Monday, January 20, 2014

၂ဝ၁၄ ဇန်နဝါရီလလည်ပိုင်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဇန်နဝါရီလလည်ပိုင်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)
ခင်ဗျားသာဆို အစချီမေးလေ့ထုံတဲ့ပုဂ္ဂိုလ်လေးက ဒီတခါ ဒီလိုတွေအရင်ပြောတယ်။ ပြီးမှ ထုံးစံအတိုင်း ခင်ဗျားသာဆို ဘယ့်နှယ်လုပ်မတုန်း.. လို့ ပိတ်တယ်။ (သူ့စကားတွေ ကျနော်ပြန်မပြောခင်မှာ ကြိုပြောထားချင်တာက ဒီတခါ သူအတော်ပေါက်ကွဲနေတယ်ဆိုတာနဲ့ စကားလုံးနဲ့ အသုံးအနှုန်းတွေ ရုန့်ရင်းခက်ထန်နေတယ်ဆိုတာပါ။ ဒါ့ကြောင့် သိတ်ကြမ်းလွန်းတဲ့အသုံးအနှုန်းတချို့ နည်းနည်းစကားလုံးပြင်တာကလွဲလို့ ကျန်တာတွေ သူ့အတိုင်းပြန်တင်ပါမယ်။ စကားတွေဟိုရောက်ဒီရောက်နဲ့ တချက်တချက် အဆက်အစပ်လွတ်ထွက်သွားတာကတော့ သူ့ အတိုင်းပဲထားပါတယ်။ စာချောအောင်မပြင်ပါ) “အမျိုး ဘာသာ သာသနာအထိ ကျနော်ဘာမှမပြောပါဘူး။ မပြောဘူးဆိုတာ ကောင်းလို့တော့ မဟုတ်ဘူးဗျ။ ပြောစရာတွေတပုံကြီးပဲ။ မပြောတာ။ ခု မျိုးစောင့်ဥပဒေဆိုပြီး ဇွတ်တွန်းလုပ်နေတာကြာပြီဗျ။ တွေးကြည့်ဗျာ ခု ဘုန်းကြီးတွေက မြန်မာမတွေရဲ့တန်ဆာနဲ့ခန္ဓာကို ဘယ်သူ့ပဲပေးရမယ် ဘယ်သူ့တော့မပေးရဘူးဆိုပြီး လိုက်လုပ်နေတာပဲဗျ။ လူတွေရဲ့သဒ္ဒါစိတ် အားနည်းချက်ကိုအခွင့်ကောင်းယူပြီး မိန်းမပေါင်ကြားကဟာပါ ငါတို့နဲ့ဆိုင်တယ်လုပ်လာတာဗျ သောက်ချိုးက။ ပေါင်ခြံကြားအထိပါ ဆင်းချလာတာဗျ။ မွတ်စလင်တွေမိုဟာမက်ပြောတဲ့အတိုင်း လိုက်လုပ်နေတာကြည့်မရလို့ သူတို့ကိုဆန့်ကျင်ဖို့ သူတို့နည်းအတိုင်း လိုက်လုပ်နေတာဗျ။ မိန်းမလေးယောက်ယူ ဘာညာတော့ မပြောသေးဘူးပေါ့ဗျာ ဗမာယောက်ျားတွေကို။ ဟိုဟာက မိုဟာမက်ဗျာ။ ”လူ” ကြီးဗျ။ ဘုရားလည်းမဟုတ်။ ဘုန်းကြီးလည်းမဟုတ်ဘူးဗျ။ အာသဝေါကုန်နေတာလည်း မဟုတ်ဘူး။ သူ့ဟာသူ မိန်းမဘယ်နှယောက်ယူယူ၊ ဘာပြောပြော၊ သူ့လူတွေ ဘယ်နှယောက် ယူခိုင်းခိုင်းပေါ့ဗျ၊ ကိုယ်နဲ့ဘာဆိုင်လည်း။ ကိုယ်မကြိုက် မယူနဲ့။ လိုက်မလုပ်နဲ့ပေါ့ဗျာ။ သူတို့ အဲ့သလိုတွေယူခိုင်းလို့လည်း အိမ်ထောင်ရေးမှာစောက်ပြဿနာတွေတက်၊ ကလေးတွေနင်းကန်မွေး၊ စာမတတ်ပေမတတ် စားရမဲ့ သောက်ရမဲ့နဲ့ စုတ်ပြတ်သတ်နေတာတွေ မြန်မာပြည်မှာတပုံကြီးဗျာ။ ပညာမတတ်ပိုက်ဆံမရှိနဲ့ အောက်တန်းစားအလုပ်တွေလုပ်နေကြတာမှ တပုံတခေါင်းကြီးဗျာ။ အဲ့ဒါ ဘာများ အားကျစရာရှိလို့ ကိုယ်က လိုက်လုပ်နေရလဲ မသိပါဘူး ဒီ --------ဘုန်းကြီးဆိုးတွေ။ မျိုးစောင့်ဥပဒေကြည့်ပြီး ကျနော်တွေးမိတာ ပြောပြဦးမယ်။ သက်ရှိတိုင်းမှာ မျိုးဆက်ပြန့်ပွားဖို့အတွက် ဖို-မရှိရပြီး မျိုးဆက်မကောရအောင်
မ-ကို ဖို-ထက် အရေအတွက် သာပေးထားရတာ ဟုတ်တယ်မဟုတ်လား။ လူမှာလည်း ဒီအတိုင်းပဲဗျ။ လူမိန်းမ ကလေးမွေးနိုင်တဲ့အရွယ်နဲ့
အချိန်က အကန့်အသတ်ရှိတယ်ဗျာ။ လူယောက်ျားကြတော့ မရှိဘူးဗျ။ ဖွဲတစ်ဆုပ်နိုင်တဲ့အထိ ကလေးရနိုင်တယ်ပဲထားပါတော့ဗျာ။ တရုပ်ပြည်ကလွဲလို့ ယောက်ျားလေးပိုများတဲ့တိုင်းပြည်တော့ မကြားမိပါဘူး။ ဒါကလည်း မော်စီတုန်းအူကြောင်ကြားရဲ့ ကလေးတစ်ယောက် ပေါ်လစီကြောင့်ဗျာ။ ယောက်ျားက မိန်းမအများကြီးယူပြီး ယူတဲ့မိန်းမတိုင်းကလည်း ကလေးမွေးနိုင်တယ်ဆိုပါတော့ဗျာ။ ဗိုက်ဖုံးအင်္ကျီ တဖားဖားနဲ့မိန်းမတွေ တအိမ်လုံးပြည့်နေမှာဗျ။ မိန်းမက ယောက်ျားအများကြီးယူတယ်ထားပါတော့ဗျာ၊ သူတစ်ယောက်ပဲ ဗိုက်ကြီးတကားကားနဲ့နေရမှာဗျ။ ကျနော်ပြောတာက မျိုးဆက်ပြန့်ပွားရေးတာဝန်ကိုယူတဲ့နေရာမှာ မိန်းမနဲ့ယောက်ျားမှာ အကန့်အသတ် မတူတဲ့အကြောင်းပါ။ အဲ့ဒါကြောင့်ပဲ လူမျိုးဆက် ခုထိပြန့်ပွားတည်ရှိနေတာဗျ။ အဲ့လိုမဟုတ်ပဲ မိန်းမကို ယောက်ျားထက်နည်းအောင် လုပ်ကြည့် မျိုးဆက်ကနောက်မှတုန်းမှာ၊ အရင်ဆုံး မယားလုရင်းသတ်ကြဖြတ်ကြနဲ့ ပြီးမှာကိုမဟုတ်တော့ဘူး။ တန်းတူလောက် အရင် လုပ်ကြည့်ဦး တက်လိုက်မယ့်သောက်ပြဿနာတွေ။ ခင်ဗျားစဉ်းစားကြည့် ဘာမှမလုပ်ပဲနဲ့တောင် မြန်မာပြည်မှာ လင်လိုချင်ရက်သားနဲ့ ကလေးမွေးချင်ရက်သားနဲ့ လင်လည်းမရ ကလေးလည်းမမွေးရတဲ့ အပျိုကြီးတွေအများကြီးဗျာ။ ကဲထားပါတော့ဗျာ..