(ရွေးလမ်း)
လူတွေက စစ်အုပ်စုဖန်တီးတဲ့ ပြည်တွင်းပြဿနာတွေဖြစ်ဖြစ်၊ ကမ္ဘာချီတဲ့ကိစ္စကြီးတွေဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဖယ် ဖယ်ပြီး၊ စစ်အုပ်စုကို တည် တည် ပြီး ပြောကြဆိုကြတယ်။ ဒါကို သူက စစ်အုပ်စုဘက်က မားမားမတ်မတ်ရပ်ခံပြီး ရှေ့နေလိုက်တယ်၊ မလုံမှန်းသိသိနဲ့ ဖုံးဖိတယ်၊ သူ့အရှိန်အစော်သုံးပြီး အကာအကွယ်ပေးတယ်။ နိုင်ငံတကာကရော ပြည်တွင်းကရော သူ ဒီလို မူပျက်သွားတာကို ခြေလှမ်းမှားနေတာကို အသာဖော့ထားပြီး ခပ်မဆိတ်နေပေးကြပြန်သေးတယ်။ သိတ်လွန်ကဲလာတော့မှသာ သူ့ကို ဝေဘန်တာတွေ၊ ထောက်ပြတာတွေ၊ ဆုပြန်သိမ်းတာတွေ၊ အဆင့်လျှော့ချဆက်ဆံတာတွေလုပ်ပြီး တည့်မတ်ပေးဖို့ကြိုးစားတယ်။ အလိုတူအလိုပါသဘော ဝင်လက်မလျှိုဖို့ဟန့်တယ်။ ဘာမှမလုပ်နိုင်ရင်၊ ဘာမှမလုပ်တတ်ရင် အသာလေးပါးစပ်ပိတ်နေဖို့အထိပြောတဲ့ သံခင်းတမန်ခင်းတွေ ခင်းကြတာလည်းရှိတယ်။
သူကတော့ မူမဲ့တဲ့ရင်ကြားစေ့ရေးကို သူ့ဗီဇပါညာဉ်အတိုင်း ပေါက်တဲ့နဖူးမထူးဇာတ်ခင်းပြီး အရွဲ့တိုက်တယ်။ စစ်အုပ်စုဘက်ကများ စိတ်လည်လာတန်ကောင်းရဲ့လို့ လင်ကိုချစ်လှချည်ရဲဆိုတဲ့ လင်ပစ်မယားရဲ့ မျှော်နည်းကားအတိုင်း မျှော်တယ်။ ဒါနဲ့ပဲ သူ့နိုင်ငံရေးနဲ့ အင်န်အယ်လ်ဒီရဲ့ စည်းရုံးရေးတွေကျသွားတယ်။ ဒါပေမဲ့ ပါတီဝင်အင်အားနဲ့ ပါတီတွင်းထောက်ခံမှုတော့ သိတ်ကျမသွားဘူး။ သူလုပ်နေတဲ့ စေ့စပ်ရေးက မရောင်းပါဘူးလို့ အတန်တန်ပြောထားတဲ့ဟာကို ဝယ်ပါရစေ၊ ချိန်သာချိန်ပါ လိုက်လုပ်နေတာမျိုးဖြစ်နေတယ်။ ဒီလိုနဲ့ ကမ္ဘာ့အလည်မှာ သူ့ပုံရိပ် မှိန်လာတယ်၊ အကျိုးလိုလို့ ညောင်ရေလောင်းကြတဲ့နိုင်ငံတွေကတောင် အဖက်တန်တန် သိတ်မဆက်ဆံချင်သလိုလို အင်တင်တင်ဖြစ်လာတာ သိသာလာတယ်။ သူလည်း အရင်လို အပြင်သိတ်ထွက် မျက်နှာပြရ ခက်လာတယ်။ ဒါပေမဲ့ ပြည်တွင်းမှာဖြစ်နေတာက Lesser Evil (ဆိုးမျိုးနည်းတဲ့မကောင်းဆိုးဝါး) ရွေးရတဲ့အနေအထားမို့ မဲတွေ ပုံအောနေကြရတယ်။ နိုင်ငံတကာကလည်း ဒါကိုသိတယ်။ ဒါ့ကြောင့် မြွေမသေတုတ်မကျိုးပေါ်လစီလေးချပြီး ဗမာ့အရေးကို ကိုင်တွယ်နေကြတာဖြစ်တယ်။
