Tuesday, January 14, 2014

”ကျောင်းတော်ဝါဒ(Scholasticism)သမိုင်း“ ဦးဦးမှော်ဆရာ

0 comments
”ကျောင်းတော်ဝါဒ(Scholasticism)သမိုင်း“
သမိုင်းကြောင်းဆိုင်ရာကိုလေ့လာတဲ့အခါ အကြမ်းဖျင်းသတ်မှတ်ထားတဲ့ `ခေတ်´တွေရှိတယ်။ ဒါတွေကိုအရင်ဆုံး မိတ်ဆက် ပေးချင်ပါတယ်။ ခေတ်ဟောင်းဆိုတာ ဘီစီနှစ်ပေါင်းများစွာကနေအေဒီ ၄ ရာစုထိကိုခေါ်ပါတယ်။ အေဒီ ၄ ရာစုကနေ အေဒီ ၁၅ ရာစု လောက်ထိကို အလယ်ခေတ်လို့ခေါ်ပြီး၊ အဲဒီအလယ်ခေတ်ကို နှစ်ပိုင်းထပ်ခွဲထားပါတယ်။ ပထမပိုင်းက အေဒီ ၄ ရာစုကနေ အေဒီ ၈ ရာစုထိကိုအမှောင်ခေတ် (The Dark Ages) လို့ခေါ်ပြီး၊ အေဒီ ၈ ရာစုကနေ အေဒီ ၁၅ ရာစုထိကို Renaissance ခေတ်လို့ခေါ်တယ်။ အေဒီ ၁၅ ရာစုနောက်ပိုင်းကိုတော့ ခေတ်သစ်လို့သတ်မှတ်ထားတယ်။ ဒါကိုလည်းခေတ်အပိုင်းအခြားတွေ ထပ်ခွဲထားတာရှိတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ဝဝ(ဘီစီ ၅ရာစု)လောက်က ဂရိကျွန်းဆွယ်ကစခဲ့တဲ့ အတွေးအခေါ်တွေဟာအနာဂတ် ဥရောပနိုင်ငံရေးအတွေးအခေါ် တွေရဲ့အခြေခံအုတ်မြစ်အဖြစ် နှစ်ပေါင်းများစွာလွှမ်းမိုးခဲ့တယ်။”ဒီမိုကရေစီ”လို့ခေါ်တဲ့ ပြည်သူအုပ်ချုပ်တဲ့စနစ်ကို လွန်ခဲ့တဲ့နှစ်ပေါင်း (၂ဝဝဝ) ကျော်ထဲကဂရိကျွန်းဆွယ် အေသင်မြို့ပြနိုင်ငံမှာ အစောဆုံးကျင့်သုံးခဲ့ကြောင်းသိရတယ်။ ဒါပေမယ့်သိပ်ကြာရှည်မခံခဲ့ဘဲ ဘီစီ (၃)ရာစု လောက်မှာ ရောမအင်ပါယာရဲ့ဝင်ရောက်တိုက်ခိုက်မှုကြောင့်အေသင်မြို့ပနိုင်ငံပျက်ခဲ့ရတယ်။ အေသင်မှာ အတွေးအခေါ်ပိုင်းဆိုင်ရာ ဒဿနိကဗေဒမှာတိုးတက်ခဲ့ပေမယ့် ရောမအင်ပါယာကတော့ အားကောင်းပြီးစနစ်ကျလှတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ဥပဒေတွေနဲ့ အုပ်ချုပ်ခဲ့တာဖြစ်လို့ ဥရောပနိုင်ငံရေးအတွေးအခေါ်ကို များစွာလွမ်းမိုးခဲ့ပြီး၊ ယနေ့ခေတ်ထိ ရောမခေတ်ဥပဒေဆိုင်ရာဒဿနတွေကို လက်ခံနေကြရတုန်းဖြစ်တယ်။ ရောမခေတ်မှာလည်း ဒီမိုကရေစီဆန်တဲ့ အုပ်ချုပ်ရေးပုံစံတွေရှိခဲ့တယ်။ ဒါပေမယ့် ဂျူးလီယက်ဆီဇာ လက်ထက်ကနေစပြီး နောက်ပိုင်းမှာ အာဏာရှင်ဧကရာဇ်တွေအုပ်ချုပ်တဲ့အင်ပါယာသက်သက်ဖြစ်သွားတယ်။ အေဒီ ၁ရာစုမှာ ခရစ်ယာန် အယူဝါဒပေါ်ထွန်းလာခဲ့ပါတယ်။ ဒါပေမယ့်ခရစ်ယာန်သာသနာမပေါ်ခင်မှာရော၊ ပေါ်လာပြီးချိန်မှာပါ ရောမအုပ်စိုးသူတွေဟာ နတ်ဘုရားတွေကို ကိုးကွယ်သူတွေသာဖြစ်တယ်။ ဒီတော့ ဘုရင်တွေရဲ့သြဇာအာဏာဟာ ကောင်းကင်ဘုံက နတ်ဘုရားတွေပေးအပ်လို့ ရရှိတာ၊ နတ်ဘုရားတွေရဲ့ကိုယ်စားလှယ်အဖြစ်အုပ်ချုပ်တာဆိုတဲ့ သဘောတရားပေါ်လာတယ်။ ဒီအယူအဆဟာ ကျနော်ရေးမယ့် ”ကျောင်းတော်ဝါဒ”ဖြစ်ပေါ်လာစေတဲ့အခြေခံအချက်တွေထဲက တစ်ချက်ပါ။

အစောပိုင်းမှာ ခရစ်ယာန်သာသနာက နိုင်ငံရေးစိတ်မဝင်စားတဲ့ ဘာသာရေးသက်သက်ပဲဖြစ်ပါတယ်။ လူတစ်ဦးချင်းစီရဲ့ ကိုယ့်ကျင့်သီလ ကောင်းမွန်ရေးကိုအသားပေးပြီး၊ သူတို့ရဲ့အန္တိမရည်မှန်းချက်က ဘုရားသခင်ရဲ့နိုင်ငံတော် (Spiritual Kingdom) ဖြစ်လို့ လောကီအာဏာက အရေးမပါခဲ့ဘူး။ ခရစ်ယာန်အယူဝါဒဟာ ဆင်းရဲသားတွေ၊ အခြေခံလူတန်းစားတွေကြားမှ ပေါက်ဖွားလာတဲ့ဝါဒဖြစ်ပြီး၊ အုပ်ချုပ်သူ ရောမ အာဏာပိုင်တွေက ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခဲ့တယ်။ ခရစ်ယာန်နဲ့အစ္စလာမ် ထွန်းကားလာပုံချင်း ဒီနေရာမှာ မတူပါဘူး။

အစ္စလာမ်သာသနာက ပေါ်လာပြီး နှစ်အနည်းငယ်အကြာ(အတိအကျပြောရရင်) Prophet Mohammad က မက္ကာမြို့ကိုအောင်နိုင်တဲ့အချိန်၊ အာရေဗျကျွန်းဆွယ်ရဲ့ အုပ်ချုပ်မှုအာဏာကိုပါ ရယူနိုင်ခဲ့တဲ့နောက်ပိုင်း အစ္စလာမ်ဘာသာဝင်တွေအပေါ် နှိပ်စက်ညှဉ်းပမ်းမှုတွေရပ်တန့် သွားတယ်။ ခရစ်ယာန်သာသနာက ယေရှုခရစ်တော် ကားစင်တင်ခံရပြီး နှစ်ပေါင်းလေးရာလောက်ထိ ရောမဘုရင်တွေရဲ့နှိပ်ကွပ်မှုအောက်မှာ ကစဥ့်ကလျားနဲ့ ပြားပြားဝပ်နေခဲ့တယ်။ ခရစ်ယာန်ဘာသာဝင်တွေဟာ တိုးတိုးတိတ်တိတ်ယုံကြည်ကိုးကွယ်မှု ပြုခဲ့ကြရတာဖြစ်တယ်။ ဒီလို ဖိနှိပ်ခံနေခဲ့ကြရတဲ့အတွက်သူတို့ရဲ့ ဘာသာရေးဆိုင်ရာအယူအဆတွေမှာ ကွဲပြားဖို့အချိန်မရခဲ့ကြဘဲ ယုံကြည်မှုတစ်ခုတည်းပေါ်မှာပဲ ဆင့်ကဲ လက်ခံသွားကြတယ်။ ဘုံရန်သူတစ်ခုတည်းကို ရင်ဆိုင်နေရတဲ့အချိန်ဖြစ်လို့ သူတို့ကြားမှာဂိုဏ်းကွဲမှုတွေမဖြစ်ပေါ်ခဲ့ဘူး။

