Friday, January 10, 2014

စတုတ်တိုက်ခြင်း (ကျော်ဇင်မင်း)

0 comments
စတုတ်တိုက်ခြင်း (ကျော်ဇင်မင်း) ၂၀၁၄ ဇန်နဝါရီ(၁)ရက်နေ့ထုတ် အရေးတော်ပုံဂျာနယ် အတွဲ(၁)၊ အမှတ်(၁၂)မှဖြစ်ပါတယ်။
သီအိုရီဆိုတာ လူတယောက်ရဲ့ပုဂ္ဂလိကဘဝ အတွက်ဖြစ်ဖြစ်၊ နိုင်ငံရေးအတွက်ဖြစ်ဖြစ် အရေးကြီးပါတယ်။ လိုလည်းလိုအပ်ပါတယ်။ ဒါပေမယ့်သီအိုရီဆိုတာ အရင်ကြုံတွေ့ဖူးတဲ့အတွေ့ အကြုံကနေ ယေဘုယျပြုပြီးသင်ခန်းစာထုတ် ထားတဲ့ အသိပညာလည်းဖြစ်ပါတယ်။
လက်တွေ့ကတော့ အတွေ့အကြုံသစ်ဖြစ်ပါတယ်။ ရှင်သန်ဆဲအတွေ့အကြုံရှင်ဖြစ်ပါတယ်။ ဒါကြောင့် သီအိုရီနဲ့လက်တွေ့ယှဉ်လာရင် လက်တွေ့ကိုဦးစားပေး စဉ်းစားဖို့လိုပါလိမ့်မယ်။
ဒါပေမယ့် ဒီနေ့ခေတ်မှာ အတွေ့အကြုံဟောင်းကနေထုတ်နုတ်ထားတဲ့သီအိုရီကို လက်တွေ့အတွေ့အကြုံသစ်ရဲ့အထက်မှာထားပြီး စဉ်းစားတတ်ကြတာမျိုးကို မကြာခဏတွေ့လာရတယ်။ ဒါမျိုးဟာ လက်တွေ့ကို သီအိုရီနဲ့စတုတ်တိုက်ပစ်လိုက်တယ်လို့ ဆိုရမယ်ထင်ပါတယ်။
လူတွေ ဒုက္ခကို နဖူးတွေ့ဒူးတွေ့လက်တွေ့ရင်ဆိုင်ကြုံတွေ့နေရတာကို မျက်ဝါးထင်ထင်တွေ့မြင်နေရပါလျှက်နဲ့ ကိုယ်သိထားတဲ့ အတွေးအခေါ်နဲ့မကိုက်ညီတဲ့အခါ အဲဒီလူတွေရဲ့ဒုက္ခတွေကို မျက်နှာလွှဲဥပေက္ခာပြုတတ်ကြတာမျိုးတွေကို ဒီနေ့ခေတ်မှာ တွေ့လာရတယ်။
အဲဒီဥပမာထဲက တချို့ကတော့ လက်ပံတောင်းပြဿနာ၊ မိုးထိမိုးမိပြဿနာတွေ ဖြစ်ပါတယ်။ လက်ပံတောင်းမှာ၊ မိုးထိမိုးမိမှာ လယ်သမားတွေ၊  အလုပ်သမားတွေအကြီးအကျယ်ဒုက္ခရောက်နေကြပါတယ်။ ဒါကို နိုင်ငံရေးသမားတွေသိကြတယ်။ နိုင်ငံရေးသမားတွေအနေနဲ့ ဒုက္ခရောက်နေတဲ့ပြည်သူတွေကို ကူညီဖို့စောင့်ရှောက်ဖို့တာဝန်ရှိတယ်ဆိုတာကိုလည်း သူတို့ဘာသာသိကြတယ်။ အထူးသဖြင့် အင်အားနည်းပါးပြီး အကာအကွယ်ကင်းမဲ့တဲ့ဆင်းရဲသားအလုပ်သမား၊ လယ်သမားတွေကို ပိုပြီးတောင် ကာကွယ်စောင့်ရှောက်ဖို့လိုသေးတယ်။ ဒါကိုလည်း သိကြတယ်။
