Wednesday, October 31, 2018

ကာမဟာ လိမ်လည်သတဲ့(မျိုးမြင့်ချို)

0 comments

(ကာမဟာ လိမ်လည်သတဲ့)
အသက်လည်းပြည့်ပြီးပြီ၊ စိတ်အခြေအနေကလည်း မူမှန်၊ လက်မထပ်ပဲ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ကိုယ်နေချင်သူနဲ့ အတူနေတယ်၊ နောက်အကြောင်းတခုခုကြောင့် လက်မထပ်(မယူ)ဖြစ်ကြဘူး၊ အဲ့ဒီအခါ ကာမလိမ်လည်မှုဆိုပြီး တရားထစွဲတယ်၊ ပြဿနာအတော်ရှုပ် ဇာတ်အတော်ရှုပ်တဲ့ပြည်ပါ့လား။

အသက်မပြည့်သေးလို့၊ ကျပ်မပြည့်လို့၊ ရူးနေလို့၊ ကိုယ်လက်အင်္ဂါမသွမ်းစွမ်းမို့ တဘက်လူက အဲ့သလိုလုပ်လို့ တရားစွဲတာက တမျိုး။ ခုဟာက ၂ ဦးသဘောတူ၊ ၂ ဦးအလိုတူ၊ မူမှန်စိတ်အခြေအနေ၊ ရုပ်အခြေအနေ၊ အသက်အရွယ်ရောက်ပြီးသားတွေ ဖြစ်နေကြတာ။

ကာမလိမ်လည်တယ်ပြောရအောင် သူငယ်နှပ်စားဖြစ်နေလို့လားဆိုတော့လည်း မဟုတ်ဘူး။ ဆင်းရဲနွမ်းပါသူမို့ မျက်နှာမွဲမို့၊ နင်းပြားမို့ ဓနအင်အား အာဏာအင်အားသုံးပြီး အဓမ္မကာမ အယူခံခဲ့တာလားဆိုတော့လည်း မဟုတ်ဘူး။ အလိုမတူပဲ တဘက်သတ်အကျင့်ကြံခံရတာလားဆိုတော့လည်း မဟုတ်ဘူး။ ၂ ယောက်သား ကောင်းနေတုန်းကတော့ ဘာသံမှထွက်မလာကြဘူး၊ ဘေးလူအသိတောင်မခံဘူး။ နောက် ပြဿနာတက်တော့မှ မှန်းချက်နဲ့နှမ်းထွက် မကိုက်တော့မှ၊ ထင်သလောက် မပေါက်တော့မှ ကာမလိမ်လည်တယ်ဆိုပြီး မျက်နှာပြောင်တိုက်ထွက်လာကြတာ အံ့စရာပဲ။

အဲ့လိုလူဟာ မိမိကိုယ့်ကိုယ် လူကိုလူလို့မမြင်နိုင်စွမ်းသူပဲ။ လူလောက် ဆင်ခြင်တုံတရားနဲ့ အသိညာဏ်မရှိသူပါလို့ မိမိကိုယ်ကိုယ်ဖော်ပြဝန်ခံသူပဲ။ ကိုယ့်ကိုယ်ကို မသိနားမလည်သူလိုလို ရိုးအသူလိုလိုပုံဖော်ပြီး ကလိန်စေ့ငြမ်းဆင်သူပဲ။

ဒါကို ဘယ်လိုဥပဒေ ဘယ်လိုစီရင်ထုံးတွေနဲ့ ဘယ်လိုတွေပြဌာန်းပြီး ဘယ်လိုလူစားတွေက တရားစီရင်နေတာတုန်း။ အဲ့ဥပဒေပြဌာန်းသူ၊ စီရင်သူတွေကိုခွင့်ပြုထားတဲ့ လူ့အဖွဲ့အစည်းကရော ဘယ်လို လူ့အဖွဲ့အစည်းလဲ။

မိန်းမကို လူနေရာ၊ လူ့အဆင့်အတန်းမပေးဘဲ မိန်းမဟာလူလို လူလောက်ဆင်ခြင်တုံတရားမရှိ၊ လူလောက် မတွေးခေါ် မဆုံးဖြတ်နိုင်သူလို့ သတ်မှတ်ထားတဲ့လူ့အဖွဲ့အစည်းပဲ။

အဲ့ဒီလိုမျိုးလူ့အဖွဲ့အစည်းတွေမှာ မိန်းမတွေ တန်းတူအခွင့်အရေးမရတာလည်း မပြောနဲ့။ သူတို့ကိုယ်တိုင်က ကျမတို့ခန္ဓာကို ကျမတို့မပိုင်ပါရှင့်၊ ကျမတို့ခန္ဓကိုယ်အရေးကို တခြားလူတွေက ပြဌာန်းပေးပါရှင့်၊ ကျမတို့ လိင်မှုကိစ္စကို အရပ်က ဆုံးဖြတ်ကြပါရှင့်၊ ကျမတို့ဟာ ပြဌာန်းခံဘဝတွေကိုပဲ မက်ပါတယ်ရှင့်လို့ မပြောရုံတမယ်နေကြတာမဟုတ်လား။

ဒီတော့ လူတွေတင်မကဘူး ဘုန်းကြီးဆိုတဲ့ သင်္ကန်းခြုံဦးပြည်းတွေကပါ သံဃာစင်ပေါ်ကဆင်း မိန်းမပေါင်ခြံကြားထဲဝင်ပြီး မျိုးစောင့်ဥပဒေပြဌာန်းတာပါကြည်ဖြူဖြူ မဖြူဖြူခံလိုက်ရတော့တာပဲ။ ဘာဆန်းမလဲ။
မျိုးမြင့်ချို(အောက်တိုဘာ ၃ဝ၊ ၂ဝ၁၈)

စာကောင်းပေကောင်း(ဇေယျ)

0 comments
စာကောင်းပေကောင်း(ဇေယျ)
ဆရာ၊ ဆရာဖတ်ခဲ့ဖူးတဲ့စာများအနက် ဘယ်စာဟာ အကောင်းဆုံးလို့ထင်သလဲဟု လေးငါးကြိမ်ဆိုသလို အမေးခံရဖူးပေသည်။ အချို့မှာ စာစကားပေစကားပြောရင်း စကားစပ်မိ၍ မေးကြခြင်းဖြစ်၏။ အချို့မှာ တကယ်ပင်သိချင်၍ တွေးတွေးဆဆ မေးကြခြင်းဖြစ်သည်။

ကမ္ဘာ့စာပေသမိုင်းကိုကြည့်လျှင် ဤအမေးသည် အသစ်မဟုတ်ချေ။ ခေတ်အဆက်ဆက် ဤအမေးမျိုးကိုမေးခဲ့ကြသည်။
ဤသို့သောအမေးမျိုးရှိခြင်းကြောင့် ကမ္ဘာပေါ် အရပ်ရပ်၊ ဘာသာစကားအသီးသီးတို့၌ ပညာရှိတစ်ဦးတည်းဖြစ်စေ၊ ပညာရှိအများဖြစ်စေ၊ ဝိုင်းဝန်း၍ စုဆောင်းညွှန်ပြသွားသော စာစုပေါင်း များစွာပင်ရှိပေသည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံ၌မူကား ဤကဲ့သို့သောစာစုများ မရှိသေးချေ။ စာပေကို လူတိုင်းစေ့ အားတိုက်ခွန်တိုက် အရေးတယူပြု၍ လိုက်စားလေ့လာကြသည်မှာ မကြာလှသေးဖြစ်၍ ဤစာစုမျိုး မပေါ်မထွက်သေး ဖြစ်လေသည်။ စာပေလိုက်စားမှု တော်တော်ကလေးဝါရင့်လာသောအခါမူကား စာစုများ ရွေးချယ်ပြုလုပ်ပေးမည့် ဆရာ့ဆရာများ ပေါ်လာကြမည်ဖြစ်ပေသည်။

ဥရောပတိုက်၊ ပြင်သစ်၊ အီတလီ၊ အမေရိကန်၊ အင်္ဂလိပ် စသော အနောက်နိုင်ငံများ၌မူကား ၎င်းတို့ ဘာသာစာပေများသာ မဟုတ်၊ ကမ္ဘာ့စာပေများကိုပင် ခြုံ၍ အကောင်းဆုံးစာစုများဟုသမုတ်ပြီးလျှင် တစ်စုတစ်ရုံးတည်း ပြုစုထားကြပြီး ဖြစ်သည်။ အမေရိကန်ပြည်မှ ဟာဘဒ်ကလပ်ဆစ်ခေါ် ကျမ်းပေါင်း ၁ဝဝ ပါသည့်စာစုမှာ တစ်ကမ္ဘာလုံးစာပေများမှ လူတစ်ယောက်အတွက် အကောင်းဆုံးစာများကို စုရုံးပေးထားသည်ဟု ဆိုလေသည်။ အင်္ဂလန်ပြည်မှာလည်း အဲဗရီးမင်း-လိုက်ဘရာရီ၊ ဟုမ်းယူနီဗာစီတီ-လိုက်ဘရာရီ၊ ဝါလ်ဒ်-ကလပ်ဆစ် စသော စာစုများကား ဤသဘောမျိုးပါရှိသောစာစုများပင် ဖြစ်ပေသည်။ ထိုမှတပါး ထင်ရှားသောပညာရှိကြီး၊ ထင်ရှားသောစာရေးဆရာကြီး၊ ထင်ရှားသောပါမောက္ခကြီး၊ ထင်ရှားသောခေါင်းဆောင်ကြီး စသည်တို့က အသီးသီးရွေးချယ်၍ အကောင်းဆုံးစာစုဟုသမုတ်ခဲ့သော အကောင်းဆုံးစာ ၁ဝ အုပ်၊ အကောင်းဆုံးစာ ၅ အုပ် စသည်များလည်း ရှိပေသည်။

ကျွန်တော်သည် အသက် ၁၇ နှစ်သား အရွယ်လောက်ကစ၍ မြန်မာစာရော၊ အင်္ဂလိပ်စာပါ အဆက်မပြတ်ဖတ်ခဲ့ပေသည်။ ယခုအခါ စာဖတ်အသက် နှစ်ပေါင်း ၄ဝ ခန့် ရှိပေပြီ၊ ထိုနှစ်ပေါင်း ၄ဝ ခန့်အတွင်း တော်တော်များများ ဖတ်ခဲ့ဖူး၏။ ယခုလည်း စာဖတ် မရပ်သေး။ တစ်ဖက်တွင် အင်္ဂလိပ်ရာဇဝင်ဆရာကြီး တွိုင်းဘီရေးသား၍ နောက်ဆုံးပေါ်ဖြစ်သော ရာဇဝင်လေ့လာချက်ဟူသော ကမ္ဘာ့ယဉ်ကျေးမှု သမိုင်းကြီးကို ဖတ်လျက်ရှိ၏။ ၎င်းမှာ တစ်အုပ်လျှင် စာမျက်နှာ သုံးလေးရာပါသော အတွဲပေါင်း ၁ဝ တွဲရှိ၏။ တစ်ခါတည်း တောက်လျှောက် မဖတ်နိုင်၊ အချိန်ရခိုက် နည်းနည်းစီ ဖတ်၏။ နားလည်သယောင်ယောင် ရှိ၏။ သို့သော် ဘယ်မျှအထိနားလည်မည်ကိုကား မသိရသေးပေ။ တစ်ဖက်သော် ဆရာတော်ဦးဗုဓ် စီရင်ရေးသားခဲ့သော သဒ္ဒနီတီ နိဿယပဒမာလာကျမ်းကို ဖတ်ရှုလျက်ရှိ၏။ ကျွန်တော်သည် ပါဠိဘာသာကို အခြေရရ လေ့လာဆည်းပူးခဲ့ရသူ မဟုတ်။ တိတိကျကျ မရှိ၊ ထမင်းစားရေသောက် ဆိုသလောက်သာ သိ၏။ ထို့ကြောင့် ထိုကျမ်းကြီးကို ဖတ်ရာ၌ ဆယ်ဖို့တစ်ဖို့လောက်သာ နားလည်နိုင်မည်ထင်ရ၏။ သို့ နားမလည်သလောက်ရှိသော်လည်း ထိုကျမ်းကြီးကိုဖတ်ရသည်မှာ စိတ်၌ အလွန်ပျော်ရွှင်၏။ နားမလည်လှသည်ကိုပင် ဖတ်၍မငြီး ဖြစ်၏။ စိတ်ဝင်စားနိုင်၏။ ယခုနေအခါတွင် လူတစ်ဦးတစ်ယောက်က ဆရာ ဘယ်စာ အကောင်းဆုံးလဲဟုမေးလာလျှင် ထိုကျမ်းကြီးကို လက်ညှိုးထိုးပြမိမည် အမှန်ဖြစ်၏။

တစ်ခါ ဤသို့ လက်ညှိုးထိုး၍ ပြခဲ့ဖူးပေသည်။ စာရေးဆရာမူကား မဟုတ်။ သို့သော် စာပေ၌ အလွန်ဝါသနာပါသော လူရွယ်တစ်ယောက်သည် စာပေစကားပြောကြားရင်း ဆရာ ကျွန်တော် ဗမာစာကို နိုင်နိုင်နင်းနင်းရေးတတ်ချင်တယ်…ရေးတတ်ချင် ရေးပေါ့။ ရေးတော့ ရေးတာပဲ။ နို့ပေမဲ့ ဒီစကားသုံး မှန်ပါ့မလား။ ဒီလိုစရင် ကောင်းပါ့မလား။ ဒီလို ဝါကျဆင်လိုက်ရင် လှပါ့မလားနဲ့ ဇဝေဇဝါဖြစ်မနေချင်ဘူး။ ဆရာကြီးများလို နိုင်နိုင်နင်းနင်းကြီး ရေးတတ်ချင်တယ်။ ဆရာတို့ကော စာရေးခါစက ဒီလိုဖြစ်ခဲ့ဖူးသလား၊ နိုင်နိုင်နင်းနင်းရေးနိုင်အောင် ဘယ်လို လေ့လာကြ သလဲ။ ဒီလိုတော့ မဖြစ်ခဲ့ဖူးဘူး။ ရေးချင်တာ လျှောက်ရေးလိုက်တာပဲ။ လေ့လာခဲ့တယ်လို့လည်း မရှိခဲ့ဘူး။ နို့ပေမဲ့ တစ်ခုတော့ရှိတယ်။ စာတွေတော့ သိပ်ဖတ်ခဲ့တာပဲ။ နှုတ်လွန် အာဂုံဆောင်ခဲ့တာတွေလည်း ဆောင်ခဲ့တာပဲ။ အာဂုံဆောင်တာထက် ဖတ်တာကများတယ်။ စာဖတ်နာလွန်းတော့ မရေးခင်ကပဲ နိုင်နင်းသလိုလိုဖြစ်နေတယ်။ ဒီတော့ ဆရာ့ကိုယ်တွေ့နဲ့ အကြံတစ်ခု ပေးချင်တယ်။ မြန်မာစာကို ရေးတော့ မြန်မာမှုဗဟုသုတ တော်တော်ကလေးရထားမှ ကောင်းတယ်။ မြန်မာစာတွေ နာနာ ဖတ်ပေးပေါ့။ ဘယ်လို စာအုပ်မျိုးဖတ်ရမလဲ ဆရာ။ လောကီရော၊ လောကုတ္တရာရော ပေါ့ကွာ။ လောကီဆိုတာတော့ ပျို့၊ ကဗျာ ရာဇဝင်တွေပေါ့။ လောကုတ္တရာဆိုတာကတော့ ဘုရား၊ တရားနဲ့စပ်တဲ့ စာတွေပေါ့။ မင်းတို့ အင်္ဂလိပ်စာအရေးအသားမှာ ခရစ်ယာန်သမ္မာကျမ်းကြီးကလာတဲ့ ဥပမာ ဥပမေယျ သဘောသကန်တွေ။ ဂရိတ်ဘာသာ၊ လက်တင်ဘာသာ၊ ပြင်သစ်ဘာသာတွေမှာပါတဲ့ စကားအသုံးအနှုန်းတွေပါဝင်သလို တို့မြန်မာ အစဉ်အလာအတွေးအခေါ် အရေးအသားမှာလည်း ပါဠိဘာသာမှာပါတဲ့ အတွေးအခေါ်တွေ ဥပမာ ဥပမေယျတွေ၊ ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း စသည်တို့မှာ ပါတဲ့ အခေါ်အဝေါ်တွေ၊ ကဗျာ၊ လင်္ကာ ရာဇဝင်တွေမှာပါတဲ့ စကားလှ စကားချော၊ စကားလုံးပြောင်ပြောင်ကလေးတွေ၊ ပေါရာဏခေါ်တဲ့ ရှေးစကားဟောင်းတွေ၊ ပေါရာဏ မဟုတ်ပေမဲ့ ခုခေတ်မှာ အသုံးနည်းတဲ့ ဒေသန္တရဝေါဟာရတွေ ပါနေတယ်။ ဒါတွေကို ကျွမ်းကျင်မှ ပိုင်ပိုင်နိုင်နိုင်ရှိတယ်။ နာနာဖတ်ပေးပေါ့။

ဟာ ဒီလောက် များများကြီးဖတ်ဖို့ အချိန်မရှိဘူး ဆရာ။ ခပ်တိုတိုနဲ့ပြီးနိုင်အောင် စီရင်ထားတဲ့ ကျမ်းများ မရှိဘူးလားဆရာ။ ဤအမေး ထွက်လာသောအခါ ကျွန်တော် မကြာမီကမှကြည့်ပြီးသော ကျမ်းသုံးကျမ်းကို သွား၍သတိရလေသည်။ ၎င်းတို့ကား စွယ်စုံကျော်ထင်ကျမ်း၊ သမန္တစက္ခုဒီပနီနှင့် ကဝိလက္ခဏဒီပနီတို့ ဖြစ်၏။ မြန်မာစာပေ၌ ထင်ရှားသောကျမ်းများ ဖြစ်၏။ ကျွန်တော်မူကား မြန်မာစာမှု ဗဟုသုတ အတွက် လက်စွဲထား၏။ အထပ်ထပ် အပြန်ပြန်ဖတ်၏။ လေ့လာ၏။ သုံးသပ်၏။ ပါဠိပါဌ်သား များစွာ မပါ၊ မြန်မာစကားပြေသက်သက်ဖြင့် သန့်ရှင်းစွာ ရေးသားထား၏။ ပါရှိသမျှသော ပါဠိပါဌ်သားများလည်း ဆရာကြီးများက ပါဠိမတတ်သူတို့ အသင့်လွယ်ကူ နားလည်လွယ်အောင် အနက်ရောအဓိပ္ပါယ်ပါ ပြထား၏။ အလွန် ဖတ်၍ ကောင်း၏။ စိတ်ပျော်၏။ စိတ်ရှင်း၏။ ကိုင်မိလျှင် လက်က မချချင်အောင် ကောင်းလှ၏။ ဘယ်နှစ်ကြိမ် ဖတ်ဖတ်၊ ကျွန်တော့်အတွက် ရိုးသည် မရှိ၊ ဗဟုသုတ အသစ် တစ်ခုခု ရ၏။ ဤသုံးကျမ်းကိုကျေပွန်လျှင် မြန်မာမှုဗဟုသုတ၌ သုံးလောက်အောင်ပြည့်စုံပြီဟု သဘောရ၏။ သို့လျှင် ကျွန်တော်သည် ထိုသူအား အဆိုပါသုံးကျမ်းကိုလေ့လာရန် အကြံပေး တိုက်တွန်း၏။ အားလုံးကိုမဖတ်နိုင်သော်မှ စွယ်စုံကျော်ထင် ကျမ်းတစ်ကျမ်းတော့ ဖတ်ပါ၊ သိပ် မရှားပါဘူး၊ ဘယ်ဆီသွားငှားငှား ရနိုင်တယ်။ သို့သော် ကိုယ်ပိုင်ဝယ်ထားတာက ကောင်းတယ်၊ သူတစ်ပါးဆီကငှားထားတော့ အချိန်တန် ပြန်ပေးရလိမ့်မယ်။ ကိုယ်ပိုင်ဆိုတော့ ဖတ်ချင်သလောက် ဖတ်၊ မှတ်ချင်သလောက်မှတ်ဟုပြောရာ ထိုသူလည်း ကောင်းပါပြီဆရာ၊ ကျွန်တော် ကိုယ်ပိုင်ဝယ်ပြီး လေ့လာပါမယ်ဟု ဝန်ခံသွားလေသည်။

သုံးလလောက်ကြ၍ တွေ့ကြပြန်သောအခါ ကျွန်တော်က ဟေ့ မောင်ရင်ရေ ဆရာပြောလိုက်တဲ့ စွယ်စုံကျော်ထင်ကို လေ့လာဖြစ်ကဲ့လား။
ဟာ ဆရာ ပြောလိုက်တဲ့နေ့ကပဲ ကျွန်တော် ချက်ခြင်း ပြေးတာပဲ။ တော်တော်ကလေး ခရီးရောက်ကဲ့လား။ ပျင်းစရာကြီးပါလား ဆရာ၊ ဘာတွေမှန်းလဲ မသိဘူး၊ အထင်ကြီးသလောက် မဟန်ပါဘူးဆရာဟု ပြန်ပြောသံကို ကြားလိုက်ရ၏။