ထားပါတော့ အဲ့ဒီ စစ်အုပ်စုကြောင့်ဖြစ်ရတဲ့ ပြည်တွင်းပြည်ပပြဿနာတွေမှာရပ်ပေးနေတဲ့ သူ့အနေအထားနဲ့ ကျသွားတဲ့ သူု့ပုံရိပ်၊ သူ့နိုင်ငံရေးတွေကို။ အဲ့ဒါတွေက နိုင်ငံတကာနဲ့ဖြစ်တာ၊ စစ်အုပ်စုနဲ့တိုင်းပြည်(လူထု)နဲ့ဖြစ်တာတွေမို့လို့။ ဟုတ်ဟုတ် မဟုတ်ဟုတ် သူ့ပါတီဝင်တွေ၊ သူ့ထောက်ခံသူတွေ တုတ်တုတ်မှ မလှုပ်ကြတာ။ ဒါ နားလည်ပေးမယ်ဆို နားလည်ပေးလို့ရသေးတယ်။ ခု ဖြိုးမင်းသိမ်းကိစ္စက ဗူးပေါ်သလိုပေါ်လာပြီ။ လူပြောလည်းများလှပြီ။ ကျော်မကောင်းကြားမကောင်းလည်း ဖြစ်ရပြီ။ သူ ဘယ်လိုရပ်မလဲ။ ဘယ်ဘက်က ရပ်ခံပေးမလဲ။ ဒါ စိတ်ဝင်စားစရာဖြစ်လာတယ်။ ဒါ ပြည်ပ(နိုင်ငံတကာ)နဲ့ဆိုင်တဲ့ပြဿနာမဟုတ်သလို ပြည်တွင်း (လူထုနဲ့စစ်အုပ်စုကြားက)ပြဿနာလည်းမဟုတ်ဘူး။ ဒါဟာ ရန်ကုန်အစိုးရနဲ့ရန်ကုန်လွှတ်တော်ကြား ငြိကြရုံ သက်သက်လေးလောက်လည်း မဟုတ်ဘူး။ စန္ဒာမင်းတို့အုပ်နဲ့ ဖြိုးမင်းသိမ်းတို့ ပုဂ္ဂိုလ်ရေးရှင်းကြတဲ့ပွဲ သက်သက်လည်းမဟုတ်ဘူး။ လူထုငွေတွေ မမှန်မကန်ဘုံးလို့ဆိုတာလေးလောက်လည်း မဟုတ်ဘူး။
ငွေကိစ္စရှင်းလို့ရတယ်ဆိုဦး၊ လွှတ်တော်နဲ့အစိုးရအကြား ပြန်ကြောင်းလမ်းပေးလို့ရတယ်ဆိုဦး ကိစ္စက အဲ့သလောက်နဲ့ပဲ ရပ်သွားမှာ မဟုတ်ဘူး။ (မီဒီယာတွေကလည်း ငြိမ်နေမှာမဟုတ်ဘူး) ဒီကိစ္စအကြောင်းပြုပြီး ပါတီတွင်း စည်းရုံးရေး၊ ပါတီတွင်းဦးဆောင်မှုကဏ္ဍတွေအထိ တက်လာလိမ့်မယ်။ ဖြိုးမင်းသိမ်းဆိုတာ အင်န်အယ်လ်ဒီမှာ နောက်ပေါက်တဲ့ရွှေကြာပေမယ့် မျက်နှာသာပေးရင်းပေးရင်း ရွှေရေးပန်းကန်တင်မက စားတော်ပွဲပါ တက်နှိုက်ခွင့်ရနေတဲ့သူ။ ဒေါ်စုတင်ထားတဲ့ ဝန်ချုပ်။ သူမြှောက်စားထားလို့ တောက်ကြွားနေသူ။ ခါတော်မီအင်န်အယ်လ်ဒီဆိုပေမယ့် အစစ်တွေထက်တောင် အရောင်ပိုထွက်ခွင့်ရနေတဲ့ နိုင်ငံရေးခြံခုန်။ အရှင်မွေးတော့ နေ့ချင်းကြီးပြီး ပါတီဗဟိုကော်မတီအရာပါပေးရတဲ့သူ။ ဒါတွေအခြေခံပြီး သူ့ကိုဝန်ချုပ်ပေးကတည်းက ပါတီတွင်းမှာ ပွစိပွစိအသံထွက်တယ်။ ဒါပေမဲ့ မလှန်ရဲကြဘူး။ ဒေါ်စုကိုင်မှာ ကြောက်တာလည်းပါသလို ပါတီ အအုပ်အစည်းပြေမှာစိုးကြတာလည်း ပါတယ်။
