ဤနေရာတွင်
“နိုင်ငံရေး”စကားလုံးအဓိပ္ပါယ် ဖွင့်ရန် မဟုတ်ပါ။ ပြောချင်သည်မှာ နိုင်ငံရေးအကြောင်းသာဖြစ်ပါသည်။
Politics ကို နိုင်ငံရေးဟု မည်သူပြန်ပြန် ကျနော် နှစ်ခြိုက်မှုသိတ်မရှိတော့ပါ။ မကြိုက်သည့်တိုင်
ကာယကံမြောက်ပါသဖြင့် ထိုဝေါဟာရကိုပင် သုံးရပါသည်။ သို့သော် ကျနော်ပြောမည့်နိုင်ငံရေးကို
နိုင်ငံ့အရေးဟုသဘောပေါက်လျှင်မူ တက်တက်စင်လွဲပါလိမ့်မည်။
ရှေးတုန်းက
ကျနော်တို့
လူ့အစုအရုံးသည် ကျနော်တို့အား ကြက်ဥအရောင်တိမ်တောင်သဖွယ်မင်းရေးကျယ်တို့။
ပြည်ထဲအရေး ပေါက်နှင့်ကျေးတို့၊ ရာဇပရိယယ်တို့ဆိုကာ
အရပ်ထဲကလူတွေနှင့်နိုင်ငံရေးကတ္တားခြားခဲ့ပါသည်။
တခါ နိုင်ငံရေးသည်လူတိုင်းနှင့်ဆိုင်သည်၊ သင်က မဆိုင်သလိုနေလျှင်
နိုင်ငံရေးက သင့်ကိုလာဆိုင်လိမ့်မည်ဟု
လူနှင့်နိုင်ငံရေး မိဘလင်ပေးစားသလို ပေးစားသည့်ခေတ်လည်း ဖြတ်ခဲ့ရပါသည်။
နောက်ပိုင်းကြတော့
တပ်မတော်သည်တိုင်းပြည်အတွက်တို့၊
အာဇာနည်ခေါင်းဆောင်ကြီးများတိုင်းပြည်အတွက် အသက်စွန့်ကြသည်တို့၊
တိုင်းပြည်ကောင်းစားရေးတို့ဆိုကာ နိုင်ငံရေးနှင့်တိုင်းပြည်
ခွဲတွေးခိုင်းသည့်ခေတ်
ရောက်ခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်အတွက်အသက်စွန့်တို့၊
နိုင်ငံတော်၏စေတနာတို့၊
နိုင်ငံတော်အကြီးအကဲတို့ဆိုကာ နိုင်ငံရေးနှင့်နိုင်ငံတော်
အပင်းသွင်းခေတ်ကိုရောက်ပြန်ပါသည်။ နိုင်ငံသားတို့၏နိစ္စဓူဝ စားဝတ်နေရေးသည်
နိုင်ငံရေးဖြစ်သည်ဟုဆိုသည့်ခေတ်တခေတ်လည်း
ဖြတ်သွားဖြတ်လာရှိခဲ့ပါသည်။ ထိုခေတ်တွင် လူတို့အားနိုင်ငံရေးကို
နိုင်ငံ့အရေးထက် ပိုမတွေးစေချင်သည်မှာသေချာခဲ့ပါသည်။
ယခု မျက်မှောက်ခေတ်နိုင်ငံရေးကား အထက်တွင်ဆိုခဲ့သည့်ကိစ္စများသာမကတော့ပါ။
လမ်းမပေါ်အမြင်မတော်သဖြင့်
အမှိုက်လိုက်ကောက်ခြင်း၊ ပရဟိတလုပ်ငန်းတခုခုအတွက်ရံပုံငွေရှာခြင်း၊
တီရှပ်ကိုယ်စီဝတ် စီတန်းလမ်းလျှောက်ခြင်း၊
အလံနှင့်ရင်ထိုးတံဆိပ်များလိုက်ရောင်းခြင်း၊
ဟိုသင်တန်းဒီသင်တန်းများတက်ခြင်း၊ စင်မြင့်ပေါ်က
သရော်တော်တော်ကလိခြင်း၊ အထိမ်းအမှတ်အခမ်းအနားနေ့များ ဝှဲချီးကျင်းပခြင်း၊
လက်မှတ်ကောက်ယူစုဆောင်းခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဆီမီနာများ၊
နှီးနှောဖလှယ်ပွဲများ၊ စစ်တမ်းကောက်ယူခြင်းများ၊
ကြိုဆိုဧည့်ခံပွဲများ၊ ရှေ့နေရှေရပ်များထံမှ ဥပဒေစကားများအပြင်
