Friday, January 10, 2014

စစ်ရာပြည့် (သင့်ရာ)

0 comments
၂ဝ၁၄ ဇန်နဝါရီ (၁)ရက်ထုတ် အရေးတော်ပုံဂျာနယ် အတွဲ(၁)၊ အမှတ်(၁၂)မှ သက္ကရာဇ် ၂ဝ၁၄ကား နှင်းတို့နှင့်အတူ ရွေ့ရွေ့ချဉ်းနင်း လာခဲ့ချေပြီ။ အကောင်း/အဆိုးနှစ်မျိုးဖြင့်အမည်ကျော်လူပုဂ္ဂိုလ်များ၊ အဖြစ်အပျက်များ နှစ် (၁ဝဝ)ပြည့်ကြမှာနှင့် ရာပြည့်အခမ်းအနားတွေ ဆင်ယင်ခင်းကျင်း ကြမှာ လည်း ဗေဒင်မေးရမည့်ကိစ္စမဟုတ်ပါပေ။

ရှိနေပါက အသက်(၁ဝဝ)ပြည့်မည့်သူတို့တွင် မွေးဖွားခြင်းအတွက်ဝမ်းမြောက်ပြီး ဆုံးပါးခြင်းအတွက်နှမြောရသည့်လောကမျက်ရည်သုတ်ခဲ့သူတို့ပါသလို အမိဝမ်းရည်စပ်ခံမွေးကာ လောကမျက်ရည်ချောင်းစီးစေခဲ့သူတို့လည်း မနည်းလှ။ တနည်းဆိုရလျှင် လောကဖျက်သူနှင့်တည်ဆောက်သူ။ လူတို့သည် လူတို့အား ဤစံနှင့်တိုင်းကာ အကောင်း/အဆိုးသတ်မှတ်ကြရသည် မဟုတ်လား။ ဤသို့ရှိနေသည်ကိုပင် လောကဓမ္မတာဟု ဆိုရမည်ထင်၏။  လူတို့သည် လောကမျက်ရည်သုတ်ကာတိမ်းပါးခဲ့ရသူတို့အတွက် လွမ်းဆွတ်ခြင်းနှင့် မချိတင်ကဲဒွန်တွဲကာဦးအခါခါညွှတ်သည့်နှယ် လောကဖျက်သက်ဇိုးရှည်တို့အတွက်မူ စက်ဆုပ်စိတ်နှင့်အော့နှလုံးကိုသာ ပြန်ပေးတတ်ကြသည် မဟုတ်လား။ မိမိလည်း ထိုနည်းနှင်နှင်။ ဦးညွှတ်သူကိုညွှတ်ကာ စက်ဆုပ်သူကိုဆုပ်၏။ ဂုဏ်ပြုထိုက်သူကိုပြုကာ ရှူတ်ချအပ်သူကိုရှူတ်ချ၏။

ဤနှစ်တစ်ရာပြည့်တွင်မူ ကျနော်က လူပုဂ္ဂိုလ်များထက် အဖြစ်အပျက်များဘက်ကြည့်၏။ ဤတွင် ပထမကမ္ဘာစစ်ကြီးနှင့် ပက်ပင်းတိုးမိ၏။

