Saturday, January 11, 2014

ကံကောင်းကြပါစေ(ဘိုဘိုလန်းစင်)

0 comments
ကံကောင်းကြပါစေ(ဘိုဘိုလန်းစင်)
အေးစက်ဝင်းလက်သည့် ဗာဂျင်းနီးယားနွေဦးတွင် ကျနော် မြို့ကလေးကို ရောက်ခဲ့သည်။ ဇာတိနေပြည်တော်ဟောင်းက မိတ်ဆွေက နီးနားဝန်းကျင်က အမေရိကန်မွေနှစ်တို့ကို လိုက်ပြသည်။ အိမ့်ရှင်မှာ မူလကပင် သမိုင်းဗေဒလိုက်စားသူဖြစ်၍ အမေရိကန်ခေတ်ဦးက သမ္မတဟောင်းတို့ အမွေသရီရတို့ကြွယ်ဝရာဤနယ်မြေနှင့် အကျွမ်းတဝင်ဖြစ်နေသည်။ ကမ္ဘာသစ်က ဥရောပလက်နက်နိုင်ငံတို့ လက်အောက်ခံတိုင်းပြည်များ လွတ်လပ်ရေးယူပီး ကိုယ့်မင်းကိုယ့်ချင်းလမ်းကို နင်းခဲ့ကြရာတွင် အဘယ့်ကြောင့် အမေရိကန်တို့က အဦးဆုံးနှင့်အအောင်မြင်ဆုံးဖြစ်ရသနည်းဆိုသည့်အမေးက ခေါင်းထဲပေါ်လာချိန်တွင် အမေရိကထူထောင်စသမိုင်းကို လျှပ်တပြက် ပြန်ကြည့်ခွင့်ရခဲ့သည်ဟု ဆိုရပါမည်။
အမေရိကန်ဟုခေါ်သည့် ဗြိတိသျှလက်အောက်ခံ ၁၃ ပြည်နယ်သားတို့က မြေယာရင်းမြစ်နှင့်ကုန်သွယ်မှု၊ စက်မှုသိပ္ပတို့တွင် လက်တင်အမေရိကပြည်တို့ထက် သာသည်ဟုဆိုလျှင်ရပါသည်။ ဘာသာရေး၊ စာပေ၊ လူမျိုးနွယ်ကွဲပြားမှု၊ နိုင်ငံရေးယဉ်ကျေးမှုခြားနားခြင်း စသည်တို့ကို ထည့်သွင်းတွက်ချက်နိုင်ကြပါသည်။ ကျနော်တွေ့ခဲ့သည်မှာကား ပညာအခြေခံနှင့်လွတ်လပ်တန်းတူမှုကိုအခြေပြု တည်ထောင်သည့် တိုင်းပြည်တခု၏အခြေခံဖြစ်ပါသည်။ အမေရိကန်သည် အရင်းရှင်ထိပ်သီးတိုင်းပြည်ကြီးဖြစ်၍ အာဏာကို ကော်ပိုရိတ်သေဌေးကြီးလက်တဆုပ်က ကလဖန်ထိုး ခြယ်လှယ်နေကြသည်မှာ မှန်သော်ငြား မူလခြေခံ ဘူဇွာလူဖြူတို့၏ လူမှုတန်းတူရေးမူကိုတော့အခြေခံမပျက်အောင် စောင့်ရှောက်နိုင်ခဲ့သည်။ ကျွန်စနစ်နှင့် လူဖြူလူမည်းခွဲခြားရေးခေတ်ကဲ့သို့အရိပ်မည်းများ ရှိစေကာမူ ကမ္ဘာဟောင်း၏ လူတန်းစားကွဲပြားသတ်မှတ်ချက်တို့ကို ပထမဆုံး စိန်ခေါ်အံတုခဲ့သည့် ကမ္ဘာ့ခေတ်သစ်နိုင်ငံရေး ယဉ်ကျေးမှုများမှာ ထိုတိုင်းထိုပြည်တွင် ထင်ထင်ရှားရှားထွန်းတောက်ခဲ့ပါသည်။ ပြင်သစ်တော်လှန်ရေးအငွေ့အသက်များဟု ဆိုနိုင်ပါသည်။ သို့သော် ပြင်သစ် အင်္ဂလန် အမေရိက ကိုလိုနီများတွင် ၁၈ ရာစုနှစ်များဆီက လွန်းထိုးကူးယှက်နေသော ဥာဏ်သစ်လောင်းလှုပ်ရှားမှုများကို ဘူဇွာဒီမိုကရေစီလှုပ်ရှားမှုတွင် မေ့ပျောက်ထား၍မဖြစ်ပါ။ ပြည်ပြေး ပညာရှိများ၊ ဘူဇွာကြေးရတတ်များနှင့် ပဒေသရာဇ်မင်းစိုးအုပ်ချုပ်မှုမှ ရုန်းထွက်လိုသူများသည် စာအုပ်စာစောင်များ၊ ကာဖီဆိုင် ဗျစ်ဆိုင်များမှတဆင့် အမြင်သဘောနှီးနှောခဲ့ကြသည်။ အမေရိကန် တော်လှန်ရေးကို လက်နက်ကိုင်တော်လှန်ရေးသက်သက် မြင်၍ မဖြစ်ပါ။ အင်္ဂလန်အာဏာရှင် အိုလီဗာကရွမ်းဝဲအလွန်ခေတ်သစ် ကမ္ဘာတွင် ပထမဆုံး ဘုရင်မရှိသည့်တိုင်းပြည်ကို စတင်သူတို့မှာ ကိုလိုနီနယ်သားများဖြစ်နေသည်က သာမန်တိုက်ဆိုင်မှုမဟုတ်။ ပြင်သစ် တော်လှန်ရေးသည်ပင် ဘုရင်ဧကရာဇ်စနစ်ကို တက်ချည်ဆုတ်ချည် အနှစ် ၈ဝ ခုခံခဲ့ရသေးသည်။ အမေရိကန်တွင်ကား လူအများကြိုက် အာဏာရှင်စနစ်ကိုပင် ဖြစ်တည်ခွင့်မပြုခဲ့။
အမေရိကန်ဒီမိုကရေစီခေတ်ဦးတွင် ဘာသာရေးနှင့်ပုဂ္ဂလိကလွတ်လပ်ခွင့်များမှာ နိုင်ငံရေးလွတ်လပ်ခွင့်လှုပ်ရှားမှုများနှင့်တန်းတူ အရေးပါခဲ့သည်။ လွတ်လပ်စွာယုံကြည်ကိုးကွယ်မှုရှိရေးမှာ ကမ္ဘာဟောင်းဆီက ဘာသာအယူမတူမှုကြောင့် နေရပ်စွန့်ခွာအခြေချရသူတို့အဖို့ အသက်ပမာအရေးပါပါသည်။ ပရင့်စတန်တက္ကသိုလ်တွင်အဓိပတိဖြစ်လာသော ဘုန်းတော်ကြီးဆင်မြူယယ်ဒေးဗီးစ်မှာ ယုံကြည်မှု လွတ်လပ်ခွင့်၊ ကျောင်းတော်နှင့်အစိုးရအာဏာပိုင်တို့ရောယှက်မှုမဖြစ်ရေးတို့ကို ဦးဆောင်တိုက်ပွဲဝင်ခဲ့ပြီး ထိုအတွက် ၁၇၈၆ တွင် ဂျက်ဖာဆင်စတက်ကြူရီဥပဒေအရ လွတ်လပ်စွာကိုးကွယ်ခွင့်အတည်ဖြစ်ခဲ့သည်။
