Tuesday, January 28, 2014

အမျိုးသားနေ့မရှိတဲ့ပြည်က အမျိုးသားနေ့များ (မျိုးမြင့်ချို)

1 comments
အမျိုးသားနေ့မရှိတဲ့ပြည်က အမျိုးသားနေ့များ (မျိုးမြင့်ချို)
အမေရိကန်တွင် အမျိုးသားနေ့မရှိပါ။ အမျိုးသမီးတန်းတူအခွင့်အရေးများ ပလူပျံနေပါသည်။ မျိုးစောင့်ဥပဒေ မရှိပါ။ ပြည်ချစ်ဥပဒေရှိပါသည်။ သာသနာရေးဝန်ကြီးဌာနမရှိပါ။ ဝန်ကြီးတွင် သူ့သာသနာနှင့်သူ ရှိပါလိမ့်မည်။ နိုင်ငံတော်ခရစ်ယာန်မဟာနာယကအဖွဲ့ မရှိပါ။ ဘာသာစုံနာယကများ နိုင်ငံတော်တွင် (သူ့ဟာနှင့်သူ)ရှိကြပါသည်။ နိုင်ငံတော်ဘာသာမရှိပါ။ ဘာသာစုံရှိသည့် နိုင်ငံဖြစ်ပါသည်။ ဆရာ-ဒကာ ညီညွတ်ရေးမတည်ဆောက်ပါ ဘာသာရေးကိုယ်စားလှယ်နှင့်အစိုးရ သူ့အလုပ်သူ ခွဲလုပ်ကြပါသည်။ ဖြူသူများသတ်သတ်၊ မဖြူသူများသတ်သတ်တက်သည့် ဘုရားကျောင်းများရှိသလို ဖြူဖြူမဲမဲဝါဝါညိုညို အတူတက်သည့်ကျောင်းများလည်းရှိပါသည်။ အမေရိကန်တို့သည် ယူတိုးပီးယားနှင့်ရောဘတ်အိုဝင်အကြောင်းစိတ်မဝင်စားသလို ကွန်မြူနစ်ဆိုလျှင် နားခါးတတ်ကြပါသည်။ ကျေးလက်ဒေသများတွင် ခုထိတိုင် ဆိုဗီယက်ဒုံးပျံကြောက်၍ မြေအောက်နုးကလီးယားဗုံးခိုကျင်းကြီးတွေထဲ ဆေးဝါးနှင့်အစားအစာ
သိုလှောင်ထားသူအမြောက်အများရှိပါသေးသည်။ နိုင်ငံခြားမှလာနေပြီး နိုင်ငံတကာသွားနေကြသော်လည်း နိုင်ငံခြားသားကြောက်သူများလည်း စုစုစုစုတွေ့ရတတ်ပါသည်။

အမေရိကန်သည် သူပုန်စိတ်နှင့်လွတ်လပ်မှုလိုချင်သော ပညာတတ်ဉာဏ်ကြီးသည့် ပြည်ပြေးကြီးများစုမိပြီး ထူထောင်ခဲ့သည့်ဓနရှင်ပြည် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတကာမှပြည်ပြေးအရွယ်စုံအား နေရာထိုင်ခင်းပေးကာ မီးစတစ်ဖက်ရေမှုတ်တစ်ဖက်ပေါ်လစီကျင့်သုံး အောင်မြင်နေခြင်းဖြစ်မည်ထင်သည်။ လူတိုင်းတန်းတူခွင့်ရှိသော်လည်း အရည်အချင်းတူသူများသာ တန်းတူအခွင့်အရေးရှိပါသည်။ ကျွန်အပြုခံရပြီး ပြန်တိုက်ကာလွတ်လပ်ရေးရခဲ့သည့်နိုင်ငံမဟုတ်သဖြင့် ဇူလိုင် ၄ ရက်နေ့ကို လွတ်လပ်ရေးနေ့ဟုခေါ်လျှင် ခံတွင်းမတွေ့သော်လည်း လွတ်လပ်သောနိုင်ငံသားဟု တချက်တချက် နားထင်သွေးရောက်တတ်ပါသည်။ သူပုန်ကြီး၍အစိုးရဖြစ်သောအခါ ဗိုလ်ကြီးဝေါ်ရှင်တန်၏ဝေစုမှာ သမ္မတကြီးဖြစ်ပါသည်။ မယားနိုင်မင်းအဖြစ် နံမည်မကြီးခဲ့သောလင်ကွန်းမှာ ဥပစ္ဆေဒကဖြင့် ကံကုန်သော်လည်း သူ၏ Of the people, by the people, for the people ဆိုသည့် “အစိုးရဆိုတာ ဘာ”ကို ကမ္ဘာက ကြိုက်ကြပါသည်။ မာတင်လူသာကင်းဂျူနီယာအကြောင်း စာအုပ်၊ ရုပ်ရှင်၊ ပြတိုက်၊ အမှတ်တရတွေများသလောက် မယ်လ်ကွန်အိက်စ်မှာမူ အငုတ်ခံဖြစ်နေမှန်းပေါ်လွင်ပါသည်။ ကမ္ဘာ့ငြိမ်းချမ်းဖို့ထားဦး ဂွာတာနာမိုဘေးမှလူ့အခွင့်အရေးမှတ်တမ်းများ ပုံပျက်ပန်းပျက်ဖြစ်နေချိန်တွင် အိုဘားမားအား ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကြီးပေးလိုက်သဖြင့် ရုပ်ပျက်ဆင်းပျက်မေးငေါ့ခံခဲ့ရပါသည်။ ငြိမ်းချမ်းရေးစကားအများဆုံးပြောပြီး ကမ္ဘာ့လက်နက် ရောင်းနိုင်ငံများစာရင်းတွင် နံပတ်(၁)ဖြစ်ပါသည်။ ထို့ကြောင့် မိစ္ဆာအာဇီဝဟုမည်သူမျှမပြောပဲ ကြိတ် အားအကျပင်ခံရပါသည်။