မြန်မာမတွေက ဘုန်းကြီးတွေပြောတဲ့အတိုင်း မြန်မာထီးတွေကိုပဲယူတယ်ဆိုပါတော့ နဂိုကယောက်ျားမိန်းမ သဘာဝအချိုးအရ ပိုနေရတဲ့အထဲ။ ထပ်ပြီး အဲ့ဒီပိုထွက်လာဦးမယ့်မြန်မာမတွေကိုကျ ဘယ်သူလာယူမှာလဲ။ ဟိုလူ့မယူရ ဒီလူ့မယူရပြောနေတဲ့ဘုန်းကြီးတွေက ဝင်ယူမလား။ အဲ့လိုကျတော့လည်း ဂွကျတာက ဘုန်းကြီးဆိုတာ မိန်းမ ယူမရဘူးဆိုထားတာလေဗျာ။ လင်ကောင်းဖြစ်မဖြစ်တော့မသိဘူးဗျာ မယားယူပြီး ကလေးတပြွတ်ပြွတ်ရအောင်လုပ်နိုင်တဲ့ ကျားကိုးစီး စားမကုန်တဲ့ငနဲတွေ ဘုန်းကြီးဝတ်စားနေတာကလည်း သိန်းနဲ့ချီရှိနေတာဗျာ။ အဲ့ငနဲတွေကလည်း မိန်းမတရားဝင်မယူတော့ ဗုဒ္ဓဘာသာမြန်မာထီးစစ်စစ်ပဲယူမယ်ဆိုတဲ့ မိန်းမတွေပိုခက်ကုန်တာပေါ့ဗျ။ မြန်မာမ ယူရင် ဗုဒ္ဓဘာသာဝင်ရမယ်ဆိုတော့ ယူတော့ယူချင်တယ် မဝင်ချင်တာနဲ့မယူကြတော့ရင် မခက်ဘူးလား။ ဒါဆို အိမ်ထောင်ပြုချင် သားမွေးချင်တဲ့ မြန်မာမတွေအတွက် ဒီလိုစဉ်းစားရမလိုဖြစ်လာတယ်။ မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်ယောက်ျား(သို့မဟုတ်)မည်သည့်လူမျိုးဖြစ်စေ ဗုဒ္ဓဘာသာသို့ပြောင်းလာသူယောက်ျား(၁)ယောက်သည် မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်မိန်းမ(၄)ယောက်အထိ ယူခွင့်ပြုတယ်ဆိုပြီး လုပ်ရတော့မယ့်အပေါက်ပဲဗျ။ မွတ်စလင်မ်တွေနဲ့ အတူတူဖြစ်သွားတာပေါ့။ ဒါမှ မြန်မာမ အစွန်းထွက်ပြဿနာကို ရှင်းနိုင်မှာဗျ။ ကလေးကတော့ သူ့သဘာဝ ကန့်သတ်သလောက်ပဲရမှာပေါ့လေ။ ဖြစ်နေတာက ဘာနဲ့တူလဲဆိုတော့ ဗုဒ္ဒမြတ်စွာဘုရားခေတ်က သာကီဝင်တွေလိုဖြစ်ကုန်မှာဗျ။ နောက်ဆုံး ဘာမှလည်းမဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုအဟုတ်ထင်၊ သူများတွေနဲ့မတူမတန်ဘူးဆိုပြီး မောင်နှစ်မအရင်းပြန်ယူ၊ ကလေးတွေမွေး၊ သွေးအရင်းချင်းပြန်နှောပြီးမွေးတော့ ဗီဇတွေကညံ့သထက်ညံ့ညံ့လိုက်၊ ငစနူ လဒူမျိုးဆက်ရ၊ ဒီကြားထဲမန်တက်ပြီး ဟိုမင်းသားကို သွားနှိမ်၊ ဟိုက ဘုရင်ဖြစ်လာတော့ စစ်ဝင်တိုက်ပြီးကိုင်ထည့်လိုက်တာ သာကီဝင်မျိုး ကန်းကုန်တာပဲ မဟုတ်လား။ ခုလည်း အဲ့သောက်ချိုး