Sunday, January 12, 2014

ဗျူဟာမြောက်ရွှေ့ကွက် (ညီဌေးကျော်)

0 comments
ဗျူဟာမြောက်ရွှေ့ကွက် ညီဌေးကျော်
၂ဝ၁၄ ဇန်နဝါရီ (၁)ရက်နေ့ထုတ် အရေးတော်ပုံဂျာနယ် အတွဲ(၁)၊ အမှတ်(၁၂) မှ ဗျူဟာမြောက်ရွှေ့ကွက်ဆိုတာ ရှေ့ကိုမျှော် ပြီးနေရာယူတဲ့ရွှေ့ကွက်ကိုဆိုလိုတာဖြစ်တယ်။
အမေရိကန်နဲ့နေတိုးက တချိန်က မင်းပြောင်းမင်းလွဲ လုပ်ရမယ်လို့ကြိမ်းဝါးထားတဲ့ဆီးရီးယားသမ္မတ အာဆတ်နဲ့ ဓာတုလက်နက်ဖျက်သိမ်းရေးကို အကြောင်းပြုလို့ နားလည်မှုပြန်ယူခဲ့တယ်။ ယူရေနီယံသန့်စင်မှုကန့်သတ်ချက်နှင့်အတူ နိုင်ငံတကာအနုမြူစစ်ဆေးရေးအဖွဲ့ IAEA ဝင်ရောက် စစ်ဆေးခွင့်ကို ခွင့်ပြုတဲ့အတွက်၊ ဒဏ်ခတ်ပိတ်ဆို့မှုဖြေလျှော့ပေးဖို့ အမေရိကန်နဲ့အီရန် သဘောတူညီမှု ရခဲ့တယ်။ ဒါဟာ အမေရိကန်က ခြေတဖက်ကျွံနေတဲ့ အရှေ့အလယ်ပိုင်းကအပူမီးကိုလျှော့ချတာဖြစ်သလို အရှေ့အလယ်ပိုင်းရဲ့ချိန်ခွင်လျှာ အပြောင်းအလဲကိုလည်းဖြစ်စေတယ်။

အမေရိကန်ရဲ့ ဒီရွှေ့ကွက်ကို ပူညံပူညံအလုပ်ဆုံးသူတွေကတော့ အစ္စရေးနဲ့ ဆော်ဒီပဲဖြစ်တယ်။ အစ္စရေးက ဒီဒေသမှာ အမေရိကန်ရဲ့အရင်းချာဆုံးမဟာမိတ်အဖြစ် သူ့ရဲ့အရေးပါမှုလျော့ကျရတဲ့အတွက် မကျေမနပ်ဖြစ်တာဖြစ်တယ်။ ဆော်ဒီက ကုလလုံခြုံရေးကောင်စီအလှည့်ကျအဖွဲ့ဝင်အဖြစ်ကိုငြင်းပယ်ပြီး သူ့ရဲ့မကျေနပ်ချက်ကိုပြခဲ့တယ်။ သူက ဆီးရီးယားအာဆတ်ပြုတ်ကျတဲ့အထိ ဆက်မတိုက်တော့တဲ့အတွက် မကျေနပ်တာဖြစ်တယ်။

အီရန်၊ အီရတ်(အီရန်လိုလားတဲ့ ရှီယာအစိုးရ)၊ ဆီးရီးယား၊ လစ်ဘနွမ်(ဟစ်ဇဘိုလာ)ဝင်ရိုးတန်းကိုဖြိုဖို့ ဆိုတာ ဒေသတခုလုံး မီးဟုန်းဟုန်းတောက်မယ့်ကိစ္စဖြစ်ရုံမက ကမ္ဘာနဲ့တဝန်းဂယက်ရိုက်မယ့်ကိစ္စဖြစ် တယ်။ စစ်ပွဲဟာ ရှည်ကြာလာရုံတင်မက စစ်စရိတ်ကို ဘယ်သူတာဝန်ယူမှာတုန်း၊ ဆော်ဒီက အားပေးထားတဲ့ စစ်သွေးကြွဆွန်နီသူပုန်တွေနဲ့ အယ်ခိုင်ဒါတွေရဲ့အကြမ်းဖက်ဗုံးခွဲမှုတွေကလည်း အသောမသတ်နိုင်၊ ဒါ့ကြောင့် အမေရိကန်က ရွှေ့ကွက်ပြောင်းတာဖြစ်တယ်။ အီဂျစ်ရဲ့ အာရပ်နွေဉီးက သောင်မတင်ရေမကျ၊ လစ်ဗျားနဲ့ယီမင်မှာ ဘယ်အစိုးရတက်တက် မတည်ငြိမ်၊ တဝုန်းဝုန်း တဒိုင်းဒိုင်းပဲ။ အာဖရိကရှိ ဆိုမာလီ၊ ကွန်ဂို၊ အလယ်အာဖရိက စသည်အထိ မတည်ငြိမ်မှုကူးဆက်တယ်။

