Wednesday, January 29, 2014

ပြည်သူတွေအတွက်တိကျသောလုပ်ငန်းစဉ် (တူမောင်ညို)

0 comments
ပြည်သူတွေအတွက် တိကျသောလုပ်ငန်းစဉ် (တူမောင်ညို)၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်
“ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်မပေးရင် ပြည်သူတွေ ဘာလုပ်သင့်သလဲ”ဒေါ်အောင်ဆန်းစုကြည်က တိကျတဲ့အဖြေပေးမသွားပါဘူး။ ၂၅ ဇန်နဝါရီ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ခရီးစဉ်၊ နမ့်စန်မြို့ က ပြည်သူလူထုနဲ့တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်း စုကြည်ကို ပြည်သူတစ်ဦးက မေးတဲ့မေးခွန်းဖြစ် ပါတယ်။ ဘယ်အတိုင်းအတာအထိပြင်ပေးမယ်/ပြင်မပေးဘူးဆိုတာ တိတိကျကျဘယ်သူမှမသိနိုင်ပါဘူး။
ဘယ်အတိုင်းအတာအထိ ပြင်ဆင်ပေးမလဲဆိုတဲ့ကိစ္စဟာ ကြံ့ဖွံ့ပါတီ၊ ကြံ့ဖွံ့အစိုးရနဲ့စစ်တပ်ရဲ့လက်ထဲမှာရှိနေတဲ့ကိစ္စဖြစ်ပါတယ်။ သူတို့ (ကြံ့ဖွံပါတီ/ကြံ့ဖွံ့အစိုးရ/စစ်တပ်) ဆုံးဖြတ်၊ သတ်မှတ်ပေးတဲ့ဘောင်အတွင်းကသာ ပြင်ဆင်ခွင့်ရမှာဖြစ်ပါတယ်။
အကယ်၍ သူတို့ပြင်ဆင်ပေးမယ့်အချက်တွေဟာ ဒီချုပ်က ပြင်ဆင်ပေးဖို့တင်ပြတောင်းဆိုထားတဲ့အချက်တွေမပါဝင်ဘူးဆိုရင် ပြည်သူတွေဘာလုပ်သင့်သလဲဆိုတဲ့မေးခွန်းကို နမ့်စန်မြို့က ပြည်သူတစ်ဦးမေးခဲ့တာပါ။ မေးသင့်မေးထိုက်တဲ့မေးခွန်းဖြစ်ပါတယ်။
“ကျွန်မတို့ ပြည်သူလူထုက မပြင်နိုင်ရမှာလဲ ပြင်ကိုပြင်နိုင်ရမယ်”ဆိုတာက သန္နိဋ္ဌာန်သဘောဖြစ်ပါတယ်။ “တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့” ဆိုတာလိုမျိုးဖြစ်ပါတယ်။ နမ့်စန်မြို့က ပြည်သူတစ်ဦးသိလိုမေးလိုတာက ဘယ်လိုလုပ်ငန်းစဉ်မျိုးနဲ့ ပြင်ဆင်နိုင်အောင် ဘာတွေလုပ်သင့် သလဲဆိုတဲ့ “တိကျတဲ့လုပ်ငန်းစဉ်”ကိုသိလို၍ မေးခြင်းဖြစ်ပါတယ်။
ဒီမေးခွန်းက မြန်မာပြည်သူတစ်ရပ်လုံးကသိချင်နေတဲ့မေးခွန်းလည်း ဖြစ်ပါလိမ့်မယ်။ ဒီချုပ်ပါတီဝင်တွေလည်း သိချင်ကြမှာပါ။ လမ်းစဉ်တို့လုပ်ငန်းစဉ်တို့ဆိုတာကလည်း ဒေါ်အောင်ဆန်းစုကြည် နှုတ်ကပြောထွက်လာမှာမို့ ဒေါ်အောင်ဆန်းစုကြည်ဘာပြောမလဲ၊ ဘယ်လို(လေသံနဲ့)ပြောမလဲဆိုတာ စောင့်ကြည့်နားထောင် အကဲခပ်နေကြရတဲ့အနေအထားဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြည်ပနိုင်ငံခရီးစဉ်တွေမှာပြောတဲ့“လေသံ”နဲ့ ပြည်တွင်းခရီးစဉ်တွေမှာပြောတဲ့ “လေသံ”တွေရဲ့ ဒီဂရီအနိမ့်အမြင့်က ကွဲပြားတတ်သေးတာမို့ ဘယ်လေသံနဲ့ဘယ်သဘောထားကို အတည်ယူရမလဲဆိုတာ“ရွှေနဲ့ယိုးမှားပန်းစကား”လို့ ဆိုရလောက်အောင် ဝေခွဲရခက်လှပါတယ်။ ပြည်တွင်းခရီးစဉ်မှာလည်း ချင်းပြည်နယ်ခရီးစဉ်က “လေသံ”နဲ့ ကရင်ပြည်နယ်ခရီးစဉ် “လေသံ”မတူသလို၊ ရှမ်းပြည်နယ် (တောင်ပိုင်း)ခရီးစဉ် “လေသံ”တွေဟာ တစ်နေရာနဲ့တစ်နေရာ အပျော့/အပြင်းကွာခြားနေတတ်ပါတယ်။ ဘာကြောင့် ဒီလိုခြားနားနေရတာလဲလို့ လေ့လာစိစစ်မိပြန်တော့ သမ္မတဦးသိန်းစိန်၊ အမတ်ချုပ်ကြီးဦးရွှေမန်း၊ ကာချုပ်ဗိုလ်မင်းအောင်လှိုင်တို့ရဲ့ တုန့်ပြန်မှုတွေနဲ့ နီးနီးကပ်ကပ်ဆက်စပ်နေတာကို တွေ့ရှိ၊ သတိပြုမိပါတယ်။
“သမ္မတ၊ အမတ်ချုပ်၊ ကာချုပ်”တို့ လေသံပြောင်းသွားတဲ့အခါ  ဒေါ်အောင်ဆန်းစုကြည်ရဲ့လေသံဟာ (သူစိမ်းလျှင်ကိုယ်စိမ်းမှာပေါ့ ဆိုသလို)ပြောင်းလဲသွားတတ်ပါတယ်။ ခက်နေတာက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်တွင်း ခရီးစဉ်တွေ ဆက်လက်သွားနေရဦးမှာဖြစ်သလို၊ “သမ္မတ၊ အမတ်ချုပ်၊ ကာချုပ်”တို့ကလည်း သူတို့ပြောချင်တာ ပြောနေကြဦးမှာဆိုတော့  အကဲခပ်ရခက်ခက်ဆိုတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။
တိကျတဲ့လုပ်ငန်းစဉ်တစ်ရပ် ရှိထားတယ်။ ပြည်သူများ၊ ပါတီဝင်များကလည်း အဲဒီ တိကျတဲ့လုပ်ငန်းစဉ်ကို သိရှိနားလည် သဘောပေါက်ထားပြီး ဖြစ်တယ်ဆိုရင် “ချက်ဆိုရင် နားခွက်ကမီးတောက်”ဆိုသလို အကင်းပါးပြီးတီထွင်နိုင်စွမ်းရှိတဲ့ (ကုန်တင်ကားကို ရွေ့လျားစင်မြင့်အဖြစ် ဖန်တီးပေးနိုင်တဲ့) လူမျိုးစုံပြည်သူများဟာ ခေါင်းဆောင်ပြတဲ့အရိပ်အကဲကို ကောင်းကောင်းမြင်နိုင်သူတွေဖြစ်ပါတယ်။
ဒါကြောင့် ယနေ့လိုအပ်နေတာက တိကျတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒါဟာ ပြည်သူတွေမေးနေကြတဲ့၊ ဒီချုပ်ပါတီဝင်တွေလည်းသိလိုနေကြတဲ့  “ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မပေးရင် ပြည်သူတွေဘာလုပ်သင့်သလဲ”ဆိုတဲ့မေးခွန်းရဲ့ အဖြေပဲ ဖြစ်ပါတယ်။
