Sunday, October 14, 2018

ချီလေသော်လည်းကို ဖတ်လေသော်(မျိုးမြင့်ချို)

0 comments
(ချီလေသော်လည်းကို ဖတ်လေသော်)
ရန်ကုန်ဘဆွေရဲ့ ချီလေသော်လည်း ကို ဒီနေ့ပြန်ဖတ်မယ်။ အရင်တကြိမ်ဖတ်ဖူးတာက ၂၂ နှစ်သားလောက်ကဖြစ်မယ်။ ခု အသက် ၅ဝ ကျော်ပြီ။ လွန်ခဲ့တဲ့အနှစ် ၃၀ က ကျနော်နဲ့ ဒီနေ့ကျနော်ဟာ ရုပ်ပိုင်းစိတ်ပိုင်း အတွေးအခေါ်ပိုင်း အသိအမြင်အတွေ့အကြုံပိုင်း စဉ်းစားဆင်ခြင်နိုင်စွမ်း အကဲဖြတ်နိုင်စွမ်းတွေ ခံစားနိုင်စွမ်း တုံ့ပြန်နိုင်စွမ်းတွေ ခြားနားသွားပြီ။

ဒီတကြိမ် ပုံနှိပ်မှတ်တမ်းမှာ မူပိုင်ခွင့်က ဒေါ်အောင်သူမ။ သူက ရန်ကုန်ဘဆွေသမီး။ သားတယောက်ရှိသေးတယ် ဆွေညိုလို့မှတ်မိဖူးတယ်။ တောတွေဘာတွေလည်း ခိုဖူးတယ်။ ဗိုလ်လက်ျာတို့ ဦးနုတို့ရဲ့ တောခိုကြစဉ်က။ သူက နည်းနည်းနောကျကျတယ် တောထဲရောက်တာ။ အဲ့အချိန်မှာ သူ့အဖေရန်ကုန်ဘဆွေက အဲ့ဒီ ပီဒီပီမှာ တောင်ပိုင်းတိုင်း တိုင်းမှူးလားဘာလား မသိဘူး။ မောင်ရင်မန်းပြန်ရေးတဲ့ “ကျနော်ပြည်ပြေး“ထဲမှာဖတ်ရတာ။ ဆွေညိုတောထဲဝင်လာတော့ သတင်းပေးလိုလိုဘာလိုလိုလို့ယူဆပြီး ရန်ကုန်ဘဆွေက အပြစ်ပေးဖို့မိန့်ထုတ်ခဲ့တယ်ဆိုတာလည်း ပါတယ်မှတ်တယ်။ ကောင်းကောင်းမမှတ်မိတော့ဘူး။ ခုနေ အဲ့စာအုပ်လည်းပြန်တော့အဖတ်ချင်သား။ တခါတလေကျတော့လည်း လက်နက်ချတွေပြန်ပြောတဲ့ သူတို့အတွင်းရေးတွေက စိတ်ဝင်စားစရာကောင်းတယ်မဟုတ်လား။ ပြီးတော့ အပြင်လူတွေမသိနိုင်တဲ့အကြောင်းတွေဖြစ်ပြီး သူတို့ပြန်ဖော်ကောင်လုပ် အုပ်ချမှ ဘေးလူတွေသိရတာမဟုတ်လား။ အဲ့အကြောင်းတွေဖတ်ခဲ့တာ ကြာပဲကြာလှပြီ။

ခုဒီရောက်မှ မြန်မာပြည်သားတို့ နန်းဟာဗီးတို့ ရွှေဝါပြည်တို့လည်း ပြန်ဖတ်ဖြစ်တယ်။ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်လောက်တွေဆီက။ ငယ်တုန်းကတော့ သူရေးတဲ့ ချစ်ဇနီးသို့တို့၊ သီကုန်းပန်းသွင်ဖွဲ့လိုလျှင်တို့၊ ပန်းသွင်သီကုံးရေးဖွဲ့ထုံးကားတို့၊ စကားနက်တို့ဖတ်ပြီး စာရေးကျင့်ဖူးတယ်။ စာဆိုတာရေးမှ စာရေးသူဖြစ်တယ်ဆိုတာရယ်၊ စာရေးဖို့စာဖတ်ရတယ်ဆိုတာတွေကို သူ့စာတွေကနေလည်း သိခွင့်ရခဲ့တယ်။ စာကျေးဇူး ကျနော့်အပေါ်ရှိပါတယ်။

