Saturday, January 18, 2014

ပြတ်သားသည့်ပြောဆိုမှုကို တိကျခိုင်မာပြီး ကျယ်ပြန့်သည့်စည်းရုံးလှုပ်ရှားမှုဖြင့်ပေါင်းစပ် (တူမောင်ညို)

0 comments
ပြတ်သားသည့်ပြောဆိုမှုကို တိကျခိုင်မာပြီး ကျယ်ပြန့်သည့်စည်းရုံးလှုပ်ရှားမှုဖြင့်ပေါင်းစပ် (တူမောင်ညို)(၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်)
“၂ဝဝ၈ အခြေခံဥပဒေ”ပြင်ဆင်ရေးအတွက် စစ်တပ်ပါမှဖြစ်မယ်၊ စစ်တပ်ပါဖို့လိုတယ် စသဖြင့် ပြောဆိုစည်းရုံးသံတွေ ညံနေချိန်၌ True News ဂျာနယ် အတွဲ ၆၊ အမှတ် ၁၃ တွင် ကာချုပ် ဗိုလ်မင်းအောင်လှိုင်မိန့်ခွန်းဆိုသည်ကို ဖော်ပြ လာသည်။

မိန့်ခွန်းပါသဘောထားမှာ ကာချုပ်ဗိုလ်မင်းအောင်လှိုင်သည် ကန့်လန့်ကာနောက်ကွယ်က“ကာချုပ်ဗိုလ်သန်းရွှေ”၏ ကျေးဇူးသစ္စာကို ထာဝစဉ်စောင့်သိရိုသေပါမည်ဟု အာမဘန္တေခံလိုက်ခြင်းဖြစ်ပြီး ဒီချုပ်ပါတီဥက္ကဋ္ဌ၏ “မေတ္တာရပ်ချက်”ကို ရင့်ရင့်ကြီး စိမ်းကားလိုက်ခြင်း ဖြစ်သည်။ ဗိုလ်သန်းရွှေကလည်း စိမ်းကားခဲ့ဖူးသလို၊ ဗိုလ်မင်းအောင်လှိုင်ကလည်း ကာချုပ်ဟောင်း၏ဖဝါးခြေရာထပ်ပြလိုက်ခြင်းပင်။
           
ထိုမိန့်ခွန်းဆိုသည်ကို ကာချုပ်ဗိုလ်မင်းအောင်လှိုင်က နိုဝင်ဘာလ ၂၉ ရက်နေ့ကပြောခဲ့ခြင်းဖြစ်သည်။ ဒီချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ “၄ ဦး ၄ သွယ်” တွေ့ဆုံရေးမေတ္တာရပ်ခံချက်မှာ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့အတွက် ကာချုပ် မိန့်ခွန်းသည် ဒီချုပ်ဥက္ကဋ္ဌ၏မေတ္တာရပ်ခံချက်အား တုန့်ပြန်ခြင်းဖြစ်သည်။
           
ကာချုပ်သည် ဗိုလ်သန်းရွှေနှင့် “၂ဝဝ၈အခြေခံဥပဒေ”ကို ထိန်းသိမ်းကာကွယ်မည်ဟု ရပ်တည်ပြောဆိုလိုက်သဖြင့် သူ့လက်အောက်တွင် ရှိသော တပ်ဗိုလ်တပ်သားအားလုံး သူနဲ့အတူရပ်တည်ကြရမည်။ ကာချုပ်၏သဘောထားအတိုင်း စစ်တပ် တစ်တပ်လုံးလိုက်နာကြရမည် မဟုတ်ပါလား။

ယခုအခါ ကာချုပ်မင်းအောင်လှိုင်က စစ်သားအမတ်များထဲတွင် “ဗိုလ်ထီး”အမတ်များချည်းသာရှိနေရာမှ၊ “ဗိုလ်မ”အမတ်များကို (တောင်းဆိုချက်/ဝေဖန်ချက်အရ) ထည့်သွင်းပေးလိုက်သည်။ ဗိုလ်ထီးဖြစ်စေ၊ ဗိုလ်မဖြစ်စေ၊  စစ်တပ်ထဲတွင်ဖြစ်စေ၊ လွှတ်တော်ထဲတွင် ဖြစ်စေ၊ တာဝန်ထမ်းဆောင်နေဆဲဖြစ်လျှင် (စစ်မှုထမ်းဟောင်းဘဝရောက်နေလျှင်လည်း) ကာချုပ်အမိန့်ကိုနာခံရမည်သာ။
သို့ပါ၍ လွှတ်တော်ထဲတွင်လည်း ဗိုလ်ထီးဖြစ်စေ၊ ဗိုလ်မဖြစ်စေ ကာချုပ်ဗိုလ်မင်းအောင်လှိုင်အမိန့် နာခံရမည်။ 