ဒီလိုသိပေမယ့် လက်ပံတောင်းကိစ္စကို လယ်သမားတွေဘက်က ခုခံကာကွယ်ပေးရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေမလာရဲဘဲ ဖြစ်သွားလိမ့်မယ်။ တိုင်းပြည်တခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုထိခိုက်လိမ့်မယ်လို့ တချို့ကဆိုတယ်။ ဒီလိုအကြောင်းပြချက်နဲ့ လယ်သမားတွေဒုက္ခရောက်တာကိုမျက်ကွယ်ပြု၊ ဥပေက္ခာပြုကြတယ်။ တကယ်တော့ ဒါဟာ လက်တွေ့မျက်တွေ့ ဆင်းရဲဒုက္ခရောက်နေကြတဲ့လူတွေထက် သီအိုရီကိုအတွေးအခေါ်ကို ဦးစားပေးလိုက်တာဖြစ်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအရေးကြီးတယ်ဆိုတဲ့အတွေးအခေါ်နဲ့ ဆင်းရဲသားတွေရဲ့လက်တွေ့ဘဝကို စလုတ်တိုက်ပစ်လိုက်တာဖြစ်တယ်။ ကိုယ့်အတွေးအခေါ်နဲ့မကိုက်ညီလို့ လူတွေ လက်တွေ့ရင်ဆိုင်နေရတဲ့ဆင်းရဲဒုက္ခအကျပ်အတည်းကို ဥပေက္ခာပြုလိုက်တာဖြစ်တယ်။ “ငါ့အတွေးအခေါ်ကသာ မှန်တယ်။ မင်းတို့ခံစားနေရတဲ့ ဒုက္ခက အမှား” လို့ ပြောလိုက်တဲ့ သဘောဖြစ်တယ်။
လူတန်းစားရပ်တည်ချက်အရပြောရရင်  ဆင်းရဲသားလယ်သမားထက် လူချမ်းသာစီးပွားရေးသမားကို ဦးစားပေးလိုက်တာလည်းဖြစ်တယ်။
“စီးပွားရေးသမားတွေလုပ်ငန်းတွေလုပ်ရင် ဆင်းရဲသားတွေကိုအလုပ်အကိုင်ပေးနိုင်လိမ့်မယ်။ ရင်းနှီးမြှုပ်နှံမှုရဲ့အကျိုးကို ဆင်းရဲသားတွေခံစားကြရလိမ့်မယ်။ ဒါကြောင့်  စီးပွားရေးသမားတွေ အလုပ် လုပ်နိုင်အောင် ဆင်းရဲသားတွေက သူတို့ပိုင်တဲ့လယ်မြေအိမ်ရာတွေကို အနစ်နာခံစွန့်လွှတ်ပေးရမယ်”လို့ဆိုနေတာဟာ တကယ်တော့ ရယ်စရာပြက်လုံးတခုလို ဖြစ်နေတယ်။ လူတန်းစားအမြင်ကို လက်မခံ ငြင်းဆန်နေသူတွေရဲ့လက်တွေ့မှာ လူတန်းစားတခုဘက်မှာဘက်လိုက်နေတဲ့ရပ်တည်ချက်ကို အထင်းသားမြင်နေရတာလည်းဖြစ်တယ်။
တချို့ကလည်း ဒါဟာ အမေရိကန်ရဲ့ တရုတ်ဆန့်ကျင်ရေးလုပ်ဆောင်ချက်လို့ ယူဆကြတယ်။ မြန်မာနိုင်ငံမှာ အမေရိကန်က NGO အဖွဲ့တချို့ကို ငွေကြေးထောက်ပံ့ပြီး တရုတ်ဆန့်ကျင်ရေးလိုင်းချပေးတာမျိုးတွေရှိတာတော့ အမှန်ပဲ။ ဒါပေမယ့် လက်ပံတောင်းကိစ္စဟာ အဲသလိုကိစ္စမျိုးမဟုတ်ဘူး။ လယ်သမားတွေရဲ့တကယ့်ဘဝပြဿနာ စစ်စစ် ဖြစ်တယ်။ NGO တချို့ရဲ့တရုတ်ပိုက်လိုင်းဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ယှဉ်ထိုးကြည့်ရင် အနှစ်သာရချင်းမတူတာကို တွေ့နိုင်တယ်။