ရောမအင်ပါယာပျက်ခါနီးမှာ ဧကရာဇ်ဖြစ်လာတဲ့ ကွန်စတင်တိုင်(Constantine) လက်ထက်မှာ ဘုရင်ကိုယ်တိုင်က ခရစ်ယာန်ဘာသာဝင် ဖြစ်သွားပြီး၊ ခရစ်ယာန်သာသနာကို ရောမအင်ပါယာရဲ့တစ်ခုတည်းသော နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းလိုက်တယ်။ အဲဒီအချိန်ကစပြီး ခရစ်ယာန်သာသနာက တဟုန်ထိုး တိုးတက်လာတယ်။ အဲဒီနောက်ပိုင်း ပွင့်လင်းလာတဲ့အခါမှသာ အယူကွဲတွေပေါ်လာပြီးဂိုဏ်းကွဲတွေ အများကြီးဖြစ်သွားတာပါ။

အေဒီ ၄၁ဝ မှာ ဂေါ့သ်တွေဖျက်ဆီးလို့ ရောမအင်ပါယာပျက်သွားတယ်။ အဲဒီအချိန်ကစပြီး ခရစ်ယာန်သာသနာမှာ ထူးခြားတဲ့အပြောင်း အလဲတွေဖြစ်လာတယ်။ ဘာလဲဆိုတော့ ပုပ်ရဟန်းမင်းကြီးစနစ် ပေါ်လာတာပါ။ ယခင်က နတ်ကိုးကွယ်သူတွေက ရောမနိုင်ငံပျက်ရတာဟာ အစိုးရက အယူဟောင်းကိုစွန့်လွှတ်ပြီး ခရစ်ယာန်ဝါဒကိုပြောင်းလဲကိုးကွယ်လို့ဖြစ်ရတာလို့ စွပ်စွဲခဲ့တယ်။ ဒါကိုဖြေရှင်းဖို့အတွက် မြောက်အာဖရိကဘက်က ဘစ်ရှော့ စိန့်သြဂတ်စတင်း (အေဒီ ၃၅၄-၄၃ဝ) က ”City of God” ဆိုတဲ့စာအုပ်ကို ရေးသားခဲ့တယ်။ အဲဒီ စာအုပ်ထဲကအတွေးအခေါ်တွေဟာ ခရစ်ယာန်အတွေးအခေါ်တွေပေါ်မှာ ရာစုနှစ်ပေါင်းများစွာလွမ်းမိုးခဲ့တယ်။ကျနော့် ဆောင်းပါးခေါင်းစဉ်ပါ ”ကျောင်းတော်ဝါဒ”ရဲ့ မူလအစဟာလည်း သူ့အတွေးအခေါ်တွေကနေဖြစ်တည်လာခဲ့တာပါ။
ဘုရားသခင်ဟာ စကြဝဠာအနန္တကိုပိုင်စိုးတော်မူတယ်ဆိုရင် ဘာကြောင့် ကမ္ဘာပေါ်မှာဘုရင်တွေအုပ်စိုးတဲ့တိုင်းနိုင်ငံ(States)တွေ ရှိနေစေတာလဲဆိုတဲ့မေးခွန်းကို စိန့်သြဂတ်စတင်းက ဖြေပြထားတယ်။ သူ့အယူအဆအရ ပထမဆုံးလူသား အာဒမ်က ဘုရားသခင်ရဲ့အမိန့်ကို ဖီဆန်ပြီး တားမြစ်ထားတဲ့အရာကိုစားသုံးမိတဲ့ပြစ်ဒဏ်က သူ့ရဲ့နောက်မျိုးဆက်လူသားတိုင်းမှာ မွေးရာပါပြစ်ဒဏ် (OriginalSin) အဖြစ် ပါလာတဲ့အတွက် ဒီအပြစ်တွေကို လူ့လောကမှာအစားပေးရန်အတွက် ဘုရားသခင်ရဲ့အလိုတော်အရဖိနှိပ်အုပ်ချုပ်တဲ့အစိုးရတွေ ပေါ်ပေါက် လာတာလို့ဆိုတယ်။ အစိုးရဆိုတာ လူတွေရဲ့ဒုစရိုက်မှုတွေကိုပြစ်ဒဏ်ခတ်ဖို့အတွက် ဘုရားသခင်အလိုတော်အတိုင်းပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ကျွန်စနစ်ကိုလည်း တရားမျှတတယ်လို့ယူဆတယ်။ လူတွေဟာ အစဦးမှာ တစ်ဦးနဲ့တစ်ဦးအတူတူပင်ဖြစ်သော်လည်း မကောင်းမှုတွေကြောင့် တစ်ဦးကအခြားတစ်ဦးရဲ့သြဇာခံဖြစ်လာရတယ်လို့ သြဂတ်စတင်းကဆိုတယ်။ City of God ဆိုတာလည်း ကျောင်းတော်နဲ့နိုင်ငံတော်အစိုးရပူးပေါင်းထားတဲ့ ခရစ်ယာန်နိုင်ငံတော်ကို ရည်ညွှန်းတာပါ။ အဲဒီနိုင်ငံတော်ကို ဘာသာရေးအာဏာပိုင်တွေက ဦးဆောင်မှာဖြစ်တယ်။ ခရစ်ယာန်ဘာသာဝင်မဟုတ်သူများ ယင်းနိုင်ငံတော်တွင် ပါဝင်ခွင့်မရှိလို့ဆိုတယ်။ နောက်ပြီး တရားမျှတမှုသည် နိုင်ငံတော်၏အနှစ်သာရဖြစ်သည်ဆိုတဲ့အတွေးအခေါ်ကိုငြင်းပယ်ပြီး ခရစ်ယာန်ဘာသာမကိုးကွယ်သောနိုင်ငံတွင် တရားမျှတမှုမရှိနိုင်လို့ ဆိုတယ်။

ဘုရားသခင်က လောကမှာ လူသားတွေကိုစီမံအုပ်ချုပ်ဖို့အတွက် ကောင်းတဲ့အဖွဲ့အစည်းနဲ့ဆိုးတဲ့အဖွဲ့အစည်းနှစ်ရပ်ကို တာဝန်ခံစေတယ်လို့ ယူဆတယ်။ အဲဒီအဖွဲ့အစည်းနှစ်ခုဆိုတာ ကျောင်းတော်နဲ့အစိုးရပဲ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးနဲ့ကျောင်းတော်ဟာ လောကုတ္တရာနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ အကြီးအမှူးဖြစ်ပြီး၊ အစိုးရက လောကီနဲ့ဆိုင်တဲ့ကိစ္စတွေမှာ အကြီးအမှူးဖြစ်တယ်လို့ဆိုတယ်။ ဖိနှိပ်ညှဉ်းပမ်းတဲ့အစိုးရတွေဟာ လူသားတွေရဲ့ဒုစရိုက်မှုတွေကြောင့် ဘုရားသခင်ရဲ့အလိုတော်အရ ပေါ်ပေါက်လာတယ်ဆိုတဲ့အယူအဆကတဆင့်”ဖိနှိပ်ချုပ်ချယ်မှု” ဆိုတာ လည်း မကောင်းမှုတစ်ခုသာဖြစ်လို့ အစိုးရရဲ့အရေးပါမှုက ပုပ်ရဟန်းမင်းကြီးထက် အဆင့်နှိမ့်သွားတယ်။ တဖန် လူသားတွေဟာ ကိုယ့်ရဲ့ ပြစ်ဒဏ်တွေကြောင့် ဒီလိုအစိုးရအောက်မှာနေရတာလို့ယူဆတဲ့အတွက် အစိုးရရဲ့အာဏာကိုတော်လှန်ဖို့ တွေးတောင်မတွေးကြတော့ဘူး။ အစိုးရအာဏာဟာ ဘုရားသခင်ဆီကရတာဖြစ်လို့ အစိုးရအမိန့်ကိုနာခံခြင်းဟာ ဘာသာရေးတာဝန်တစ်ရပ်ဖြစ်တယ်ဆိုတဲ့အတွေးအခေါ်ကို ဖြစ်လာစေတယ်။