၎င်းနောက် ဘယ်စာ အကောင်းဆုံးလဲဆရာဟု မေးလှာသူတွေ့တိုင်း ယခင်လူ၏ဆုံးဖြတ်ချက်ကို သွား၍ သတိရမိလေသည်။ အမှန်ကား ဘယ်စာအကောင်းဆုံးလဲဟူသောအမေးသည် လောက၌ မရှိချေ။ အကြောင်းသော်ကား ထိုအမေးအတွက် အဖြေ မရှိသောကြောင့် ဖြစ်ပေသည်။ လောကမှာ စာမှန်လျှင် ကောင်းသည်ချည်း ဖြစ်လေသည်။ မကြိုက်သောစာ၊ နားမလည်သောစာ၊ သဘောမပေါက်နိုင်သော စာများသာ ရှိပေသည်။ မကောင်းသောစာဟူ၍ မရှိချေ။ ဖတ်သူအပေါ်၊ အသုံးချသူအပေါ်၊ အသုံးချနည်းအပေါ်၌သာ တည်လေသည်။ သုံးတတ်ဖတ်တတ်လျှင် ကောင်းသည်ချည်း ဖြစ်ပေသည်။ ဆေးဝါးဟူသရွေ့သည် ရောဂါအနာကို ပျောက်ကင်းစေတတ်သဖြင့် ကောင်းသည်ချည်း ဖြစ်သည်။ မကောင်းသော ဆေးဝါးဟူ၍ လောက၌မရှိချေ။ သို့သော် ပေးသူ၊ သုံးသူ၊ အသုံးချနည်းအပေါ်၌ တည်လေသည်။ မသုံးတတ်လျှင် ရောဂါကိုပျောက်ကင်းစေနိုင်သောဆေးပင် အဆိပ်ဖြစ်၍ သေစေတတ်သည်။ မတတ်အပ်သော ပညာမရှိ၊ မလုပ်အပ်သောပညာသာရှိသည်ဟု လူကြီးသူမများဆုံးမထားသကဲ့သို့ စာပေတွင်လည်း မကောင်းသော စာပေ၊ မလေ့လာအပ်သော စာပေ ဟူ၍ မရှိ။ ထိုစာပေမှရအပ်သော ဗဟုသုတကိုသာ သုံးအပ်သည် မသုံးအပ်သည်၊ ရှောင်သင့်ဆောင်သင့်၊ ချင့်ချိန်ဝေဖန်ခြင်းသာလျှင် အရေးကြီးသည်ကို မှတ်အပ်ပေသည်။ (ေဇယ်)

တူတယ် ဒါပေမဲ့ မတူဘူး(မျိုးမြင့်ချို)

0 comments
(တူတယ် ဒါပေမဲ့ မတူဘူး)
ဟိုလူ့မုန်းတယ်၊ ဒီလူ့ကိုမချစ်ဘူး။ ဟိုလူတွေကိုတော့ သောက်မြင်ကပ်တယ်။ ဒီလူတွေကိုတော့ စိတ်ထဲမတွေ့ဘူး။ ဟိုလူမျိုးတွေကို ကြည့်မရဘူး။ ဒီလူမျိုးတွေ ကိုးကွယ်တဲ့ဘာသာကို မကြိုက်ဘူး စသည်ဖြင့်တွေ ပြောလို့ရတယ်။ ပြောလည်းပြောကြတယ်။ ကိုယ်လည်း ပြန်ပြောလို့ရတယ်။ အဲ့ဒါ ဥပဒေနဲ့မဆန့်ကျင်ဘူး။ အဲ့ဒါတွေဟာ အမုန်းစကားတွေ Hate Speech ဖြစ်တယ်။ အမုန်းတရား အမုန်းစကား ဖြန့်ချိမှုဖြစ်တယ်။ လူယဉ်ကျေးတွေက စက်ဆုပ်ရွံရှာတယ်။ လူသားဆန်ဆန်တွေးခေါ်မြော်မြင်မှုနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ လောကပါလ တရားနဲ့ မကိုက်ညီဘူး။ ဗြမ္မစိုရ်တရားနဲ့ ပြဒါးတလမ်းသံတလမ်းဖြစ်တယ်။

အဲ့ဒါတွေဟာ လူရဲ့ မတူခြားနားမှုတွေ ဖြစ်တည်မှုတွေအပေါ်မှာ ဘယ်လောက်အထိ စိတ်ရှည်သည်းခံတတ်သလဲ မတတ်သလဲ၊ ဘယ်လောက် လူကိုလူလို့မြင်တတ်သလဲ မမြင်တတ်သလဲ၊ ဘယ်လောက် ဆင်ခြင်တုံတရားနဲ့ တွေးခေါ်မြော်မြင်မှုရှိလဲ မရှိလဲ၊ ဘယ်လောက် လူသားဆန်တဲ့ အသိဉာဏ်ရှိလဲ မရှိဘူးလဲ၊ ဘယ်လောက် လူ့ကျင့်ဝတ်နဲ့အညီနေဖို့တွေးသလဲ မတွေးဘူးလဲ စတာမျိုးတွေအပေါ်မှာတည်ပြီး အဲ့ဒီလူရဲ့ အသိရေချိန်အနိမ့်အမြင့်ကို ဆုံးဖြတ်စရာကိစ္စတွေပဲဖြစ်ပါတယ်။

တယောက်ကတယောက်ကို၊ လူတမျိုးက တမျိုးကို၊ တဘာသာက တဘာသာကို ဝေဘန်ပုတ်ခတ်ပြောဆို ရေးသားလို့ရတယ်။ ရေးတာ ပြောတာ ဟောတာတွေလည်း လုပ်ကြပါတယ်။ အချက်အလက်မှန်ဖို့ အဖြစ်အပျက်မှန်ဖို့တော့ လိုပါတယ်။ မမှန်ရင် လီဆယ်လုပ်ကြံရင် ခံရသူဘက်က တရားဥပဒေလမ်းကြောင်းအရ သွားလို့ရတယ်။ တရားစွဲလို့ရတယ်။ ဥပဒေလည်းရှိတယ်။ ဆုံးဖြတ်ပေးမယ့် ခုံရုံးတွေရှိတယ်။ သူ့ဘက် ကိုယ့်ဘက် စောင့်ကြည့်နေတဲ့ မီဒီယာတွေရှိတယ်။ အခန့်မသင့်ရင် နိုင်ငံရေးကိစ္စအထိဖြစ်ပြီး လွှတ်တော်ထဲအထိ ရောက်သွား ပါတယ်။ အဲ့ဒါတွေကြောင့် ပေါ်လာရတဲ့ဥပဒေတွေနဲ့ စီရင်ထုံးတွေလည်း ရှိပါတယ်။

ဒီအထိ ဥပဒေကြောင်းအရကြည့်ရင် လူလူခြင်း အဆင့်အတန်းခွဲဆက်ဆံရာ မမြောက်သေးပါဘူး။

ဒါပေမဲ့ တရားဝင် ဝင်ရောက်နေထိုင်ကြသူတွေကို ဒီလူဟာ ဘာလူမျိုးမို့လို့၊ ဘာအသားအရောင်ရှိလို့၊ ဘာ ဘာသာကိုးကွယ်လို့၊ ဘယ်နိုင်ငံက ရောက်လာလို့၊ ဘယ် လူဝင်မှုအဆင့်အတန်း Immigrant Status နဲ့ရောက်လာလို့ သူတို့ကို အိမ်မငှားနိုင်ဘူးလို့ အိမ်ရှင်ကပြောလာရင်၊ သူတို့ကို ကားမရောင်းနိုင်ဘူးလို့ ကားပွဲစားကပြောလာရင်၊ စားပွဲထိုးမပေးနိုင်ဘူးလို့ ဆိုင်ရှင်ကပြောလာရင်၊ ပညာသင်ခွင့်မပေးနိုင်ဘူးလို့ ကျောင်းအုပ်ချုပ်ရေးကပြောလာရင်၊ မှတ်ပုံတင်နဲ့ယဉ်မောင်းလိုင်စင် Identity Card and Driver License မထုတ်ပေးနိုင်ဘူးလို့ သက်ဆိုင်ရာဌာနကငြင်းလာရင်၊ အမြဲတမ်းနေထိုင်ခွင်နဲ့နိုင်ငံသားဖြစ်ခွင့် Green Card and Naturalization Test ထုတ်မပေးဘူး ဖြေခွင့် မပေးဘူးလို့ လူဝင်မှုကြီးကြပ်ရေးဌာနကပြောလာရင်၊ အထက်/အောက်လွှတ်တော်အမတ် Senators and Congressmen တွေအဖြစ် ဝင်အရွေးခံခွင့်မပြုနိုင်ဘူးလို့ တရားရုံးတရုံးရုံးကပယ်ချလာရင် စတာမျိုးတွေလုပ်လာပြောလာရင်တော့ ဒါဟာ လူလူခြင်းခွဲခြားဆက်ဆံမှု Discrimination ဖြစ်သွားပြီ။ တရားဥပဒေနဲ့ဆန့်ကျင် Against the Law ဖြစ်သွားပြီ။ တရားစွဲလို့ရပြီ။ အရေးယူလို့ ရပြီ။

ဂျီနီဗာကွန်ဗင်န်းရှင်းအပါအဝင် အခြားနိုင်ငံတကာစာချုပ်စာတမ်းတွေ ကတိကဝတ်တွေနဲ့ ထောက်ကန်ထားတဲ့လူ့အခွင့်အရေးတွေကို မချိုးဖေါက်တဲ့အစိုးရဆိုလို့ ကမ္ဘာပေါ်မှာမရှိပါဘူး။ အနည်းနဲ့အများ၊ ကြီးကြီးနဲ့သေးသေး၊ သိသိသာသာနဲ့ မသိမသာလောက်ပဲကွာပါတယ်။ ဒီမိုကရေစီနိုင်ငံလို့ဆိုတိုင်း လူ့အခွင့်အရေး မချိုးဖေါက်ဘူးလို့များတော့ မထင်လေနဲ့။ တက်တက်စင်အောင် လွဲမှာပါ။ ဒါဆို ဘာထူးလဲ အစိုးရမှန်သမျှ အတူတူနဲ့အနူနူချည်းလို့ ပြောလာမယ့် စကားစွန်း ထွက်စရာရှိပါတယ်။ မတူပါဘူး။ ထူးပါတယ်။

 

ဒီမိုကရေစီနိုင်ငံတွေ၊ လူ့အခွင့်အရေးအာမခံချက်ရှိတဲ့နိုင်ငံတွေမှာ အစိုးရအဖွဲ့ဝင်တွေကပဲဖြစ်ဖြစ်၊ အစိုးရကတာဝန်ခံထားတဲ့ ဌာနတွေ အဖွဲ့အစည်းတွေကဖြစ်ဖြစ် လူ့အခွင့်အရေးချိုးဖေါက်တာကို အထောက်အထားအခိုင်အလုံနဲ့ပြနိုင်ရင် ချိုးဖေါက်သူကို ဖမ်းဆီးတယ်၊ အရေးယူတယ်၊ အပြစ်ပေးပါတယ်။ အမှုအတိမ်အနက်ပေါ်တည်ပြီး ပြစ်ဒဏ်အပြင်းအပြော့ပဲကွာပါတယ်။ (နောက်မှ သမ္မတလုပ်ပိုင်ခွင့်တို့ ဘာတို့ စတာတွေပေးပြီး သက်ညှာခွင့်နဲ့ ပြန်လွှတ်တွေက လွှတ်တာတပိုင်းဖြစ်ပါတယ်။ ဒါတွေကတော့ သီးသန့် ကျယ်ကျယ်ပြန့်ပြန့် ကျကျနနလေ့လာပြီးမှ တိတိကျကျရေးရမှာဖြစ်ပါတယ်)

စစ်အာဏာရှင်နိုင်ငံတွေ၊ စစ်အာဏာကြီးစိုးတဲ့နိုင်ငံတွေ၊ ဘာသာရေးလူမျိုးရေးဗန်းပြပြီး အမျိုးသားရေးအရေခြုံအာဏာရှင်နိုင်ငံတွေမှာ လူ့အခွင့်အရေး ချိုးဖေါက်သူဟာ အစိုးရကိုယ်တိုင်နဲ့ အစိုးရကတာဝန်ခံထားတဲ့ ဌာနတွေအဖွဲ့အစည်းတွေက အာဏာပိုင်တွေဖြစ်တယ်။ ဒါတွေကို အထောက်အထား ဘယ်လောက်ခိုင်လုံနေပါစေ၊ ဘယ်လောက် လူမြင်ကွင်းမှာဖြစ်နေပါစေ၊ ဘယ်လောက် ကြီးမားနေပါစေ အရေးယူလို့မရပါ၊ အပြစ်ပေးလို့မရပါ၊ လက်ဖျားနဲ့တောင် တို့မရပါ။ (တည်ဆဲဥပဒေတွေရှိသားပဲတို့၊ အရေးယူနေတာမတွေ့ဘူးလားတို့ ဘယ်လိုထုချေထုချေ ပြေမသွားပါဘူး။ ဒါတွေကိုလည်းပဲ သီးသန့် ကျယ်ကျယ်ပြန့်ပြန့် ကျကျနနလေ့လာပြီးမှ တိတိကျကျရေးရမှာပါ)

အဲ့ဒါ ဒီမနက် ဗမာပြည်က လူငယ်တယောက်က အမေရိကန်မှာလည်း လူတွေ တယောက်နဲ့တယောက်၊ လူတမျိုးနဲ့တမျိုး၊ တဘာသာနဲ့ တဘာသာ ပုတ်ခတ်ပြောနေကြတာပဲ မဟုတ်လား။ ဗမာပြည်နဲ့ ဘာထူးလို့လဲဗျ။ ဒိမိုကရေစီလည်း ပြောသေးတယ်။ လူ့အခွင့်အရေးလည်း ပြောသေးတယ်၊ သူတို့လည်း ဘာထူးလို့လဲလို့ ကြေးတမ်းတိုက်တာနဲ့ သူဖတ်မိလို့ နည်းနည်းလေးဖြစ်ဖြစ် တွေးစရာရအောင် အလွယ်ဆုံး ပြောပြတာပါ။

မျိုးမြင့်ချို(အောက်တိုဘာ ၃၁၊ ၂ဝ၁၈)

ကိတ္တိရေးသော တကျိပ်တစ်(သာဓု)