ခဝဲပွင့်ချိန်ပြဇာတ်ကို ကြည့်ဖူးဖို့ဝေးစွ ဖတ်တောင်မဖတ်ဖူးဘူး။ တယောပြားလေးတလက်နဲ့ နယ်လှည့်တေးဆိုရင်း သိုင်းဆရာလေး ဂီတနက်သန်ကိုစောညိမ်းအကြောင်းလေးလည်း မှတ်မိဖူးတယ်။ အောင်လင်းတို့နဲ့ လူသည်ခွေးထက်မိုက်၏ဟောပြောပွဲတွေ အကြောင်းတော့ ကြီးသူတွေပြန်ရေးတာ ဖတ်ဖူးတယ်။ ကိုကြီးကောင်းပြဇာတ် ငယ်တုန်းကဖတ်ပြီး ဘုမသိဘမသိ ကြိုက်မိဖူးတယ်။ နောက်တော့ ဒေါ်ခင်နှင်းယုရေးတဲ့ဟာလေး (ကြက်ဟင်းခါး ပင်ပျိုအောက်xxx ပေါက်လာပါတဲ့ရွှေတမာxxx ခါးချက်ကယ်နာxxx ရေစီးရယ်တခါxxx ရေသာရယ်တလှည့် သူများလိုတို့မရိုင်းတယ် တိုင်းသိပါရဲ့ ဆိုတာလေးဖတ်ရတာရယ် ရန်ကုန်ဘဆွေက သူ့အရေးအသား ကြမ်းတမ်းသွားတာတွေအတွက် ဒေါ်ခင်နှင်းယုကို ပြန်တောင်းပန်တယ်ဆိုတာလည်း မှတ်မိဖူးတယ်။
ဗမာပြည်မှာ ပါတိတ်ပန်းချီဆိုတာကိုလည်း သူပဲစမိတ်ဆက်ပေးခဲ့တာဖြစ်ကြောင်း ပေဖူးလွှာမဂ္ဂဇင်းမှာ (ကိုဝသုန်ထင်တယ်)ရေးထားတာဖတ်ဖူးတယ်။ ၁၉၈၅ လောက်ကလို့ မှတ်တာပဲ။ တမြန်နေ့ကလည်း သူရေးတဲ့ဝတ္တုတိုတချို့(စနစ်ကို အတင်းပြောင်းမည်)ကိုဖတ်ဖြစ်တယ်။ မကြိုက်လှဘူး။ ရသအား သိတ်မပါဘူးလို့ ခံစားရတယ်။

ခုတော့ ချီလေသော်လည်းကို ပြန်ဖတ်မယ်။ ဘယ်လိုနေဦးမယ် မပြောတတ်သေး။ ဟိုတလောက စစ်ဗိုလ်ဟောင်းတယောက်က ချီလေသော်လည်းမှာပါတဲ့ တချို့အချက်အလက်တွေဟာ လွဲချော်နေတယ်လို့ သူ့စာအုပ်ထဲမှာ ထည့်ပြောထားတဲ့အကြောင်း တစွန်းတစ ဖတ်လိုက်မိသေးတယ်။ ဘယ်စစ်ဗိုလ်လဲ ဘယ်စာအုပ်လဲ ကတော့ မမှတ်မိပြန်ဘူး။

လူလည်း စိတ်ကျန်းမာရေး ချို့ယွင်းကတည်းက မှတ်ညာဏ်တွေ ယွင်းယွင်းလိုက်လာတယ်။ တခါတလေ အတိတ်ကအဝေးကြီးက အကြောင်းတွေကို လုံးစေ့ပတ်စေ့ပြန်မှတ်မိပြီး အနီးကအကြောင်းတွေကို မေ့ကုန်တယ်။ ဘယ်လောက်ထိမေ့လဲဆို ကိုယ့်ဘာသာ ရေချိုးပြီးပလား မချိုးရသေးဘူးလား၊ မနက်က အပြင်ထွက်မိလား မမိလားလောက်အထိပါ မမှတ်မိတတ်ဘူး။ တခါတလေကျတော့လည်း အနီးကအကြောင်းတွေကို ခရေစေ့တွင်းကျမှတ်မိပေမယ့် အဝေးကအကြောင်းတွေကို အစပါပြန်ကောင်မရတော့ဘူး။ တခါတလေ ကိုယ့်နံမည်ပါကိုယ်မေ့တယ်။ ဆိုရှယ်လ်နံပတ်၊ အိမ်နံပတ်၊ ဖုန်းနံပတ်၊ လူနံမည်တွေ အကုန်မေ့တယ်။ အဝေးကအကြောင်းတွေမေ့တော့ အခြားအရာတွေနဲ့အတူ ဖတ်ခဲ့တဲ့စာတွေ ဖြတ်ခဲ့တဲ့ဘဝတွေက ရတဲ့အသိတွေပါ မေ့ကုန်တယ်။ သမြောတယ်။ မတတ်နိုင်ဘူး။ အနီးကအကြောင်းတွေမေ့တော့ လူမှုဆက်ဆံရေးတွေ ကမောက်ကမဖြစ်တယ်။ ရုံးကိစ္စတွေဘာတွေသွားရင် ငြူငြူစူစူ အလုပ်ခံရတယ်။ ခံလည်း ခံရုံပဲ ကိုယ်မှမတတ်နိုင်တာကိုး။

ခု ဒီအုပ်ကို ပြန်ဖတ်မယ်ဆိုတော့ ငါအရင်ဖတ်တုန်းက ဘာတွေမှတ်မိတာ ကျန်သေးလဲကို မနည်းစဉ်းစားရတယ်၊ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ရေးတဲ့စာထဲပါတဲ့ ရန်ကုန်ဘဆွေတို့နဲ့ တွဲတိုက်ခဲ့ရတဲ့အကြောင်းလား မသိဘူး ပြန်မှတ်မိသလိုလို ဖြစ်လာတယ်။ ကဲ အခုချီလေသော်လည်းကို ပန်ဖတ်မယ်။ တိုက်ယူရသောမျက်ရည်တပေါက်ကိုလည်း ပြန်ဖတ်ချင်တယ်။ ကိုယ့်ဆီမရှိတော့ ခက်တယ်။
အောက်တိုဘာ ၁၄၊ ၂၀၁၈

0 comments:

Post a Comment