ဒီနေရာမှာ `ပုပ်ရဟန်းမင်းကြီးဆိုတာကို အနည်းငယ်ရှင်းပြပါမယ်။ ယေရှုခရစ်တော် ရှင်ပြန်ထမြောက်ပြီးနောက် အဆက်အသွယ်ရှိခဲ့တဲ့၊ လမ်းညွှန်မှုတွေရရှိခဲ့တဲ့ အဂ္ဂသာဝက(၁၂ပါး)ရှိတယ်။ သူတို့ဟာ ခရစ်တော်နဲ့ နာမ်ပိုင်းဆိုင်ရာဆက်သွယ်မှုရှိတယ်လို့ ယုံကြည် ကြတယ်။`ပုပ်ရဟန်းမင်းကြီး´ဆိုတာ အဲဒီသာဝကကြီးတွေရဲ့ spiritual နာမ်ပိုင်းဆိုင်ရာတန်ခိုးတွေစီးမြောနေတဲ့ပုဂ္ဂိုလ်ကြီးတွေပဲလို့ ယူဆတယ်။ ဒါကြောင့် `ပုပ်´တွေဟာ ဘုရားသခင်နဲ့ဆက်သွယ်လို့ရတယ်။ သာမာန်လူသားတွေဟာ ဘုရားသခင်နဲ့တိုက်ရိုက်ဆက်သွယ်ဖို့ မဖြစ်နိုင်တဲ့အတွက် `ပုပ်ရဟန်းမင်းကြီး´ကတဆင့် ဆက်သွယ်ရတယ်။ တနည်းပြောရရင် သူတို့ရဲ့အဆင့်အတန်းက လူသားနဲ့ဘုရားသခင်ကို ဆက်သွယ်ပေးတဲ့ကြားခံတစ်ခုဖြစ်လာတယ်။ သူတို့ဟာ ဘုရားသခင်နဲ့အဆက်အသွယ် ရှိသူတွေ၊ ဘုရားသခင်ရဲ့လမ်းညွှန်မှုကို သာမာန်လူတွေမသိနိုင်တဲ့နည်းနဲ့ရတဲ့လူတွေဖြစ်တဲ့အတွက် ဘယ်တော့မှ မမှားနိုင်တဲ့ (infallible) ဖြစ်တယ်လို့ယုံကြည်ကြတယ်။ ဒါမျိုး အခြားသာသနာတွေမှာလည်း ရှိတာတွေ့ရတယ်။ ဥပမာ- ရှီအာတွေမှာ `အယာတိုလာ´လို့ခေါ်တဲ့သာသနာပိုင်ဘုန်းကြီးတွေရှိတယ်။ အယူအဆချင်းသိပ်မကွာဘူး။ ဖန်ဆင်းရှင် (Allah)ရဲ့ guidance ကို ရနေတဲ့သူလို့ ယုံကြည်ကြတယ်။ ဒါကြောင့် လက်ရှိ အီရန်နိုင်ငံမှာ သမ္မတရဲ့အထက်မှာ`အယာတိုလာ´ရှိတယ်။ ဒီအယူအဆအရ သူတို့ဟာ supreme ဖြစ်တယ်။ ဘာသာရေးဆိုင်ရာယုံကြည်ချက်တွေဖြစ်လို့ ကျနော် ဒါကို မဝေဖန်လိုဘူး။