0 comments
ကိတ္တိရေးသော တကျိပ်တစ်(သာဓု)
ငွေတာရီမဂ္ဂဇင်း

ဧည့်ခန်းတွင် မိန်းမရွယ်နှစ်ယောက် ထိုင်နေသည်။ အသက်အားဖြင့် သုံးဆယ်ခန့်ဟုမှန်းဆရသူက သူ့ထက် ဆယ့်ငါးနှစ်ခန့်ကြီးမယ် ထင်ရသော ခပ်ပိန်ပိန်အမျိုးသမီးအား ခေါင်းတညိတ်ညိတ်ဖြင့် တွေ့ကြည့်နေရာမှ ၎င်းတို့နှင့် ၁၂ ပေသာသာရှိ ဝရံတာဒေါင့်တနေရာသို့ မျက်လုံးကစားလိုက်၏။ နောက် ၄၅-နှစ်ဆီသို့ ခေါင်းပြန်လည်လာကာ စာပွဲပေါ်တွင် အသင့်ရှိနေသောကော်ပီစာအုပ်၏ လွတ်နေသည့် ကျောဘက် စာမျက်နာတွင် အောက်ပါအတိုင်းဘောလ်ပင်ဖြင့် ရေးခြစ်လိုက်၏။
“အင်း….မမဘဝကလဲ ပျင်းစရာကြီးနော်”
သို့ရေးပြီးသည်နှင့် ၃ဝ-သည် ကော်ပီစာအုပ်ကို ၄၅-ဘက်သို့ လှည့်ပေးလိုက်သဖြင့် သူသည် စာကိုမဖတ်သေးဘဲ ၃ဝ-က ပြန်ချထားသော ဘောလ်ပင်ကိုကောက်ကိုင် အသင့်ပြင်ပြီးမှ စာကိုဖတ်ပြီး….
“အေးပေါ့ကွယ်၊ ဘယ့်နှယ်လုပ်မလဲ၊ ပြောပြန်လဲ စကားများ စိတ်မချမ်းသာဖြစ်ရရုံဘဲရှိမယ်၊ သူကဒါဘဲ ဝါသနာပါတာကိုး….”
စာရေး၍အဆုံးတွင် ၄၅-က ၃ဝ-ဘက်သို့ စာအုပ်လှည့်ပေးလိုက်ပြန်၏။ ၃ဝ-ကလည်း ၄၅-နည်းတူ ဘောလ်ပင်ကို ပထမကောက်ကိုင်ကာ ရုတ်တရက်မဖတ်သေးဘဲ ဝရံတာဆီကြည့်လိုက်ပြန်၏။
ပက်လက်ကုလားထိုင်တွင် အကျအနထိုင်ကာ ခုံတခုပေါ်ခြေဆန့်တင်ရင်း မဂ္ဂဇင်းတအုပ်ကြည့်နေသူ လူလတ်ပိုင်းအရွယ် ခပ်ဝဝသည် မည်သူ့ကိုမျှစိတ်မဝင်စား၊ သူဖတ်နေသည့်ဝတ္တုတပုဒ်တွင်သာ သဲသဲမဲမဲ စွဲနေဟန်တူ၏။ ၃ဝ-လည်း ၄၅-လှည့်ပေးသော စာကိုဖတ်လိုက်ရာမှ ချက်ချင်းဆိုစလိုပင်….“ဟုတ်ပါရဲ့ နော်၊ မမလူကလဲ ကျမလာတိုင်း စာအုပ်နဲ့လက်နဲ့ကို မပြတ်ဘူး” ၃ဝ-က ၄၅-သို့ စာအုပ်လှည့်ပေး လိုက်ပြန်၏။ ၄၅-ကလည်း ခပ်သုတ်သုတ်ငုံ့ဖတ်ကာ တစုံတရာကို စဉ်းစားသလိုတွေနေ၏။ မျက်နာလည်း ညိုးငယ်နေသဖြင့် ၃ဝ-ကပင် စာအုပ်ကို ပြန်လှည့်ယူကာ နောက်တမျက်နှာလှန်၍ သူကပင်ရေးဟန်ပြုနေ၏။
အသံနှင့်မဆွေးနွေး၊ စာဖြင့်ရေး၍ ပြောနေကြသောကြောင့်လည်း စာဖတ်သူတွင် အနှောင့်အရှက်ကင်းနေကာ သူတို့နှစ်ယောက် လွတ်လပ်စွာ ထင်မြင်ချက်ရေးနိုင်သည့် သဘောဆောင်နေ၏။
“ရုံးပိတ်ရက်တွေကော မမလူက ဒီလိုဘဲစာဖတ်နေတတ်သလား ဟင်”
“အမလေး….စာသာဖတ်ရမယ် ဆိုရင်လား၊ အချိန်ရသမျှ အသုံးချတယ်ဟေ့၊ အိမ်သာတက်ရင်းလဲ စာအုပ်နဲ့၊ ထမင်းစားရင်လဲ ဖတ်တာဘဲ။ သူသိပ်ကြိုက် သိပ်စိတ်ဝင်စားတဲ့စာအုပ်ဆိုရင်တော့ ညအိပ်ရာဝင်မှ ဇိမ်နဲ့ဖတ်တယ်”
“အို”
“အေးကွဲ့၊ အဲဒိစာအုပ်တွေ မဂ္ဂဇင်းတွေနဲ့ပတ်သက်လို့စကားများရင် ပြောသေးတယ်၊ သူက (ငါ့အဘို့မှာ စာဟာအဓိကဘဲ၊ စာထက် ဘာကိုမှ အရေးမပေးနိုင်ဘူး)တဲ့ကွယ်”
“မမတော့ တနေ့တနေ့ ပျင်းနေမှာဘဲနော်”
“ကြာတော့လည်း အရေထူလိုက်ရတော့တာပေါ့၊ မတတ်နိုင်တဲ့အဆုံး မဟုတ်လား”
သို့လျှင် အပြန်အလှန်စာနှင့်ရေး၍ ဆွေးနွေးနေကြသောကြောင့်သာ တအိမ်လုံး ငြိမ်သက်တိတ်ဆိတ်နေသည်။ စိတ်များကသော်မူ တယောက်က ရိုးရိုးပူပြီး တဦးက ဘလောင်ဆူနေသည်ထင်ရ၏။
ယခုထိ ဝရံတာမှ ဝဝလူသည် အိကနဲမျှပင် လွန့်လှုပ်ခြင်းမရှိသေး။ လက်ဖျားကလေးများလောက်သာ အလုပ်လုပ်၊ စာမျက်နာလှန်ရင်း လူရောစိတ်ပါမြုပ်နေ၏။ တပုဒ်ပြီးလျှင် နောက်ဝတ္ထုကိုစ,ပြန်၏။ ဖတ်ပြန်၏။
တကျိပ်တစ်
ကိတ္တိ- ရေးသည်
အမည်….ဆင်ကြီး
အသက်….၁၉-နှစ်
အလုပ်အကိုင်….ကျောင်းသား၊ ၁ဝ-တန်း(ဘီ)နှင့် သုံးကြိမ်အောင်ပြီး။
နေရပ်….အနော်မာလမ်း၊ သာကေတ။
မိဘအမည်….ဦးပွေး-ဒေါ်ပဲ။
အလုပ်အကိုင်….ဆိုက်ကားနင်း၊ ပဲပြုတ်ရောင်း။
ဆင်ကြီးတို့မိသားစု (ဝါ) ကိုပွေး မဝဲဆိုလျှင် သူတို့နေသော အနော်မာရပ်သာမက အခြားသောပတ်ဝန်းကျင် ၃-၄ ရပ်ကွက်ကလည်း ကောင်းကောင်းကြီးသိကြသည်။ ဆင်ကြီးက သားအကြီးဆုံး။ သူ့အောက်တွင် ညီ-ညီမငယ် စသဖြင့် ၉-ယောက်ရှိသည်။ ကြွက်မ၊ ဖိုးခွေး၊ ငကျွဲ၊ ဝက်မ၊ ငနွား၊ ကြောင်မ၊ ပူးမ၊ ငသိုး၊ ဖိုးဒေါင်း၊ နောက်ဆုံးသုံးယောက်ကလွဲလျှင် ကျောင်းသူကျောင်းသားများ။ ဆင်ကြီးနှင့် ကြွက်မသာ ကျောင်းသွားလျှင် အပိုမုံ့ဘိုး တမတ်စီ ရသည်။ ကျန်၅-ယောက်က မုံ့ဘိုးမရ။ တွေ့ကရာဝယ်စားမည်စိုးသောကြောင့်ဟု အကြောင်းပြသည်။ အမှန်မှာ ကိုပွေးကမပေးနိုင်၊ မတတ်နိုင်သောကြောင့်ဖြစ်သည်။
သားသမီး ၁ဝ-ယောက် မနက်မိုးလင်းသည်နှင့် နံပြားတခြမ်းစီ၊ သို့မဟုတ် မုံ့ခေါက်တရှပ်စီစားရသည်။ အရည်မပါ။ ကျောင်းချိန်စောသူက ပဲပြုတ်နှင့် ထမင်းကြမ်း နယ်စားကြရသည်။ နေ့ပိုင်းမှတက်ရသောကလေးများကမူ မဝဲနှင့်အတူ မနက်စာ ချက်ထားသောဟင်းနှင့် စားကြ ရသည်။ မနက်စာဟင်းဆို၍ ပဲပြုတ်ထက် ပိုမကောင်းပါ၊ တခါတရံ ပဲပြုတ်ထက်ပင် ပို၍ညံ့သည်။ လမ်းဘေးတွင်ပုံရောင်းသော ပုစွန်ခြောက် အမှုန့်၊ ငါးသလဲထိုး သဲရှပ်ရှပ်ကို အရွက်ပေါင်းစုံဖြင့် ရေလုံပြုတ်ထားသည့် ချဉ်ရည်ဟင်း။ ပဲပြုတ်လောက်ပင် အရသာမရှိ။ တပတ်လျှင် တကြိမ်မျှသာ ဝဝလင်လင် စားကြရသည်။ အခြားရက်များ၌ ဆန်အခြေအနေ၊ ဟင်းအခြေအနေအလိုက် ဟင်းနှင့်ထမင်း ပုံပေးလိုက်သည်။ (ဒါနဲ့အပြီးဘဲ၊ နောက်ထပ်မရတော့ဘူး)ဟု ထမင်းတာဝန်ခံ ဝက်မက ရာဇသံဆင်ထားသည်။ မဝဲ မရှိသောအချိန်များတွင် ဝက်မက ထမင်းအိုးသူကြီး….။
ဆင်ကြီး ၇-တန်း ရောက်ကတည်းက ကိုပွေးရော မဝဲကပါ အခွင့်ထူးတရပ်ပေးသည်။ ထမင်းကို ကြိုက်သလိုစားခွင့်နှင့် တခါတရံ ငွေကလေး ပိုလျှင် ကိုပွေးက ငါးကြော်လေးအစ ဝယ်လာသည်။ သားကြီးကို ကျိတ်၍ ကျွေးသည်။ ဆင်ကြီးက တစ်ယောက်တည်းမစား၊ အားလုံးကို လက်တဆစ်စာစီရရ ဝေဖဲ့ပေးသည်။ ထမင်းကိုလည်း အများနည်းတူ တပန်းကန်သာ စားသည်။ ဘာအခွင့်အရေးမှ ပိုမယူ။ ထိုကဲ့သို့ ဆင်ကြီးက စိတ်ကောင်းရှိသောကြောင့်လည်း ကိုပွေးနှင့် မဝဲက ပိုချစ်သည်။ ပို၍ ကရုဏာသက်သည်။ ညီ-ညီမတွေကလည်း “ကိုကြီးဆင်-ကိုကြီးဆင်”နှင့် အလွန်ပင် ချစ်ကြသည်။
ဆင်ကြီးသည် စကားအလွန်နည်းသည်။ ဣနြေ္ဒကြီးသည်။ ဤနှစ်ချက်ကပင် ကိုပွေးနှင့် မဝဲတို့က လေးစားသည်။ ကလေးများက ကြောက်ကြ သည်။ ဆင်ကြီးတစုံတရာကို တွေငေးစူးစိုက်နေလျှင် ဆော့ကစားနေသော ကလေးများပင် ငြိမ်သွားတတ်သည်။ မငြိမ်လျှင်လည်း ဆင်ကြီးက စူးရှသောမျက်လုံးများဖြင့် လှည့်ကြည့်တတ်သည်။ ကလေးများက ဤလိုကြည့်သည်ကို ထရိုက်သည်ထက် ကြောက်ကြသည်။ ဆင်ကြီး တခါတခါ တွေစိုက်နေလျှင် တနာရီမက ကြာတတ်သည်။ လူလည်းမလှုပ်၊ မျက်တောင်လည်း မခတ်။ ညဘက် လူခြေတိတ်ချိန်ဆိုလျှင် သူ့ကို ပို၍ ကြောက်ကြသည်။ “ဟင်း”ကနဲ “ဟူး”ကနဲ သက်ပြင်းချသံ၊ ပင့်သက်မှုတ်ထုတ်သံက ကျယ်လောင်စွာ ထွက်လာတတ်သည်။
သို့တိုင်အောင် သူ့ညီ-ညီမလေးများ ခြင်ကိုက်၍ လူးလျှင်လွန့်လျှင် အညွန့်သားထ၍ စောင်ခြုံပေးတတ်၏။ ခြုံရသောစောင်မှာလည်း နှစ်ယောက်မှတထည်၊ စောင်အနည်းငယ်ကြီးလျှင် သုံးယောက်တထည်။ ဤသည်ပင် လူစေ့အောင် မခြုံနိုင်၊ မဝယ်နိုင်၊ ငယ်သော ကလေးများမှာ လုံချည်စုတ်ဖြင့်သာ အုပ်၍ သိပ်ရသောကြောင့် ဤမြင်ကွင်းကိုငေးတွေကြည့်ကာ ဆင်ကြီးက ညည်းညည်း ညူညူ သက်ပြင်းချတတ်ပြန်သည်။
အချိန်ကာလမှာ ကုန်ထုတ်စွမ်းပကား အားကောင်းနေဆဲ။ ပိုက်ဆံသာပေးလျှင် လိုချင်ရာဝယ်၍ရသောအချိန်။ ဈေးနှုန်းလည်း မကြီးမားသေး။ ပုဆိုးကြမ်းတထည် ၃-ကျပ် ၅ဝ-ပြား၊ အချောစား (၂-၁ဝဝ) အနံကြီး ကွင်းပြည့် ၁၁-ကျပ်၊ ဘာဘူစောင်ခေါ် ဂွမ်းကြမ်းစောင်တထည်မှ ၄-ကျပ် ၅ဝ-ပြား၊ ဆန်-ဆီ ဈေးကို ထိုနှုန်းနှုင့်တွက်မည်ဆိုပါက အစစ ပေါနေသော ကာလ။ သို့တမူ ဆင်ကြီးတို့ မိသားစုမှာ ခြင်ထောင်ဆိုသည်မှာ ဘယ်လိုပါလိမ့်ဟူဘိသို့။ စောင်ကြမ်းကလေးမျှပင် လူစေ့လူစုံ မခြုံနိုင်။