လက်ပံတောင်းပြဿနာကို တရုတ်က မကြိုက်သလို အမေရိကန်ကလည်း အားမပေးဘူး။ အစိုးရက တုတ်နဲ့ရိုက်၊ သေနတ်နဲ့ပစ်၊ မီးလောင်ဗုံးနဲ့ဖိနှိပ်တယ်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရဘက်က ရပ်တယ်။ အားလုံးခြုံကြည့်လိုက်ရင် လက်ပံတောင်းပြဿနာဟာ တရုတ်၊ အမေရိကန်၊ အစိုးရ၊ အတိုက်အခံ အားလုံးကဝိုင်းနှိမ်နေကြတဲ့ကြားက ငြိမ်ဝပ်ပိပြားမသွားဘဲ ရုန်းကန်တိုက်ပွဲဝင်နေကြတာဖြစ်တယ်။
ဘာကြောင့် ဒီလောက် အင်အားကြီးတွေကဝိုင်းနှိမ်နေတဲ့ကြားက ငြိမ်မသွားသလဲ။ ဘာကြောင့် အလျှော့မပေးကြသလဲ။ အလေးအနက် စဉ်းစားသင့်တယ်။ လယ်သမားတွေခေါင်းမာလို့ ရန်ကုန်ကလူတွေမြှောက်ပေးနေလို့ လို့ ကောက်ချက်လွယ်လွယ်ချရင် မှားပါလိမ့်မယ်။ ပိုက်လိုင်းကိစ္စမှာ ငွေအား၊ လူအား အများအပြားနဲ့ အားပေးအားမြှောက်လုပ်နေသူတွေ လှုံ့ဆော်နေသူတွေရှိတယ်။ လှုပ်မလာဘူး။ လက်ပံတောင်းကိစ္စမှာတော့ အားလုံးဝိုင်းနှိမ်၊ ဝိုင်းဖိနှိပ်နေကြတဲ့ကြားထဲက ဝပ်မသွားဘူး။ ဘာ့ကြောင့်လဲ။
ဒါကို အလေးအနက်စဉ်းစားသင့်တယ်။ ဒီဖြစ်စဉ်နှစ်ရပ်ကိုနှိုင်းယှဉ်ကြည့်ရင် လယ်သမားတွေမှာ တကယ်ကြုံတွေ့ခံစားနေရတာမရှိရင် ဘယ်သူမြှောက်ပေးလို့မှ မရနိုင်တာကိုတွေ့ရမှာဖြစ်သလို တကယ်ကြုံတွေ့ခံစားနေရရင် ဘယ်လိုဖိဖိ ဖိတိုင်းပြားမသွားဘူးဆိုတာလည်း တွေ့ရလိမ့်မယ်။ အားလုံး ဝိုင်းဖိကြတဲ့ကြားက လယ်သမားတွေ ငြိမ်မသွား ပိမသွားတာဟာ သူတို့မှာရွေးချယ်စရာ တခြားလမ်းမရှိလို့၊ သူတို့မှာ ထွက်ပေါက်မရှိလို့ဆိုတာကို နားလည်သင့်တယ်။ သူတို့မှာ ပြေးစရာ မြေ မရှိဘူး။