True News ဂျာနယ် တွင်ပါသော ကာချပ်ဗိုလ်မင်းအောင်လှိုင်၏မိန့်ခွန်းသည် “၂ဝဝ၈ အခြေခံဥပဒေ” ပြင်ဆင်ရေးသာမက “၂ဝ၁၅ ရွေးကောက်ပွဲ”အတွက်ပါ စစ်တပ်အတွင်းရှိ အရာရှိအရာခံအကြပ်တပ်သားများအား ကြိုတင်အမိန့်ပေးထားလိုက်ခြင်းဖြစ်သည်ကို သတိပြုကြရမည်။ ၁၉၆ဝ ရွေးကောက်ပွဲမတိုင်မီ ဗိုလ်နေဝင်းက သူ့စစ်ဗိုလ်များအား (တည်မြဲဖက်ပင်းကြဖို့) ဝိနည်းလွတ်အမိန့်ပေးသည်ကို သတိရစရာပင်။ စစ်တပ်ထဲက စစ်သားဖြစ်စေ၊ ကြံ့ဖွံ့ပါတီထဲကစစ်သားဟောင်းဖြစ်စေ၊ လွှတ်တော်ထဲကစစ်သားဖြစ်စေအားလုံး “ဗိုလ်သန်းရွှေနှင့် ၂ဝဝ၈ အခြေခံဥပဒေ”ကို သစ္စာစောင့်သိကာကွယ်ကြမည်သာဖြစ်သည်။

၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့မိန့်ခွန်းတွင် ဒီချုပ်ဥက္ကဋ္ဌ “၂ဝဝ၈ အခြေခံဥပဒေ”နှင့်ပတ်သက်ပြီး “တရားမျှတမှုမရှိဘူး၊ ဒီမိုကရေစီစံနှုန်း စံထားတွေနဲ့မကိုက်ညီဘူး၊ နိုင်ငံရဲ့အနာဂတ်အတွက် ကောင်းတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမဟုတ်ဘူး” အတော့်ကို ပြတ်ပြတ်သားသား ပြောသည်။(ဒီလောက်မကောင်းတဲ့အခြေခံဥပဒေကို ဘာကြောင့်များပြင်နေတော့မှာလဲ။ အသစ်သာရေးပါတော့) ဒီချုပ်ဥက္ကဋ္ဌ၏ ပြတ်သားသည့်ပြောဆိုမှုကို တိကျခိုင်မာပြီး၊ ကျယ်ပြန့်သည့်စည်းရုံးရေးပါဝင်သည့်လုပ်ငန်းစဉ်တစ်ရပ်ချမှတ်ပြီး ပြည်သူတစ်ရပ်လုံး ပါဝင်လာအောင် ဆောင်ရွက်ပါ၊ ဦးစီးဦးဆောင်ပြုပါလို့ တိုက်တွန်းတောင်းဆိုပါသည်။ ထို့အပြင်  “ပြင် - ဝင်” မှ “ဝင် - ပြင်” သို့ “ပြောင်းလဲ” သွားသကဲ့သို့ ပြောင်းလဲမသွားစေရန်အတွက်လည်း အကြိမ်ကြိမ်ဆုတောင်းနေပါမည်။