(၁၉၁၈)တွင် ဇိဝိန်ချုပ်သည့်ကမ္ဘာစစ်ကြီးသည် (၂ဝ၁၄)တွင် အသက်တစ်ရာပြည့်လေပြီ။ ဤစစ်ကြီး ဘယ်သို့စကာ ဘယ်နှယ်ဆုံး၊ ဘယ်မျှသေ၍ ဘယ်မျှကြေ၊ ဘယ်ပုံဆုံး၍ ဘယ်ပုံရှူံးစသည့် ကျိုးကြောင်း ချက်လက်များ ဤနေရာတွင်ပြောရန် ရည်ရွယ်ရင်းရိုးမရှိပါ။ သမိုင်းဆရာ၊ သုတေသီ၊ စာရင်းအင်းပညာရှင်၊ စစ်ပါရဂူ၊ နိုင်ငံရေးသမားများအပါအဝင် အနုပညာသည်တို့လည်း ပြောခဲ့ကြပြောနေကြသည်ပဲမဟုတ်လား။ ထိုအဆိုအပြောတို့တွင် ဘက်သဘောအသီးသီး ရပ်ခံချက်အသီးသီးတို့ထင်ဟပ်နေသည်ပဲမဟုတ်လား။ မည်သည့်ဘက်သဘောရပ်ခံချက်နှင့်ပြောပြော ထိုဖြစ်စဉ်ကြီးသည် ကြည်နူးဆွတ်ပျံ့ဖွယ်ရနံ့ သင်းမနေဖို့လို၏။

စစ်ကြီးပြီးသွား၍၊ စစ်ဘေးတန့်သွား၍ မိခင်၊ ဇနီး၊ သားသမီးများနှင့်ချစ်ခင်ရသူများ ချခဲ့ကြရသည့် သက်မတို့ကား ချမ်းမြေ့စရာမဟုတ်သည့်တိုင် စိတ်သက်သာရာရစေသည့်နမိတ်ပုံနှယ်ထင်ရှားဆဲ။ လင်ပျောက် သားပျောက် ဖခင်ပျောက် ချစ်သူပျောက် ပျောက်ခဲ့ရသူတို့၏ရှာပုံတော်မှာ စစ်ကြီးပြီး၍ နှစ်ပေါင်းများစွာကြာသည့်တိုင် ပြီးပြတ်မသွားခဲ့။ ချစ်သူခင်သူတို့ကျခဲ့ရသည်မျက်ရည်သည်လည်း စစ်ပွဲ၌ကျဆုံးခဲ့သည့်စစ်သည်တို့သွေးပမာဏထက် လျော့မည်မထင်။ စစ်တပွဲသည် လူတို့အားသေကွဲရှင်ကွဲ ခွဲကာ ကမ္ဘာမြေအား သွေးနှင့်လိမ်းကျံလျှက် အနိဌာရုံဖြင့်ပြွမ်းစေလျှက်။ ခေတ္တနားချိန် နောက်တပွဲအတွက် စစ်ပြင်ချိန်သည် ကမ္ဘာမြေငြိမ်းချမ်းနေချိန်ပင်။ သို့တိုင်ပင် ကမ္ဘာမြေအလုံး ငြိမ်းချမ်းနေသည်တော့ မဟုတ်သေး။ ဒေသန္တိယအကန့်အသတ်စစ်ပွဲလေးတွေက မပြတ်။

စစ်ဟုဆိုလျှင် ဘာ့ကြောင့်ဖြစ်ပါ တွဲတွေးတွဲပြောကြရစမြဲ။ စစ်တပွဲ၏ဇစ်မြစ်ကို သေချာဃဏ တူးဆွကြည့်လျှင် ဘာသာရေး လူမျိုးရေး ဝါဒရေးစသည့်အပေါ်ယံအကာသားအောက်တွင် နယ်ပယ်ချဲ့ထွင်ခြင်း၊ သယံဇာတနှင့်လူ့လုပ်အား လုယက်ခြင်းများပေါ်လာမှာသေချာ၏။ လုယက်သူတို့က မိမိဘက်သားတို့၏ အညွှတ်အနူးထောက်ခံမှုရရန်၊ သွေးကြွလာစေရန်၊ စိတ်ကန်းသွားစေရန်ရည်ရွယ်ကာ ဘာသာရေး လူမျိုးရေး ဝါဒရေးစသည်တို့ကြောင့်ဖြစ်ရကြောင်း တွင်တွင်ဖြန့်၏။ ရိုက်ရိုက်သွင်း၏။ လူသည် လူမျိုး ဘာသာ ဝါဒစသည်တို့နှင့်စပ်လျှင် အကဲဆတ်တတ်ကြသည်မဟုတ်လား။ ခေါင်းကိုင်ရလွယ်သည် မဟုတ်လား။ အမှန်တော့ ကမ္ဘာပေါ်တွင်ဖြစ်ခဲ့သည့်စစ်ကြီး ၂ စစ်ရော၊ ဖြစ်နေကြသည့်စစ်ငယ်ပေါင်း များစွာရော၊ ယနေ့ဗမာပြည် ပြည်တွင်းစစ်ရောပါ နယ်ချဲ့ခြင်း၊ သယံဇာတလုယက်ခြင်း၊ စစ်နှင့်စီးပွားရှာခြင်းများသာဖြစ်၏။ ထို့ထက်ပို၍ ဘာမှမဟုတ်။ စစ်တပ်ထောင်ကာ စစ်တပ်ဖြင့်စီးပွားရှာ ကျူးကျော်လုယက်သူအား အလုယက်ခံတို့ဘက်က ဆန့်ကျင်တွန်းလှန်ခုခံစစ်ဖြင့် တိုက်လှန်ရ၏။ ဤတွင် စစ်ဖြစ်ရ၏။