နောက်တချက်က လယ်သမားဆိုတာ မြေကို သူများထက်ချစ်တတ်တယ်။ မြေကိုတန်ဖိုးထားတတ်တယ်။ လယ်သမားလူတန်းစားရဲ့ စရိုက်သဘာဝဟာ သမရိုးကျ ဆန်တယ်။ အစဉ်အလာကို ချစ်မြတ်နိုးတယ်။ ထိန်းသိမ်းတန်ဖိုးထားတတ်တယ်။ ကိုယ့်ဒေသကိုယ် တွယ်တာတယ်။ ပြောင်းရရွှေ့ရမှာကို အင်မတန်ဝန်လေးတယ်။ ကိုယ့်နေရာ ကိုယ့်ဒေသကနေပြောင်းရွှေ့ရမှာ၊ အထူးသဖြင့် ကိုယ့်အသက်မွေးဝမ်းကြောင်းလယ်သမားဘဝကို စွန့်လွှတ်ပြောင်းလဲရမှာကို ဘဝပျက်သလိုပဲခံစားရတယ်။ လယ်သမားဘဝဆိုတာ လွယ်လွယ်နဲ့မဖြစ်နိုင်သလို လွယ်လွယ်နဲ့လည်း စွန့်လွှတ်လို့ရတဲ့အရာမဟုတ်ဘူး။ အစိုးရရော၊ ဒေါ်အောင်ဆန်းစုကြည်ရော၊ နိုင်ငံရေးသမားနဲ့ အနုပညာသမားတွေရော ဒီအချက်တွေကိုထည့်သွင်းစဉ်းစားသင့်တယ်။ ဒါတွေကိုမစဉ်းစားဘဲ ဖိလိုက်ရင်ငြိမ်သွားမှာပါလို့ လွယ်လွယ် စဉ်းစားပုံမျိုးနဲ့မပြေလည်နိုင်ဘူး။ ဆင်းရဲသားတွေ ဘယ်လောက်ကြာရှည် ဇွဲကောင်းနိုင်မှာလဲ၊ နောက်ဆုံးတော့ ငြိမ်သွားမှာပါလို့လည်း လွယ်လွယ်မတွေးသင့်ဘူး။ လက်ပံတောင်းပြဿနာဟာ ဒီလောက်မလွယ်ဘူး။
မိုးထိမိုးမိ ပြဿနာဟာလည်း အလားတူပြဿနာပဲ။ ဆင်းရဲသားအလုပ်သမားတွေ၊ လုပ်ငန်းရှင်အသေးစားတွေ အခက်အခဲအကျပ်အတည်း ကြီးကြီးမားမားကြုံတွေ့နေတာကို အစိုးရအာဏာပိုင်တွေသိရက်နဲ့ ကြံဖော်ကြံဖက်ခရိုနီကုမ္ပဏီဘက်ကိုပင်းနေတာ အထင်းသား မြင်နေရ တယ်။ ရေပေါ်ဆီအချင်းချင်း ဝံသာနုနေလို့မပြီးဘူး။ ဒီလိုနည်းနဲ့ဆက်သွားနေရင် အစိုးရရဲ့နိုင်ငံရေးစီမံကိန်းတခုလုံးကို အလုပ်သမားအရေး လယ်သမားအရေးတွေက ခြိမ်းခြောက်လာနိုင်တယ်ဆိုတဲ့အချက်ကို အုပ်ချုပ်သူတွေသဘောပေါက်နားလည်ပြီး အလုပ်သမားတွေအတွက် သင့်တော်မယ့်အခွင့်အရေးတွေပေးဖို့ စဉ်းစားသင့်တယ်။
လူတွေကို လူတွေလို့စဉ်းစားကြဖို့ အရေးကြီးတယ်။ လူတွေ မတရားခံစားနေရရင် အဲဒီနစ်နာမှုကိုထည့်သွင်းစဉ်းစားကြဖို့ အရေးကြီးတယ်။ အပေါက်အဝိုင်းထဲကို ပစ္စည်းအဝိုင်းထည့်မှ အံဝင်ခွင်ကျဖြစ်မယ်။ အပေါက်လေးထောင့်ထဲကို ပစ္စည်းလေးထောင့်ထည့်မှအံဝင်ခွင်ကျ ဖြစ်မယ်။ ဒါပေမယ့် လူဆိုတာပစ္စည်းမဟုတ်ဘူး။ လူကို ကိုယ်လုပ်ထားတဲ့ဘောင်ထဲ အံဝင်အောင်ဇွတ်ဖိထည့်လို့မရဘူး။
