောင်နေတတ်ဖို့ တွေးထားပါတယ်။ တစ်ခုတော့ရှိတယ် ရေချိန်မကြည့်ပဲ ရမ်းသမ်းဆန့်ကျင်တာမျိုးတော့ ဘယ်တော့မှမလုပ်ဘူး စိတ်ချ။ (ဆန့်ကျင်ဘက်မို့ဆန့်ကျင်ခြင်း)



0 comments:

Post a Comment