ချိုးနေကြတာဗျ။ ဘယ်တော့ ဘယ်နည်းနဲ့မျိုးကန်းမလဲသာ မသိတာ။ သောက်ချိုးမပြင်လို့ကတော့ ကန်းမှာပဲ။ ထားပါတော့ဗျာအဲ့ဒါတွေ။ ကျနော်ကတော့ မကြိုက်လို့ ကိုယ်တွေးမိတာကိုယ်ပြောတာပဲ။ ခင်ဗျားသာ အကောင်ဖြစ်နေတယ်ဆို အဲ့ မျိုးစောင့်မောင်တွေကိုဘာလုပ်မလဲ”တဲ့ဗျား။
ကျနော်တွေးမိတာကတော့ ဗုဒ္ဓဝါဒီမြန်မာလူမျိုးစစ်စစ်မျိုးဆက်ပြန့်ပွားရေးဥပဒေလို့ ပညတ်ရင်ကောင်းမလားတွေးမိတယ်။ ဗုဒ္ဓဝါဒကို ဘာသာအဖြစ်နဲ့အမှတ်မှားနေကြတာလည်းပြင်ပြီးသားဖြစ်၊ လူမျိုးနဲ့ဘာသာတွဲပြောမှရတဲ့ နောက်လူမျိုးသစ်တခုလည်းရ၊ ကမ္ဘာကို ကမ္ဘာကြည့် ကြည့်ရကောင်းမှန်းမသိတဲ့လူ့အန္ဓတွေလည်း စိတ်လက်ချမ်းသာရာရ၊ လူဦးရေပေါက်ကွဲမှုလည်း

ထိန်းချုပ်ပြီးသားဖြစ်သွားမယ် ထင်တယ်။ တစ်ခုပဲ ပူပန်မိတာက ချစ်ခြင်းမေတ္တာနဲ့လိင်စိတ်အလိုကို ဇွတ်ဖိနှိပ်ချိုးနှိမ်လို့ဖြစ်တတ်တဲ့ ချစ်ခြင်းမေတ္တာမရလိင်စိတ်အလိုမပြည့် စိတ်ဝေဒနာရှင်တွေ တိုးပွားလာမှာကိုပါပဲ။ (ခင်ဗျားသာဆို)

အနုပညာသည်တွေမှာလိုပဲ နိုင်ငံရေးမှာလည်း "စန်း"ရှိပါတယ်။ စန်းထချိန်မှာ ဆတ်ဆော့မိတဲ့အနုပညာသည်ဟာ ရိုးပုံရိုးလက်ပျောက်ပြီး အမနာပအပြောခံရတာသာ အဖတ်တင်တာတွေ့ဖူးပါတယ်။ နိုင်ငံရေးမှာကျ အနေမထိုင်မတတ်မှုလို့ ဆိုရမယ်ထင်တာပဲ။ စန်းအားကိုးနဲ့ မောက်မာမိရင် လူထုခတ်တဲ့ဒဏ်နဲ့တိုးပြီး နိုင်ငံရေးလူလုံးမလှဖြစ်တတ်ပါတယ်။ လုပ်ဖော်ကိုင်ဘက်တွေရဲ့ ဆေးဖော်ကြောဖက်တောင်မရရှာပဲ ရှင်ပြုတုန်းကရွှေထီးလေး ပွတ်ကာသပ်ကာသာ နေသွားရတာမျိုးဖြစတတ်ပါတယ်။ စန်းရှိလို့လုပ်ကြရင်း ပေါက်ကြတာခြင်းအတူတူ အခြားနယ်တွေနဲ့မတူတာက နိုင်ငံရေးက မြင်းတစီးဓါးတလက်နဲ့လုပ်မရတာပဲ။ စန်းမှာ ထချိန် ကုန်ချိန်ရှိပါတယ်။ စန်းထချိန်ကို နိုင်ငံရေးတက်ချိန်ဆိုရင် ကုန်ချိန်ကတော့ ကျဆုံးချိန်ပေါ့။ နိုင်ငံရေးတက်နေချိန်မှာ ကြီးလေးတဲ့အမှားတောင်စာမဖွဲ့ကြပေမယ့် ကျချိန်ဆို နံမည်လေးမှားခေါ်မိရင်ကိုပဲ ရာဇဝတ်အိုးတုတ်နဲ့ထိုးဖြစ်တတ်ပါတယ်။ (ရင်နာတဲ့စန်း)