လူထုသဘောထားကောက်ယူခြင်းများသည်လည်း
နိုင်ငံရေးစာရင်းထဲပါလာ ပါသည်။
ဤသို့နိုင်ငံရေးသည်
လူထုကြားထဲကျလာပါသည်။
ဤသို့နိုင်ငံရေးသည် လူထုနှင့်ချဲသွားပါသည်။
ဤသို့နိုင်ငံရေးသည်
လမ်းမပေါ်ထွက်လာ ပါသည်။
ဤသို့နိုင်ငံရေးသည် ဟော်တယ်တက်သွားပါသည်။
ဤသို့နိုင်ငံရေးသည်
အလှမ်းကျယ်လာပါသည်။
ဤသို့နိုင်ငံရေးသည် အလယ်လတ်သွားပါသည်။
ဤသို့နိုင်ငံရေးသည် အာဏာသဘောမှ
အရွှေ့ခံလာရပါသည်။
ဤသို့နိုင်ငံရေးသည် တရားခံနှင့်လက်သည် ဖျောက်သွားပါသည်။ ဤသို့နိုင်ငံရေးသည်
ဗြမ္မစိုရ်တရားများထွန်းကားလာကာ စိတ်အယားပြေစရာဖြစ်သွားပါသည်။ ဤသို့နိုင်ငံရေးသည် စကားလုံးမျက်လှည့်ဆန်လာပါသည်။
သို့သော်
ထို ဤသို့နိုင်ငံရေးများသည် လူထုအား မျက်စေ့လည်မသွားစေနိုင်ပါ။ ဥပမာတခု ပြချင်ပါသည်။
၂ဝဝ၈ ဖွဲ့စည်းပုံထဲက ဘယ်အပိုဒ်ဘယ်အပိုဒ် ဘယ်အခန်းဘယ်အခန်းတွေ ဘယ်လိုပြင်ရမယ်ဘာညာနှင့်
စင်ပေါ်က အာဘောင်အာရင်းသန်သန်ပြောဟောနေသူအား စင်အောက်ပရိသတ်ထဲက လူတယောက်က အဲ့ဒါတွေပြင်မပေးရင်
ဘာလုပ်ရမတုန်း၊ ဘာလုပ်ကြမတုန်းဟုပြန်မေးသည့်အခါ စင်ပေါ်ကလူ အာစေးမိသွားသည်ကို မြင်ရပါသည်။
ထိုကိစ္စသည် နိုင်ငံရေးဖြစ်ပါသည်။ စင်အောက်ကလူသည် အာဏာသဘောကိုသိ၍သာ ဤနှယ် မေးခြင်းဖြစ်ပါသည်။
မေးစရာမရှိကြံဖန်မေးခြင်းမဟုတ်မှန်း အလွန်သိသာပါသည်။
နိုင်ငံရေးသည်
အပေါ်တွင်ဆိုခဲ့သည့်အရာကိစ္စအားလုံးအား လုပ်ရန်/မလုပ်ရန် ဆုံးဖြတ်ပေးသည့်ကိစ္စဖြစ်ပါသည်။
ဆုံးဖြတ်ပေးသည့် လုပ်ပိုင်ခွင့်ဖြစ်ပါသည်။ လုပ်ပိုင်ခွင့်ဆိုသည်မှာ အာဏာဖြစ်ပါသည်။
အာဏာဆိုသည်မှာ အကောင်းလုပ်ချင်လျှင်လိုအပ်သလို၊ အဆိုးလုပ်ချင်လျှင်လည်း လိုအပ်ပါသည်။
အာဏာကိစ္စသည်နိုင်ငံရေးကိစ္စဖြစ်သလို နိုင်ငံရေးကိစ္စသည်အာဏာကိစ္စဖြစ်ပါသည်။ အာဏာမရှိလျှင်အကောင်း/အဆိုး
ဘာမျှလုပ်မရသည်မှာ သေချာပါသည်။ နိုင်ငံရေးတွင် အာဏာသည်လိုအပ်ချက်ဖြစ်ပါသည်။ အာဏာတွင်နိုင်ငံရေးသဘောမှလွဲ၍
ဘာမှမရှိပါ။
ထို့ကြောင့်နိုင်ငံရေးဆိုသည်မှာ
နိုင်ငံ့အရေးလောက်ဟုတွေးခြင်းထက်ပိုသောအနှစ်သာရ နိုင်ငံရေးတွင်ရှိပါသည်။
ထို့ကြောင့်
နိုင်ငံရေးကို အာဏာအရေးဟုဆိုမှကောင်းမလားတွေးမိပါသည်။
နောက်တနေရာတွင်
နိုင်ငံသား Citizen ကိစ္စပြောမလားတွေးနေပါသည်။
အအေးလွန်ကဲ၍
မီးပျက်မည်ကြေညာထားသဖြင့် ဆက်ရေးရန်ခက်နေပါသည်။
0 comments:
Post a Comment