တဖြည်းဖြည်းနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့အခန်းကဏ္ဍက အလွန်ကြီးမားလာတယ်။ အုပ်ချုပ်ရေးပိုင်းမှာလည်း ပုပ်ရဟန်းမင်းတွေက ကျုပ်တို့သာလျှင် ဘုရားသခင်နဲ့အဆက်အသွယ်ရှိတဲ့အတွက် ခင်ဗျားတို့ရဲ့အာဏာဟာ ကျုပ်တို့ဆီကတဆင့် ရောက်တာလို့ဆိုလာတယ်။ ဒုစရိုက်မှုကျူးလွန်သူမှန်ရင် ရှင်ဘုရင်ပါမကျန် ကျောင်းတော်က ပြစ်ဒဏ်ခတ်ခွင့်ရှိလာတယ်။ နောက်ပိုင်းမှာ ရှင်ဘုရင်တွေနဲ့ကျောင်းတော် အားပြိုင်မှု ပိုမိုဆိုးရွားလာတယ်။ ဒီနေရာမှာ ကျောင်းတော်ရဲ့အားသာချက်တစ်ခု ရှိတယ်။ ဘာလဲဆိုတော့ ရှင်ဘုရင်အပါအဝင် ကျောင်းတော်ရဲ့ အမိန့်ကိုမနာခံသူ မည်သူ့ကိုမဆို သာသနာ`ပ´ခွင့်(Excommunicate- သာသနာပျက်အဖြစ် သတ်မှတ်) အခွင့်အာဏာ ပုပ်ရဟန်းမင်းကြီး ဆီမှာရှိတယ်။ ဒီလိုကြေငြာခံရရင် အဲဒီခေတ်အနေအထားနဲ့ သေဖို့ပဲကောင်းတယ်။ ဘုရင်တချို့တောင် ကျောင်းတော်ကို ကလန်ကဆန် လုပ်လို့ သာသနာ`ပ´ခံလိုက်ရတာရှိခဲ့တယ်။

ဗာတီကန်ချာ့ခ်ျကိုတာဝန်ခံတဲ့ပုပ်ရဟန်းမင်းကြီးက သူ့ရဲ့စီရင်စုနယ်မြေတွေမှာ အခွန်ကောက်တယ်။ ဘုရင်ကလည်း သူ့အခွန် သူကောက်တယ်။ တနည်းပြောရရင် `ပုပ်´လည်းsemi-government ဖြစ်တယ်။ သူတို့ အခွန်ကောက်ဖို့ ဘုရင်တွေက သတ်မှတ်ပေးလို့ မရဘူး။ ပုပ်ရဟန်းမင်းကြီးက သူနဲ့အလှမ်းဝေးတဲ့ဒေသတွေမှာအခွန်ကောက်ဖို့နဲ့ သာသနာပိုင်တွေအဖြစ်အုပ်ချုပ်ဖို့ ကိုယ်စားလှယ် ဘစ်ရှော့တွေ၊ အာ့သ်ဘစ်ရှော့တွေ စေလွှတ်တယ်။ သူတို့ရဲ့အဆင့်ကလည်း မသေးဘူး။ နောက်ပြီး မြို့ဘစ်ရှော့နဲ့နယ်ဘစ်ရှော့ကလည်း အဆင့်မတူဘူး။ လူတွေက သူတို့အပြစ်တွေကို နောင်တတရားရပြီးဝန်ချတောင်းပန်တဲ့အခါ ဘစ်ရှော့တွေကတဆင့် အပြစ်တွေကနေလွတ်ဖို့ အာပတ်ဖြေလို့ရတယ်လို့ ယုံကြည်ကြတယ်။ ပုပ်ရဟန်းမင်းကြီးက ကောင်းချီးပေးလိုက်ရင် အပြစ်တွေကျေပျောက်သွားတယ်လို့ယုံကြည် ကြတယ်။ နောက်ပိုင်းမှာ ပုပ်ရဟန်းမင်းကြီးတစ်ပါးက Indulgence ဆိုတဲ့ ဘုရားသခင်အတွက်ရည်စူးပြီး စွန့်လှူတဲ့စနစ်တစ်ခုတီထွင်ခဲ့တယ်။ ဒါကို စတင်ခဲ့တဲ့ ပုပ်ရဲ့ရည်ရွယ်ချက်ကကောင်းပေမယ့်လည်း ကျောင်းတော်နဲ့ဝေးတဲ့ဒေသတွေက ဘစ်ရှော့တွေက