လက်ပန်းတောင်းဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအောက်ရောက်ရင် ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးနဲ့ နိုင်ငံရေးခိုင်းဖတ်ဘဝကလွဲလို့ ဘာမှရွေးချယ်စရာမရှိကြောင်း သက်သေပြချက်ဖြစ်တဲ့အပြင် ဦးပိုင်စစ်အကျိုးစီးပွားနဲ့စစ်အာဏာကို တိုက်ရိုက်အကျဆုံးစိန်ခေါ်ချက်ဖြစ်တယ်။
(လက်ပန်းတောင်းစိန်ခေါ်ချက်)

လောကဥတ္တရာကို လောကီထဲကနေမရှာလို့ ဘယ်နားသွားရှာမတုန်း။ ဝိမုတ္တိကို အသက်ခန္ဓာမြဲနေတုန်း ဒီအတ္တဘောကြီးမှာမရှာလို့ ဘယ်နား သွားရှာမတုန်း။ ဘယ်မှာတွေ့လိမ့်တုန်း။ ဒါပေမယ့် ဒီအဆိုဟာ အိမ်ယာထူထောင်ရွာသူတို့ကျင့်သလိုကျင့်ရမယ်လို့ အနက်မထွက်။ လူတို့နဲ့ မမြင်ကွယ်ရာမှာ ခန္ဓာအတွက်အသက်ဓါတ်တို့ကူပံ့ရာကို မဖြည့်ဆည်းမမှီဝဲပဲထွက်မြောက်ရာလမ်းစရှာပဲရှာကြလို့ သဘောမပါ။ ဒါနဲ့ပဲ ဒါကိုင်ပြီး လွတ်မြောက်ရာကြံဆသူတွေ လူ့တို့ရွာထဲ ဘီလူးဆိုင်းဆင့်ဝင်လာကြတာ။ လူတောဝင်တိုးပြီဆိုကတည်းက ဓမ္မရဲ့စင်ကြယ်ခြင်း သဘောဟာ ရွာဖျားမှာကျန်ခဲ့ပြီ။ လူ့ရွာမှာ ဘာသာရေးနဲ့ထမင်းစားတဲ့လူတွေများလာရင်၊ ဘာသာရေးဟာ အသက်မွေးဝမ်းကြောင်း ဖြစ်လာရင်၊ ဘာသာရေးဟာ စီးပွားရေးလုပ်ငန်း ဖြစ်လာရင်၊ ဘာသာရေးဟာ အာဏာပြဿနာထဲအထိပါလာရင် လူထုနဲ့တိုင်းပြည် ဖွတ်သထက်ညစ်ကာ အမုန်းမီးခိုးတအူအူ သွေးညှီနံ့တလွှမ်းလွှမ်း ရုန့်ရင်းကြမ်းတမ်းမှုတဝေဝေဖြစ်ရကြောင်း ကမ္ဘာနဲ့ချီပြီး လူ့သမိုင်းနဲ့ချီပြီး တည်နေတဲ့သက်သေတွေရှိတယ်။ ဓမ္မရဲ့အရင်းခံသဘော စင်ကြယ်ငြိမ်းချမ်းရာကိုရှေးရှူချင်သမို့ လူမှုလူရေးထဲလူစော်နံချင်လွန်းတဲ့ ဝိမုတ္တိအရေခြုံဘာသာရေးပွဲစားတွေကို အတိအလင်းဆန့်ကျင်ပယ်လှန်ခြင်းဟာ မမှားတဲ့အလုပ်မို့ မဆုတ်မနစ်ပြုတယ်။ (အရေခြုံများကိစ္စ)