နိုင်ငံရေးသမားတွေအနေနဲ့ အဓိကစံထားစံပြုသင့်တဲ့အရာဟာလည်း ပြည်သူလူထုအများသာဖြစ်သင့်တယ်။ ဆင်းရဲသားအဖိနှိပ်ခံ ပြည်သူတွေသာဖြစ်သင့်တယ်။ ကိုယ့်ရှေ့မှာ လူတွေ မတန်တဆဒုက္ခခံစားနေရရင် အဲဒီဒုက္ခခံစားနေရသူဘက်မှာ ပြတ်ပြတ်သားသားနဲ့ လိပ်ပြာသန့်သန့်ရပ်တည်လိုက်ဖို့ ရပ်တည်ရဲဖို့သင့်တယ်။ လူတွေဒုက္ခခံနေရတာကိုမြင်တွေ့နေပါလျှက်နဲ့ ကိုယ်ဖတ်ထားတဲ့စာအုပ်နဲ့ ကိုက်မကိုက် ပြန်ချိန်ကိုက်နေဖို့မသင့်ဘူး။ အဲသလိုချိန်ကိုက်နေတဲ့နည်းဟာ စာအုပ်ကြီးနည်း၊ လူကို သီအိုရီနဲ့ စတုတ်တိုက်တဲ့နည်း ဖြစ်နေမှာပဲ။
ကိုယ့်ရှေ့မှာ ကိုယ့်ပြည်သူပြည်သား ဆင်းရဲသားလယ်သမားတွေ ဒုက္ခခံစားနေရတာကိုမြင်ပါလျှက်နဲ့ အမေရိကန်ကြိုက်ပါ့မလား၊ တရုတ်ကြိုက်ပါ့မလား၊ ဦးသိန်းစိန်ကြိုက်ပါ့မလား၊ ဒေါ်စ ကြိုက်ပါ့မလားဆိုပြီး တွေးတောတွေဝေနေရင်လည်း ထက်မြက်တဲ့၊
အမှန်တရားကိုချစ်မြတ်နိုးတဲ့နိုင်ငံရေးသမားကောင်းတယောက် ဖြစ်နိုင်မှာမဟုတ်ဘူး။ ပြည်သူတွေဒုက္ခရောက်နေရင် အမေရိကန် ကြိုက်ကြိုက် မကြိုက်ကြိုက်၊ တရုတ်ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ဦးသိန်းစိန်ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ဒေါ်စုကြိုက်ကြိုက် မကြိုက်ကြိုက် ပြည်သူ့ဘက် ဆင်းရဲသားဘက်ကရပ်တည်ရမှာပဲ။
အစိုးရအုပ်ချုပ်သူတွေအနေနဲ့လည်း လူကို ပေါ်လစီနဲ့တိုက်စစ်ပြီး ပေါ်လစီနဲ့မကိုက်ညီတဲ့လူ ဖျက်ဆီးနင်းခြေခံရမှာပဲလို့ ငါတကော ကောတဲ့နည်း၊ ငါသာအမှန်တရားဆိုတဲ့နည်းနဲ့ မစဉ်းစားအပ်ဘူး။ ဒီလိုစဉ်းစားမှုမျိုးတွေကျင့်သုံးရင် မလိုလားအပ်တဲ့အကျိုးဆက်တွေ ထွက်ပေါ်လာလိမ့်မယ်။ ‘ပစ်ထားလိုက်ပါ၊ မခံနိုင်တဲ့အဆုံးမှာ သူတို့ငြိမ်သွားကြမှာပေါ့ကွာ’လို့ လွယ်လွယ်တွေးပြီးအလျှော့မပေးရင်၊ ကိုယ့်ပေါ်လစီ ကိုယ့်သီအိုရီကိုပုံသေကိုင်ပြီး အမြင်ကျဉ်းကျဉ်းနဲ့စဉ်းစားရင် တနိုင်ငံလုံးက လယ်သမား၊ အလုပ်သမားတွေရဲ့ယုံကြည်မှုကင်းမဲ့ စိတ်ပျက်မှုကိုခံလာရလိမ့်မယ်။ လယ်သမားအလုပ်သမားပြည်သူအများရဲ့ထောက်ခံမှုမရရင် ဘယ်လိုအစိုးရမျိုးမှ မအောင်မြင်၊ မရှင်သန် နိုင်ဘူး။ လူထုကို အင် မတန်ညှဉ်းပန်းနှိပ်စက်တတ်တဲ့ အရင်စစ်အာဏာရှင်လိုအစိုးရမျိုးတောင် လူထုထောက်ခံမှုရဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားရသေးတာပဲ။ နိုင်ငံတကာနဲ့ အများပြည်သူရဲ့ယုံကြည်မှုကို ကြိုးစားမွေးမြူနေတဲ့ လက်ရှိ စစ်အသွင်ပြောင်းအစိုးရမျိုးမှာ လယ်သမား အလုပ်သမားရဲ့ထောက်ခံမှုဟာ မရှိမဖြစ်အရေးကြီးတယ်။
ဒီမိုကရေစီအစစ်ဆိုတာ ထားလိုက်ဦး၊ ၂၀ဝ၈ ဒီမိုကရေစီအမျိုးအစားကိုတောင် လယ်သမား အလုပ်သမားထောက်ခံမှုမပါဘဲ တည်ထောင်လို့ မရနိုင်ဘူး။
ဒါကြောင့် ၂၀ဝ၈ အခြေခံဥပဒေထီးကို မိုးပြီး စစ်တပ်အရိပ်အောက်မှာ ဒီမိုကရေစီထူထောင်နေချင်ကြတဲ့ အစိုးရနဲ့အတိုက်အခံဆိုသူတွေဟာ လယ်သမားတွေ အလုပ်သမားတွေအတွက် ဘဝမပျက်လောက်တဲ့အဖြေကို ပူးပေါင်းရှာဖွေကြဖို့ သင့်တယ်။ လယ်သမားတွေအတွက်၊ အလုပ်သမားတွေအတွက် အဖြေမရှာနိုင်ဘဲ ပြည်တွင်းပြည်ပစီးပွားရေးသမားတွေအတွက်လောက်ကိုပဲ စဉ်းစားတွေးတောနေရင် တနိုင်ငံလုံးက အလုပ်သမား လယ်သမားအားလုံးရဲ့ယုံကြည်မှုတွေ ပျက်စီးလိမ့်မယ်။ အစိုးရနဲ့အတိုက်အခံတွေမက်နေတဲ့ ပြုပြင်ပြောင်းလဲရေး အိပ်မက်တွေ မုချပျက်စီးရလိမ့်မယ်။ လယ်သမားအလုပ်သမားကို ဥပေက္ခာပြုထားပြီး စီးပွားရေးသမားတွေနဲ့ ဒီမိုကရေစီထူထောင်မယ်ဆိုတဲ့ အိပ်မက်ဟာ ဗမာပြည်မှာ ရေရှည်မရှင်သန်နိုင်ဘူး။ ဒါကြောင့် လက်ပံတောင်းအရေး၊ မိုးထိမိုးမိအရေးတွေမှာ အတိုက်အခံတွေ တွေဝေ မနေကြပါနဲ့။ သံသယကင်းကင်း အမြင်ရှင်းရှင်းနဲ့ ထောက်ခံကူညီပေးကြစေချင်တယ်။ အစိုးရနဲ့လွှတ်တော်အမတ်ဆိုသူတွေလည်း မာနကြီးတခွဲသားနဲ့ ကပ်မနေကြပါနဲ့။ လယ်သမား အလုပ်သမားတွေအသက်ရှူချောင်လောက်အောင် သဘောထားကြီးကြီးနဲ့ ဖြေရှင်းပေးလိုက်ကြတာဟာ အားလုံးအတွက်အကောင်းဆုံးထွက်ပေါက်ဖြစ်မယ်လို့ သတိပေးတိုက်တွန်းချင်ပါတယ်။


0 comments:

Post a Comment