ဒီအဖြေကို ဒေါ်အောင်ဆန်းစုကြည်မှတစ်ပါး အခြားပေးနိုင်မယ့်သူမရှိပါဘူး။( ဦးဉာဏ်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားတွေကို တဆင့်ပြန်ပြီးပြောပြသူနဲ့ ဘယ်ပြောဆိုချက်က “သဘောတရားအရပြောတာ” ဖြစ်ပြီး၊  ဘယ်ပြောဆိုချက်ကဖြင့် “အိုင်ဒီယာ သဘောပြောတာ”စသဖြင့် အဓိပ္ပါယ်ဖွင့်ဆိုရှင်းပြနိုင်သူသာဖြစ်ပါတယ်) 
“၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေး”ဆိုတဲ့လုပ်ငန်းစဉ်ဆိုတာ ကြီးကျယ်တဲ့လုပ်ငန်းစဉ်ကြီးဖြစ်ပါတယ်။ ဒီချုပ်ပါတီကချမှတ်ထားတဲ့ တိကျတဲ့လုပ်ငန်း ၃ ရပ်အနက် တစ်ခုအပါအဝင်လည်းဖြစ်ပါတယ်။
ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်သွားလာနေတဲ့ခရီးစဉ်တွေမှာ “အထစ်အငေါ့”တွေ တစ်ခုမဟုတ်တစ်ခု၊ တစ်နေရာ မဟုတ်တစ်နေရာ ကြုံရတတ်ပါတယ်။ နေပြည်တော်မှာဟောပြောဖို့အတွက် နေပြည်တော်ကောင်စီကတားမြစ်လို့၊ ခွင့်ပြုချက် ရှောရှောရှူရှူမပေးလို့၊ ကသိကအောက် ဖြစ်ရတာ၊ ချင်းပြည်နယ်မှာကြုံရတဲ့ တည်းခိုခန်းကိစ္စ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ မီးပုံးပျံကွင်းမှာဟောပြောခွင့် စစ်တပ်က ခွင့်မပြုတာ၊ နမ့်စန်လေယာဉ်ကွင်းမှာ ဆင်းသက်ခွင့်မရတာ စတဲ့ “အထစ်ငေါ့”တွေဟာ အခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ လုပ်ငန်းစဉ်ကြီးနဲ့နှိုင်းယှဉ်လိုက်ရင် မဖြစ်စလောက်ကိစ္စလေးတွေ၊ ပမွှားကိစ္စလေးတွေပါလို့ပြောရင်ရနိုင်ပါလိမ့်မယ်။
ဒါပေမယ့် ဒီလိုဘာမဟုတ်တဲ့၊ ပမွှားကိစ္စလေးတွေမှာတောင် ထစ်ငေါ့နေတာမို့ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကြီးမှာ ချောမွေ့လွယ်ကူဖို့ ဆိုတာ ကံယုံပြီးဆူးပုံနင်းကြည့်ရမယ့် ကိစ္စမျိုးဖြစ်ပါတယ်။
ခရီးစဉ်တွေမှာ လက်တွေ့ကြုံတွေ့နေရတဲ့ “ထစ်ငေါ့မှု”တွေဟာ ပြည်နယ်အာဏာပိုင်/ဒေသအာဏာပိုင်တွေရဲ့ သခင့်အလိုကျ အာဏာပါဝါပြမှု မဟုတ်ဘဲ၊ ကြံ့ဖွံ့အစိုးရနဲ့စစ်တပ်ရဲ့ တိုက်ရိုက်အမိန့်ပေးမှုကြောင့်ဖြစ်ပေါ်လာရတဲ့ “အထက်ကလာတဲ့ ထစ်ငေါ့မှု” တွေဖြစ်တယ်ဆိုတာ ဒီချုပ် ခေါင်းဆောင်များသိရှိသလို၊ ပြည်သူများက နားလည်သဘောပေါက်ကြပါတယ်။
ပြည်တွင်းပြည်ပ မီဒီယာတွေက ကြံ့ဖွံ့ပါတီနဲ့ဒီချုပ်ပါတီအကြား၊ အစိုးရနဲ့ဒီချုပ်ပါတီအကြား၊ စစ်တပ်နဲ့ဒီချုပ်ပါတီအကြား၊  သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား၊ အမတ်ချုပ်ဦးရွှေမန်းနဲ့ဒေါ်အောင်ဆန်းစုကြည်အကြား၊ ကာချုပ်ဗိုလ်မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တမင်သွေးကွဲအောင် သပ်ရှိုသွေးခွဲနေတဲ့မုသာဝါဒရေးသားချက်တွေ၊ လှုံ့ဆော်ဘေးတီးမှုတွေကြောင့် ပေါ်ပေါက်လာရတဲ့ “ထစ်ငေါ့မှု”တွေ မဟုတ်ပါဘူး။