လွတ်လပ်ရေးစစ်အတွင်း ကျေးကျွန်များနှင့်အမျိုးသမီးတချို့ပါဝင်တိုက်ခိုက်ခဲ့မှုကလည်း အမေရိကန်တွင် ကျွန်စနစ်ဖျက်သိမ်းရေး၊ အမျိုးသမီး တန်းတူရေးများအတွက် တွန်းအားဖြစ်ပါသည်။ လူချင်း တန်းတူညီမျှခွင့်ကိုအခြေပြုသော အခြေခံဥပဒေဖခင်များကိုယ်တိုင် ကျွန်ပိုင်ရှင် မြေရှင်ကြီးများဖြစ်နေသည်က အမေရိကန်လွတ်လပ်ရေးခေတ်ဦးအတွက် အားနည်းချက်ဖြစ်ခဲ့သော်လည်း ကျွန်စနစ်ဖျက်သိမ်းရေးအတွက် ထိုပုဂ္ဂိုလ်ကြီးများနှင့် မျိုးဆက်သစ်နှိုးဆော်သူများ ဆင့်ကဲထမ်းရွက်ခဲ့မှုကြောင့် အနှစ် ၈ဝ ကျော်အတွင်း ကျွန်စနစ်ကိုဖျက်သိမ်းခြင်း၊ နောက် အနှစ်တရာတွင် လူဖြူလူမည်း တန်းတူအခွင့်အရေးတိုက်ပွဲများ၊ ထိုမှ ကျားမ လိင်မခွဲခြားဘဲ လူတိုင်းတန်းတူရေးလှုပ်ရှားမှုများထိ ရိုက်ခတ် ခဲ့ပါသည်။
အမေရိကန်ခေတ်ဦးက ပညာရှင် နိုင်ငံရေးသမားဂျက်ဖာဆင်၏ဂေဟာသို့လည်း ရောက်ခဲ့သည်။ သူ၏စာကြည့်ဆောင်နှင့်အိပ်ရာဆောင်မှာ စာသမားတို့ နှလုံးမွေ့လျော်ဖွယ်ရာခန်းဆောင်များ ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်ကြီး၏စာစုကိုသန္ဓေပြုပြီး စစ်တွင် မီးသင့်ခဲ့သည့် ကွန်ဂရက် ပိဋကတ်တိုက်ကို ပြန်လည်တည်ထောင်ခဲ့ရသည်။ ပြင်သစ်တော်လှန်ရေးတွင်း ပါရီတွင် သံကြီးအဖြစ်နေခဲ့ရ၍ ဂျက်ဖာဆင်တွင် တန်းတူ ညီမျှရေးတရားတို့ သြဇာသက်ရောက်မည်ဟု ထင်ပါသည်။ သို့သော် သူ့ဂေဟာတွင် သူ့အတွက်၊ သူ့ဧည့်သည်များအတွက်စီမံသည်တို့က များပြီး သူ့သမီးနှင့်မြေးများအတွက် နေရာအခန်းတို့မှာ ထပ်ခိုးပေါ်တွင်ရောက်နေသည်ကို တွေ့ရသည်။ ကျေးကျွန်များအတွက် အိမ်ခြေမှ အခန်းများမှာလည်း ဦးပုည၏ ကာက သူဆင်းရဲအဖွဲ့ကိုသတိရစရာပင်။ လူတို့တွင် အလုပ်အပြောသဘောညီမျှမှုအခြင်းအရာကို ပြန်ပြီး ဆင်ခြင်ဖို့ဖြစ်ပါသည်။
ထိုထက် ခေတ်ပြိုင်မြန်မာတွင် ၁၈ ရာစု အလယ်က ပဒေသရာဇာ၏ သူဇာ၊ အူရွ စသည့် စာနုများခေတ်စားပီး အဝပျက်သည့်အခါ နောက်ပိုင်း စာပေ အတော်ဆုတ်ယုတ်ခဲ့ပီးနောက် ဘိုးတော်မင်းလက်ထက်တွင် မဇ္ဈိမမှ ဆေးကျမ်း၊ ဗေဒင်၊ နီတိစသည့်ကျမ်းများကိုပြန်ဆိုပြီး စာပေကို ဖြည့်ဆည်းခဲ့သလို မက္ခရာမင်းသား၏ စွယ်စုံကျမ်းပြန်ဆိုမှု၊ အင်္ဂလိပ်-မြန်မာအဘိဓာန်ပြုမှု၊ ထိုနောက် မန္တလေးခေတ်တွင် ဥရောပသိပ္ပံကျမ်း၊ နိုင်ငံရေးကျမ်းများ ပြန်ဆိုလာပါသည်။ ကျွန်ခေတ်တွင်လည်း ဘူဇွာပညာတတ်တို့၏ မဂ္ဂဇင်းစာစောင်များမှ ပညာရေး၊ လောကဓာတ်စာ၊ အတွေးအခေါ်များဖြန့်ဖြူးလာရာ အထင်ရှားဆုံးမှာ မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်း၏ ဂန္ထလောက စာစဉ်၊ နဂါးနီ၏ ဘာသာပြန် စာအုပ်များဖြစ်ပါသည်။ လွတ်လပ်ပီးခေတ်တွင်လည်း သန်ရာ နိုင်ငံရေး ပညာရေး ဖြန့်ဖြူးပြန်ဆိုခဲ့ကြပြီး ယခုထက်တိုင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဂေဟထိန်းသိမ်းရေး စသည် ပြန်ဆိုနေကြပါသည်။
ထိုထက် ကျွန်ုပ်တို့ဆီတွင် အားကြီးသည်က လက်တင်အမေရိကတွင် ၁၉ ရာစုက ခေတ်စားခဲ့သော ဝတ္ထုဇာတ်ကြောင်းဖွဲ့ အမျိုးသားရေးစိတ်ကိုလှုံ့ဆော်ရာပုံဝတ္ထု ကဗျာတို့ ကြီးပွားကြခြင်းဖြစ်သည်။ ၂ဝ ရာစု ဘာသာရေးဆန်းသစ်ပြင်းထန်မှုတို့ဆီအခြေခံသော အင်ဒိုနီးရှား၊ တူရကီနှင့်အိန္ဒိယက မျိုးချစ်စာပေများကဲ့သို့ မြန်မာတွင်လည်း ပဒေသရာဇ်နောက်ကြောင်းခံသူရဲကောင်းပုံပြင်များ၊ ထိုမှ လွတ်လပ်ရေးမော်ကွန်းတင်အနုပညာဖန်တီးမှုများ အင်အားကြီးပါသည်။ ဒေါင်းရုပ်၊ ဗိုလ်ချုပ်ရုပ်၊ ဗန္ဓုလကဲ့သို့စစ်သူကြီးတို့ အမှတ်လက္ခဏာမှာ လူချင်းတန်းတူညီညွတ်မှု၊ နိုင်ငံရေးတွင် ဘာသာရေး လူမျိုးရေးစရိုက်တို့ကင်းလွတ်သည့်ယဉ်ကျေးမှုတို့လောက် မထွန်းကားခဲ့ပါ။ မထွန်းကားနိုင်သေးပါ။ ဒီမိုကရေစီဆိုသည်ကိုပင် သူရဲကောင်းတစုတို့ရယူပေးသည့်ဆုလာဘ်သဖွယ် မြတ်နိုးကော်ရော် ပြုကြသည်။
သို့အတွက် ကျွန်ုပ်တို့ဆက်ရမည့်ခရီးတွင် တဦးချင်းလွတ်လပ်တန်းတူခွင့်ကို လေးစားခုခံမည့် ဥပဒေပညာရှိ၊ နိုင်ငံရေး၊ ယဉ်ကျေးမှု ဆန်းစစ်သူ၊ ဘာသာရေး ခေတ်ပြင်ဆရာ စသည်တို့ များစွာလိုနေပါသည်။
ယူတာက ဒီနေရာကပါ။ http://bobolansin.wordpress.com/


0 comments:

Post a Comment