ကိုပွေးက ဆိုက္ကားနင်းရန် နံနက် ၅-နာရီ အိမ်က အထွက် မဝဲကိုပါ တင်ခေါ်သွားသည်။ ပဲပြုတ်တောင်းနှင့်။ ကိုပွေးတာဝန်က ညနေဆိုက်ကား သိမ်းအပြန် ဆန်ဝယ်လာရသည်။ မဝဲက ဟင်းလျာအတွက် တာဝန်ယူသည်။ သူတို့ နှစ်ယောက်စလုံး နားရက်အားရက်မရှိ။ မတော်တဆ တယောက်ယောက်နေမကောင်း၍ အလုပ်ပျက်လျှင် စားရေးသောက်ရေးပြဿနာပေါ်ချေတော့သည်။
ပဲပြုတ်ဆိုသည်ကား နေ့စဉ်ရောင်းမကောင်း၊ တခါတရံ ၁ဝ-နာရီလောက်တွင် ကုန်သွားပြီး တခါတရံ ၁၂-နာရီမှကုန်သည်။ တခါတခါ လုံးဝမကုန်။ အိမ်ပြန်ပါလာသောအခါ ကျန်လာသည့် ပဲပြုတ်နှင့်သာ ထမင်းကိစ္စပြီးကြရသည်။ ကိုပွေး ဆိုက်ကားက ပိုဆိုးသည်။ ခရီးသွားကျဲလျှင် ငွေအရနည်းသည်။ လဆန်းပိုင်းလောက်သာ ဟန်ကျသည်။ တခါတရံ ဆိုက်ကားရှင်ပေးရသည့် ငွေ၂-ကျပ်ပင်မပြည့်။ မိုးတွင်းရောက်မည်ကို ကိုပွေးအကြောက်ဆုံး။
စီးပွားရေးအဆင်မပြေလျှင် လူလည်းအဆင်မပြေ၊ စိတ်လည်းဆင်မပြေ။ ဘာကမှအဆင်မပြေ။ ဤအထဲတွင် နွေရာသီရက်ရှည် ပိတ်ထားသော ကျောင်းများပြန်ဖွင့်ချိန်၊ အတန်းတင်ပေးချိန် ရောက်ပြီဆိုပါက ကိုပွေး မဝဲတို့ ဦးနှောက်ခဲကြရသည်။ ငွေအဆင်မပြေတိုင်း သားသမီးများကို မာန်သည်၊ မဲသည်၊ ရိုက်သည်။ တခါတရံ မဝဲကကျိန်ဆဲလိုက်သေးသည်။
“ဒင်းတို့တတွေ သေကုန်ရင်အေးမယ်”
ထိုလိုအခါမျိုး ဆင်ကြီးရှိနေလျှင် မျက်နာတပြင်လုံးနီလာကာ….
“အမေတို့ကို ဘသူကမွေးခိုင်းလို့ ခု-အမေက သေခိုင်းနေတာလဲ ခလေးတွေကို”
သည်လိုပင် ချက်ကနဲ ဒက်ကနဲကောက်မေးတတ်သောကြောင့် နောင် ကျိန်ဆဲလိုလျှင် ဆင်ကြီး ရှိမရှိ မဝဲကကြည့်သေးသည်။ အကဲခတ်ပြီးမှ ကျိန်ဆဲသည်။
“သေဘဲမသေနိုင်ကြဘူး”
အချိန်ကာလမှာ ၄-၅-နှစ်ရွယ် ကလေး ဂါဝန်၊ ကလေးရှပ်တထည် တကျပ်မှနှစ်ကျပ်အထိသာ ပေးရသောအခါသမယ။ မည်မျှ ဈေးသက်သာစေ၊ ကန်ုထုတ်စွမ်းပကား မည်မျှအားကောင်းနေစေ၊ ကိုပွေးတို့မဝဲတို့မှာ သားသမီး ၁ဝ-ယောက်ကို တပြိုင်တည်း ဝယ်မဆင်နိုင်။ တထည်စုတ်မှတထည်။ တယောက်ပြီးမှတယောက်။ ပြိုင်တူ ၃-၄ယောက် စုတ်ကြပြဲကြ ဝတ်စရာ မရှိကြသောအခါမျိုး ကိုပွေးနှင့်မဝဲတို့ နေမကောင်းဖြစ်ချင်သည့်တိုင် လွတ်လပ်စွာ ပြိုင်တူဖျားနာခွင့် မရ။ တယောက်တလှည့် နေမကောင်းလျှင်ပင် တအိမ်လုံးအရေးကိစ္စ ဂယက်ထရသည့်အခါမျိုး ကြုံရတိုင်း ဆင်ကြီးမျက်ရည်လည်ရသည်။
ရရာအလုပ် လုပ်မည်ဟုဆင်ကြီး အလုပ်ရှာသည်။ မရသေး။ ဆိုက်ကားနင်းရန် အကြိမ်ကြိမ် ကြိုးစားသည်။ မအောင်မြင်။ ငယ်စဉ်ကတည်းက ဆင်ကြီး ချူချာခဲ့သည်။ အမည်မသိရောဂါ စွဲကပ်ခဲ့သည်။ လမ်းလျှောက်ရင်းက အမှတ်မထင် ဒူးချောင် ခွေလဲတတ်သည်။ ပိုလီယိုရောဂါ ခပ်ဆန်ဆန်။
ယခုထိ ၁ဝ-ကြိမ်ထက်မနည်း ဆိုက်ကားနင်းစမ်းကြည့်သည်။ ပေ ၄ဝဝ-လောက်နင်းမိလျှင် ဒူးယိုင်လာသည်။ မောသည်။ နောက်တနေ့ ဆိုလျှင် တကိုယ်လုံးထုံပြီး ကိုက်ခဲပြီး နေမကောင်းဖြစ်တတ်သည်။ ယခုလက်လျှော့လိုက်ရသည်။ လက်မှု အလုပ်လုပ်ရန်လည်း သူ့လက်ချောင်းများက မာမာထန်ထန်ကိုင်၍မရ။ ပဲပြုတ်ရန် ထင်းခွဲတိုင်း ကိုက်သလိုခဲသလို ဖြစ်လာတတ်သည်။
“လောကကြီးမှာ ငါလူပိုဘဲ၊ ငါတယောက်လျော့သွားရင် အဖေတို့ တယောက်အတွက် သက်သာမယ်….ခလေးတွေပိုစားရမယ်” သူ့ရွတ်သံ ညည်းသံကို မည်သူမျှမကြားရ။ စိတ်ထဲကသာ ကျိတ်၍ပြောခဲ့သည်။ ကျိတ်၍ စိတ်မချမ်းသာ ဖြစ်ခဲ့သည်။ ကျိတ်၍လည်း မျက်ရည်ကျခဲ့သည်။ သူ့ကိုယ်သူလည်း မကျေမနပ်ဖြစ်ရတိုင်း သူ့ပေါင် သူ့ခေါင်း သူ့ရင်ဘတ်ကို သူထုရိုက်ခဲ့သည်မှာ အကြိမ်ပေါင်းများခဲ့ပြီ။
အခါတပါးက….မကြာသေးမီကဆိုလျှင် ပို၍နီးစပ်လိမ့်မည်၊ ညတည လူခြေတိတ်ချိန် ကိုပွေးတို့ ဇနီးမောင်နှံ တီးတိုးဆွေးနွေးသံလိုလို ကြားရသည်။ မဆွေးနွေးမီ ၁၅-မိနစ်ခန့်စော၍ ဆင်ကြီး နာမည်ကို ခေါ်ကြည့်ကြသည်။ ၄-၅ ကြိမ်မျှ အသံတဖြည်းဖြည်းမြှင့်၍ ခေါ်ကြည့်ကြသည်။ ဆင်ကြီးမနိုး။ လှုပ်ဖော်ပင်မရ။ အမှန်မှာ အိပ်ပျော်ဟန်ဆောင်နေခြင်းဖြစ်သည်။ 
“ကျမလဲပြောတာဘဲ ကိုပွေးရဲ့ ၊ ကျမမှာ ခလေးတွေများလွန်းလို့ပါ၊ လုပ်ပေးပါလို့ ရှိခိုးပီးတော့ တောင်းပန်တယ်၊ အဲဒါ ကျမတောင် အငေါက်ခံရသေးတယ်”
(ဒါလွယ်လွယ် လေးလုပ်လို့ရတာ မဟုတ်ဘူး၊ ရလဲလုပ်မပေးဘူး၊ အင်မတန်ကို မကျန်းမာနဲ့ ခလေးမမွေးနိုင်အောင်ချည့်နဲ့နေမှ လုပ်ပေးတာ၊ သွား-သွား-ရှင် ကျန်းမာသေးတယ်၊ နောက်ကိုလဲ အများကြီးမွေးနိုင်သေးတယ်၊ မွေးအုံး)တဲ့၊ ပီးတော့….
(ခင်ဗျား နောက်မလာနဲ့၊ မှတ်ထားနော်၊ နောက်သုံးနှစ်ကြာမှ လာချင်လာ) တဲ့….။
“ဆရာဝန်ကို လှည့်တောင်းပန်တော့လဲ အဲသလို ပြောလွှတ်တယ်”
ကိုပွေးကလည်းပြောပြန်သည်။
“အေးကွာ-ငါလဲ ငါ့ဆိုက်ကားဖောက်သည် မိတ်ဆွေနဲ့ပတ်သက်ပြီး ပြောခိုင်းကြည့်တယ်၊ (ဟာ ဘယ်ဖြစ်မလဲ)တဲ့၊ တယောက်ကတော့ အင်း (လွယ်ပါတယ်၊ ငွေ ၂၅ဝိ-ရအောင်စု)တဲ့၊ သူလုပ်ခိုင်းပေးမယ်တဲ့”
“ဟား….ဟား…..ဟား…..ဟား…..”
ကျယ်လောင်စူးရှစွာ ရယ်ချလိုက်သော ဆင်ကြီးအသံသည် တရပ်ကွက်လုံးဟိန်းသွားသည်။ ကိုပွေးနှင့်မဝဲတို့လည်း ရုတ်ရုတ်သဲသဲဖြင့် ဆင်ကြီးဆီထ,ပြေးကြသည်။
“သား….သား….ဟေ့…..ဆင်ကြီးထ,စမ်း၊ ဘာဖြစ်သလဲ”ဟု မေးကြသည်။ ဆွဲထူသည်။ ဆင်ကြီးကထ,မထိုင်။
“အိမ်မက် မက်တာပါ၊ သွားကြပါ၊ အိပ်ကြပါ၊ ကျွန်တော်ဘာမှ မဖြစ်ပါဘူး”
နောက်ထပ်ဘာမျှ မေး၍မရ။
+ + +
တရပ်ကွက်လုံး ထိန်ထိန်လင်းနေသည်။ ဆောင်းလယ်၏ ညဖြစ်သောကြောင့် စောစောအိပ်ကြသည်။ လူခြေတိတ်နေသည်။ ကိုပွေး၏ သားသမီးများ အတုံးအရုံးအိပ်နေကြသည်။ ဆင်ကြီးတယောက်သာ လက်ပေါ်နဖူးတင်၍ တွေးနေသည်။
နံနက်ပိုင်းက မဝဲ၏ တကျိပ်တစ်ယောက်မီးဖွားရန် မွေးပေးနေကျလက်သယ်ကို သွားခေါ်သည်။ လက်သယ်က ကလေးထွားလွန်းသည်။ နောက်အနေအထားမမှန်ဟုပြောကာ သူလက်လျော့သဖြင့် ဆေးရုံပို့ခဲ့ရသည်။ ဆင်ကြီးကိုယ်တိုင်လိုက်ပို့ပေးခဲ့သည်။ သူတို့ရပ်ကွက်ဆေးရုံက မြို့တွင်းရှိ သွားဖွားဆေးရုံကြီးသို့ ခေါ်သွားရန်ပြောသည်။ ထိုမှာက ပစ္စည်းကိရိယာစုံသည်။ ဘိုက်ခွဲ၍ မွေးရမလိုလို၊ ညှပ်နဲ့ဆွဲထုတ်ရမလိုလို တယောက်တမျိုးပြောလိုက်သဖြင့် နောက်ဆုံး မဝဲကို ဂျင်မခါနာဆေးရုံတွင် ထားခဲ့ရသည်။
ကိုပွေး ညနေပိုင်းက အိမ်ပြန်လာသည်။ ထုံးစံအတိုင်း ထမင်းစားသည်။ ခါတိုင်းထက်စော၍ ပြန်လာသည်။ မဝဲအကြောင်း သိချင်သောကြောင့် ရောက်ရောက်ချင်း မေးသည်။ ဆင်ကြီးက အသေးစိတ် ပြောပြလိုက်သည်နှင့် ကိုပွေးမျက်နာညိုးသွားသည်။ ထမင်းလည်း ယခင်ကထက် တဝက်မျှ အစာလျော့သွားသည်။ ယနေ့ည မိုးချုပ်အောင် ဆိုက်ကားနင်းမည်ဟု ပြောသွားသည်။ မိုးလင်းချင်လင်းမည်ဟုလည်း အိမ်မှအထွက် ထပ်မှာသွားသည်။
လူ့ပြည်သို့ ရောက်လာလတံ့သော သူ၏ တကျိပ်တယောက်မြောက် ကလေးအတွက် ငွေပို၍ရှာရမည်။ ယနေ့သာမဟုတ်၊ မဝဲ ပဲပြုတ် ရောင်းနိုင်သည့်နေ့အထိ ကိုပွေးဆိုက်ကားအချိန်ပို နင်းရမည်။ စသည်ဖြင့် စသည်ဖြင့်….
ဆင်ကြီးသည် လက်ပေါ်နဖူးတင်၍ တွေးနေသည်မှာ ဤကိစ္စများ။ နောက်-ဟင်းကနဲ သက်ပြင်းချကာ ပက်လက်လှန်လိုက်ပြန်သည်။ နဖူးပေါ် လက်တင်လိုက်သည်။
“ငါလဲ ဘာမှမတတ်နိုင်ဘူး။ ဘယ်သူမှလဲမတတ်နိုင်ဘူး။ သိကြားမင်းလဲ မကယ်နိုင်ဘူး”
စိတ်ထဲမှ တတွတ်တွတ်ရေရွတ်နေသည်။ ငိုသံသဲ့သဲ့ကြား၍ ဆင်ကြီးထကြည့်သည်။ အငယ်ဆုံးသူ့ညီမလေး အခါလည်နှင့် ၉-လသမီး ထိုင်ငို နေသည်။ ပါးစပ်က “အမေ”ကို တ,နေသည်။ ဆင်ကြီးကလည်း အတတ်နိုင်ဆုံးချော့သည်။ ခါတိုင်းလည်း ငိုတတ်သည်။ တော်ရုံချော့လျှင် တိတ်သွားတတ်သည်။ ပြန်အိပ်သွားသည်။ ယခု တော်တော်နှင့်အငိုမတိတ်။ ဆင်ကြီးက ဆွဲယူပွေ့ချီလိုက်မျ ခြစ်ခြစ်တောက် ကိုယ်ပူ နေသည်ကို သိလိုက်ရတော့သည်။
တိုက်နေကျ ဆေးနီမှုန့်ထုပ်လိုက်ရှာသည်။ ယခင်ထားနေကျဝါးထရံအနှံ့ လိုက်ကြည့်သည်။ နှီးစကလေးဖြင့်ကလန့်၍ ညှပ်ထားသော ဆေးနီမှုန့်ထုပ်ကိုမူတွေ့သည်။ ဆေးမရှိ။ အရည်ပျော်စီးကျကုန်သည့် လက္ခဏာသာတွေ့ရသည်။
“ဆင်ကြီးရေ-ဟေ့-ဆင်ကြီး၊ ထပါအုံးကွ ဆင်ကြီးရေ့”
အိမ်ရှေ့မှခေါ်သံသည် ပြေးလာရင်းကခေါ်သည့်အသံကဲ့သို့ တဖြည်းဖြည်းနီးလာသည်။ ကဲလားတံခါးကိုပင့်မ၍ ဆင်ကြီးခေါင်းပြူကြည့်သည်။
“ဘာလဲအကိုတုတ်၊ ဒီနေ့ ဆိုက်ကားမနင်းဘူးလား”
“အို-ဒါအရေးမကြီးဘူး”
အကိုတုတ်ဆိုသူက ဆင်ကြီးအနားသို့ကပ်၍ မောလာသောအသံတုန်တုန်ဖြင့်…
“အေးကွာ မပြောလဲမပြီးဘူး။ မင့်အဖေ ကိုပွေးကြီးလေ-ရုပ်ရှင်ရုံနားမှာ ကားတိုက်လို့”
“ဗျာ….ဗျာ-အဖေ”
“ဟုတ်တယ်၊ အဲဒါ တိုက်တဲ့ကားနဲ့ဘဲ ဆေးရုံခေါ်သွားပြီ၊ ဒဏ်ရာတော့ နဲနဲ….”
“အမှန်အတိုင်းပြောဗျာ၊ သေရောလား”
“သေတော့မသေပါဘူးကွာ၊ နဲနဲတော့ပြင်းတယ်။ ကားက လော်လီကားကြီး”
“ကားအောက်ထဲ ရောက်သွားတယ်ဆိုပါတော့ ဟုတ်လား အကိုတုတ်”
“အင်း-ညာဘက် ခြေထောက်တော့ ကျိုးတယ်ပြောတာဘဲ၊ ငါလဲမကြည့်ရက်တာနဲ့၊ ငါသွားမယ်နော်၊ ဆိုက်ကားထားပစ်ခဲ့ရတာ စိတ်မချဘူးကွာ”
ဆင်ကြီး တွေငိုင်ပြီးကျန်ရစ်ခဲ့သည်။ မျက်လုံးတွေလည်း ပြာဝေနေသည်ထင်ရသည်။ ဘာတွေကိုမှမြင်ဟန်မတူ။ မကြာမီ နှုတ်ခမ်းတရွရွလှုပ်လာသည်။
“ဒါကိုကော ငါဘာတတ်နိုင်သလဲ၊ ဘယ်သူမှ ဘာမှမတတ်နိုင်ဘူး။ သိကြားမင်းကော ကယ်နိုင်မတဲ့လား”
ယခုအကြိမ်၌ အသံပါထွက်လာသည်။ ထို့နောက် တံခါးကိုအကုန်မ,၍ သံချိတ်နှင့်ချိတ်လိုက်သည်။ ၁ဝ-ပတ်လည်သာသာ ဝါးကြမ်းခင်းတွင် ပြွတ်သိပ်၍အိပ်နေသော ကလေးများကို တလှည့်စီကြည့်သည်။ ချမ်းလွန်းသဖြင့် နဖူးနှင့်ဒူးထိလုလုကွေးလျက်သားသဏ္ဌာန်ကို ဆင်ကြီး ငေးရင်း မျက်ရည်ဝဲလာသည်။ အငယ်ဆုံးကားငိုမြဲငိုလျက် ရှိသည်။ အသံပင် ပျောက်လုမတတ်။ ဆင်ကြီးသည် ရပ်နေရာမှ ထိုင်လိုက်သည်။ ငိုနေသောညီမငယ်ကို ကောက်ချီရင်းက မျက်ရည်ဥလာသည်။ ထရပ်ပြန်ကာ ကလေးတွေအားလုံးကိုနှိုးသည်။
“ထ, ဆိုရင် မြန်မြန်ထ….”
အအိပ်ကြီးသော သူ့အောက် အကြီးဆုံး ကြွက်မကို ခြေနှင့် မကန်စဖူးကန်၍ နှိုးသည်။
“သွားကြ၊ သွား….အားလုံး အိမ်ပေါ်က ဆင်း၊ လမ်းမကို သွားကြ”
ပြောရင်းက ကြွက်မကို ကလေးငယ်လေး လှမ်းပေးလိုက်သည်။ ရုပ်ရှင်ညပွဲ ပြီးခါစ, ညကြီးသန်းခေါင် ချမ်းလွန်းလှသောအချိန်ဖြစ်၍ ကလေး သုံးယောက် ပေကပ်ကပ်လုပ်နေရာမှ တနေရာသို့ သွား၍ ခွေလှဲလိုက်သည်။ အိပ်ချင်မူးတူးနှင့် ဆက်ပြီး အိပ်ချင်နေကြသည်။ ဆင်ကြီးက ထို ကလေးသုံးယောက်ကို အတင်းဆွဲထူလိုက်သည်။ အိမ်အပြင်သို့ တွန်းထုတ်ပစ်သည်။ ယခု သူ့မျက်နာတွင် မျက်ရည်များရွှဲနေပြီ။ ဆင်ကြီး၏ အော်သံ၊ မောင်းသံနှင့် ကလေးများငိုသံကြောင့် တဲနီုးချင်းများ နိုးကုန်ကြသည်။ တဖန် (ဘာဖြစ်ကြတာလဲ)ဟူသော အချင်းချင်း မေးသံပါ ရော၍ တယောက်တမျိုးပြောသံပါ များလာသည်နှင့်အမျှ ပို၍ ဆူညံလာသည်။ တောင်ခုနှစ်အိမ်၊ မြောက်ခုနှစ်အိမ်သာ မက တော့ဘဲ တလမ်းလုံး ခေါင်းထောင်လာကြသည်။ သတင်းမေးသံ ပို၍ပို၍ လျှံလာသည်။ ထိုအချိန်၌ ဆင်ကြီးသည် ကဲလားတံခါးကို ပြန်ချ ပိတ်ပြီးပြီ ဖြစ်သည်။
“ဟေ့….ဆင်ကြီး၊ မကြုံဘူး….မကြားဘူးကွာ၊ မင်းဘာဖြစ်တာလဲ”
တလမ်းတည်းနေ ရပ်ကွက်လူကြီးတယောက်က လှမ်းမေးရင်း လျှောက်အသွားတွင် ဝါးထရံဘေးတံခါးလေး ပွင့်လာသည်။
“ဟုတ်တယ်ဦးလေး၊ ခု….ကြုံဘူးရတော့မယ်၊ ကြားဘူးရတော့မယ်၊ ကျွန်တော် ပြောချင်နေတာ ကြာပြီ၊ ကျွန်တော် သိပ်ပြောချင်နေတဲ့ စကားတွေ”
“ဟာ….ဒီကောင်၊ မင်းဘာ အရူးထနေတာလဲဟေ…..”
အခြားတယောက်က ဝင်ထောက်သည်။
“ကျွန်တော် မရူးဘူးဘကြီး၊ ဘကြီးမှာ ခလေး (၆)ယောက်ရှိတယ် မဟုတ်လား၊ အဲဒါ ဘကြီးအရူးဘဲ….”
ရပ်ကြည့်နေသူအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
“ဟေ့ကောင်၊ မင်း လူကြီးကို ဒီလို….”
“ဟုတ်တယ်၊ ကျွန်တော့် အဖေနဲ့အမေက ပိုပြီးရူးတယ်၊ အရူးတွေ….အရူးတွေ….”
“ဟာ….ခက်တာဘဲ ဒီကောင်လေး၊ မင့်ဟာမင်းပြောချင်တာနောက်မှပြော၊ ဒီမှာ…..ခလေးတွေ ငိုကုန်ပြီ၊ ချမ်းနေပြီ၊ မင်း မသနားဘူးလား၊ မင့် ညီ-ညီမလေးတွေ”
“ကျွန်တော် သိပ်ချစ်တယ်။ ညီလေးတွေ ညီမလေးတွေကို အသက်နဲ့ထပ်တူချစ်တယ်။ ဒါကြောင့်လဲ ကျွန်တော် သိပ်ဝမ်းနည်းတယ်”
ဆင်ကြီး အသံတုန်လာသည်။
“အားလုံးကြည့်ကြပါ ခု-ကျွန်တော့် ညီ-ညီမလေးတွေ ၉-ယောက် ဝတ်ထားတဲ့ အင်္ကျီလုံချည်တွေအားလုံးချွတ်ပြီး ပေါင်းစပ်ပြန်ချုပ်ရင်တောင် သုံးယောက်ပြည့်အောင် လုံလုံခြုံခြုံဝတ်နိုင်ဘို့ သုံးထည်ရနိုင်မလားဗျာ-ဟင်”
အားလုံးပင် ကလေးများဆီသို့ မျက်လုံးလည်သွားကြသည်။ မှန်သည်။ ၉-ယောက်စလုံး မလုံ့တလုံသာ ဝတ်နိုင်ကြသည်။ အဖါဖါအထေးထေးနှင့်။
“ထမင်းဆိုလဲ ဝအောင်စားရတဲ့နေ့ရယ်လို့ မရှိခဲ့ဘူး။ ကျွန်တော် သိပ်သနားတယ်”
“ဟဲ့-ဒါများ အဆန်းလုပ်ပြောနေတယ်”
အမျိုးသမီး ခပ်ကြီးကြီးတယောက်က ရေရွတ်လိုက်သည်ကို….
“ဟုတ်ပါတယ်ဒေါ်လေး၊ အဆန်းမဟုတ်လို့ လူ့တွေက ဒီကိစ္စကို စိတ်မဝင်စားဘူး။ ခပ်ရိုးရိုး ခပ်ပေါ့ပေါ့ဘဲ သဘောထားနေကြတယ်၊ ခုကြည့်-အဝတ်ဆိုလဲ အစုတ်စုတ်အပြတ်ပြတ်၊ အစားဆိုလဲ အငတ်ငတ်”
“ဒါက မင့်မိဘတွေတာဝန်ဘဲ”
ရပ်ကွက် မူလတန်းကျောင်းအုပ်က စိတ်တိုတိုနှင့် ဝင်ပြောသည်။
“အားလုံးသိပါတယ်၊ အဖေရော အမေရော ဘယ်လောက် အလုပ်လုပ်သလဲ၊ နေ့မအိပ်ရ ညမအိပ်ရ။ နေပူပူ မိုးရွာရွာ ချမ်းချမ်းတုန်တုန် တရက်မှမနားရဘူး။ နားချိန်လဲမရဘူး။ သေမတတ် အလုပ်လုပ်နေရက်သားနဲ့ ငတ်နေတယ်”
“ဒါတော့ ဘယ်သူက ဘာတတ်နိုင်မှာလဲကွ”
ကျောင်းအုပ်က ပြောလိုက်ပြန်သည်။
“ဆရာကြီး ဒီလိုမပြောပါနဲ့၊ တတ်နိုင်တဲ့လူရှိပါတယ်။ လုပ်မပေးကြဘူး။ ဖန်တီးမပေးကြတာပါ။ ကျွန်တော်တို့မှာ ညီအကိုမောင်နှမ ၁ဝ-ယောက်တနေ့ ဆန် ၂-ပြည်ခွဲချက်မှ အဖေရော အမေပါ မဝတဝ စားရရုံဘဲ ရှိပါတယ်”
“ဟာ-ဒီကောင်လေး ဘာတွေရှောက်ပြောနေပါလိမ့်၊ ကြီးကြီးကျယ်ကျယ်ကွာ”
စာရေးကြီးက သည်လိုဝင်၍ ညည်းလိုက်သည်။
ထိုစကားကိုမကြားသလိုဖြင့် ဆင်ကြီးက ဆက်ပြောသည်မှာ….
“တကယ်လို့သာ ညီအကိုမောင်နှမ ၅-ယောက်ထဲမွေးမယ်ဆိုရင် စားစရိတ်တဝက်နီးပါး သက်သာမယ်။ ပညာသင်စရိတ်ရော အဝတ်အစား စရိတ်ပါတွက်မယ်ဆိုရင် အများကြီးသက်သာမယ်။ အမေနဲ့ အဖေလဲ ဒီလောက်ပင်ပန်းမှာ မဟုတ်ဘူး”
ရပ်ကြည့်နေသော လူငယ်နှစ်ယောက်သည် တယောက်ကိုတယောက်ကြည့်၍ နားထင်ကို သံပတ်တင်းသလို လက်နှင့်လှည့်ပြသည်။ (ဒီကောင်တော့ဦနှောက်ချောင်သွားပြီ) ဟူသည့်သဘောမျိုး။
“ဆိုက်ကားနင်း ပဲပြုတ်ရောင်းတဲ့လင်မယားတစုံဟာ ခလေး ၂-ယောက် အလွန်ဆုံး ၃-ယောက်ဆို ခြေနိုင်လက်နိုင်တော်လောက်ပြီပေါ့ဗျာ။ ခုတော့ ကျွေးနိုင်တဲ့အင်အားမရှိဘဲနှဲ့”
ဆင်ကြီးသည် ထရံကို လက်သီးနှင့်တချက်ထိုးလိုက်သဖြင့် ကြည့်နေသူများ တွန့်ကနဲ ဖြစ်သွားကြသည်။
“ဘယ်သူ့အားကိုးနဲ့ ဘာမြှော်လင့်ချက်နဲ့ တနှစ်တယောက် မွေးချင်ရတာလဲ။ အဖေနဲ့အမေက မနိုင်တဲ့ဝန်ကို ထမ်းချင်ကြတယ်။ အဝတ်လဲ မပေးနိုင်၊ အစားလဲမကျွေးနိုင်ဘဲနဲ့ ကျွန်တော့် ညီ-ညီမလေးတွေကို လူ့ပြည်ခေါ်ထုတ်လာတယ်။ လူဖြစ်အောင်လုပ်ပြီး သက်သက် ဒုက္ခ ပေးတာ၊ ငတ်ပီးသေကုန်ကြရင် အဖေရော အမေပါ ဒါ လူသတ်မှုကျူးလွန်တာဘဲ။ သူတို့မှာ တာဝန်ရှိတယ်။ မကျွေးနိုင်ဘဲနဲ့ တပြွတ်ပြွတ် မွေးနေတဲ့လင်မယားတွေလဲ အတူတူဘဲ။ အရူးတွေ အားလုံးရူးနေကြတယ်”
“ဟေ့-မင်းသာရူးနေတာ။ တွေ့ကရာ ဘောက်သောက်တွေ ရှောက်ပြောပြီး…..”
“ဟား….ဟား….ဟား….ဟား…..ကျွန်တော်ပြောတာ အရူးစကားလား။ ဟား…ဟား….အရူး ၁ဝ-ခွန်းပြောရင် တခွန်းမှန်တယ်။ ကျွန်တော် ပြောသမျှလဲ ၁ဝ-ရာခိုင်နှုန်း မှန်တယ်ပေါ့။ ဟား-ဟား….ဟား…ကြည့်ကြပါ။ ဟိုမှာ ကျွန်တော့် ညီ ညီမလေးတွေ ပိန်ချိကွေးလေးတွေ ငတ်တလှဲ့ပြတ်တလှဲ့ ခလေးတွေ…. ဝယ်စရာငွေရှိမှ ဝတ်ရစားရမယ့်ခလေးတွေ၊ မီးလောင်မှ ရေနစ်မှအသနားခံရမယ့်ပတ်ဝန်းကျင် လူ့လောကထဲကို အဖေနဲ့အမေမွေးထုတ်လိုက်တယ်”
ဆင်ကြီးစကားဖြတ်၍ မျက်နာကိုလက်ဝါးနှင့်အုပ်လိုက်သဖြင့် ကြည့်နေသူများလည်း ငြိမ်ပြီးအာရုံစိုက်နေကြသည်။ (နောက်ထပ် ဘာတွေ ပြောအုံးမှာပါလိမ့်)။
“အဖေနဲ့အမေ သေမတတ် လုပ်ကိုင်ရှာကျွေးပေမယ့် မသေထမင်းစားပြီး မလုံ့တလုံဝတ်နေရတဲ့ဘဝက မကြာခင်ငတ်ကြတော့မယ်၊ အဖေဆိုက်ကားနင်းရင်း ကားတိုက်ခံရလို့ ခြေကျိုးသွားပြီ သေချင်သေမယ်၊ ရှင်လဲ ဆိုက်ကားနင်းနိုင်မှာ မဟုတ်တော့ဘူး၊ အမေလဲ နောက်ထပ်လူဦးရေ တယောက်တိုးဘို့ ဆေးရုံရောက်နေပြီ၊ ဘိုက်ခွဲမွေးရမယ်၊ သေချင်လဲ သေမယ်၊ ကဲ-ဒီကလေး (၉)ယောက်ကို ဘယ်သူကျွေးမလဲ၊ ဘယ်သူတာဝန်ယူမလဲ”
ဆင်ကြီး ငိုသံပါနေလေပြီ…..။
“ကျန်းမာပါသေးတယ်၊ မွေးနိုင်ဖွားနိုင်တဲ့အင်အား ရှိပါသေးတယ်၊ အင်း-မွေးကြပေါ့၊ ကိုယ့်ဟာကိုယ် ကျွေးကြပေါ့၊ မကျွေးနိုင်တဲ့တနေ့ ငတ်ကြ၊ သေကြ၊ ခါးပိုက်နှိုက်သူခိုးဓမြဖြစ်ကြပေါ့၊ ဟား-ဟား-ဟား”
“ဟား- ဟား- ဟား- ဟား”
ထိုရယ်သံနှင့်အတူ ပြူတင်းတံခါးပိတ်သွားသည်။ ရပ်ကြည့်နေသူများလည်း ကြက်သေသေနေကြသည်။ ဆင်ကြီးရယ်သံကား မစဲသေး၊ မရပ်သေး။
မကြာမီ ပိုမိုစူးရှသောရယ်သံနှင့်အတူ ဆင်ကြီး၏တဲခေါင်တည့်တည့်ဆီမှ မီးတောက် မီးစွယ်ကြီးထိုးဖောက် တက်လာသည်။ ဆင်ကြီး၏ ရယ်သံလည်း ကြားမြဲကြားနေရသေးသည်။ နေ့လယ်က ပူထားသောနေရှိန်ကြောင့် ကြွပ်နေသည့်ဓနိတဲကလေးမှာ နာရီဝက်အတွင်း မြေသို့ ဝပ်ကျသွားသည်။ တော်ပါသေးသည်။ လူညီ၍၊ ရေနိုင်၍၊ လေငြိမ်၍၊ ထိုတဲတလုံးသာ ပြာကျသွားသည်။
အရပ်လူထု၏လုပ်ငန်းကား မပြီးသေး။ တဲ၏အလယ်တည့်တည့်တွင် လူသဏ္ဌာန် မဲမဲကွေးကွေးကို ရေငွေ့နှင့်၊ မီးခိုးကြားမှ ဝိုးတဝါး မြင်နေရသည်။ ကယ်ဆယ်ရေးလုပ်ရန် ကျန်သေးသည်။ သို့သော် မီးကြွင်းမီးကျန်နှင့် အပူရှိန်ကြောင့် အနီးသို့ မကပ်နိုင်ကြသေးချေတကား။
ပြီးပါပြီ