ဗမာပြည် ပြည်တွင်းစစ်လက်ငင်းပြဿနာကို ကြည့်မိ၏။ ရေနံ ကျောက်မျက် သစ်တော သဘာဝသယံ ဇာတမှန်သမျှ လူမျိုးစု တိုင်းရင်းသားတို့အရပ်တွင်သာ အရှိများ၏။ ပြည်မဟုဆိုသည့် လူများစုဗမာလူမျိုး အများ နေထိုင်ရာဒေသတို့တွင်မရှိ။ ကူးသန်းရောင်းဝယ်ရေးအချက်အခြာ၊ မြေပြန့်လွင်ပြင် ချိုင့်ဝှမ်းနှင့် မြစ်ကမ်းပါးတစ်လျှောက်စိုးမိုးထားသောဗမာလူမျိုးစုတွင် သဘာဝရင်းမြစ်များက ပြောရလောက်အောင်မရှိ။ သည်တော့ ရှိသည့်နေရာတို့ကို မျက်စေ့ကျ၏။ လိုချင်တပ်မက်ဖြစ်လာ၏။ လုယက်ဗိုလ်ကျချင်လာ၏။ အများစုကလည်းဖြစ်၊ လက်ဦးမှုလည်းယူနိုင်ဆိုတော့ စစ်တပ်ထောင် စစ်အာဏာရှင်စနစ်ကျင့်သုံးကာ စစ်ပြုပြီးလုယက်၏။ စစ်အာဏာဖြင့် အရင်းအနှီးစုဆောင်းကာ စီးပွားဖြစ်ထွန်းလာ၏။ ယင်းစစ်အာဏာသည် လူမျိုးစုတိုင်းရင်းသားတို့ အပေါ်တင်မက ဗမာဗမာချင်းပါချန်၍ရသည့်အမျိုးမဟုတ်။

ပြည်ထောင်စုတို့ နိုင်ငံတော်တို့ အချုပ်အချာအာဏာတို့ဆိုသည့် ရမယ်ရှာချက်များအား တစ်ခွန်းထဲဖြစ်အောင်စုရလျှင် အမျိုးသားရေးမည်၏။ ထိုအမျိုးသားရေးကိုလည်း စစ်တပ်ကသာ ဦးဆောင်ရမည်ဆို၏။ ဆိုတော့ ထို အမျိုးသားရေးကိုဦးဆောင်သည်ဆိုသောစစ်တပ်တွင် လူမျိုးစုတိုင်းရင်းသားတို့ထံမှသယံဇာတနှင့် တပြည်လုံး၏ဓနဥစ္စာမြေယာတို့ပါမကျန် လုယက်သိမ်းပိုက်ခွင့်ယူထားသည်မှာ တရားဝင်ကြောင်း မှန်ကန်ကြောင်းသက်သေထူဖို့ အမျိုးသားရေးတစ္ဆေတွင်တွင်ခြောက်ပေး၏။ ကြောက်သူတို့ကလည်း ကြောက်ကြ၏။ ဤတွင် စစ်အုပ်စုသက်ဇိုးရှည်ကာ ဗမာပြည်ပြည်တွင်းစစ်လည်း ကမ္ဘာ့ဖိုးသက်ရှည်စာရင်းဝင်တော့၏။

