Wednesday, January 22, 2014

၂ဝ၁၄ ဇန်နဝါရီ တတိယပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)

1 comments
ကျနော့်ကို NLD လားလို့မေးရင် ဟုတ်တယ် လို့ဖြေလို့ရသလို မဟုတ်ဘူးလို့လည်းဖြေလို့ရတယ်။ ဒါဆို ခုထိ မင်းက NLD ပေါ့လို့ တိတိကျကျမေးရင်တော့ မဟုတ်တော့ဘူး။ မျက်စေ့လည်မစိုးလို့ ချုပ်ပြီးရှင်းပြပါရစေ။ မင်္ဂလာဒုံမြို့နယ်ကနေ အစောဆုံးဝင်ဖြစ်ခဲ့သူတွေထဲ ကျနော်လည်းပါတယ်။ အထုတ်မခံရဖူးဘူး။ မထွက်ဖူးဘူး။ ဘာစည်းကမ်းနဲ့မှ အရေးယူ မခံရဖူးဘူး။ ထောင်ထဲရောက်တော့ ဘာအနေနဲ့ရပ်လဲဆိုတော့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့၊ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးလုပ်တဲ့နိုင်ငံရေးအကျဉ်းသားအဖြစ် ရပ်တယ်။ ထောင်တွင်းနေ အင်န်အယ်လ်ဒီတချို့ရဲ့ ပါတီကြီးမောက်မာမှုတွေကို မနှစ်မြို့လို့ပဲ။ ထောင်ကထွက် အင်န်အယ်လ်ဒီ ပြန်ဆက်တော့ ထောင်ထွက်တွေကို ပါတီက အကပ်မခံဝံ့ဖြစ်နေချိန်ဆိုတော့ ခွာပြီးကူတယ်။ ပြဿနာက တသက်လုံး ဘယ်အစိုးရတက်တက်ငါ့အစိုးရလုပ်ပြီး စစ်ထောက်လှမ်းရေးနဲ့ပရောပရီလုပ်နေတဲ့သတင်းပေးလိုလိုလို မြိ့မျက်နှာဖုံးလိုလိုလူတွေရဲ့အအုပ်အစီးအောက်က NLD မှာ ကိုယ်တိုင်သွယ်ဝိုက်သတင်းအပေးခံရတာ ခွေးပြေးဝက်ပြေး ထွက်ပြေးနိုင်လို့မှ လက်မတင်လေးကပ်လွတ်ပြီး ထိုင်းကိုရောက်တာ။ နို့မို့ဆို စတုတ္ထအကြိမ်အဖမ်းခံရပြီး တတိယအကြိမ်ထောင်နန်းစံသေးတယ်။ (ထိုင်း)မဲဆောက်ရောက်ပြီး ၃ ရက်မြောက်မှာ မဲဆောက်မှာအထိုင်ကျနေတဲ့လွတ်မြောက်နယ်မြေ (အင်န်အယ်လ်ဒီ)ကို ထုံးစံရှိသည့်အတိုင်း သတင်းသွားပို့တော့ လွတ်မြောက်နယ်မြေ NLD အဖြစ် ပါတီဝင်ပြန်လျှောက်ရမယ်ဆိုတယ်။ ဒါနဲ့ ဦးဝင်းခက်ကို “ဆရာတို့တောင် သေနတ်၊ တပ်၊ လူထုနောက်ခံဘာမှမရှိ၊ သူများ အိမ်ခြံငှားနေနေပြီး ကျနော်က