ကွန့်ရင်းကွန့်ရင်းနဲ့ ဘယ်လိုထိဖြစ်လာလဲဆိုတော့ ငွေဘယ်လောက်လှုရင် ငရဲဘယ်နှပိဿာကျေပျက်တယ်ဆိုတဲ့ထိ ဖြစ်လာတယ်။ ငွေကြေးကိစ္စအရှုပ်အရှင်း တွေလည်း များလာတယ်။ ပုပ်ရဟန်းမင်းကြီးကတော့သိပ်ပြဿနာ မရှိပေမယ့် သူကစေလွှတ်လိုက်တဲ့ကိုယ်စားလှယ်တွေက သာမာန်လူတွေနဲ့ပိုနီးစပ်လာတော့ သူတို့မှာ ပြဿနာတွေရှိလာတယ်။

ခရစ်ယာန်ယုံကြည်ချက်အရ လောကကြီးကို ဘုရားသခင်ဖန်ဆင်းတယ်။ တန်ခိုးတော်အနန္တနဲ့ပြည့်စုံတဲ့ဘုရားသခင်အလိုတော်မရှိရင် သစ်ရွက်လေးတစ်ရွက်တောင် လှုပ်ရှားမှာမဟုတ်ဘူးလို့ အလွန်သဒ္ဒါတရားရှိရှိ သက်ဝင်ယုံကြည်ခဲ့ကြတယ်။ ဒါကြောင့် ထာဝရဘုရားရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ `ပုပ်´တွေရဲ့အနေအထားကိုလည်း မေးခွန်းထုတ်ဖို့မစဉ်းစားရဲကြဘူး။ ဘိုင်ဘဲလ်ကျမ်းစာက လက်တင်ဘာသာ စကားနဲ့ဘာသာပြန်ထားတာဖြစ်လို့ သာမာန်ပြည်သူတွေက ဘိုင်ဘဲလ်ကျမ်းစာကိုမဖတ်နိုင်ခဲ့ဘူး။ နောက်ပြီး စာရွက်(စက္ကူ) မပေါ်သေးတဲ့ ခေတ်မှာ ဘိုင်ဘဲလ်ကျမ်းစာအုပ်က ခုခေတ်လို အများကြီးမရှိဘူး။ ချာ့ခ်ျကျောင်းတွေမှာပဲ ဘိုင်ဘဲလ်ကျမ်းစာအုပ်ရှိတယ်။ သာသနာပြု ဘုန်းကြီးတွေကိုပဲ လက်တင်ဘာသာ၊ ဖီလိုဆော်ဖီ၊ လော့ဂျစ်၊ စတဲ့ပညာတွေသင်ပေးပြီး ကမ္ဘာအနှံ့စေလွှတ်ခဲ့တာ။ ဒီတော့ သာမာန်လူတွေက တနင်္ဂနွေတစ်ပတ်တရက် ဘုရားကျောင်းသွားပြီး ဘုန်းကြီးပြောသမျှကိုပဲသိရတာဖြစ်ပြီး ဒီအကြောင်းအရာတွေဟာ သမ္မာကျမ်းစာတွေထဲ ပါသလား၊ မပါဘူးလား၊ သြဂတ်စတင်းလိုဘုန်းကြီးက သူ့ဟာသူ တီထွင်ဖန်တီးပြီးပြောနေတာလားဆိုတာ ဘယ်သူကမှသေချာမသိကြဘူး။
ဒီလို အလယ်ခေတ်ရဲ့ပထမပိုင်း အေဒီ (၈)ရာစုရောက်တဲ့အထိ ဥရောပတိုက်ဟာ အင်မတန်ဆင်းရဲကြပ်တည်းပြီး၊ယဉ်ကျေးမှုမထွန်းကား ခဲ့ဘူး။ အဲဒီအချိန်တုန်းက တရုတ်ပြည်မှာ စက္ကူတီထွင်နိုင်ပြီဖြစ်သလို၊ ကြွေထည်မြေထည်လုပ်ငန်းတွေ ထွန်းကားနေပြီ။ ပါရှန်းတွေကလည်း ကော်ဇောယက်လုပ်တဲ့အတတ်ပညာတွေရှိနေပြီ။ နောက်ပြီး