စစ်သည် ပြည်တွင်းကဖြစ်ဖြစ် ပြည်ပကလာလာ စစ်သည် စစ်သာဖြစ်၏။ စစ်ဆိုသည်မှာ မနိုင်မချင်း (သို့မဟုတ်) မရှူံးမချင်းတိုက်ရသည့် နိုင်ငံရေးတမျိုးပင်။ ကြမ်းတမ်း၏ ရိုင်း၏။ လိုလားအပ်သည့်အရာမဟုတ်။ သို့ကြောင့် စစ်သည်ဆန့်ကျင်အပ်သောအရာဖြစ်၏။ သို့သော် စစ်ဆန့်ကျင်ရေးဆိုကာ စစ်မှန်သမျှ မဲမဲမြင်အကုန်ဆန့်ကျင်ဆိုသည်မှာလည်း ပုံမကျသေး။ မည်သည့်စစ်မျိုးကိုဆန့်ကျင်မလဲဆိုသည်မှာ အရေးကြီး၏။ လူ၏ နိုင်ငံရေးရေချိန်၊ ဓမ္မအဓမ္မခွဲခြားနိုင်စွမ်းတို့ ဤနေရာ၌စကားပြော၏။ စစ်ပြုရခြင်း၏ အပေါ်ယံအကာသား ဝါဒဖြန့်ချက်များကို နက်နက်နဲနဲမြင်အောင်ကြည့်တတ်ဖို့လို၏။ စစ်တွင်လည်း ဘက်ရှိ၏။ အမှား/အမှန်၊ တရား/ မတရားရှိ၏။ ကျူးကျော်စစ်/ခုခံစစ်ရှိ၏။ လုယက်သူနှင့်အလုယက်ခံ သဘောရှိ၏။ မှားသူ မတရားသူ ကျူးကျော်သူ လုယက်သူတို့တိုက်သည့်စစ်မှန်သမျှသည် ဆန့်ကျင်ရမည့်စစ် ဖြစ်၏။

ပြန်ကောက်ရသော် ပထမကမ္ဘာစစ်ကြီး နှစ်(၁ဝဝ)ပြည့်သည် မဖြစ်မနေကျင်းပအပ်သည့်ပွဲ ဖြစ်ဖို့လို၏။ သို့သော် အပျော်အပါးတို့ဖြင့်ပြီးလို့ မရ။ စစ်ပြုကျူးကျော်လုယက်သူတို့အား ဖွင့်ချဖော်ထုတ်ရင်း၊ နယ်ချဲ့လက်ဝါးကြီးအုပ်သူတို့အားဆန့်ကျင်ရင်း၊ တတိယလုယက်ပွဲကြီးဖြစ်မလာရေး လှုံ့ဆော်ရင်း၊ ပြည်တွင်းလက်ဝါးကြီးအုပ် စစ်အာဏာရှင်စနစ်အားတိုက်ခိုက်ရင်း၊ လူထုအားဖြင့်စစ်တားရင်း စစ်ဆန့်ကျင်ရေးလက္ခဏာအတိပြီးမည့်လှုပ်ရှားမှုကြီးဖြစ်လာဖို့ ရည်သန်တောင့်တမိ၏။
(သင့်ရာ) ၁၅ ရက် ဒီဇင်ဘာ ၂ဝ၁၃

0 comments:

Post a Comment