အမေရိကန်တို့သည် မျိုးချစ်စိတ်ကို သွေးတူမွေးတူများကြားတွင် သိမ်သိမ်မွေ့မွေ့ယုယကြသော်လည်း ပြည်ချစ်စိတ်တွင်မူ အော်ကြီးဟစ်ကျယ်ချစ်တတ်ကြပါသည်။ ကမ္ဘာလှည့်ဗိုလ်ကျခွင့်ရှိသည့်အစိုးရကို ကမ္ဘာ့ပုလိပ်ကြီးဟုခေါ်သလို ကမ္ဘာလှည့်လူသတ်ပေးနေသည့်စစ်သားများကို လူသူလေးစားချစ်ခင်ကြပါသည်။ ဒစ္စခရမနေးရှင်းဆိုသည့် လူချင်းခွဲခြားဆက်ဆံမှုမပြုရဥပဒေရှိသော်လည်း မြို့ပြများတွင်လူမည်းဟုဆိုသည့်အာဖရိကန်-အမေရိကန် များကိုတွေ့ရပြီး ကျေးလက်တွင်မတွေ့ရခြင်းမှာ မနေရဟုလုပ်မထားသော်လည်း နေမရအောင် လုပ်ထားလို့များလားဟု တွေးစရာရှိပါသည်။ မာတင်လူသာကင်းနေ့မှာ တရားဝင်နိုင်ငံတော်ရုံးပိတ်ရက်ဖြစ်သော်လည်း တချို့ပြည်နယ်များတွင် မပိတ်ပါ။ တချို့ ပြည်နယ်များတွင် ကျေးလက်ဒေသမှစာသင်ကျောင်းများ ပိတ်မပေးပါ။

ဘာသာရေးသမားများက ဘုရားသခင်အလိုတော်မဟုတ်ဟုဆိုကာ ပူညံပူညံလုပ်နေသည့်ကြားမှ၊ အသက်အာမခံ၊ ကျန်းမာရေးအာမခံနှင့် မိသားစုများပေါ်တည်၍ငွေရှာသည့်စီးပွားရေးသမားများက အမြတ်အစွန်းအပွန်းအပဲ့မခံနိုင်ဆိုကာ ဓါးကြိမ်းကြိမ်းနေသည့်ကြားမှ၊ တချို့ လူမှုအစုအဖွဲ့များက မီးတကျည်ကျည်လုပ်နေသည့်ကြားမှ ပြည်နယ်အချို့တွင် လိင်တူလက်ထပ်ခွင့်ဥပဒေများ အတိအလင်းပြဌာန်းလာ ကြသည်။ ဇနီး(၂)ယောက်တပြိုင်တည်း တရားဝင်ယူခွင့်မရှိကို ပြည်ထောင်စုဥပဒေဖြင့်ထိန်းမတ်ထားပြီး တဖက်တွင် ဖအေပေါ်သော်လည်း လင်မဖော်သည့် စင်ဂယ်လ်မားသားများအား တတ်နိုင်သရွေ့ထောက်ပံ့ပေးပါသည်။

အမေရိကန်သည် လူမျိုးမဟုတ်ပါ။ အမေရိကန်တွင် နိုင်ငံသားဖြစ်နေများဟုဆိုလျှင် မှားမည်မထင်ပါ။ ထို လူများတွင် လူမျိုးစုံပါပါသည်။ တိုင်းပြည်စုံကလာကြသည့် အသွေးအရောင်စုံများဖြစ်ပါသည်။ ကျနော်တို့သည် အညိုစာရင်းဝင်ကာ အဝါစာရင်းမပေါက်ဟုထင်ရပါသည်။

ပြန်ကောက်ပါမည်။ အမေရိကန်တွင် အမျိုးသားနေ့မရှိပါ။ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဆိုသည့် ပဒေသရာဇ်စနစ်မထွန်းကားခဲ့သဖြင့် ဘယ်သူ့ဘယ်သူမှ ဘုရားထူးစရာအကြောင်းမပေါ်ခဲ့ပါ။ သူ့ကျွန်မဖြစ်ခဲ့ဖူးသဖြင့် အထွဋ်တပ်လှုံ့ဆော်စရာအမျိုးသားရေးလည်း မရှိခဲ့ပါ။ 