၂ဝ၁၄ နှစ်ကုန်မှာ အမေရိကန်တပ် အာဖဂန်မှရုပ်ရတော့မယ်။ အမေရိကန်က တပ်တချို့ ချန်ခဲ့ချင်တယ်။ တာလီဘန်နဲ့လည်း တိုးတိုးတိတ်တိတ် ကျိတ်ပြီးနားလည်မှုယူချင်တယ်။ တဖက်ကလည်း မောင်းသူမဲ့လေယာဉ်တွေနဲ့ တာလီဘန်ခေါင်းဆောင်တွေကိုတိုက်တယ်။ အာဖဂန်အစိုးရကော ပါကစ္စတန်အစိုးရကပါ အော်ကြီးဟစ်ကျယ်ကန့်ကွက်နေတဲ့ကြားက ပါကစ္စတန်ထဲအထိဝင်တိုက်တယ်။ အာဖဂန်ရုပ်သေးအစိုးရအနေနဲ့ မကန့်ကွက်ရင်လည်းမဖြစ်၊ အမေရိကန်တပ်ရုပ်သွားရင် သူချည်းကျန်တော့တဲ့အခါ ရုပ်သေးအစိုးရဆိုတဲ့ ပုံပန်းနဲ့ တာလီဘန်ကို ဘယ်လိုလုပ်ရင်ဆိုင်မှာတုန်း။ အမေရိကန်တပ်အချို့ချန်ထားမယ့်အရေး လူမြင်ကောင်းအောင်လုပ်ဖို့လည်း လိုသေးတယ်။ အမေရိကန်မရှိတော့တဲ့အာဖဂန်ရဲ့အလားအလာက မရောဘူး။

အမေရိကန်က ဒေသတွင်းအင်အားကြီးသုံးနိုင်ငံဖြစ်တဲ့ ဆော်ဒီ(အမေရိကန်ရဲ့ မိတ်ဖက် ဆွန်နီမူဆလင်) တူရကီ(အီရန်နဲ့ပြိုင်ဘက် နေတိုးအဖွဲ့ဝင် ရှီယာမူဆလင်) အီရန်(ရှီယာမူဆလင်၊ ၁၉၇၉ မတိုင်ခင်က အမေရိကန်ရဲ့မိတ်ဖက်ဟောင်း)တို့ကို ချိန်ခွင်လျှာညှိပြီး ဒေသတွင်း မိမိရဲ့အနေအထားကို ခိုင်အောင် ထိန်းလိုတယ်။ အီရန်နဲ့ဆက်ဆံရေးပြန်တည်ဆောက်ခြင်းဖြင့်(တစတစ မဟာဗျူဟာမိတ်ဖက်ဆက် ဆံရေး ပြန်တည်ဆောက်နိုင်ရင်) အာဖဂန် တာလီဘန်ရဲ့သြဇာကိုလည်းထိန်းချုပ်နိုင်မယ်။ တူရကီအနေနဲ့လည်း အရှေ့အလယ်ပိုင်းမှာနစ်မနေဘဲ (ရုရှားကို ဖိအားပေးဖို့) ပင်လယ်နက် ကော့ကေးရှနဲ့ အာဇာဘိုင်ဂျန်ဘက်ကို ဦးလှည့်နိုင်မယ်။

တချိန်က မိစ္ဆာဝင်ရိုးတန်းနိုင်ငံ မင်းဆိုးမင်းညစ်နိုင်ငံစာရင်းဝင်ခဲ့တဲ့အီရန်ဟာ နောင်ဆို အမေရိကန်ရဲ့ကုန်သွယ်ဖက်နဲ့မိတ်ဖက်နိုင်ငံ ပြန်ဖြစ်လာတော့မှာပါ။ ပထဝီနိုင်ငံရေးက အယူဝါဒရေးထက် ပိုလက်တွေ့ကျကြောင်းပြသလိုက်တာပါပဲ။

ဗမာပြည်က အီရန်ထက် ပိုစောပါတယ်။ အာရှပစိဖိတ်ဒေသဟာ အမေရိကန်အကျိုးစီးပွားရဲ့ မဟာဗျူဟာဒေသဖြစ်လာကတည်းက ဗမာပြည်ရဲ့ပထဝီနိုင်ငံရေးဟာ(ခေါ်ဆိုလေ့ရှိတဲ့)ဒီမိုကရေစီတို့ လူ့အခွင့်ရေးတို့ထက်ပိုအရေးပါလာတယ်။

တောင်တရုတ်ပင်လယ် အရှေ့တရုတ်ပင်လယ်တို့မှာ နယ်မြေပိုင်နက်အငြင်းပွားမှုနဲ့ လေယာဉ်တင်သင်္ဘော စစ်ရေးပြမှု စစ်လက်နက်တပ်ဆင်မှုတွေတိုးပွားလာချိန်မှာ ၂ဝ၁၄ အာဆီယံဥက္ကဌဖြစ်လာမယ့်ဗမာပြည်နဲ့ အမေရိကန်ရဲ့ ဗျူဟာမြောက်ရွှေ့ကွက် ဘယ်လိုဆက်စပ်ပတ်သက်သလဲဆိုတာ ကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ညီဌေးကျော် (၁၂ ၊ ၁၂၊ ၂ဝ၁၃)


0 comments:

Post a Comment