ဘယ့်နှယ်လို့ လွတ်မြောက်ရပါ့မလဲဆရာ။ ကြည့်လည်းလုပ်ပါဦး”လို့ပြောပြီး နောင် ဘယ်တော့မှ ခြေဦးမလှည့်တော့ဘူး။ အမေရိကားရောက်ပြီး သိတ်မကြာဘူး ဖို့တ်ဝိန်း NLD တွေနဲ့ ၃ ကြိမ်လောက် ဝိုင်းထိုင်ဖြစ်တယ်။ လွတ်မြောက်တွေရော၊ မလွတ်မြောက်တွေရော၊ ဒီပဲယင်းတွေရော၊ အဝေးရောက်တွေရော၊ အနီးကပ်တွေရော၊ အမတ်မင်းရော စုံတော့အတော်စုံပါတယ်။ ကိုယ့်ကီးသူ့ကီး ညှိကြည့်ရင် နှစ်ဖက်လုံးအသံကြောင်ကုန်မစိုးလို့ ကိုယ့်ကီးကိုယ်မချိန်းပဲ ဆက်တီးခတ်နေတယ်။ ဒေါ်စုနောက်ဆုံးအကြိမ်ပြန်လွတ်တယ်။ အရှိကိုအရှိအတိုင်းဆိုပြီး ပါတီမှတ်ပုံပြန်တင်တာ၊ ပါတီဖွဲ့စည်းပုံပြင်တာ၊ ပါတီဝင်သစ်တွေစုဆောင်းတာ၊ ပါတီဝင်ဟောင်းတွေ ပြန်သိမ်းဆည်းတာလုပ်တော့ ဘဝင်မကျစရာကပါလာတယ်။ ပါတီကနေအထုတ်မခံရတဲ့ အရေးယူမခံရတဲ့ပါတီဝင်ဟောင်းတွေ ပါတီဝင်ဆက်ဖြစ်နေသေးချင်ရင် အသစ်ပြန်လျှေက်ရမတဲ့။ အဲ့ဒီအထိလည်း ပြဿနာမရှိသေးဘူးပဲထားပါဦး။ သမ္မတကြီးကိုယုံတယ်..တို့၊ ၂ဝဝ၈ ကို လေးစားလိုက်နာကာကွယ်စောင့်ရှောက်ပါ့မည်တို့လည်းဖြစ်လာရော NLD နိုင်ငံရေးခန္တီစကျသွားတာ ကုန်းကောက်စရာတောင်မရှိတော့တာနဲ့ ပါတီဝင်ပြန်မလျှောက်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း NLD လို့ မခံယူတော့ဘူး။ မူနဲ့ရပ်ခံချက်ကို ကြိုက်တာ/မကြိုက်တာကြောင့် ပါတီဝင်ဆက်ဖြစ်/မဖြစ်က မိမိရွေးချယ်ချက်ဖြစ်တယ်။ NLD ဟာ အဝင်ရော အထွက်ပါမခက်တဲ့နိုင်ငံရေးပါတီပါ။ မကြိုက်လို့ ထွက်ရပ်တာက တပိုင်း။ ဖိနှိပ်ခံရလို့ ဝင်ရပ်ပေးတာက တပိုင်းပဲ။ ဖိနှိပ်ခံဆို NLD မှမဟုတ်ဘူး၊ ပါတီတခုခုမှမ မဟုတ်ဘူး၊ လူမျိုးတမျိုးမှ မဟုတ်ဘူး၊ ဘာသာတခုမှ မဟုတ်လူး၊ (ကုန်ကုန်ပြောရရင်)လူတယောက်ယောက် နိုင့်ထက်စီးနင်း လုပ်ခံရတယ်ဆိုရင်တောင် အနိုင်ကျင့်သူကို ပြစ်တင်ရှူတ်ချဆန့်ကျင်မှာပဲ။ အဲ့ဒါဟာ ဘာပါတီဝင်ဖြစ်လို့/မဖြစ်လို့၊ ဘာလူမျိုး ဘာ ဘာသာဝင်ဖြစ်လို့/မဖြစ်လို့၊ ဘာနိုင်သားဖြစ်လို့/မဖြစ်လို့နဲ့မဆိုင်ပဲ ဓမ္မနဲ့အဓမ္မ၊ ဖိနှိပ်သူနဲ့ဖိနှိပ်ခံ ဘယ်ဘက်ကရပ်မလဲဆိုတဲ့ လူတစ်ဦးချင်းစီရဲ့ ကျင့်ဝတ်အပေါ်အခြေခံတဲ့သိစိတ်အလိုအရ ရွေးချယ်မှုရှိရှိ ဆုံးဖြတ်ချက်သာပဲ။ (ဘက်သဘောအရရပ်ခံခြင်း)

ခု အင်န်အယ်လ်ဒီကို ထောင်တိုက်နေတဲ့သင်္ကန်းခြုံဘိက္ခူတွေထဲမှာ NLD အပါအဝင် ဒီမိုကရေစီအင်အားစုတွေက(နိုင်ငံရေးမှမဟုတ်ဘူး ဘယ်ကိစ္စမျိုးနဲ့မဆို) ဓါတ်တိုင်မှာကြိုးတုတ်ရိုက်လို့ကွဲခဲ့ပြဲခဲ့တဲ့၊ ဖမ်းလို့ အချုပ်အနှောင်ခံခဲ့ရတဲ့၊ သင်္ကန်းပေးမဝတ်လို့ ပုံစံဝတ်စုံနဲ့နေခဲ့ရတဲ့၊ သိက္ခာအတင်းချခိုင်းလို့ လူဝတ်လဲခဲ့ရတဲ့၊ ပုံစံမထိုင်လို့ မအေနှမကိုင်အတုတ်ခံခဲ့ရတဲ့၊ စစ်ကြောရေးမှာ"ဘူး"ခံလို့ ပါးရိုက်နားရိုက်ခံခဲ့ရတဲ့၊ ထောင်တွင်းတိုက်ပွဲပါလို့"ရှင့်"ထူးခဲ့ရတဲ့၊ လူထုဘက်ကရပ်လို့ မီးလောင်ဗုံးနဲ့အထုခံခဲ့ရတဲ့ကိုယ်တော် တစ်ပါးမှပါတယ်မထင်ဘူး။ ဝီရသူလို အကြမ်းဖက်မှုနဲ့ ထောင်အချခံခဲ့ရတဲ့ရာဇဝတ်ကောင်ဘုန်းကြီးဆိုးတွေထိပ်ဆုံးကပါနေတာ မဆန်းပေမယ့် ဘုန်းကြီးစာတတ်တိပိဋကတွေနဲ့ လူမှုရေးဘုန်းကြီးကပါ ကြံဖော်ကြံဖက်ဖြစ်နေလေတော့ ပြည်တင်မကဘူး သာသနာပါ နာတယ်။ (ဘုန်းကြီးဆိုးတွေ စိုးတဲ့မြေ)

နှင်းတွေသဲသဲလှုပ်လှုပ်ပဲ အပြင်မှာ။ ပြတင်းမှန်မှာလာကပ်နေတဲ့ နှင်းတွေကို အတွင်းဘက်ကနေ ပြောင်းပြန် ပြန်ကြည့်ရတာဆိုတော့ အမြင်ဆန်းပြီး စိတ်ပါ ဖျန်းကနဲကြက်သီးခဲသွားသလို။ တံစက်မြိတ်က ကြက်တူရွေး Wind Chime လေးတောင် နှင်းကဆွဲခဲလိုက်လို့ လေထဲမှာ အသံမဲ့ အတွဲလိုက်လေးလှုပ်လှုပ်ယမ်းယမ်း။ တချက်တချက် ဝှီးကနဲတိုက်ချလိုက်တဲ့လေတဟူးဟူးထဲ နှင်းပွင့်နှင်းဖတ်တွေ ကစဥ့်ကရဲ။ ခေါင်မိုးပေါ်က အထိုင်ကျနေတဲ့နှင်းဖျာကြီးကွာကျလာပုံက တောင်ပေါ်လမ်းမြေပြိုသလို