ကိတ္တိ
ဝရံတာမှ ဝဝလူသည် ဝတ္ထုဆုံးသည်နှင့် ဗြုန်းကနဲထကာ ဧည့်ခန်းသို့ဝင်လာ၏။ လက်ထဲမှမဂ္ဂဇင်းစာအုပ်ကို (၄၅)သို့ လှမ်းပေးရင်းက…..
“ဒီထဲက (တကျိတ်တစ်)ဆိုတဲ့ ဝတ္ထုဖတ်ကြည့်စမ်း၊ တွေးစရာတွေ အများကြီးပါတယ်ကွ၊ ငါတော့စိတ်ထိခိုက်သွားဘီ၊ ကဲ….ဆရာ ကိတ္တိဆီ ခဏသွားပြီး ဆွေးနွေးလိုက်အုံးမယ်”
ပြောပြောဆိုဆို ရှပ်အင်္ကျီကောက်ဝတ်၍ ဆင်းသွားသည်နှင့် (၃ဝ)ကမေး၏။
“အဲဒိစာရေးဆရာ ဦးကိတ္တိဆိုတာက ဘယ်မှာနေသလဲ မမ”
“ဟို အရှေ့ဘက်တလမ်းကျော်မှာလေ၊ ဦုးကိတ္တိကိုတော့ သူက သိပ်ကြည်ညိုတာ၊ အင်မတန်လဲ လေးစားတယ်၊ ချစ်လဲ တော်တော် ချစ်တယ်ကွဲ့”
+ + +
အရှေ့ဘက်တလမ်းကျော် ရောက်သည်တွင် ဝဝလူသည် ဝဲဘက်သို့ ချိုးကွေ့ဝင်သွားကာ ပေ ၁ဝဝ မျှ လျှောက်မိလျှင် အိမ်တအိမ်သို့တက်ရန် ဟန်ပြင်လိုက်၏။ ရုတ်တရက် မတက်သေး၊ အိမ်တွင်းမှ တဟားဟား ရယ်သံများကို နားစွင့်နေခိုက်…..
“ဟော….ကိုကျော်ပါလား၊ ဝင်လေ-လာ၊ ရှင့်လူတော့ ညောင်းလို့တဲ့ အပြင်ခဏထွက်သွားတယ်၊ ခုပြန်လာမှာပါ၊ အိမ်ထဲမှာက တခြားလူတွေ မဟုတ်ပါဘူး၊ သားတို့ သမီးတို့ရဲ့ ကျောင်းက သူငယ်ချင်းတွေလေ၊ လာ-လာ၊ သူတို့ကျွေးဘို့ပေါ့ လဘက်သုပ် သွားဝယ်တာ” သို့ပြောရင်း ဆရာကိတ္တိကတော်က ဦးဆောင်ခေါ်ငင်နေသဖြင့် ကိုကျော် တက်လိုက်သွား၏။ စောစောကဖတ်ခဲ့သော ဝတ္ထုအရှိန်ကြောင့်လားမသိ၊ ရယ်သံကို ရွံနေ၏။ ချောက်ချားနေ၏။ ကိုကျော်သည် လှေကားခုနှစ်ထစ်ကို ခပ်လေးလေးတက်သွားပြီးနောက် ဧည့်ခန်းသို့ရောက်သည်နှင့် ဆံပင်ပုံစံတူနှင့် လူငယ် (၆)ယောက်ကို တွေ့ရ၏။
လေးယောက်ကို ကိုကျော် သိပြီးဖြစ်၏။ ဆရာကိတ္တိ၏သမီး ၂-ယောက်နှင့် သား ၂-ယောက်၊ အခြားသောမိန်းမပျိုနှင့်လူငယ်မှာမူ မျက်နာစိမ်း၊ ဆရာကတော်ပြောသော သူ့သားသမီးတို့၏သူငယ်ချင်းများ ဖြစ်မည်မှာ သေချာ၏။
ဆရာကတော်လည်း နောက်ဖေးမီးဖိုချောင်တွင် လဘက်သုပ်ရင်း အလုပ်ရှုပ်နေခိုက် ဆရာကိတ္တိနောက်ဖေးပေါက်မှ တက်လာသည်။
“ရှင့်မလဲ ဒီဖြတ်လမ်းဘဲ သဘောကျနေတယ်၊ နံနံစော်စော်နဲ့”ဟု ဆရာကတော်က ဆီး၍ကရုဏာနှော၍ ပြောလိုက်သည်၌ “အိုကွာ- အိမ်ပြန်ရောက်တာ လိုရင်းမဟုတ်လား” ဟု ပြန်နှစ်သိမ့်ရင်း အိမ်ရှေ့သို့ထွက်မည်အပြု-
“အေးကွ၊ ဒို့များတော့ မင်းဒက်ဒီရေးတဲ့ ဝတ္ထုဖတ်လို့ဆုံးသွားတော့ အတော်ခံစားလိုက်ရတယ်။ ရင်ထဲမှာတမျိုးကြီးဘဲ” အိုမီဂါနှင့် သူငယ်ချင်းမကလေးက ပြောသည်ကို ဆံပင်ဖါးလျားနှင့် ဆရာကိတ္တိသမီးက တစုံတရာပြောမည်ပြုစဉ်-
“ဟုတ်တယ်နော်၊ အဲဒိ (တကျိပ်တစ်)ဝတ္တ္ထုဟာ ကိုယ်တို့သတိမထားမိတဲ့တွေးစရာတွေ အများကြီးပါတယ်။ မင်းတို့ဖါးသားကြီးကတော့ အတွေးအခေါ် ပြောင်းလဲရေးတွေဘဲ အမြဲစဉ်းစားနေတယ်ထင်ပါရဲ့၊ ဟိုတခါဝတ္ထုတုန်းကလဲ…..”
“အလကားပါကွာ၊ အဖိုးကြီးက ဒို့အိမ်အောက်မှာ ခလေးလာမွေးတဲ့ခွေးမကြီးကို ကြည့်ရေးတာပါ”
ဧည့်ခန်းသို့ထွက်ဟန်ပြုလာသော ဆရာကိတ္တိလည်း တယောက်သောသား၏ စကားသံကြောင့် ရုတ်တရက်တန့်သွား၏။
“ရာ့း…ရာ့း….ဟုတ်တယ်ကွ၊ ဒို့ဖါးသားကြီးကတော့စံဘဲ၊ အဲဒိခွေးမကြီးကို အသေးစိတ်လေ့လာထားတာ၊ ဒီခေတ်ကြီးမှာ ထမင်းကျန် ဟင်းကျန်ဆိုတာ မလွယ်ဘူးမဟုတ်လား။ ဒီခွေးမကြီးကလဲ ဘယ်တော့ကြည့်ကြည့် အရိုးအပြိုင်းသားနဲ့ တကိုင်းကိုင်း တယိုင်ယိုင် ချည့်နေပေမယ့် တနှစ်တသားတော့ မှန်နေတာဘဲ။ မွေးလိုက်ရင် ငါးကောင်နဲ့ခုနှစ်ကောင်ကြား….။ ဟား….ဟား….ဒီတခါတော့ အစား အသောက်ရှားလို့ထင်ပါရဲ့ ….ကိုးကောင်”
ဆရာကိတ္တိသမီးတယောက်က ဤလိုရှင်းပြလျက်။
“စာရေးဆရာဆိုတာ လူတွေထဲကွင်းဆက်လေ့လာမှ ဘဝသရုပ်ဖော် ရေးနိုင်တယ်ဆိုသမှုတ်လား။ ဒို့အဖိုးကြီးကတော့ အိမ်အောက်ကခွေးကို အကဲခပ်ရုံနဲ့ ဝတ္ထုတပုဒ်ဖြစ်သွားပြီ။ မပိုင်ဘူးလား။ ဟား….ဟား….ဟား….”
စောစောကဝတ္ထုကြောင့် (ဟား-ဟား)သံကို ရင်တုန်နေသောကိုကျော်လည်း ယခု ဆရာကိတ္တိ၏သားတဦး ဖြေပုံနှင့် ဟားသံကြောင့် တမျိုးအာရုံပြောင်းသွား၏။ ပို၍ တွေးစရာဖြစ်လာ၍လော၊ သူဖတ်ခဲ့ရသည့်ဝတ္ထု၏ မူလအရသာပင် လျော့သွားပေါ့သွား၍လောမသိ။
ဆရာကိတ္တိသည်လည်း ဧည့်ခန်းသို့ထွက်မလာတော့ဘဲ နောက်ဖေးခန်းသို့ပြန်ဝင်ကာ ဆရာကတော်အား တစုံတရာတီးတိုးပြောလိုက်ပြီး နောက်ဖေးပေါက်မှ ပြန်ဆင်းသွား၏။ သူ၏သားသမီးနှင့်သူငယ်ချင်းများလွတ်လပ်စွာဝေဖန်ခွင့် ပျက်သွားမည်စိုး၍လော၊ သူစိမ်းဧည့်သည်များက မည်သို့သောမျက်နာထား အဓိပ္ပာယ်ဖြင့်ကြည့်ကြမည်ကို ရိပ်မိ၍လော၊ ကျိတ်၍ ရှက်သွား၍ပင်လော၊ မည်သည့် ‘လော’ ဟူသည်ကိုကား ခွဲခြားမသိလိုက်ရ။
သာဓု

Monday, October 29, 2018

"တော်လှန်ရေးသမားတို့ရဲ့ ကျက်သရေ"(အက်ဆေး) မောင်လှဝင်း(မြင်းခြံ)

0 comments
"တော်လှန်ရေးသမားတို့ရဲ့ ကျက်သရေ" (အက်ဆေး)
မောင်လှဝင်း(မြင်းခြံ)-
“လူဆိုတာ ခေါင်းတလုံးပြတ်သွားရင်တောင်မှ ကျက်သရေလျော့သွားတတ်တဲ့ အစားမျိုးမဟုတ်ပါဘူး”
ဂျူးလိယက် ဖူးချစ်
ဂျူးလိယက်ဖူးချစ်ပြောသောလူစားမျိုးမှာ အသက်ရှင်စဉ်ကြီးမြတ်ပြီး အသက်စွန့်တော့ ဂုဏ်ရောင်ပြောင်ကြသူများ ဖြစ်ပေလိမ့်မည်။ ပြည်သူ့အကျိုးဆောင်သူများ၊ ပြည်သူ့အတွက် အသက်ပေးတိုက်ပွဲဝင်ကြသော တော်လှန်ရေးသမားများနှင့်ကွန်မြူနစ်များ ဖြစ်ပေလိမ့်မည်။ ခေါင်းဖြတ်အသတ်ခံကြရသူများမှာလည်း ဒီလူများပင် မဟုတ်ပါလား။

မနေ့တနေ့ကပဲ သတင်းစာအဟောင်းများ ရှာဖွေလှန်လှောရင်း အမှတ်မထင် ရဲဘော်မူကာဂျီတို့ အရုဏ်တက်တိုက်ပွဲ ကျဆုံးသွားသော သတင်းကို ဖတ်ရှုမိသည်။ ၁၉၆၁ ခုနှစ် မေလ ၉ ရက်နေ့ထုတ် သတင်းစာများ ဖြစ်ပါသည်။ အို…. ကျွန်တော်တို့ရဲဘော်များကို ခေါင်းဖြတ်ထား ကြတာပါကလား။ ယုတ်မာပက်စက်လှတဲ့ရန်သူ။ ရိုင်းစိုင်းလှတဲ့ ရန်သူ။ ရန်သူ့အပေါ် နာကြည်းစိတ်တွေ ဝုန်းခနဲရုန်းကြွလာပါသည်။ ရဲဘော်များအတွက် ကြေကွဲမိပါသည်။ ပြည်သူ့အကျိုးအတွက် အသက်ပေးလှူကာ ဂုဏ်ရောင်ပြောင်စွာ ကျဆုံးသွားခဲ့ကြသော ရဲဘော်များကို ဦးညွတ်မိပါသည်။

မေလ ၇ ရက်နေ့ အရုဏ်ဦးတိုက်ပွဲတွင် အလစ်အငိုက်အတိုက်ခံရသဖြင့် ကျွန်တော်တို့ရဲဘော် ၅ ဦး ကျဆုံးခဲ့ရပါသည်။ ဗမာပြည်ကွန်မြူနစ် ပါတီ အရန်ဗဟိုကော်မတီဝင်ဖြစ်သူ ရဲဘော်မူကာဂျီ၊ တိုင်းတပ်မှူး စစ်ရေးတာဝန်ခံဗိုလ်မင်းဒင်၊ တိုင်းပါတီအတွင်းရေးမှူး ရဲဘော်မျိုးအံ့၊ ရဲဘော်အောင်ခင်နှင့် ရဲဘော်မောင်သန့်တို့ ၅ ဦးတို့ ကျဆုံးခဲ့ရပါသည်။ ပါတီရဲဘော်များမှာ ပေါင်းတည်မြို့မြောက်ဘက် မိုင်(၃ဝ) အကွာ မရွေးကျွန်းရွာ ဘုန်းကြီးကျောင်းသို့ အစည်းအဝေးလုပ်ရန်ရောက်ရှိနေခြင်း ဖြစ်ပါသည်။ ၇ ရက်နေ့ မနက်လင်းအားကြီးအချိန်တွင် ရန်သူ့ရဲတပ်ဖွဲ့က အလစ်အငိုက်ယူတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲမှာ ကျဆုံးသော ရဲဘော်များ၏ ခေါင်းကိုဖြတ်ကာရယူခဲ့ပြီး ရန်သူ့ အာဏာပိုင်များက မြိန်ရေရှက်ရေ ဝမ်းသာအားရကြည့်ရှုခဲ့ရုံသာမက ခေါင်းဖြတ်(ပြတ်)များကို ဓာတ်ပုံများရိုက်ယူကာ သတင်းစာများတွင် ထည့်သွင်းဖော်ပြခဲ့ကြပါသေးသည်။

သူတို့မသိသည်မှာ လူ တနည်း တော်လှန်သူတို့၏ကျက်သရေမှာ ခေါင်းတလုံးပြတ်စေ ကျက်သရေ မယုတ်လျော့ပါ။ ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရသဖြင့် မြင့်မြတ်ခြင်းနှင့်အတူ ကျက်သရေပင် တိုးပွားလာပါသေးသည်။ တော်လှန်ရေးသမား၏ကျက်သရေသည် တိုင်းပြည်နှင့် ပြည်သူအပေါ် သူ့အလုပ်အကျွေးပြုပေးမှုအပေါ်မူတည်ပြီး ကြီးမြင့်စမြဲ ဖြစ်ပါသည်။

သူတို့ကို အန်တုတော်လှန်ဝံ့သော ပြည်သူ့ဘက်တော်သားများကိုဖမ်းမိလျှင် ငွေဘယ်လောက်ပေးမည်ဟု ဆုငွေထုတ်တတ်သည်မှာ နယ်ချဲ့အစိုးရနှင့် ဖောက်ပြန်ရေးအစိုးရများ၏အကျင့်ပင် ဖြစ်ပါသည်။ အင်္ဂလိပ်ကိုလိုနီအစိုးရသည် ဗိုလ်ချုပ်အောင်ဆန်းကိုဖမ်းမိလျှင် ဆုငွေဘယ်လောက်ဟု ထုတ်ပြန်ခဲ့ဖူးသည်။ လွတ်လပ်ရေးရပြီး သည်ဘက်ခေတ်တွင် သခင်သန်းထွန်းနှင့် ကွန်မြူနစ်ခေါင်းဆောင်များကို ဖမ်းမိလျှင်ဘယ်လောက်ဟု ဆုငွေထုတ်သည်။ ယခု ကျဆုံးသွားခဲ့သော ရဲဘော်မူကာဂျီကိုဖမ်းမိလျှင် ဆုငွေငါးသောင်းဟု ကြေညာထားပြီး ဗိုလ်မင်းဒင်နှင့် ရဲဘော်မျိုးအံ့တို့မှာ ဆုငွေနှစ်သောင်း အထုတ်ခံထားရသူများ ဖြစ်ပါသည်။ ဖမ်းမိလျှင်ဆိုသောစကားကို သူတို့က ထပ်မံ ရှင်းလင်းကြပါသေးသည်။ အသေရရ အရှင်ရရဟူ၍။ ဆုရဖို့သေချာချင်လျှင် ခေါင်းဖြတ်ယူခဲ့ကြဖို့ သူတို့က မှာကြားထားကြပါသေးသည်။

တရုတ်ပြည်တွင်လည်း ကူမင်တန်ဖောက်ပြန်ရေးအစိုးရက တော်လှန်ရေးသမားများကိုဖမ်းမိလျှင် ဘယ်လောက်ဟု ဆုငွေထုတ်ပါသည်။ တော်လှန်ရေးသမားကိုဖမ်းမိလျှင် တိရစ္ဆာန်လှောင်အိမ်လို လူလှောင်အိမ်ထဲထည့်သွင်းပြီး လူအများ လာရောက်ကြည့်ရှုစေပါသည်။ ထိုမျှမက လှောင်အိမ်ထဲမှ ကွန်မြူနစ်များ တော်လှန်ရေးသမားများကို ခေါင်းဖြတ်ပြသထားပြီး လူထုကို လာရောက်ကြည့်ရှုခိုင်းပါသည်။ ကွန်မြူနစ်ပါတီဝင် သူရဲကောင်းရဲဘော်ဖန်ချီမင်း(ဖန်စစ်မင်)ကို ယခုကဲ့သို့ပင် လှောင်အိမ်ထဲ ထည့်ခဲ့ပါသည်။ ခေါင်းဖြတ်ခဲ့ပါသည်။ အမကြီးကျန်း၏ ခင်ပွန်းသည်ဖြစ်သူ ကွန်မြူနစ်ပြောက်ကျားခေါင်းဆောင် ရဲဘော်ဖုန်စုံးထောင်ကိုလည်း ယခုကဲ့သို့ပင် ခေါင်းဖြတ်သတ် ပါသည်။ တရုတ်ပြည်ဂျပန်ခုခံဆန့်ကျင်ရေးကာလက အသက်ငယ်ရွယ်နုပျိုလှသော ကွန်မြူနစ်မလေးလျူဟူးလန်ကို ဂျပန်နယ်ချဲ့သမားက ခေါင်းဖြတ်သတ်ခဲ့ပါသည်။

ထိုကဲ့သို့ ခေါင်းဖြတ်အသတ်ခံရသူ တော်လှန်ရေးသမားများ ကွန်မြူနစ်များ ပြည်သူ့ဘက်တော်သားများ အမြောက်အမြား ရှိခဲ့သည်။ဗမာပြည်မှာလည်း အများအပြား ရှိပါသည်။ ဂဠုန်ဆရာစံ၏ လယ်သမားသူပုန်တပ်ဖွဲ့ဝင်များကို အင်္ဂလိပ်ကိုလိုနီအစိုးရက ဖမ်းမိသောအခါ ယခုလိုပင် ခေါင်းဖြတ်သတ်ပြီး လယ်သမားသူပုန်ဦးခေါင်းများကို လူထုအား လာရောက်ကြည့်ရှုစေပါသည်။ ယင်းဓာတ်ပုံများမှာ ယခုအထိ မှတ်တမ်းအဖြစ် ကျန်ရှိနေပါသေးသည်။ ပြည်မြို့က ပုလိပ်ဌာနရှေ့တွင် ပြသထားခြင်းဖြစ်ပါသည်။ ကိုလိုနီခေတ်က မြစ်ဝကျွန်းပေါ်မှာ အင်္ဂလိပ်စစ်တပ်မှ စစ်ဗိုလ်တယောက်အသတ်ခံရလို့ ယောက်ျားမှန်သမျှ ရွာလုံးကျွတ်ခေါင်းဖြတ်အသတ် ခံရသော ခေါင်းတရာသင်းချိုင်းဆိုပြီး မှတ်တမ်းတင်ထားသည့်ရွာ ရှိခဲ့ပါသည်။ ဒေါက်တာသန်းထွန်း ရေးခဲ့ဖူးပါသည်။