အခုလည်း “ပုဒ်မ ၅၉ (စ) ဖျက်သိမ်းရေးဆန္ဒပြပွဲ”တွေ ပေါ်ပေါက်ခဲ့သလို။  “ပုဒ်မ ၅၉(စ)ဆက်လက်တည်ရှိရေးထောက်ခံဆန္ဒပြပွဲ”တွေကို ကြံ့ဖွံ့ပါတီနဲ့ သူ့ရဲ့လက်အောက်ခံ/သြဇာခံပါတီအစုအဖွဲ့နဲ့ လူပုဂ္ဂိုလ်တချို့က လာမယ့်ဖေဖေါ်ဝါရီလထဲမှာပြုလုပ်ကြလိမ့်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်/ကြားသိနေကြရပါတယ်။
ဒါကြောင့် “၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်မပေးရင် ပြည်သူတွေဘာလုပ်သင့်သလဲ”ဆိုတဲ့ မေးခွန်းအတွက်ရှင်းလင်းတဲ့အဖြေဖြစ်တဲ့ တိကျတဲ့လုပ်ငန်းစဉ်ချမှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ပါတီမှာ တာဝန်ရှိပါတယ်။ ပြည်သူလူထုအင်အားဆိုတာ တိကျတဲ့လုပ်ငန်းစဉ်နဲ့စုစည်းပေးနိုင်မှသာ ရင်ဆိုင်ရမယ့် ဘယ်လိုအခက်အခဲအတားအဆီးတွေကိုမဆို အောင်အောင်မြင်မြင်ကျော်ဖြတ် နိုင်တဲ့ ထုထည်စွမ်းပကားဖြစ်လာမှာပါ။ ဒီလိုစွမ်းပကားမျိုးနဲ့သာ ၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေးကို ချောချောမွေ့မွေ့ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ယခုလက်ရှိ လွှတ်တော်ပြင်ပမှာ ဒေါ်အောင်ဆန်းစုကြည် လှည့်လည်ဟောပြောစည်းရုံးနေရတာဟာ လွှတ်တော်တွင်းတိုက်ပွဲ အတွက် အားဖြည့်နေတာပါ။
“၂ဝဝ၈ အခြေခံဥပဒေကိုပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ ၂ဝ၁၅ ရွေးကောက်ပွဲကို ဝင်ကို - ဝင်မယ်၊ ပုဒ်မ၅၉ (စ) ပြင်မပေးလည်း ဝင်မှာပါ”ဆိုတဲ့ ဒီချုပ်ပြောခွင့်ပုဂ္ဂိုလ်ဦးဉာဏ်ဝင်းမှတဆင့်ပြောခဲ့တဲ့ပြောစကား၊ ရပ်တည်ချက်အတိုင်းဆိုရင်တော့ တိကျတဲ့လုပ်ငန်းစဉ်ချမှတ် ပေးစရာမလိုအပ်ပါဘူး။
“ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ရှိရင် တချို့တွေက ကျွန်မကိုမေးပါတယ်။ တပ်မတော်က မပြောင်းရင် ဘယ့်နှယ့်လုပ်မလဲလို့ မေးကြတာရှိတယ်။ ဘာလုပ်မလဲဆိုတော့ ကျွန်မလူထုအင်အားနဲ့ ပြင်မယ်။ ကျွန်မလူထုအားကို အားကိုးပါတယ်” ဟု ဆိုလျှင် တိကျသောလုပ်ငန်းစဉ်တစ်ရပ် မုချလိုအပ်ပါတယ်။ 


0 comments:

Post a Comment