အာရေဗျကျွန်းဆွယ်မှာ နတ္ခတ္တဗေဒကို ကောင်းကောင်းနိုင်နှင်းနေပြီး၊ ပင်လယ်ရေကြောင်းသွားလာမှုမှာလည်း စိုးမိုးထားနိုင်ပြီဖြစ်တယ်။ သင်္ချာ၊ သိပ္ပံနဲ့ နတ္ခတ္တဗေဒပညာရပ်တွေမှာ အာရှက ဥရောပထက် အများကြီးသာလွန်နေခဲ့တယ်။ အာရပ်တွေဟာ အိန္ဒိယ၊ တရုတ်နဲ့အရှေ့အာရှဒေသတွေထိခြေဆန့်ပြီး ကုန်ကူးရင်းသာသနာပြန့်ပွားနေကြပြီ ဖြစ်တယ်။ အဲဒီအချိန်မှာ ဥရောပကိုကြည့်လိုက်ရင် ဘာတီထွင်ဖန်တီးမှုမှ မရှိ၊ ဘာယဉ်ကျေးမှုမှ မထွန်းကားဘဲ၊ လူတွေဟာ ကျောင်းတော်ရဲ့ ဘာသာရေးအယူအဆနဲ့ ဖိနှိပ်မှုအောက်မှာပြားပြားဝပ်နေခဲ့ရတယ်။ ဘာအတွေးအခေါ်မှ မရှိ၊ ဘာဝေဖန်ဆန်းစစ်မှုမှမရှိဘဲ ဘုန်းကြီးပြောသမျှ ယုံ၊ ဘုရင်တွေဖိနှိပ်အုပ်ချုပ်သမျှ ခေါင်းငုံခံနေကြရတဲ့ဘဝမှာပဲ ရှိနေခဲ့တဲ့အတွက်ကြောင့် အဘက်ဘက်ကချွတ်ခြုံကျနေတဲ့ အဲဒီကာလကြီးကို ဥရောပရဲ့အမှောင်ခေတ်လို့ခေါ်တယ်။

ဘယ်အချိန်မှာ ဥရောပက ခေါင်းထောင်ထလာသလဲဆိုတော့ အာရေဗျက မွတ်ဆလင်တွေက အာဖရိကမြောက်ပိုင်းကနေ ဂျီဘရော်လ်တာ ရေလက်ကြားကိုဖြတ်ပြီး ဝင်ရောက်တိုက်ခိုက်တဲ့အချိန်ကစပြီး ဥရောပတိုက်က ခရစ်ယာန်တွေစုစည်းသွားခဲ့ကြတယ်။ အဲဒီအချိန်ကျမှ ဥရောပတိုက်ရဲ့ယဉ်ကျေးမှုတွေ ပြန်လည်စတင်ခဲ့တာဖြစ်တယ်။ (ဒီကာလမှာ ကျောင်းတော်ဝါဒကိုတော်လှန်ခဲ့တဲ့သမိုင်းဟာ အင်မတန် စိတ်ဝင်စားဖွယ်ကောင်းပြီး အဲဒီတုန်းက တော်လှန်တဲ့အတွေးအခေါ်တွေဟာ ယနေ့ ကျနော်တို့ခေတ်ထိတိုင်အောင် ကောင်းစွာလွမ်းမိုး ထားနိုင်ဆဲပါ။) အဲဒီနောက်ပိုင်း ခရူးဆိတ်စစ်ပွဲတွေပြီးတဲ့နောက် ဥရောပတိုက်ရဲ့တိုးတက်ပြောင်းလဲလာမှုတွေကို အာရှက လုံးဝလိုက်မမီ တော့ဘဲခြေရာဖြတ်ထားနိုင်ခဲ့တာ ယနေ့ချိန်ထိပါပဲ.. ။ နိုင်ငံရေးသမိုင်း စိတ်ဝင်စားသူများလေ့လာနိုင်ရန် အတိုချုပ်ရေးထားတာဖြစ်လို့ ပညာရှင်များအတွက် မရည်ရွယ်ပါကြောင်းအသိပေးပါတယ်။)

ဦးဦး မှော်ဆရာ
(၁၃ - ၁-၂ဝ၁၄)
https://www.facebook.com/uu.mhawsayar.1

0 comments:

Post a Comment