ခေါင်းဖြတ်သတ်ခြင်း၊ ခေါင်းပြတ်များကိုပြသခြင်းမှာ နယ်ချဲ့နှင့်ဖောက်ပြန်ရေးသမားများ၏ ပြည်သူဖိနှိပ်ရေးနည်းနာ၊ ခြိမ်းခြောက်ရေးနည်းနာ တခု ဖြစ်ပါသည်။ သူတို့ကို အာမခံဝံ့အောင် ပြည်သူများကို ခြိမ်းခြောက်တာဖြစ်ပါသည်။ စိတ်ဓာတ်အရဖိနှိပ်ခြင်းလည်း ဖြစ်ပါသည်။ သတင်းစာများတွင် ခေါင်းပြတ်ပုံများ ထည့်သွင်းဖော်ပြခြင်းမှာလည်း ထိုသဘောပါပဲ။ စစ်အုပ်စုကတော့ အရေးတော်ပုံတွေ လူထုအုံကြွမှုတွေ ထပ်မံမပေါ်ပေါက်အောင် အရေးတော်ပုံအတွင်းမှ ခေါင်းဖြတ်သတ်သောအဖြစ်အပျက်များနှင့် ခြောက်လှန့်တတ်ပါသည်။ တလောကပင် “လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်”ဆိုသည်ကို ပြသ၍ ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးကို သရုပ်ဖျက်သွားခဲ့ပါသေးသည်။ အမှန်မှာ ရှစ်လေးလုံးအရေးတော်ပုံအတွင်း ခေါင်းဖြတ်သတ်ဖြတ်မှုတချို့ ပေါ်ပေါက်ခဲ့ရခြင်းတွင် သူတို့စနက် အများကြီးပါသည်ကိုတော့ သူတို့က ဖုံးကွယ်ထားပါသည်။

ဗမာပြည်က ပြည်သူ့ဘက်တော်သားတွေကို ခေါင်းဖြတ်သတ်ခဲ့သူများတွင် ဖက်ဆစ်ဂျပန်နှင့်ဗမာပြည်စစ်အုပ်စု လက်ကိုင်တုတ်တပ်လည်း ပါဝင်ပါသည်။ ရဲဘော်သိန်းတန်ခေါ် ရဲဘော်ချစ်တီးနှင့် ရဲဘော်ကိုဘအုန်းတို့ကို ဖက်ဆစ်ဂျပန်များက စစ်ကိုင်းတံတားတွင် ခေါင်းဖြတ်သတ် ခဲ့ပါသည်။ စစ်အုပ်စုလက်ကိုင်တုတ်စစ်တပ်က ပဲခူးရိုးမနှင့်ရှမ်းရိုးမတို့တွင် ကွန်မြူနစ်များကို ခေါင်းဖြတ်ခဲ့သည်များ ရှိခဲ့ပါသည်။ ခေါင်းဖြတ် သတ်တာ၊ ကိုယ့်ကျင်း ကိုယ့်ဘာသာတူးစေပြီးသတ်တာတို့မှာ သူတို့ကျင့်သုံးတတ်သည့်အကျင့်ဆိုး ဖြစ်ပါသည်။ ပြဿနာပေါ်နေသည့် ရခိုင်ဘက်မှာပင် သည်အကျင့်ဆိုးမျိုး ကျင့်သုံးခဲ့ကြပါသေးသည်။

ဤစာမှာ ခေါင်းဖြတ်အသတ်ခံရသော်ငြားလည်း ပြည်သူ့ဘက်တော်သားများ၊ တော်လှန်ရေးသမားများ၊ ကွန်မြူနစ်များဆိုသည်မှာ ဂုဏ်ကျက်သရေ ယုတ်လျော့သွားရိုးမရှိဟု အဓိက ဖော်ကျူးလိုခြင်း ဖြစ်ပါသည်။ လူတန်းစားရန်သူ စစ်အစိုးရ၊ ဖောက်ပြန်ရေးအစိုးရတို့၏ ယုတ်မာရက်စက်မှုများကိုဖွင့်ချလိုခြင်း ဖြစ်ပါသည်။

သို့ရာတွင် ဗမာပြည်ကွန်မြူနစ်ပါတီက ခေါင်းဖြတ်စနစ်ဆိုးတရပ်ကိုပပျောက်အောင် ကြိုးပမ်းခဲ့မှုတရပ်ကိုတော့ မှတ်တမ်းတခုအနေနှင့် ထည့်သွင်းဖော်ပြလိုပါသေးသည်။

ဗမာပြည်ကွန်မြူနစ်ပါတီကတော့ ဝနယ်တွင် ခေါင်းဖြတ်ဓလေ့ကို ပပျောက်သွားစေခဲ့ပါသည်။ ခေါင်းဖြတ်စနစ်ဆိုးဟု ကျွန်တော်တို့ ခေါ်ဝေါ်ပါသည်။ သူတို့ကတော့ ယဇ်နတ်ပူဇော်ရန်ခေါင်းဖြတ်ကြခြင်း ဖြစ်ပါသည်။ သူစိမ်းတွေ နယ်ကျူးလာသူတွေကို ယဇ်ပူဇော်ချိန်တွင် ခေါင်းဖြတ်ပြီး ပူဇော်ဖို့ ဖမ်းဆီးထားကြပါသည်။ အနယ်နယ်အရပ်ရပ်ရှိ ရွာအတော်များများမှ ထိုသို့ ခေါင်းဖြတ်ယဇ်ပူဇော်ရန် ဖမ်းဆီးထားခြင်း ခံနေကြရသော ဝ ကလေးငယ် စုစုပေါင်း ၄ဝဝ လောက်ကို ပါတီက ကယ်တင်နိုင်ခဲ့ပါသည်။ ဝနယ်တွင် ခေါင်းဖြတ်ယဇ်နတ်ပူဇော်သော ဓလေ့ဆိုးကို ပပျောက်သွားအောင် ပါတီက အမိန့်ထုတ်၍သော်လည်းကောင်း၊ ပညာပေး စည်းရုံး၍သော်လည်းကောင်း အချိန်ယူ၍ ကြိုးပမ်းခဲ့ရပါသည်။

ခေါင်းဖြတ်ခံရမည့်ဘေးမှ ပါတီက ကယ်တင်ခဲ့သူ ဝကလေးငယ်များကို ပါတီက ကျွေးမွေးပြုစု ပညာသင်ကြားပေးခဲ့ရပါသည်။ နောင်တွင် သူတို့သည် ပြည်သူ့တပ်မတော်သားများအဖြစ် တာဝန်မျိုးစုံထမ်းရွက်ကာ ပြည်သူ့အကျိုးထမ်းဆောင်သူများဖြစ်လာကြပါသည်။
သစ်ရွက်စိမ်းရောင် စစ်ယူနီဖောင်းများကိုဝတ်ဆင်ကာ ဦးထုပ်မှာ ကြယ်နီတလက်လက်နှင့် သူတို့မျက်နှာတွေက ကျက်သရေရှိစွာ ပြုံးလို့။ ။
-မောင်လှဝင်း(မြင်းခြံ)-

Sunday, October 28, 2018

ဗမာပြည်ရဲ့ကံကြမ္မာ

0 comments
ဗမာပြည်ရဲ့ကံကြမ္မာ

Destiny
၂ဝဝ၆ ခုနှစ်က ရးခဲ့တာပါ
()
အင်္ဂလိပ်လိုည့်ပြီးရေးတာက ရှင်းအောင်လို့ပါ။ Destiny ကို ကံကြမ္မာလို့ာသာပြန်ရတာ မကြိုက်လှပါဘူး။ “ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးရေး”ိုတဲ့ ကံကြမ္မာလို့ပဲ ယူစေလိုပါတယ်။ လွတ်လပ်ရေးအတွက် အနစ်နာခံတိုက်ခဲ့ကြတာာ ဗမာပြည်က ကမ္ဘာ့အလယ်မှာ အလံတလက်၊ နေရာတခုလောက်ရဖို့ထက် ပိုပါတယ်။ “ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်” ရချင်တာပါ။ ၁၉၄၈-မှာ ဖန်တီးခွင့်ရခဲ့ပါတယ်။ ဘယ်လို
ဖန်တီးခဲ့ကြသလဲ၊ ရှေ့မှာ ဘယ်လိုဖန်တီးကြမလဲ။
ါကိုပဲ ပြောချင်တာပါ။

( ၂ )
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရတာ အခုဆိုရင် နှစ် ၆ဝ နီးပါး ရှိခဲ့ပါပြီ။ ဘာတွေ ဖန်တီးပြီးပြီလဲဆိုတာ ကြည့်လိုက်တော့ ထိတ်လန့်မိတယ်။ ကိုယ့်ပတ်လည်က တိုင်းပြည်တွေကိုကြည့်မိပြန်တော့
မ်းနည်းမိတယ်။ ဝမ်းနည်းတယ်ဆိုတာကို စိတ်ဓာတ်ကျတာနဲ့ မရောလိုက်ပါနဲ့။ စိတ်ဓာတ်မကျပါဘူး။ စိတ်ဓာတ်ကျသူတွေက “လွတ်လပ်ရေးယူခဲ့တာ မှားပြီလား” “ဓနသဟာယထဲမဝင်မိတာ မှားပြီလား” “လူမျိုးစရိုက် ကိုက လွတ်လပ်ရေးနဲ့မတန်တာလား” “အင်္ဂလိပ်တည်ထောင်ထားတဲ့ ဗျူရိုကရေစီယန္တရားကြီးကို ရိုက်ချိုးသလိုလုပ်မိတာ မှားသွားပြီလား”
ဆိုပြီး “လား”တွေ အများကြီး မေးနေတဲ့အထဲ ‘ဗကပ’ မပါပါဘူး။ အတိတ်ကို သင်ခန်းစာယူပြီး ရှေ့မှာ ဘာလုပ်မလဲ၊ ကိုယ့်ကြမ္မာကိုယ် ဘယ်လို ဖန်တီးမလဲဆိုတာပဲ စဉ်းစားပါတယ်။ “အလှမ်းကွာနေပြီ”“အဟပ်ကွာနေပြီ”လောက်ပဲ အသိပေးတဲ့အရေးအသား ဖြစ်စေဦး၊ အဲဒီ အရေးအသားမှန်သမျှကိုတော့ ကြိုဆိုနေမှာပါ။

()
တရုတ်ပြည်ရဲ့ကံဇာတာ နိမ့်တာကို ၁၉ဝဝ ပြည့်နှစ်လို့ သူတို့က သတ်မှတ်ကြပါတယ်။ ပီကင်းကို အင်အားကြီး “၈”နိုင်ငံကသိမ်းပိုက်တာ ခံရတဲ့နှစ်ကို ပြောတာပါ။ ဗမာပြည်ကတော့ သူတို့ထက်စောပါတယ်။ ၁၈၂၄ ကစပြီး ကံဇာတာ နိမ့်တာပါ။ ဒါပေမဲ့ သတိမပြုကြပါဘူး။ နှစ် ‘၆ဝ’လုံးလုံး ပဒေသရာဇ်အတွေးအခေါ်ထဲမှာပဲ ကျင်လည်ကြပြီး နန်းလုပွဲတွေတခြိမ်းခြိမ်း လုပ်နေကြတယ်။ ၁၈၈၅- မှာ တပြည်လုံး ကျွန် ဖြစ်ပါတယ်။ ဒီနေရာမှာ တရုတ်နဲ့ ဗမာပြည် မတူပါဘူး။ အဆိုးထဲက အကောင်းလို့ပြောရမှာက ပဒေသရာဇ်အတွေးအခေါ်တွေထဲကနေပြီး (ပညာတတ်တွေ)ကျွတ်လွတ်လာတာပါ။ ရခိုင်နဲ့ တနင်္သာရီက ပညာရှင်တွေကို ကျေးဇူးတင်ရမှာပါ။ သူတို့က ခေတ်မီနိုင်ငံရေး၊ သိပ္ပံ-ဝိဇ္ဇာ၊ စီးပွားရေး၊ ဘက်ပေါင်းစုံကို မိတ်ဆက်ပေးကြပါတယ်။ သူတို့ကြောင့်ပဲ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်လာတတ်တာပါ။ အခုလည်း အတော်များများ ပညာရှင်တွေက ဂလိုဘယ်လိုက်ဇေးရှင်း အတွေးအမြင်တွေ ရေးနေကြပါတယ်။ ကောင်းပါတယ်။ ပြည်ပကို ခဏတဖြုတ် ရောက်သူတွေကလည်း ပြည်ပမှာ တိုးတက်နေကြတာကို အားကျစရာ ရေးကြတာလည်း ရှိပါတယ်။ ဒါလည်း ကောင်းပါတယ်။

ဒါပေမဲ့ ကိုယ့်ဘဝအခြေအနေကိုပြန်ကြည့်ပြီး စိတ်ဓာတ်ကျသလိုလိုရေးတာတော့ မကြိုက်လှပါဘူး။ လွတ်လပ်ရေးအတွက် တိုက်ရတဲ့ ခေတ်ကလို မာန်တင်းသံပဲပေးဖို့သင့်ပါတယ်။ ဟိုတုန်းကလည်း အိုင်ယာလန်ကို အားကျတုန်းက သူတို့လိုလုပ်ဖို့ စိတ်ကူးယဉ်ဖူးပါတယ်။ ဒါပေမဲ့ ကိုယ့်အခြေအနေက သူတို့နဲ့ မတူတာပဲ။ အသုဘမှာ ပေထုပ်ဖောက်ဖို့ ပေထုပ်လောက်ပဲလုပ်တတ်ကြတာ။ ဒါပေမဲ့ မာန်မလျှော့ပါဘူး။
အခုလည်း မာန်တော့ မချဖို့ အရေးကြီးပါတယ်။

(၄)
“မျက်မှောက်ခေတ်”ကို တွက်တတ်ဖို့ လိုပါတယ်။ စစ်အေးခေတ်တုန်းက ‘ကမ္ဘာ့အခင်းအကျင်း’မျိုး အခုမရှိတော့ပါဘူး။ ဂျပန်၊ တောင်ကိုရီး
ယား၊ ထိုင်း၊ စင်္ကာပူရဲ့ “ဖြတ်လမ်းမျိုး”ကို အခုသွားပြီး စဉ်းစားလို့မရပါဘူး။ အခု ဖြစ်နေတဲ့ ကမ္ဘာ့အခင်းအကျင်းသစ်က အရည်တည်ကာလပါ။
အတည်တကျ မဟုတ်ပါဘူး။ မြက်မြက်မစားရဘဲ နှဲကြီးနင်းမိနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ကိုယ့်လမ်းကိုယ်ထွင်ပြီး လုပ်ရမှာပါ။ ကိုယ့်တာဝန် ကိုယ်ယူပြီးလည်း လုပ်ဝံ့ရမှာပါ။

သန်းရွှေစစ်အုပ်စု ဘာလိုချင်သလဲဆိုတာကို ခေါင်းခြောက်အောင် စဉ်းစားနေစရာ မလိုပါဘူး။ သူတို့ ဘာလိုချင်တယ်ဆိုတာကို စဉ်းစားပြီး
ကိုယ်က ဘာတွေလျှော့ပေးရမလဲစဉ်းစားရင် အနာတခြား ဆေးတခြားဖြစ်ပြီး “၂ဝ၁ဝ” ခုနှစ်မှာ ပြည်တွင်းလူထုနဲ့ ပြည်ပရောက်တွေ “အလှမ်းကွာကြ”“အဟပ် ကွာကြ”တော့မှာကို စိုးရိမ်မိပါတယ်။

သမိုင်းသင်ခန်းစာ ယူစရာ ခပ်နီးနီးမှာပဲရှိပါတယ်။ ၁၉၆ဝ-ခုနှစ် ရွေးကောက်ပွဲတုန်းက ပထစ(သန့်ရှင်းဖဆပလ)အပြတ်အသတ် အနိုင်ရပါ
တယ်။ အာဏာကိုတောင် ခဏတဖြုတ် ရလိုက်ပါတယ်။ ဒါပေမဲ့ မကြာပါဘူး။ “တော်လှန်ရေးကောင်စီက အာဏာသိမ်းလိုက်ပါတယ်။ နေဝင်းက အပြတ်ဖြတ်ပါတယ်။ ဖဆပလ “၂”ခြမ်း စလုံးကို အပြတ်ချေမှုန်းပါတယ်။ သန်းရွှေတို့လုပ်သလို အမျှင်မပြတ်ဘဲ ထန်းလျက်လုံး ခွေးလျက်သလို မလုပ်ပါဘူး။ ဦးနုက အက်ဒွပ်လောရုံကို ဆရာတင်ပြီး စိတ်ကူးယဉ်လမ်းစဉ်နဲ့လုပ်တော့ တောင်မရောက် မြောက်မရောက် ဖြစ်ပြီး ခေါင်းငုံ့ကာ “အိမ်ပြန်”ရပါတယ်။ အိမ်မပြန်တဲ့ ဗိုလ်လက်ျာ ရေတိမ်နစ်ရပါတယ်။

NLD လည်း ၁၉၉ဝ-ခုနှစ် ရွေးကောက်ပွဲမှာ ပထစလိုပဲ အနိုင်ရပါတယ်။ ဒါပေမဲ့ အာဏာကို ခဏတဖြုတ်တောင် မရပါဘူး။ ၂ဝ၁ဝ-ရောက်ရင်
NLD ဘယ်အခြေရောက်မလဲဆိုတာကို စိတ်ပူပါတယ်။ “၁၉၉ဝ-ရွေးကောက်ပွဲ အောင်ပွဲရအလံ”ကို(ပြည်တွင်းမှာ) ဆက်လွှင့်နေလို့ ရတော့မယ် မထင်ပါဘူး။ (ပြည်ပမှာတော့ လွှင့်လို့ရမယ်။)

ဗမာပြည်ရဲ့နာတာရှည်ရောဂါကို အာဆီယံ ASEANဆေးဆရာပင့်ကုဖို့၊ UNSC (ကလုသမဂ္ဂလုံခြုံရေးကောင်စီ)ဆေးဆရာပင့်ပြီး ကုဖို့
စဉ်းစားနေရင် စစ်အာဏာရှင်စနစ်က ပုံစံတမျိုးနဲ့အထိုင်ကျသွားတော့မှာပါ။ အဲဒီလို အခြေအနေရောက်ရင် နိုင်ငံရေးစင်မြင့် အသစ် တခုပေါ်မှာ “ပြည်တွင်းစစ်အသစ်”တခုပေါ်လာမှာပါပဲ။ ဗမာပြည်ရဲ့ကံကြမ္မာကလည်း တော်လှန်စစ်နဲ့ပဲ ဖြေရှင်းရဦးမှာပါပဲ။

(၅)
“၂ဝဝ၆”ခုနှစ်ကို အလှည့်အပြောင်း နှစ်၊ ဗမာပြည်ရဲ့ ကံကြမ္မာအလှည့်အပြောင်းနှစ် ဖြစ်စေဖို့ ဝိုင်းဝန်းလုံးပန်းကြရပါမယ်။ သူတပေါက် ကိုယ်တပေါက် လုပ်မနေရအောင် ‘ဗကပ’က အတိတ်ကိုအတိတ်မှာထားခဲ့ဖို့ ပြောတာပါ။ အတိတ်ကိုမေ့ပစ်ဖို့ မပြောပါဘူး။ အတိတ်ဆိုတာ မေ့စကောင်းတ့အရာ မဟုတ်လို့ပါ။ တလောကပဲ ဆိုရှယ်လစ်ဦးကျော်ငြိမ်း သားတယောက်က ၄၈-ပြည်တွင်းစစ်အကြောင်း၊ သူ့ အဖေ အကြောင်း မပြောစေချင်ဘူးလို့ ရေးလာပါတယ်။ သဘောတူလိုက်ပါတယ်။ အဲဒီကတည်းက ကျွန်တော်တို့ဘက်က မပြောဘဲနေခဲ့ပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကိုပဲ ဇောင်းပေးချင်လို့ပါ။ အားလုံးနဲ့ တသဘောတည်း၊ တစိတ်တဝမ်းတည်း လုံးပန်းချင်လို့ပါ။

၄၈-ပြည်တွင်းစစ်ခရီးမှာ ရန်ဘက်ဖြစ်ခဲ့သူ အားလုံးအပေါ်မှာလည်း ဒီလိုပဲ သဘောထားပြီး အတိတ်ကို ထားခဲ့ပါတယ်။ ဒါပေမဲ့ သတိပြု သင့်တာက သန်းရွှေတို့ဟာ အတိတ်ရဲ့အာဏာအမွေဆိုးကို ဆက်ခံခဲ့သူတွေပဲဆိုတာ မမေ့သင့်ပါဘူး။ သူတို့ အစွမ်းအစနဲ့ အာဏာရနေတာ မဟုတ်ပါဘူး။ နေဝင်း မရှိခဲ့ရင် သန်းရွှေ မရှိနိုင်ပါဘူး။ ဒါကြောင့် သူတို့နဲ့ကတော့ အတိတ်ကို ပြောနေရမှာပါ။

ချုပ်ပြီးပြောရရင် ဗမာပြည်ရဲ့ ကံကြမ္မာဟာ ဗမာပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်အပေါ်မှာ မူတည်ပါတယ်။ ဗမာပြည်က ပြည်တွင်းစစ်ဟာ ဗမာပြည် နိုင်ငံရေးက ပေါက်ဖွားတာပါ။ ဒီလို ပြည်တွင်းစစ်မျိုးကို ဘယ်တိုင်းပြည်မှ တိုက်နေတာ မတွေ့ဖူး ပါဘူး။
ဗမာပြည်ရဲ့ ကံကြမ္မာကို ပြည်တွင်းစစ်နဲ့