ဖွားကနဲဖွားကနဲ ဖျောကနဲလျှောကနဲ။ မြေမို့နေရာ မြေချိုင့်နေရာလေးတွေမှာ စနိုးတွေ ဂွမ်းဆိုင်လိုပုံ့ပုံ့ရွရွ၊ လှိုင်းတွေလို အိအိမွမွ။ အပြင်ညီတဲ့မြေမှာတော့ နှင်းဖုံထည်အိပ်ယာခင်းကြီး တင်းတင်းဖြန့်ဖြန့် စန့်စန့်ပျံ့ပျံ့။ စက်နဲ့တိသလို မျက်နှာပြင်ညီညာ။ နင်းချလိုက်တိုင်း ရေခဲခြစ်သားမွမွလေးကို လက်နဲ့ဖိချလိုက်တဲ့အခါ ရတဲ့အထိအတွေ့မျိုးနဲ့ ဂျွိကနဲဂျွိကနဲခြေကျွံတဲ့အရသာကလည်း နှစ်သက်စရာလိုလို။ ကိုယ်ကဖိနင်းချလိုက်လို့ ပြားကပ်ပိကျစ်သွားတဲ့နှင်းအပေါ် အောင်ပွဲခံစိတ် နိုင့်ထက်စီးနင်းလုပ်ရတဲ့သာယာချင်စိတ်လေးလည်း ပေါ်တဲ့အခါပေါ်။ ကလေးတွေ နှင်းနင်းကစားရတာဘာ့ကြောင့်ပျော်ကို ဒီအရသာ ဒီခံစားမှုကြောင့်များလားလို့လည်း အတွေးတချက် ဖျတ်ကနဲဝင်ခဲ့။ တီဗီမှာတော့ အနွေးထည်ခေါင်းစွပ်လက်အိပ်တွေနဲ့ မျက်ခုံးမွှေးနှင်းတွေသီးလို့ မိုက်ရိုဖုန်းကနေ စကားပြောလိုက်တိုင်း အာငွေ့နွေးတွေ တဝှူးဝှူးမှုတ်ရင်း လမ်းပေါ်ကသတင်းသမား လမ်းချော် ကားတိုက်မှောက်တဲ့အကြောင်းတွေ ခရားရေလွှတ်ပြောလို့။ ဖန်သားပြင်အောက်ခြေ စာတမ်းမတော့ ပိတ်တဲ့ကျောင်းတွေပိတ်ပြီး ကျန်တဲ့ကျောင်းတွေ 2 hours Delay တဲ့။ တနေကုန်အေးမယ်.. တဲ့။ ရေခဲမှတ်အထက် ၁ဝ ဒီဂရီဝန်းကျင်..တဲ့။ ညဦးပိုင်းကျ ရေခဲမှတ်အောက်ထိဆင်းသွားမယ်..တဲ့။ ဖာသိဖာသာနေမရတဲ့ နှင်းပါလား။ အဲ့နှင်းတွေထဲ အပြင်ထွက်ရဦးမှာပါလား။ အရူးစကားပြန်လို့ သူတို့ခေါ်တဲ့အတိုင်း စိတ်ကျန်းမာရေးဌာနမှာ ဗမာပြည်သား(၃)ဦး စိတ်ရောဂါကုဆရာဝန်နဲ့တွေ့ဖို့ စကားပြန် လုပ်ပေးမယ်လို့ဆိုကာ အပွိုင်မင်န်(၃)ခု လက်ခံထားတာရှိနှင့်ပြီးသား။ ဖြစ်နိုင်ရင် အပြင်မထွက်ချင်ဘူး။ တနေကုန်အိမ်မှာကုတ်ပြီး စာဖတ်ချင်တယ်။ ဟိုတလောက ဝယ်ထားတဲ့စာအုပ်တွေလည်း လျှောက်မြည်းစမ်းလှန်လှောကြည့်ချင်လှတယ်။ သူငယ်ချင်းတစ်ယောက်နဲ့ ထွေရာလေးပါး အွန်လိုင်းမှာပြောဖို့ချိန်းထားတာ ခုတော့ ဖျက်ရပြီ။ နောက်ဖက် အိမ်ပြင်မီးမောင်းလေးဖွင့်ပြီး ကြက်ကလေးတွေကို အစာ/ရေ သွားထည့်ပေးတယ်။ နှင်းက (အရင်လက်ကျန် မပျော်သေးတာတွေနဲ့ ပေါင်းမိသွားတော့) ၆ လက်မခွဲလောက်ဖြစ်နေတယ်။ ဂျိုင်းထောက် မချော်အောင်ထိန်းရတာမှာ အနုပညာပါ/မပါတော့မသိ ကြမ်းတမ်းလို့မရတာတော့ ကိုယ်တွေ့။ လျှပ်စစ်ဘီးတပ်ကုလားထိုင်က ဒီလောက်နှင်းထုထူရင် သုံးမှမရတော့တာ။ ကြက်အိမ်လေးထဲကြည့်လိုက်တော့ တစ်ကောင့်တစ်ကောင် ပူးပူးကပ်ကပ်လေးတွေ။ ကျနော့်မြင်တော့ ကတဲ့ကတဲ့ ကတော့်ကတော့်နဲ့ စကားတီးတိုးဆိုတယ်။ အဖကြီး(၂)ကောင် အောက်အီးအီးလို့ သံပြိုင်အွတ်ပြီး နှုတ်ဆက်လိုက်သလားမှတ်ရတယ်။ ညသောက်ရေခွက်က ခဲသွားပြီ။ ဒီလောက် အအေးဆို ၂ နာရီတစ်ကြိမ် ရေလဲလဲပေးမှရတယ်။ နို့မို့ဆို ရေငတ်ငတ်စိတ်တိုတိုနဲ့ ခွက်ထဲကရေခဲ သောက်မရလို့ နှုတ်သီးလေးနဲ့တဒေါက်ဒေါက်ခေါက်ကြတော့တာကိုး။ အနက်မလေး ၂ ကောင်က အပါး။ ရေငတ်ရင် ဘယ့်လောက်အေးအေး ခြေဗလာနဲ့အိမ်ပြင်ထွက်ပြီး Snow Flaks တွေ ကောက်စားပြီး ရေငတ်ဖြေတတ်တယ်။ အစာသစ်လေးတွေပြေးစားလိုက် အစာနင်သလိုဖြစ်တော့ ရေအသစ်နွေးနွေးလေးကို တညလုံးငတ်ငတ်နဲ့ ခုမှ အတိုးချသောက်ရသလို အလုအယက်ပြေးသောက်လိုက်ကြနဲ့ ယောက်ယက်ကိုခတ်နေကြပါပေါ့လား။ ချစ်စရာ။ ထမင်းရှာစားရတာ ဘယ့်လောက်အပမ်းကြီးမှန်း တင်စား စာဆိုတဲ့ ”ကြက်လိုယက်ရှာစားရတယ်”ဆိုတာဟာ သူတို့အတွက် မဟုတ်တာတော့သေချာလှချည်ရဲ့။ ထမင်းရှာစားရတာ ဘယ့်လောက်အပမ်းကြီးမှန်း/မကြီးမှန်း ကိုယ်တိုင်ရှာစားစရာမလိုသူတွေ ဘယ့်နှယ်လို့ စာနာနားလည် သိမြင်ခံစားနိုင်စွမ်းမတုန်း။ ကိုယ်အင်္ဂါမပြည့်မစုံနဲ့ ထမင်းရှာစားရတာပင်ပမ်းလှချည်ရဲ့ဆိုကာ ငါ့ခမျာသနားစရာသတ္တဝါခံစားမှု ဝင်မလို့ဖြစ်တိုင်းဖြစ်တိုင်း ရွှေပြည်ကြီးက ထမင်းတစ်လုပ် တုတ်တစ်ချက်ဘဝတွေ၊ ထမင်းစားကျွန်ခံ ဘဝတွေ၊ ထမင်းနပ်မမှန် ဘဝတွေကိုမြင်ပြီး အားနာစိတ်နဲ့ အတွေးဟာ 