ကျနော့်နံမည်ကိုမသိပေမယ့် ကျနော်နဲ့ထိတွေ့ဆက်ဆံနေကြတဲ့ ဒုက္ခသည်အနေအထားနဲ့ဒီရောက်လာတဲ့ ဗမာပြည်သားတချို့က ကျနော့်ကို အင်္ဂလိပ်မယောက်ျား...တဲ့။ ဆရာခြေပြတ်...တဲ့။ ထောင်ဆရာ...တဲ့၊ အရူးစကားပြန်...တဲ့ စသည်ဖြင့်ခေါ်ကြတာတွေရှိတယ်။ အင်္ဂလိပ်မယောက်ျားဆိုတာက ကျနော့်ဇနီးက အိုင်းရစ်ရှ်သွေး-အမေရိကန်မဖြစ်နေလို့။ ဂျိုင်းထောက်တကားကားနဲ့ သူတို့ကိုအင်္ဂလိပ်စကား ထမင်းစားရေသောက်သင်ပေးတော့ ဆရာခြေပြတ်ပေါ့။ ကလေးထောင် လူကြီးထောင်တွေမှာ စကားပြန်နဲ့ဘာသာပြန်လုပ်တော့ ထောင်ဆရာပေါ့။ စိတ်ကျန်းမာရေးဌာနဲ့ဆေးရုံမှာစကားပြန်ဖြစ်တော့ အရူးစကားပြန်ပေါ့။ ကျနော်သဘောအကျမိဆုံးအခေါ်ကတော့ ထောင်ဆရာဆိုတာပဲ။ ကျနော်နဲ့ ထောင်က ခုချိန်ထိ ရေစက်မကုန်သေးဘူးလို့ပြောရမလားပဲ။ ရွှေပြည်ကြီးတုန်းကလည်း ထောင်ထဲ ၁၅ နှစ်။ ဒုက္ခသည်စခန်းနေတုန်းကလည်း အပြင်မထွက်ရဆိုတာကို ချိုးဖေါက်ပြီးတစ်ကြိမ်မကထွက်လို့ အချုပ်အနှောင်ခံရ။ ခု ဒီရောက်ပြီးတော့လည်း တရားရုံးစကားပြန်သင်တန်းအောင်လက်မှတ်ရပြီး တခါတခါ ထောင်ထဲသွား အမှုဖြစ်တဲ့ဗမာပြည်သားတွေနဲ့ဆိုင်တာတွေလိုက်လုပ် နေတာကိုး။ ဆိုတော့ သူတို့ပြောတဲ့ ”ထောင်ဆရာ”ဆိုတာလည်း နှစ်သက်ချင်စရာဖြစ်ရတယ်။ (ထောင်ဆရာ)

"အပျော့/အမာ လိုက်ခွဲနေရအောင် မင်းအမေ့လင်စစ်ဗိုလ်တွေက ပိန္နဲသီးမို့လို့လားကွ။ မင်းတို့သာ ပျော့တူးမနပ်နိုင်ငံရေးသမားတွေ ဖြစ်နေတာ"...တဲ့။ ဒီမနက် Skype မှာ စုပြီးစကားပြောကြတုန်း သူငယ်ချင်းတစ်ယောက် နောက်တစ်ယောက်ကိုပြောတာ၊ စိတ်အတော် တိုတိုနဲ့။ (ပျော့တူးမနပ်နိုင်ငံရေး)

ကြားဖြတ်ရွေးကောက်ပွဲ အင်န်အယ်လ်ဒီဝင်မယ်ဆိုတော့ ”အမေ့ခြေမှုန့် နဖူးမှာသုတ်” တို့ ”အမေ့ထမီစ ခေါင်းမှာပတ်ကြ”တို့ဆိုပြီး အောင်နိုင်ရေးမဲဆွယ်တာတွေထက် ခုက သာသွားပြီထင်တယ်။ တယောက်ကပြောတယ် ”စစ်ဖိနပ်အောက်မှာနေရတာထက် ထမီအောက်မှာနေရတာက ပိုကောင်းတယ်။ ဒါ့ကြောင့် အမေ့နောက်လိုက်ကြ၊ အမေ့ထမီအလံထူ ချီတက်ကြ”ဆိုပဲ။ ရီရမှာလိုလို နှာခေါင်းရှူံ့ရမှာလိုလို။ ပိုဆိုးသွားတာက ပြောသူက သူ့ကိုယ်သူ နိုင်ငံရေးသမားလို့ မဆိုရုံတမယ်ပြောတယ်။ သူ့ပြောစကားက သူ့နိုင်ငံရေး ရေချိန်ဆိုရင် သူ့နိုင်ငံရေးဘာလဲ အကဲခတ်မိမှာပါ။ (မေမေ့ချစ်သူများ)

0 comments:

Post a Comment