အဆုံးအဖြတ်ပေးရတာ ထပ်ပြီး မဖြစ်ရအောင် အမြော်အမြင် ရှိကြစေချင်ပါတယ်။
၂၁ စာစဉ် အမှတ်(၉)
၂ဝဝ၆
ပြီ။ မှာ
(ရဲဘော်ထွန်းက)ရဲဘော်ညိုမောင် ကလောင်နာမည်နဲ့ရေးခဲ့တာပါ။

Saturday, October 27, 2018

ကိုယ်ပိုင်လက္ခဏာ နိုင်ငံရေး(ပြန်ဆိုသူ)Ko Htay Naing

0 comments
ကိုယ်ပိုင်လက္ခဏာ နိုင်ငံရေး

(လစ်ဘရယ်ဒီမိုကရေစီ ဒီတောင်ကို ကျော်နိုင်ပါ့မလား)
လွန်ခဲ့သော အနှစ် နှစ်ဆယ်ခန့်က ဖရန်စစ်ဖူကူယားမားသည် လစ်ဘရယ်ဒီမိုကရေစီစနစ် အောင်ပွဲခံပြီဟု ကြေညာခဲ့သည်။ ဒီကနေ့ သူ့စာအုပ်အသစ်တွင် ကိုယ်ပိုင်လက္ခဏာနိုင်ငံရေးကြောင့် ထိုစနစ် တစစီ ကြေမွလာခြင်းကို သူမြင်နေရကြောင်းပြောသည်။
ကိုယ်ပိုင်လက္ခဏာနိုင်ငံရေး (identity politics) ဆိုသည်မှာ နိုင်ငံရေးကို ကျယ်ကျယ်ပြန့်ပြန့်(စဉ်းစားရမည့်)အစား လူတို့အနေဖြင့် ၎င်းတို့၏ မျိုးနွယ်စု၊ လူမျိုးအုပ်စု၊ လိင်အုပ်စု၊ ဘာသာရေးတို့ကို အခြေခံသည့် နိုင်ငံရေးရပ်တည်ချက်ကို စွဲကိုင်လာကြခြင်းဖြစ်သည်။ ကိုယ်ပိုင်လက္ခဏာ နိုင်ငံရေးသည် လက်ဝဲ(အယူအဆ)၌ မြစ်ဖျားခံခြင်းဖြစ်သော်လည်း လက်ယာ၌ ပိုအစွမ်းပြသည်။ ဒေါ်နယ်ထရမ့်ကို ရွေးကောက်ခြင်း၊ ဥရောပသမဂ္ဂမှခွဲထွက်ရန် ဗြိတိန်၌ မဲနိုင်ခြင်းတို့ကို မီးထိုးပေးခဲ့သည်။

ကိုယ်ပိုင်လက္ခဏာနိုင်ငံရေး မျက်မှောက်ခေတ်တွင် အပြင်းထန်ဆုံးအင်အားတခုအဖြစ် မည်သို့ပေါ်ထွက်လာရသနည်း၊ လူ့အဖွဲ့အစည်း အနေဖြင့် ညီညွတ်မှုကို မည်သို့မည်ပုံ ပြန်လည်ရရှိနိုင်သနည်း စသဖြင့်တို့ကို The Economist မဂ္ဂဇင်းမှ မစ္စတာ ဖူကူယားမားအား မေးမြန်း ခဲ့ပါသည်။ စာအုပ်မှ ကောက်နုတ်ချက်ကိုလည်း အင်တာဗျူးအဆုံး၌ ထည့်သွင်းထားပါသည်။

မေး။ ။ ကိုယ်ပိုင်လက္ခဏာဆိုတာ နိုင်ငံရေးရဲ့အစိတ်အပိုင်းတခုလို အမြဲပါနေတာပါ။ ခုမှ ချက်ချင်းထပြီး ကိုယ်ပိုင်လက္ခဏာနိုင်ငံရေးဆိုပြီး ပြောနေကြတာလဲ။
ဖြေ။ ။ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ဥရောပနဲ့ မြောက်အမေရိကနိုင်ငံရေးရဲ့ ပင်မဝင်ရိုးဟာ နေရာရွှေ့လာတယ်။ ၂ဝ ရာစု တခုလုံးနီးပါး နိုင်ငံရေး (မူ)ကွဲတယ်ဆိုတာ စီးပွားရေးမှာတန်းတူညီမျှဖို့ နိုင်ငံတော်က ဘယ်လောက်ဝင်စွက်မလဲဆိုတာနဲ့ ပုဂ္ဂလိကကဏ္ဍမှာ လူတဦးချင်းစီ(ရဲ့) လွတ်လပ်မှုကို ဘယ်လောက်ခွင့်ပြုမလဲဆိုတဲ့ကွဲပြားမှုသာ ဖြစ်တယ်။ ဒီကနေ့ နိုင်ငံရေးကတော့ ကိုယ်ပိုင်လက္ခဏာတွေ ထည့်ပြောတဲ့အပေါ် ဗဟိုပြုလာပြီ။ ဂလိုဘယ်လိုက်ဇေးရှင်းဆန့်ကျင်တဲ့ ပေါ်ပြူလစ်လှုပ်ရှားမှု ရှိလာတယ်။ စီးပွားရေးမညီမျှမှုတွေကြောင့်လည်းပါတယ်။ လူအုပ်စုလိုက် ရွေ့ပြောင်းမှုတွေ အကြီအကျယ်ဖြစ်လာတာကြောင့် မိရိုးဖလာတွေကို ခြိမ်းခြောက်လာခြင်းကြောင့်လည်းပါတယ်။
ဘရီဇစ်မှာ ထောက်ခံမဲပေးခဲ့သူတွေအနေနဲ့ ဒီလိုရွေးချယ်လိုက်တဲ့အတွက် စီးပွားရေးအရ ရလဒ်ဆိုးတွေဖြစ်လာမှာကိုသိပေမယ့် ဗြိတိသျှ ကိုယ်ပိုင်လက္ခဏာကိုကာကွယ်ဖို့က သူတို့အတွက် ပိုအရေးကြီးတယ်လို့ခံယူတယ်။ ဟန်ဂေရီ အမျိုးသားရေးအစိုးရဆိုရင်လည်း သူတို့ဟာ ခေတ်ဟောင်းက ဆိုဗီယက်နိုင်ငံကြီးနဲ့ အိုင်ဒီယော်လော်ဂျီကွဲပြားတာမှန်ပေမယ့် လစ်ဘရယ်ဂျာမနီနဲ့ ပူတင်ရဲ့ရုရှား ဘယ်သူနဲ့ ပိုတူသလဲဆိုရင် ရုရှားဖက်ကိုခံစားလို့ရတယ်။ ဥရောပ အမေရိကတလွှား တချိန်က လက်ဝဲပါတီတွေကိုထောက်ခံခဲ့တဲ့ လက်လုပ်လက်စား လူတန်းစားဟာ ခုတော့ ကိုယ်ပိုင်လက္ခဏာကိစ္စကိုအခြေပြုပြီး ပေါ်ပြူလစ် ပုန်ကန်သူတွေဆီကို ဘက်ပြောင်းသွားကြပြီ။

မေး။ ။ ခင်ဗျားစာအုပ်ထဲမှာ "(စနစ်ရဲ့ ပြဿနာတွေကို အစားပြန်ပေးတဲ့နည်းနဲ့) သက်သာအောင် ကုသပေးနေသူ သူကိုယ်တိုင် ခေတ်သစ် ကိုယ်ပိုင်လက္ခဏာနိုင်ငံရေး ကို ဝမ်းဆွဲဆရာမလုပ်ပြီး မွေးပေးလိုက်တယ်"ဆိုတာ ဘာကိုဆိုလိုတာလဲ။
ဖြေ။ ။ ခေတ်သစ် ကိုယ်ပိုင်လက္ခဏာရဲ့ နောက်ခံသဘောတရားက မိမိကိုယ်ကို လေးစားမှုအပေါ်မှာ တည်ဆောက်ထားတာ။ ဆိုလိုတာက အငုံ့စိတ်ထဲမှာ တခြားသူတွေက ကိုယ့်ကိုနှိမ်ချဆက်ဆံတာ၊ ဒါကို ဒေါသထွက်တာ၊ ဆန့်ကျင်တာ၊ လူတောမတိုးတာ (အသိအမှတ်အပြု မခံရတာ)တွေနဲ့ ရောပြွမ်းနေတယ်။ နှစ်ဆယ်ရာစုအလယ်ပိုင်းအရောက်မှာ ဘုန်းတော်ကြီးတွေ သင်းအုပ်ဆရာတွေအစား စိတ်ကုဆရာ တွေက လူတွေ မိမိကိုယ်မိမိယုံကြည်မှုရှိအောင် ကုသပေးနေသူတွေအဖြစ် ခေတ်စားလာတယ်။ ဒီလိုကုထုံးတွေက ကျောင်းတွေ၊ ဆေးရုံတွေ၊ လူမှုရေးလုပ်ငန်းတွေနဲ့ အစိုးရနယ်ပယ်ထိ လူ့အဖွဲ့အစည်းတွေအကြား ပျံ့နှံ့သွားတယ်။ ဒီလိုဖြစ်ခဲ့ရာမှာလည်း ၁၉၆ဝ ပြည့်နှစ်များက လူထုလှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေတယ်။ အာဖရိကန်-အမေရိကန်(လူမည်း)တွေကို နေရာမပေးတာ၊ အမျိုးသမီးတွေ၊ လိင်တူချစ်သူတွေ စသဖြင့်တွေကို(သမားရိုးကျ ဘာသာရေးအဆောက်အအုံတွေက)နှိမ်ထားတာတွေနဲ့ ဆက်စပ်တယ်။ ဒီကနေ့ ကျနော်တို့ရင်ဆိုင်နေရတဲ့ တိုက်ပွဲတွေမှာ လူမျိုးအုပ်စု၊ ကျား/မ (ခွဲခြားမှု)၊ နှစ်သက်သလို လိင်ရွေးချယ်ခွင့် စသဖြင့်တွေ တောင်းဆိုလာကြတဲ့အခါကျတော့ ရုပ်ပိုင်းဆိုင်ရာအရင်းအမြစ်တွေ မပေးချင်တာထက် ဂုဏ်သိက္ခာအပွန်းမခံနိုင်တာက ပိုအရေးကြီးတာမျိုး ဖြစ်လာတယ်။

မေး။ ။ လစ်ဘရယ်ဒီမိုကရေစီ(ပုဂ္ဂလိကလွတ်လပ်ခွင့် အသားပေး)နဲ့ ကိုယ်ပိုင်လက္ခဏာနိုင်ငံရေး(အုပ်စုလိုက်ရပိုင်ခွင့် အသားပေး) သဟဇာတ ဖြစ်ရဲ့လား။
ဖြေ။ ။ မေးခွန်းက ဘယ်အုပ်စုကိုရည်ညွှန်းသလဲဆိုတာနဲ့ ဆိုင်တယ်။ စကော့တလန်၊ ကွိဘက်၊ ကက်တလိုနီယာဒေသများမှ လွတ်လပ်ရေး လှုပ်ရှားမှုတွေဟာ ဒေသအလိုက်ပြိုကွဲမှုတွေဖြစ်ပြီး အချုပ်အခြာပိုင် သီးခြားနိုင်ငံတွေအဖြစ် ဦးတည်တယ်။ ဒါပေမဲ့ နိုင်ငံအသစ်တွေဟာ တသီးပုဂ္ဂလအခွင့်အရေးကိုကာကွယ်မယ့် လစ်ဘရယ်ဒီမိုကရေစီတွေပဲ ပြန်ဖြစ်လာမှာ။ ဒီလိုပြိုကွဲမှုမှာ ဒီမိုကရေစီခြိမ်းခြောက်ခံရတာ မဟုတ်ဘူး။ ဒီမိုကရေစီကျကျ လမ်းခွဲကြဖို့တော့ လိုတာပေါ့လေ။

အခြားတဖက်မှာတော့ (ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့)တချို့လူမျိုးစုတွေကိုယ်၌က တသီးပုဂ္ဂလလွတ်လပ်ခွင့်ကို ချိုးဖောက်နေတာမျိုး ဖြစ်နိုင်တယ်။ ဥပမာ အနောက်တိုင်းက မူဆလင်မိသားစုမှာ သူတို့သမီးကို သူသဘောမကျသူနဲ့ အတင်းပေးစားတာမျိုး၊ အလုပ်လုပ်ခွင့် မပေးတာမျိုးရှိနိုင်တယ်။ ဒီနေရာမှာ ကျနော့်အမြင် အုပ်စုလိုက်ရပိုင်ခွင့်က တဦးချင်းရပိုင်ခွင့်ကို မတရားသဖြင့်ဖိနှိပ်လိုက်တယ်လို့ ထင်တာပဲ။ ဒီကိစ္စမျိုးမှာ လစ်ဘရယ်ဒီမိုကရေစီအနေနဲ့ အခြေခံစည်းမျဉ်းအရဆို တသီးပုဂ္ဂလဖက်ကနေ ရပ်တည်ရမှာပဲ။

မေး။ ။ ခင်ဗျားစာအုပ်မှာ "ယုံကြည်မှုအခြေခံ အမျိုးသားကိုယ်ပိုင်လက္ခဏာကို စွမ်းစွမ်းတမံ ပြန်လည်မြှင့်တင်ဖို့၊ လက်ဝဲလက်ယာ တိုက်ခိုက်မှုတွေကနေကာကွယ်ဖို့ လိုတယ်"လို့ ပါတယ်။ "ယုံကြည်မှုအခြေခံ အမျိုးသားကိုယ်ပိုင်လက္ခဏာ (creedal national identity)" ဆိုတာ ဘာလဲ။ လက်တွေ့ကျင့်သုံးရင် ဘာနဲ့တူသလဲ။
ဖြေ။ ။ ယုံကြည်မှုအခြေခံ အမျိုးသားကိုယ်ပိုင်လက္ခဏာဆိုတာ ဇီဝဗေဒထက်(တမျိုးသားလုံးရဲ့) တွေးခေါ်ယုံကြည်မှု စတာတွေကို အခြေခံတယ်။ ဇီဝအခြေခံကိုဥပမာပေးရရင် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်ပြောတဲ့ "ဟန်ဂေရီ အမျိုးသားကိုယ်ပိုင်လက္ခဏာဆိုတာ ဟန်ဂေရီ အမျိုးအနွယ်ကို အခြေခံတယ်" ဆိုတာမျိုးပဲ။ ဒါက ကိုယ်ပိုင်လက္ခဏာကို သီးသန့်ပုံဖော်တာဖြစ်ပြီး ဟန်ဂေရီလူမျိုးမဟုတ်တဲ့ ဟန်ဂေရီမှာနေထိုင်ကြတဲ့ နိုင်ငံသားတွေကို ပ ထုတ်လိုက်တာ ဖြစ်တယ်။
ဆန့်ကျင်ဘက်ဆို ပြင်သစ်၊ အမေရိကမှာ ၂ဝ ရာစုနှောင်းပိုင်းမှာ ယုံကြည်မှုအခြေခံ အမျိုးသားလက္ခဏာ ဖြစ်ထွန်းလာတာကို ပြရမယ်။ ပြင်သစ်ကိုကြည့်ရင် လွတ်လပ်ခွင့်၊ သာတူညီမျှမှု၊ တူညီတဲ့ယုံကြည်ချက်ဆိုတဲ့စံတွေ ပြင်သစ်တော်လှန်ရေးကနေ ပေါက်ဖွားလာခဲ့တယ်။ ဒီစံတွေကို သစ္စာရှိတဲ့ မျိုးနွယ်၊ လူမျိုးစုမရွေး မည်သူမဆို ပြင်သစ်နိုင်ငံသား ဖြစ်နိုင်တယ်။ အမေရိကလည်း အလားတူပဲ။ ပြည်တွင်းစစ် ပြီးကတည်းက အမေရိကန်ကိုယ်ပိုင်လက္ခဏာဆိုတာ အခြေခံဥပဒေ၊ တရားဥပဒေအရ အုပ်ချုပ်မှု၊ လွတ်လပ်ရေးကြေညာစာတမ်းမှာ ထည့်သွင်းထားတဲ့သာတူညီမျှမှု စတာတွေကို သစ္စာရှိခြင်းလို့မြင်နိုင်တယ်။
အလိုလိုနေရင်း လူမျိုးပေါင်းစုံယဉ်ကျေးမှုဖြစ်လာတဲ့ ခေတ်ပေါ် လစ်ဘရယ်ဒီမိုကရေစီတွေဟာ ကျနော်ပြောတဲ့ ယုံကြည်မှုအခြေခံ (ကိုယ်ပိုင်လက္ခဏာ) ဖွံ့ဖြိုးလာအောင် လုပ်ရမယ်။ ဒါဟာ သွေးသားအခြေခံ အမျိုးသားကိုယ်ပိုင်လက္ခဏာနဲ့ ဆန့်ကျင်ဖက်ပဲ။ ဒါမှ သူတို့ ဒီမိုကရေစီအနေနဲ့(ဆက်လက်) ရှင်သန်နိုင်မယ်။

မေး။ ။ ကိုယ်ပိုင်လက္ခဏာနိုင်ငံရေးက မဲဆန္ဒရှင်တချို့ကို တိုးတက်ရေးသမားတွေလက်ထဲကနေ တွန်းထုတ်လိုက်ပြီလား။ ဒါဆို သူတို့မဲတွေ ဘယ်လိုပြန်ရနိုင်မလဲ။ လူနည်းစုတွေလည်း မနစ်နာအောင်ဆို ဘယ်လိုလုပ်မလဲ။
ဖြေ။ ။ ထရမ့်ထောက်ခံသူအမာခံတွေက လက်လုပ်လက်စား လူဖြူမဲဆန္ဒရှင်တွေပဲ။ သူတို့အနေနဲ့ ဒီမိုကရက်တစ်ပါတီဟာ လူနည်းစုအရေး၊ ပညာတတ်အမျိုးသမီးအရေး စတာတွေ ဦးစားပေးပြီး သူတို့ဖက်ကို အလေးအနက် လှည့်မကြည့်တော့ဘူးလို့ခံစားရတယ်။ နိုင်ငံတကာကို အလုပ်အကိုင်တွေစီးဆင်းသွားလို့ အလုပ်လက်မဲ့ဖြစ်ရတဲ့ကိစ္စတွေ အပါအဝင်ပေါ့။ ဥရောပက လက်လုပ်လက်စားမဲဆန္ဒရှင်တွေကို ကြည့်ရင်လည်း ဒီလိုပဲ။ ယဉ်ကျေးမှုပေါင်းစုံပေါ်လစီကိုထောက်ခံတဲ့ လက်ဝဲပါတီတွေကို သူတို့စွန့်ခွာလိုက်တာ။ သူတို့မဲတွေပြန်ရဖို့ ဖြစ်နိုင်ပါသေးတယ်။ ဘောင်ကျဉ်းထဲကနေ အကျိုးစီးပွားအခြေခံလူတစုရဲ့ ထောက်ခံမှုလောက်နဲ့လုပ်နေမယ့်အစား စီးပွားရေးနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ဆွဲဆောင်နိုင်ဖို့လိုတယ်။
မညီမျှမှုတွေကိုဖြေရှင်းဖို့ဆို အိုဘားမားရဲ့ ဆင်းရဲချမ်းသာမရွေးအကျုံးဝင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေလိုဟာမျိုး လူမျိုး၊ ကျား/မ၊ သန်စွမ်းမှု၊ နိုင်ငံရေးအရောင် ဘာကိုမှကြိုတင်ခွဲခြားမထားတဲ့ဥပဒေမျိုး လိုအပ်တယ်။ တိုးတက်ရေးသမားတွေ နောက်တခု သတိထားဖို့က မျိုးချစ်စိတ်ဆိုတာ လက်ယာသမားတွေရဲ့ကိုယ်ပိုင်ပစ္စည်း ဖြစ်သွားတဲ့အထိ လက်လွတ်ခွက်ကျွတ် လွှတ်မပေးဖို့လိုတယ်။ ဒုက္ခသည်တွေကို သနားစိတ်ကြောင့် တည်ဆဲလူဝင်မှုဥပဒေတွေကို လျစ်လျူရှုတာမျိုးမလုပ်မိဖို့ လိုတယ်။
+++++++++++++++++++++
အောက်ပါ စာပိုဒ်များမှာ Identity: The Demand for Dignity and the Politics of Resentment စာအုပ်မှ ကောက်နှုတ်ချက် ဖြစ်ပါသည်။