တွန့်ဆုတ်တန့်ရပ်သွားခဲ့ရတာချည်း။ (အတွေးဆုတ်ရတဲ့အကြောင်း)
ဘာပဲဖြစ်ဖြစ် နှင်းတွေထဲထွက်ရမှာပါ။ ဘာပဲဖြစ်ဖြင် နှင်းတွေကို နင်းလျှောက်သွားရမှာပါ။ ဘာပဲဖြစ်ဖြစ် သွေးခဲလောက်တဲ့အေးစက်မှုကြီးထဲကနေ နွေးထွေးတဲ့အေးချမ်းတဲ့
ဘဝတဏှာလေးနဲ့ ဖြစ်ခြင်းပျက်ခြင်း မတည်မြဲခြင်းတွေထဲဖြတ်သန်းရင်း ဘဝရသ ဘဝအရသာ(ဆိုး/ကောင်း)တွေခံစားရင်း ဘဝအသိတွေရှာရင်းဖွေရင်း အသက်တော့ဆက်နေရဦးမှာ။

ထောင်ထဲမှာ နိုင်ငံရေးနဲ့ကျလာသူအချင်းချင်းကြား ပြဿနာတွေမဖြစ်ဖြစ်အောင် စကားတွေရှုပ် စကားအရောင်းအဝယ်လုပ် ဖြေရရှင်းရ တောင်းပန်ရနဲ့ ရှုပ်တတ်တဲ့သူတွေကို နိုင်ငံရေးချီးထုတ်တွေ လို့ခေါ်တယ်။ နိုင်ငံရေးလောကထဲမလည်း ချီးထုတ်တွေရှိသကိုးလို့ မှတ်သားခဲ့မိတယ်။ အဆောင်မှာ အနေရများတဲ့နိုင်ငံရေးသမားတွေဆို ပိုသိတယ်။ ခု ဟိုဘုန်းကြီးက ဒီလိုပြောတာ ဟိုလိုပြောတာမဟုတ်လူး။ ဒီဘုန်းကြီးက ဟိုလိုပြောတာ ဒီလိုပြောတာမဟုတ်ဘူး၊ အလွတ်သဘော Out of Record ပြောတာ၊ တရားဝင်ပြောတာ မဟုတ်ဘူး၊ သူက ငါ့ကိုအသုံးချတယ် ငါကသူ့ကိုခုတုံးလုပ်တယ်ဘာညာနဲ့ စကားရှုပ်တွေရှင်းကြတော့ အင်း-သူတို့လောကထဲမလည်း...................တွေ မနည်းပဲကိုး။ (ချီးထုတ်တို့အကြောင်း)

နံမည်ချင်းတူနေရင် လူခွဲရလွယ်အောင်သဘောနဲ့ သူ့ရဲ့ထူးခြားတဲ့ရုပ်လက္ခဏာဖြစ်ဖြစ် အမူအကျင့်ဖြစ်ဖြစ် စိတ်နေစိတ်ထားဖြစ်ဖြစ် လူမျိုး/ဒေသကိုဖြစ်ဖြစ်ကို နံမည်ရှေ့က နာမဝိသေသနသဘောတွဲပြီးပြောလေ့ ရှိတာ လူ့အထာလို့ပြောရင် ရမယ်ထင်တယ်။ ဗမာတွေမှ မဟုတ်ဘူး လူမျိုးတိုင်း နိုင်ငံတိုင်းလိုလိုမှာ အဲ့သည်အလေ့ရှိတယ်လို့သိရတယ်။ တပ်ထဲနေတုန်းက လူပျိုလိုင်းမှာ တင်ညွန့်(၃)ညွန့်ရှိတော့ ညနေတိုင်း ဘုရားသွားပုတီးစိတ်ပြီး စကားပြောတိုင်းဗုဒ္ဓကဘာပြောတယ်ဘာညာဆိုကာ စကားအစချီတတ်တဲ့တင်ညွန့်ကို ဗုဒ္ဓတင်ညွန့်။ မုတ်ဆိတ်တိုလေးထားပြီး စကားဗလစ်ဗလစ်ပြောတတ်တဲ့တင်ညွန့်ကို မုတ်ဆိတ်တင်ညွန့်၊ မူးတာမှန်သမျှအကုန်ကြိုက်ပြီး အမြဲလိုလို ကောင်းနေတတ်တဲ့တင်ညွန့်ကို အမူးအမော်တင်ညွန့်ခေါ်ကြတာမျိုး။ လူမျိုးစုသုံးစုကလာတဲ့ထွန်းလှ (၃)လှ ရှိတော့လည်း တလှကို ကချင်ထွန်းလှ၊ နောက်တလှကို ရခိုင်ထွန်းလှ၊ နောက်တလှကို မွန်ထွန်းလှ စသည်ဖြင့်ခေါ်ကြတာမျိုး၊ ခင်ဝင်း(၂)ဝင်းထဲက သီချင်းကြီးတွေ ကြိုက်လည်းကြိုက်ဆိုလည်းဆိုတဲ့ခင်ဝင်းကို ယမုံနာခင်ဝင်း၊ နတ်ပွဲကြိုက်ပြီးအသံလည်း ညှဲ့ညှဲ့-ညှဲ့ညှဲ့ရှိတဲ့ ခင်ဝင်းက မနှဲလေးခင်ဝင်း စသည်ဖြင့်။ အလုပ်အကိုင်အသက်မွေးဝမ်းကြောင်းကိုလိုက်ပြီး ခေါ်တာတွေလည်းရှိပါသေးတယ်။ လူတဘက်သားကို ချိုးဖဲ့ချင်တဲ့စေတနာနဲ့ နှိမ်ပြီးခေါ်တာတွေလည်း မရှိဘူးမဟုတ်ပါဘူး ရှိပါတယ်။ အဲ့သလိုခေါ်ကြတာ ဘယ်သူမှန်းခွဲရလွယ်သမို့ ကောင်းတယ်လို့ဆိုဖို့တော့ခက်မယ် ထင်တယ်။ တချို့ကသာမန်။ တချို့ဂုဏ်ပုဒ်ပြလေးတွေက နုနယ်ပြီးလှရွနေသမို့ ချစ်စရာပြုံးစရာ။ တချို့ကျတော့ ကြောက်စရာ စက်ဆုပ်စရာ အော့နှလုံးနာစရာ မသတီစရာတွေလည်းရှိသကိုး။ နောက် နံမည်မခေါ်ပဲ ရုပ်လက္ခဏာ သွင်ပြင်သက်သက်ကိုသာညွှန်းပြီး ချစ်စနိုးနဲ့ ရင်းရင်းချာချာခေါ်တတ်ကြတဲ့ ကုလားကြီးတို့ တရုပ်ကြီးတို့ ကရင်ကြီးတို့ဆိုတာတွေလည်း ရှိသေးတယ်။ အဲ့သလို ကုလားကြီး တရုတ်ကြီး ကရင်ကြီးလို့အခေါ်ခံရလို့ ဘယ်သူမှစိတ်မဆိုးတဲ့အပြင် ရင်းရင်းချာချာရှိတယ်လို့တောင် ခံစားရသေးတယ်မဟုတ်လား။ အဲ့ဒါတွေဟာ မြန်မာ့ဓလေ့လို့ပြောမရတာမှန်ပေမယ့် မြန်မာတွေလေ့ကြတဲ့အထဲက တစ်ခုပါ။ ခုတော့ လူမျိုး ဘာသာအညှာကိုင်မင်းလုပ်တဲ့စစ်ဗိုလ်ဆိုးတွေနဲ့ ဘာသာရေးနဲ့အသက်မွေးပြီး