၂ဝ၁၄ ခုနှစ်ဟာ “၂ဝဝ၈အခြေခံဥပဒေ” ပြင်ဆင်ရေးအတွက် အရေးကြီးတဲ့နှစ်ဖြစ်ပါသည်။
ပြည်သူတစ်ရပ်လုံး အုံကြွပါဝင်လာမှသာ “၂ဝဝ၈အခြေခံဥပဒေ”ကို အခြေခံကျကျပြင်ဆင်နိုင်ပါလိမ့်မည်။ “၂ဝဝ၈အခြေခံဥပဒေ”ကို လွှတ်တော်တွင်းနည်းဖြင့် ပြင်ဆင်နိုင်လိမ့်မည် မဟုတ်ပါ။ ပြည်သူလူထု လိုလားနှစ်သက်သည့်အတိုင်း ပြင်ဆင်မည်ဆိုလျှင် လွှတ်တော်ပြင်ပ နည်းဖြင့်သာပြင်ဆင်မှ ဖြစ်နိုင်ပါလိမ့်မည်။ လွှတ်တော်တွင်းနည်းလမ်းဖြင့်သာ ပြင်ဆင်မည်ဆိုလျှင် ကြံ့ဖွံ့ပါတီအကြိုက် သာဖြစ်မြဲဖြစ်နေပါ လိမ့်မည်။

စစ်တပ်အတွင်းရှိ အရာရှိအရာခံအကြပ်တပ်သားများ၏ ဦးနှောက်နှင့်ပုခုံးပေါ်တွင် စစ်အာဏာရှင်စနစ်နှင့်စစ်အုပ်စု၏ (အမိန့်/ စည်းကမ်း) ဟူသော “ထမ်းပိုးကြီး”ဖိစီးထားခဲ့သည်မှာ ရာစုနှစ်ဝက်ကျော်ကြာခဲ့ပြီဖြစ်ပါသည်။ ထို ထမ်းပိုးကြီးနှင့် မျက်မှန်စိမ်းတပ်ကာ ပြည်သူလူထုနှင့် တပ်မတော်ကို စစ်အုပ်စုက ရန်တိုက်သွေးခွဲနေခြင်းလည်းဖြစ်ပါသည်။ တပ်မတော်ကို ခါးပိုက်ဆောင်တပ်သဖွယ်ပြုလုပ်ပြီး ပြည်သူလူထုကို အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

စစ်အာဏာရှင်စနစ်နှင့်စစ်အုပ်စုဆိုသည် “ထမ်းပိုးကြီး” ခွာချပစ်နိုင်ရေး၊ လူမျိုးပေါင်းစုံပြည်သူများ၏ ဒီမိုကရေစီလှုပ်ရှားမှုကြီးထဲသို့ တပ်မတော်သားများ ကိုယ်ထိလက်ရောက် ပါဝင်လှုပ်ရှားနိုင်ဖို့ဆိုလျှင် လူထုလှုပ်ရှားမှုမုချလိုအပ်ပါသည်။ လူထုလှုပ်ရှားမှုကြီး ပေါ်ပေါက် လာမှသာ တပ်မတော်သားများကိုယ်ထိလက်ရောက် ပါဝင်လှုပ်ရှားနိုင်ပါလိမ့်မည်။ သို့အတွက် တပြည်လုံးလက္ခဏာဆောင်သော လူထုလှုပ်ရှားမှုကြီး ပေါ်ပေါက်လာအောင် လုပ်ငန်းစဉ်တစ်ရပ်ချမှတ်ပြီး စည်းရုံးလှုံ့ဆော်ကြရပါလိမ့်မည်။

သို့ပါ၍ ယခုအခါတွင် လူထုလှုပ်ရှားမှုမလိုအပ်သလိုလို၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ တစ်ကိုယ်တော်အစွမ်းအစဖြင့် အရာရာကို ဆောင်ကျဉ်းလာနိုင်တော့မလိုလို၊ တည်ဆဲဥပဒေများကိုလေးစားလိုက်လျှင်ပဲ ဒီမိုကရေစီသစ်ပင် သူ့အလိုလိုမြေကပေါက်လာတော့ မယောင်ယောင် ဟောပြောရေးသားနေမှုများ ရပ်တန်းက ရပ်သင့်ပါပြီ။
ညွန်း
- ဒီလှိုင်းစာစောင်၊ အတွဲ ၃၊ အမှတ် ၂၊ (၁၃-၁-၂ဝ၁၄)
- True News ဂျာနယ် အတွဲ ၆၊ အမှတ် ၁၃    


0 comments:

Post a Comment