ဒေါ်နယ်ထရမ့်ကို အိမ်ဖြူတော်အရောက်ပို့ခဲ့သော၊ ဗြိတိန်ကို ဥရောပမှခွဲထုတ်ခဲ့သော အမျိုးသားရေးဝါဒ၏ တွန်းအားများအနက်မှ အကြီးဆုံး ဖြစ်နိုင်ချေတခုမှာ (လက်လုပ်လက်စား လူဖြူများအနေဖြင့်) လူ့အဖွဲ့အစည်း၌ နေရာမရ (ပျောက်ကွယ်နေပြီ)ဟု ထင်မြင်နေခြင်းပင်။ ဝစ္စကင်ဆင်နှင့်လူဝီစီယားနား ပြည်နယ်များမှ ကွန်ဆာဗေးတစ်မဲဆန္ဒရှင်များအား လတ်တလောကောက်ယူခဲ့သည့် ကတ်သရင်း ကရေမားနှင့် အာလီဟော့စ်ချိုင်းတို့၏စစ်တမ်းက ထိုမကျေနပ်မှုများကို ညွှန်ပြသည်။ ဝစ္စကင်ဆင်ပြည်နယ်တွင် တောနယ်လယ်သမားအများစုက ရီပတ်ဘလစ်ကင်အုပ်ချုပ်ရေးမှုး စကော့ဝေါကာ (အငြင်းပွားဖွယ်ရာ တောကြိုက်ပေါ်လစီများဖြင့်ထင်ရှားသူ)ကို အကြီးအကျယ် ထောက်ခံသည့်ဖြစ်ရပ်က ပြည်နယ်မြို့တော် မက်ဒီဆင်နှင့် အခြားမြို့ကြီးများမှ အထက်တန်းလွှာများအနေဖြင့် တောသူတောင်သားများ အပေါ် နားမလည်ကြောင်း၊ ၎င်းတို့၏ပြဿနာများကို အလေးမထားကြောင်း ထင်ဟပ်သည်။ ကရေးမား၏စစ်တမ်းမှ ဖြေဆိုသူတဦး၏ စကားအတိုင်းဆိုလျှင် "ဝါရှင်တန်ဒီစီဆိုတာ သီးခြားမင်းမူနေတဲ့ တိုင်းပြည်တခုပါ။ တိုင်းပြည်အရပ်ရပ်မှာ ဘာဖြစ်နေလဲ ဘာမျှမသိဘူး။ သူတို့ချက်ကို သူတို့ ငုံ့ကြည့်ရင်း အလုပ်ရှုပ်နေကြတာ။ လစ်ဘရယ်သုံးသပ်သူတွေက ကျုပ်တို့လို(တောသားတွေကို)နှာခေါင်းရှုံ့ကြတယ်။ ကျုပ်တို့က N-word (လူမည်းများကို မှိုချိုးမျှစ်ချိုးပြောသည့် စကားလုံး)မသုံးချင်ဘူး။ ဒါမျိုး မကြိုက်ဖူး။ ဒါပေမဲ့ လစ်ဘရယ်သမားတွေကပဲ ကျုပ်တို့အပေါ် R-word (Redneck - အမေရိကန်တောင်ပိုင်းမှ လူဖြူများတောသားများကို နှိမ်ချခေါ်ဝေါ်သည့်စကားလုံး) ဘာလို့သုံးသလဲ"
လူလတ်တန်းစားအဆင့်အတန်း ပျောက်ဆုံးမည်ကိုစိုးရိမ်သည့် ပုန်ကန်သူနိုင်ငံသားများက ၎င်းတို့၏ နေရာမရမှုအတွက် အပေါ်မှ အထက်တန်းလွှာ အီလိများကို လက်ညှိုးထိုးစွပ်စွဲကြသည်။ အောက်ခြေမှ ဆင်းရဲသားများကိုလည်း မျက်ရည်ချူသူ အခွင့်အရေးနှင့် မတန်သူများအဖြစ် စွပ်စွဲကြသည်။ "ဘေးဝဲယာမှ ဘဝတူ နိုင်ငံသားအချင်းချင်းကိုပင် မနှစ်မြို့ကြ။ ၎င်းတို့ ရင်ဆိုင်နေရသည့် ပြဿနာများ အတွက် (အောက်ခြေမှ)မထိုက်တန်သူများကို အပြစ်တင်ကြသည်။ ကျယ်ပြန့်သောလူမှုစီးပွားရေး၊ နိုင်ငံရေးအင်အားများကြောင့်ဟု မမြင်ကြ" ဟု ကရေးမားက ကောက်ချက်ချသည်။ ဟော့စ်ချိုင်းကမူ တင်စားချက်သရုပ်ဖော်တခုကို ပြောပြသည်။ လက်လုပ်လက်စား လူတန်းရှည်ကြီး အမေရိကန်အိပ်မက်ဟု စာကပ်ထားသည့် တံခါးပေါက်ရှေ့တွင် စိတ်ရှည်စွာဆောင့်ဆိုင်းနေစဉ် လူမည်းများ၊ အမျိုးသမီးများ၊ ရွှေ့ပြောင်း အခြေချလာသူများ ရုတ်တရက်ပေါ်လာကာ သူတို့ရှေ့မှ ဖြတ်ဝင်သွားကြသည်။ သူတို့ဖက်သို့လှည့်ကြည့်ဖော်ပင်မရသော အထက်တန်းလွှာ အီလိများက ထိုသို့ကူညီလိုက်ခြင်းဖြစ်သည်။ "ကိုယ့်မြေပေါ်မှာ တစိမ်းဆန်ဆန် ခံစားရတယ်။ တခြားသူတွေ ကိုယ့်ကို ကြည့်တဲ့အကြည့်က ကိုယ်မဟုတ်သလိုဘဲ။ ကိုယ့်ကိုယ်ကို သူများတွေမြင်မိဖို့၊ အသိအမှတ်ပြုဖို့တောင် အားထုတ်ရတယ်။ အသိအမှတ်ပြုခံရဖို့ဆိုတာ မထင်မရှား ဘဝကနေ သူများတွေ ကိုယ့်ကိုမြင်လာတဲ့အထိ။ ဒါပေမဲ့ ဒီဖြစ်စဉ်မှာ ကိုယ့်အမှားတခုမှမပါ။ ကိုယ်ရောင်ဖျောက်ထားတဲ့လမ်းတွေကို လျှောက်ရင်း နောက်ပြန်လျှောကျနေတယ်။"

အချို့လူများသည် စီးပွားရေးကျပ်တည်းမှုကို (ငွေကြေး အစရှိသော) အရင်းအမြစ်ချို့တဲ့ခြင်းဟုမယူဆဘဲ (ဂုဏ်သိက္ခာနှင့်ဆိုင်သော) ကိုယ်ပိုင်လက္ခဏာပျောက်ဆုံးခြင်းဟု မြင်ကြသည်။ တဦးတယောက် အလုပ်ကြိုးစားခြင်းကို ဂုဏ်ထူးတရပ်အဖြစ် ချီးမွမ်းသင့်သော်လည်း (မအောင်မြင်သည့်အခါ) ထိုဂုဏ် ပျောက်ဆုံးနေသည်။ တချို့သူများက စည်းမျဉ်းများကိုခုန်ပျံကျော်လွှားကာ အခွင့်အရေးများရသွားကြသည်။ ဝင်ငွေနှင့်အခြေအနေအကြားမှ ထိုချိတ်ဆက်မှုက အမျိုးသားရေးနှင့်ဘာသာရေး ရှေးရိုးဝါဒီများသည် လက်ဝဲဝါဒီများထက် စီပွားရေးနယ်ပယ် တိုင်းတာမှုတွင် အဘယ်ကြောင့် ဆွဲဆောင်မှုပိုအားကောင်းရသနည်းဆိုသောမေးခွန်းကို ဖြေကြားနိုင်သည်။

အမျိုးသားရေးဝါဒီများက လူတယောက်၏ စီးပွားရေးမအောင်မြင်မှုကို ကိုယ်ပိုင်လက္ခဏာပျောက်ဆုံးမှုအဖြစ် ဘာသာပြန် ပုံဖော်တတ် ကြသည်။ "သင်ဟာ ကြီးမြတ်တဲ့နိုင်ငံတော်ရဲ့ အမာခံပေါ့။ ဒါပေမဲ့ နိုင်ငံခြားသားတွေ၊ ရွှေ့ပြောင်းအခြေချလာသူတွေ၊ အသားထဲက လောက်ထွက်တဲ့ အထက်တန်းလွှာ အီလိတွေက သင့်ကိုချုပ်ကိုင်ပြီး နှိမ်ထားကြတယ်။ သင့်တိုင်းပြည်ကို သင်မပိုင်တော့ဘူး။ မွေးရပ်မြေမှာ သင့်ကို ဘယ်သူမှ ဂရုမစိုက်တော့ဘူး။" အလားတူပင် ဘာသာရေးဝါဒီမှလည်း ထိုသို့ ထပ်တူနီးပါးကျအောင် ပြောနိင်သည်။ "သင်ဟာ ကြီးမြတ်တဲ့ ယုံကြည်မှုခိုင်မာတဲ့လူ့အဖွဲ့အစည်းရဲ့ အမာခံဖြစ်တယ်။ ဒါပေမဲ့ မိစ္ဆာဒိဌိတွေရဲ့ ပုံဖျက်သမျှ ခံနေရတယ်။ ဒါဟာ သင့်ကို ဆင်းရဲစေရုံသာမက ဘုရားသခင်ကို စော်ကားတာလည်း ဖြစ်တယ်။ သင်ဟာ နိုင်ငံသားတွေအကြား မရှိမခြားနားဖြစ်နေပေမဲ့ ဘုရားသခင်ကတော့ မြင်ပါတယ်။"

ထို့ကြောင့် ကမ္ဘာအနှံ့ နိုင်ငံများအဖို့ လူဝင်မှုကိစ္စမှာ (လျစ်လျူရှုထား၍ မရသည့်) အာရုံကြောနာကြင်မှုတခု ဖြစ်လာခြင်းဖြစ်သည်။ လာရောက် အခြေချသူများကြောင့် အမျိုသားစီးပွားရေးကို အထောက်အကူ ပြုကောင်းပြုမည်။ ကုန်သွယ်မှုကဲ့သို့ပင် လူဝင်မှုကြောင့်ထွက်သည့် အမြတ်ကို အားလုံး စာရင်းချုပ်လိုက်မှ မြင်ရသည်။ သို့သော် လူ့အဖွဲ့အစည်းတွင်းမှ အုပ်စုအားလုံး ကိုယ်စီကိုယ်ငှ အမြတ်ရချင်မှရမည်။ သို့သော် လူဝင်မှုကိစ္စကို ယဉ်ကျေးမှုကိုယ်ပိုင်လက္ခဏာအပေါ် ခြိမ်းခြောက်သူအဖြစ် အမြဲလိုလို မြင်ရသည်။ အထူးသဖြင့် ယနေ့ခေတ် ဆယ်စုနှစ်များမှာကဲ့သို့ နယ်စပ်ဖြတ်ကျော်မှုများ အကြီးအကျယ်ရှိလာသည့်အခါ၌ ဖြစ်သည်။ စီးပွားကျဆင်းမှုကို လူမှုအဆင့်အတန်း ကျဆင်းခြင်းဟု အဓိပ္ပါယ်ကောက်ယူသည့်ခေတ်၌ ဤပြောင်းလဲမှု၌ လူဝင်မှုကိစ္စ အဘယ်ကြောင့် ကြားခံဖြစ်ရသည်မှာ အံသြဖွယ်ရာ မဟုတ်ချေ။

ဤသို့ဆိုသည့်တိုင် ယခုနှစ်များအတွင်း အမေရိကနှင့် ဥရောပမှ ကိုယ်ပိုင်လက္ခဏာ အမျိုသားရေးလက်ယာဝါဒီများအနေဖြင့် လက်ဝဲ ထောက်ခံသူများ၏မဲကို ရယူနိုင်ခြင်းအတွက် ကျေနပ်လောက်သည့်အဖြေ မရသေးပါ။ အစဉ်အလာအရ နည်းပညာအပြောင်းအလဲနှင့် ဂလိုဘယ်လိုက်ဇေးရှင်းတို့ကြောင့် စီးပွားရေးအဆစ်လွဲမှုများဖြစ်သည့်အခါ ပိုမိုကျယ်ပြန့်သောလူမှုဖူလုံရေး စသည့် အထောက်အပံ့များဖြင့် လက်တွေ့အဖြေပေးနိုင်သူမှာ လက်ဝဲအုပ်စုသာဖြစ်သည်။ ထို့ပြင် တိုးတက်ရေးသမားတို့အနေဖြင့် အတိတ်ကာလက ချမ်းသာသည့် အရင်းရှင်ကြီးများ၏အမြတ်ထုတ်မှုကို အတူပူးပေါင်းဆန့်ကျင်ခဲ့ကြသည်ဟူသော လူ့အသိုင်းအဝိုင်း ကိုယ်ပိုင်လက္ခဏာကို (ကိုယ်စားပြု) ဆွဲဆောင်နိုင်သည့်စွမ်းရည် ရှိခဲ့သည်မဟုတ်ပါလား။

"ကမ္ဘာ့အလုပ်သမားများ ညီညွတ်ကြလော့ .. Workers of the world, unite!”
"အညံ့မခံ ပြန်နှက်ကြစို့.. Stick it to the Man! "
စသည်တို့မှာ အထင်ကရ လက်ဝဲဆောင်ပုဒ်များ ဖြစ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု၌ လက်လုပ်လက်စားလူတန်းစားအနေဖြင့် ဒီမိုကရက်တစ်ပါတီကို "စာချုပ်အသစ်"ကာလ ၁၉၃ဝ ပြည့်နှစ်များမှသည် ရော်နယ်ရေဂင်ခေတ်အထိ အားတက်သရော ထောက်ခံ ခဲ့ကြသည်ပင်။ ဥရောပ ဆိုရှယ်ဒီမိုကရေစီဆိုသည်မှာလည်း ကုန်သွယ်ရေးသမဂ္ဂများ၊ လက်လုပ်လက်စားများ၏ညီညွတ်မှုကို အခြေပြုခဲ့သည်ပင်။


မျက်မှောက်ခေတ် လက်ဝဲသမားတို့၏ပြဿနာမှာ ကိုယ်ပိုင်လက္ခဏာကို အောင်ပွဲခံရန်အတွက်သာ ရွေးချယ်လာကြခြင်းဖြစ်သည်။ လက်လုပ်လက်စားလူတန်းစားနှင့် စီးပွားရေးဖိနှိပ်ခံတို့အကြား သွေးစည်းညီညွတ်ရေးတည်ဆောက်ရန် အားထုတ်ခြင်းအစား ပိုမိုသေးငယ်သည့် ဘေးရောက်နေသည့်အုပ်စုများကိုသာ တနည်းတဖုံ ဂရုစိုက်လာကြသည်။ ဤကား ခေတ်သစ်လစ်ဘရယ်ဝါဒ၏ ကံကြမ္မာ တစိတ်တပိုင်းပင် ဖြစ်တော့၏။ အုပ်စုတခုခုကိုသာ အထူးအာရုံစိုက်ရေးအသံများ တွင်ကျယ်လာသည့်အောက်၌ တန်းတူအသိအမှတ်ပြုရေး ကမ္ဘာလုံးဆိုင်ရာအခြေခံစည်းမျဉ်းသည်လည်း ဆွံ့အနှုတ်ပိတ်နေလေတော့သည်။
 (ပြန်ဆိုသူ)Ko Htay Naing
Ref:
- Can liberal democracies survive identity politics? The Economist - Open Future 30th September 2018.
- Excerpted from “Identity: The Demand for Dignity and the Politics of Resentment”. Copyright © 2018 by Francis Fukuyama.

Friday, October 26, 2018

သက္ကာယအဆိပ် ငယ်ထိပ်တက်ခြင်း(မျိုးမြင့်ချို)

0 comments

(သက္ကာယအဆိပ် ငယ်ထိပ်တက်ခြင်း)
အဲ့ဒီ အိမ်နဲ့ခြံကြီးက ဘိုးစဉ်ဘောင်ဆက်ပိုင်ခဲ့တာမဟုတ်တဲ့အပြင် မိဘတွေရဲ့ ကိုယ်ပိုင်ငွေနဲ့ဝယ်ခဲ့တာလည်းမဟုတ်ဘူး။ ပြီးတော့ ခု အမွေပြဿနာပေါ်နေတဲ့လူ ၂ ယောက်လုံးရဲ့ ချွေးနှဲစာလည်း တပြားမှမပါဘူး။

ပိုင်ရှင်အစစ်က ပြန်မရွေးနိုင်တော့လို့ ဘဏ်ကလေလံတင်တာကို ဖဆပလအစိုးရ(ဝန်ကြီးချုပ် ဦးနု)က ဝယ်ပေးခဲ့တာ။ မဆလခေတ်မှာ ခင်မောင်အေး(မန္တလေး) က လူကြီးတွေပြောပြီး ဒေါ်ခင်ကြည့်အမည်ပေါက်ဖြစ်အောင်လုပ်ပေးခဲ့တယ်ဆိုတာလည်း ကြားရပါတယ်။ စဝယ်စဉ်ကလည်း နည်းနည်းမဟုတ်တဲ့ပြဿနာက ရှိသေးတယ်။ ဒေါ်ခင်ကြည်(ဗိုလ်ချုပ်ကတော်)ကလိုချင်လို့ မောင်နုက အစိုးရပါဝါသုံးပြီး ဇွတ်လုပ်ခဲ့သယောင်ယောင် အပြောထွက်တာတွေလည်း ရှိသေးတယ်။ အိမ်ရှင်အစစ်က ပြန်ရွေးဖို့ကြိုးစားပေမယ့် ရွေးခွင့်မရအောင်လုပ်ခဲ့သယောင်ယောင် အပြောတွေလည်းရှိတယ်။ တကယ့်အဖြစ်မှန် အစစ်အမှန်ဘာဖြစ်ခဲ့တယ်ဆိုတာ ပြန်ဖော်ရင်ဖော်လို့ရဦးမယ်ထင်တယ်။ စာရွက်စာတမ်းအထောက်အထားတွေ၊ အစိုးရ(ဖဆပလ)မှတ်တမ်းမှတ်ရာတွေ၊ ဘဏ်နဲ့ဆိုင်တဲ့အထောက်အထားတွေ၊ လူသက်သေတွေလည်း ရှိနေမှာပါပဲ။

သေချာတာတခုကတော့ ဖဆပလအစိုးရပိုက်ဆံဆိုတာကလည်း ဝန်ကြီးချုပ်မောင်နုအိပ်ထဲက ထွက်လာတာမဟုတ်ဘူး။ လူထုပိုက်ဆံ၊ တိုင်းပြည်ဘဏ္ဏာငွေ။ လူထုနဲ့ဆိုင်တဲ့ တိုင်းပြည်ကပိုင်တဲ့ ပိုက်ဆံ။ ဘိုးစဉ်ဘောင်ဆက်ပိုင်လာတာလည်းမဟုတ်၊ မိဘတွေက သူတို့ပိုက်ဆံနဲ့သူတို့ ဝယ်ထားခဲ့တာလည်းမဟုတ်၊ ကာယကံရှင်လို့ပြောနေတဲ့ ၂ ယောက်ရဲ့ ချွေးနှဲစာလည်း တပြားမှမပါ။ လူထုပိုက်ဆံ နိုင်ငံ့ဘဏ္ဏာနဲ့ဝယ်ထားတာကို အမွေခွဲတယ်ဆိုကတည်းက မဟုတ်တော့တာ။ မဟုတ်တဲ့အတွေးက အခြေခံလာတာပဲ။ လောဘသက္ကာယကစိတ်ကြောင့် စိတ်ကန်းသွားမှုပဲ။ ပိုဆိုးတာက အိမ်က သူ့ဘက်အခြမ်းမှာပါလို့ ငါ့ဘက်အခြမ်းမှာပါလို့ မကျေနပ်ပြီး အိမ်ရောခြံပါ လေလံပစ်ပြီး ရတဲ့ငွေ တယောက်တဝက် ခွဲယူမယ်ဆိုတာပဲ။

တကယ်ဆို လူထုပိုင် တိုင်းပြည်ပိုင်ဖြစ်တဲ့ အဲ့ဒီအိမ်နဲ့ခြံကို ပြတိုက်ပဲလုပ်လုပ် ဟော်တယ်လ်ပဲဖွင့်ဖွင့် လုပ်ပါစေတော့၊ တိုင်းပြည်အတွက်အကျိုးရှိမှာပဲ၊ ဝင်ငွေလည်းရမှာပဲဆိုတဲ့ အသိလေးသာ၂ ယောက်လုံးမှာရှိကြရင် နိုင်ငံကိုပြန်အပ်ပြီး ကိုယ့်ဘာသာသိက္ခာရှိရှိ လိပ်ပြာပြာသန့်သန့် စိတ်လက်ရှင်းရှင်းနဲ့ နေနိုင် သေနိုင်ကြမှာပဲ။

ခုတော့ ကိုယ်မပိုင်တဲ့ပစ္စည်းအပေါ် မတော်လောဘနဲ့ သက္ကာယဇောတိုက်ပြီးလုနေကြတာ အရပ်ရပ်နေပြည်တော် ကျော်မကောင်းကြားမကောင်း။ ရပ်ကွက်ထဲက သူလိုငါလိုလူတွေလည်း မဟုတ်ကြဘူး၊ ဆင်းတောင့်ဆင်းရဲတွေလည်း မဟုတ်ကြဘူး၊ စာမတတ်ပေမတတ်တွေလည်း မဟုတ်ကြဘူး၊ အသက်တွေကလည်း ဘယ်လောက်မှနေရတော့မယ် အရွယ်တွေမဟုတ်ကြတော့ဘူး။
မျိုးမြင့်ချို(အောက်တိုဘာ ၂၆၊ ၂ဝ၁၈)