လောဘဇောတိုက်တဲ့ဘုန်းကြီးဆိုး(တချို့) ပေါင်းပြီး အစွဲအလမ်းကြီးတဲ့လူ့အန္ဓတွေကို နှစ်ပေါင်းများစွာ သွေးထိုးလှုံ့ဆော်ရာကနေ တယောက်ကိုတယောက်“ဟေ့ကုလားကြီ- ဟေ့တရုပ်ကြီး” လို့ အခေါ်ခံရရင်ကိုပဲ သွေးပျက်ရမယ့်ကိန်း စိတ်ဆိုးမန်ဆိုးဖြစ်ကြရတဲ့ကိန်း ဆိုက်သွားပါပကော။ (ချစ်နိုးအခေါ်ခံရမှာသွေးပျက်စရာ)

ဓါးဓါးချင်းလှံလှံချင်းရှင်းမယ်-မိုးပေါ်ထောင်မပစ်ဘူးဆိုသူကြီးရယ်၊ ကျန်စစ်သားလို့ မချိသွားဖြဲပြောသူကြီးရယ်၊ စာဖတ်နေသူကြီးရယ်၊ လေဖြတ်တရားမှတ်နေသူကြီးရယ်၊ ကော်ဖီဆိုင်လေး ဖွင့်စားနေရသူကြီးရယ်၊ ဥပဒေအထက်မှာဘယ်သူ့မှမရှိ ဆိုသူကြီးရယ်၊ မုန်းဟင်းခါး
ရောင်းစားမယ်ဆိုသူကြီးရင်၊ အိမ်ရှင်ဧည့်ဘာညာပြောသူကြီးရယ်၊ ဗုဒ္ဓဘင်လာဒင်ဆိုသူကြီးရယ်၊ ငါတို့အရိုးစည်းရိုးထိုးဆိုသူကြီးတွေရယ်…။ အဲ့သလို “ကြီး”ရယ်ဆိုတဲ့လူတွေပေါင်းမိမှ ဒီပြည်မရှက်ရရင် ဘယ်ပြည်ရှက်ရလိမ့်တုန်း။ ဒီပြည် ဓါးမနောက်ပိတ်ခွေးမဖြစ်ရင် ဘယ်ပြည် ဖြစ်ရလိမ့်တုန်း။ (ခိုးသားငါးရာစိုးမိုးတဲ့ပြည်)

"မျိုးစောင့်ဥပဒေ"ဆိုပြီးမဝံ့မရဲသမုတ်နေမယ့်အစား "ဗုဒ္ဓဝါဒီမြန်မာလူမျိုးစစ်စစ် မျိုးဆက်ပြန့်ပွားရေးဥပဒေ"လို့ ပညတ်တာက ပိုကောင်းမယ် ထင်တယ်။ ဒါဆို ဗုဒ္ဓဝါဒကို ဘာသာအဖြစ်နဲ့အမှတ်မှားနေကြတာလည်းပြင်ပြီးသားဖြစ်၊ လူမျိုးနဲ့ဝါဒတွဲပြောမှရတဲ့ လူမျိုးသစ်တခုလည်းထပ်ရ၊ ကမ္ဘာကြည့် ကြည့်ရကောင်းမှန်းမသိတဲ့လူ့အန္ဓတွေလည်း စိတ်လက်ချမ်းသာရာရ၊ လူဦးရေပေါက်ကွဲမှုလည်းထိန်းချုပ်ပြီးသားဖြစ်သွားမယ် ထင်တယ်။ တစ်ခုပဲ ပူပန်မိတာက ချစ်ခြင်းမေတ္တာနဲ့လိင်စိတ်အလိုကို ဇွတ်ဖိနှိပ်ချိုးနှိမ်လို့ဖြစ်တတ်တဲ့ ချစ်ခြင်းမေတ္တာမရ လိင်စိတ်အလိုမပြည့် စိတ်ဝေဒနာရှင်တွေ တိုးပွားလာမှာကိုပါပဲ။ (မျိုးစောင့်တွေ စစ်ဖို့)

1 comments:

Post a Comment