ကျနော်တို့ ရွှေပြည်ကြီးတွင်မူ တပြည်လုံးနှင့်ဆိုင်သည်ဆိုသည့် အမျိုးသားနေ့တစ်နေ့ ရှိသလို လူမျိုးစုတိုင်းတွင်လည်း သူ့အမျိုးသားနေနှင့်သူ ရှိကြပါသည်။ ထိုနေ့များကိုလည်း အမျိုးသားနေ့မရှိသည့်အမေရိကန်တွင် ဗမာပြည်သားတို့ ဝှဲချီးကျင်းပတတ်ပါသည်။ ဤတွင် တချို့ အမေရိကန်များ အဘယ့်ကြောင့် ဤမျှ အမျိုးသားနေ့များရသနည်းဆိုကာ မျက်စေ့လည်ကြပါသည်။ ထို့အတွက် “ဘာ့ကြောင့်”ကို ရှင်းပြမှ ရပါသည်။ ထိုသို့ရှင်းပြသည့်အခါတိုင်း ဗမာနှင့်မွန်၊ ဗမာနှင့်ရခိုင်၊ ဗမာနှင့်ကရင်၊ ဗမာနှင့်ချင်း၊ ဗမာနှင့်….ဗမာနှင့်… ဗမာနှင့်….တွေသာ ဖြစ်ရပါသည်။ ဘုန်းမီးနေလတောက်ခဲ့သည့် အတိတ်နိုင်ငံတော်တွေ ရွှေထီးတွေနှင့်စစ်ပွဲတွေပါလာရပါသည်။ ဤတွင် အတိတ်က ဗမာပဒေသရာဇ်များက အတိတ်ကလူမျိုးစုပဒေသရာဇ်များအပေါ်လွန်ကျူးနိုင်စားခဲ့သမျှသည် လူမျိုးတမျိုးက လူမျိုးတမျိုးပေါ်လွန်ကျူးခဲ့သည့်ရာဇဝတ်မှုကြီးတစ်ခုအလား ပုံပေါ်လာပါသည်။ တချို့လည်း ရည်ရွယ်ချက်ရှိရှိပုံဖော်ခြင်းဖြစ်လိမ့်မည်ထင်သည်။ တမင်ဖော်ဖော် မတော်တဆပေါ်ပေါ် ထိုသူများ တွေးရန်မေ့နေကြသည့်ကိစ္စတစ်ခုရှိပါသည်။ ယင်းမှာ သူတို့ ဤမျှတောင့်တတမ်းတနေကြသည့် သက်ဦးဆံပိုင်ပဒေရာဇ်စနစ်ကြီး ပြန်ပေါ်လာပါက အမေရိကန်ကိုစွန့်ခွာ၍ ထိုနိုင်ငံတော်ကြီးတွင် သွားနေလိုစိတ် မိမိတွင်မည်မျှရှိသနည်းနှင့် မိမိသားသမီးများတွင် မည်မျှရှိသနည်းဆိုသည်ကို တွေးကြည့်ရန်မေ့ခြင်းဖြစ်မည်ထင်ပါသည်။

တနှစ်တစ်ကြိမ် ရိုးရာအစားအစာအစစ်ကို စားရခြင်း၊ တနှစ်တစ်ကြိမ် ရိုးရာဝတ်စုံများ ဝတ်ကြခြင်း၊ တနှစ်တစ်ကြိမ် ရိုးရာအကအခုန် အသီအဆိုအတီးအမှုတ်များ ကြည့်ရခြင်း၊ တနှစ်တစ်ကြိမ် ဟိုပြည်နယ်ဒီပြည်နယ်မှ လူများဆုံခွင့်ရခြင်း စသည်တို့မှာကောင်းပါသည်။
သို့သော် အမျိုးသားနေ့မရှိသော၊ မျိုးစောင့်ဥပဒေမရှိသော၊ အမျိုး ဘာသာ သာသနာ အသံကောင်းမဟစ်သော၊ ပဒေသရာဇ်စနစ် ဘာမှန်းမသိသော၊ မျိုးချစ်စိတ်ထက် ပြည်ချစ်စိတ်ကဲသောပြည်တွင်နေထိုင်ကာ ထိုပြည်၏လွတ်လပ်မှုနှင့်တန်ဖိုးများတွင် နှစ်ခြိုက်သာယာနေသည့်ကြားမှ မယ်သာကီနှင့် မောင်မျိုးချစ်များလုပ်နေကြခြင်းကိုမူ ကြောင်သူတော်အကျင့်ဟုဆိုလျှင် ထိုသူများခံနိုင်ကြမည်မဟုတ်ဟု သေချာပေါက်ပြောနိုင်ပါသည်။
မျိုးမြင့်ချို ၂ဝ၁၄ ဇန်နဝါရီ ၂၈ ရက်


1 comments:

Post a Comment