ခုတော့ ဒေါ်စုအနေနဲ့ တခုခုကို ပြတ်သားရတော့မယ်။ စန္ဒာမင်းတို့အုပ်က ပါတီတွင်းဆုံးမတယ်ဆိုပြီး ခေါ်နားရင်းအုပ်လိုက်လို့ ရနိုင်သေးတယ်။ ပါးစပ်ပိတ်လိုက်လို့ရသေးတယ်။ လွှတ်တော်ထဲက ကျန်တဲ့အန်အယ်လ်ဒီအမတ်တွေ အသံထပ်ထွက်မလာအောင် ကြိတ်မန်မဲလို့ရသေးတယ်။ ပါတီတွင်းကိစ္စကြ အဲ့သလိုမဟုတ်ဘူး။ အမတ်က လခစား၊ တချို့ ဝင်ပေါက်ဝင်လမ်းလေးတွေတောင် ဖြောင့်နေတာရှိတယ်။ ဘာမှမရှိတောင် အမတ်ဆိုတဲ့အာဏာလေးပြပြီး လူရာဝင်လို့ရသေးတယ်။ ပါတီဝင်(အများစု)ကြီးက အဲ့သလိုမဟုတ်ကြဘူး။ ကိုယ့်ထမင်းကိုယ်စား ပါတီနွားကျောင်းနေကြတာ။ ဘာ လခမှ မရဘူး။ ဘယ်နေရမှ အာဏာနဲ့လူရာဝင်ခွင့် မရှိကြဘူး။ ပါတီကြေးတော့ မှန်မှန်ပေးရတယ်။ ပါတီအလုပ်လည်း မပျက်မကွက်လုပ်ကြတယ်။ ဘေးပေါက်ဝင်ငွေလည်း မရှိကြဘူး။ ပါတီကြည့်ပြန်တော့လည်း ပါတီကလည်း အတွေးအခေါ်တခုခုအပေါ်၊ ဝါဒတခုခုအပေါ်တည်ပြီး ဆောက်ထားတဲ့ပါတီမဟုတ်ဘူး။ ပုဂ္ဂိုလ်အခြေပြု တည်ဆောက်ထားတဲ့သဘော ကဲတယ်။ ဒီလိုပါတီမျိုးဟာ ပုဂ္ဂိုလ်တက်ရင်တက်သလို ပုဂ္ဂိုလ်ကျရင်ကျသလို ကုန်းကောက်စရာမရှိ ဖြစ်တတ်ပါတယ်။ ဒါအလွန်မြင်သာသလို သတိလည်းထားရမှာဖြစ်သလို အကဲလည်းအလွန်ဆတ်တဲ့ကိစ္စဖြစ်ပါတယ်။
ဒါပေမဲ့ ဒီနေရာမှာတွေးရမှာက လွှတ်တော်ထဲမှာ ကိုယ်တွေချည်းပဲ မဟုတ်ဘူး။ စစ်အမတ်တွေ၊ ကြံ့ဖွံ့တွေအပြင် ကိုယ့် ပြန်ကလန်နေတဲ့ အင်န်အယ်လ်ဒီ အမတ်ဟောင်းတွေရှိတယ်။ တခြားကိစ္စကြီးငယ်တွေမှာ ထစ်ကနဲရှိ အင်န်အယ်လ်ဒီကို ချက်ခြင်း ကက်ကက်လန် ရန်လုပ်ကြပေမယ့် ခုကိစ္စမှာ ဒင်းတို့ အင်းမလုပ်အဲမလုပ် လုပ်နေကြတာ မဆန်းဘူးလား။ သူတို့အခု ငြိမ်နေသေးတာ အကြောင်းရှိတယ်။ အင်န်အယ်လီ ပါတီတွင်းပြိုကွဲမှု ဘယ်အထိဖြစ်လာမလဲကို စောင့်နေကြတာဖြစ်ဖို့များတယ်။ ပါတီတွင်း အက်ရာကြီးလာမှ ထိုးခွဲရပိုလွယ်မှန်း လူတိုင်းသိပါတယ်။ ခု အက်ရာ ဘယ်အထိ ကျယ်လာမလဲကို စောင့်ကြည့်နေကြတာဖြစ်တယ်။ တပါတီထဲကဖွဲ့ထားတဲ့ အစိုးရတွေ၊ လွှတ်တော်တွေဆိုတာ ငြိကြတာပဲ။ အငြိပြကြရတာပါပဲ။ လူထုကြား ဒီမိုကရေစီရှိသယောင်ယောင်၊ အပြန်အလှန်ထိန်းကျောင်းနေကြသယောင်ယောင်၊ Check and Balance ရှိသယောင်ယောင် လုပ်ပြကြရတာပါပဲ။ သိတ်အဆန်းတကြယ်လည်းမဟုတ်ပါဘူး။ နင်တန်နင်တန်နဲ့ ပြီးတော့လည်း ပြီးသွားတာပါပဲ။ ပန်းကန်ကွဲတာလည်း ရိုးအီနေတာမျိုးပါ။
ဒါပေမဲ့ ပါတီတွင်းကြတော့ ဆန်းတယ်။ အမေရိကန်ပါတီတွေလို အမေရိကန်က ပါတီဝင်တွေလိုမဟုတ်ဘူး။ တူလည်းမတူဘူး။ တူလို့လည်း မရပါဘူး။ အမေရိကန်ပါတီတွေအတွင်း ဖြစ်ကြတာနဲ့၊ ပါတီနဲ့လူထုဖြစ်တာနဲ့၊ ပါတီအစိုးရပါတီလွှတ်တော်တွေဖြစ်ကြတာနဲ့ သွားနှိုင်းလို့တော့ မဖြစ်ရေးချမဖြစ်ပါပဲ။
အင်န်အယ်လ်ဒီဆိုတာ ၂ဝဝ၈ အောက်ရောက်သွားလို့သာ ပါတီဖြစ်သွားတာ။ သူ့သန္ဓေနဲ့ ဗီဇက ၁၉၈၈ လူထုအရေးတော်ပုံကြီးရဲ့ အသီးအပွင့်ဖြစ်တယ်။ ခုထိလည်း အဲ့ဒီ ၈၈ စိတ်ဓာတ်၊ ၈၈ အတွေးအခေါ်ရှိသေးတဲ့ ပါတီဝင်တွေ အောက်ခြေမှာ အများကြီးရှိသေးတယ်။ သူတို့ဟာ ဘဝတွေ၊ မိသားစုတွေပါ စွန့်ပြီး အနာခံခဲ့ကြသူတွေဖြစ်တယ်။ သူတို့တွေဟာ ပြည်သူထဲကပြည်သူတွေဖြစ်တယ်။ သူတို့ကိုယ်တိုင် ပါတီဝင်ထားတဲ့ ပြည်သူတွေဖြစ်တယ်။ သူတို့တွေဟာ သစ်ခုတ်သမားနဲ့ပန်းပုဆရာဆိုတဲ့စည်း ခြားပေးလိုက်ပြီး နိုင်ငံရေးအရ ဖယ်ကျဉ်ခံထားရသူတွေဖြစ်တယ်။ အဲ့လူတွေဟာ အင်န်အယ်လ်ဒီကို ဒီမိုကရေစီတပ်ဦးက အလံကိုင်ကြီးအဖြစ်နဲ့ပဲ နိုင်ငံကို ဦးဆောင်စေချင်သူတွေဖြစ်တယ်။ အဲ့လူတွေဟာ နောက်ပေါက်တဲ့ရွှေကြာ ပန်းပုဆရာတွေကို ဒေါ်စုမျက်နှာထောက်ပြီး အောင့်အီးလက်ခံနေကြတာဖြစ်တယ်။ ဒါပေမယ့် တကယ်တကယ် နင်လားငါလား ပြတ်သားကြရတေ့မယ်ဆိုရင် ပြည်သူထဲကပြည်သူတွေ၊ ပါတီဝင်ပြည်သူတွေဟာ ပြည်သူ့မျက်နှာ တိုင်းပြည်မျက်နှာပဲ ထောက်ကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ တိုင်းပြည်မျက်နှာ ပြည်သူ့မျက်နှာဟာ သူတို့ကိုယ်တိုင်ဖြစ်နေလို့ပဲ။
ဆိုတော့ ခု ရန်ကုန်အစိုးရနဲ့ရန်ကုန်လွှတ်တော်ပွဲဟာ ပါတီထဲအထိ ဝင်လာပါလိမ့်မယ်။ ဒီအခါ စစ်အုပ်စု၊ ကြံ့ဖွံ့ပါတီ၊ သူတို့လိုလားတဲ့ မီဒီယာတွေက အင်န်အယ်လ်ဒီ အပြုတ်ချေမှုန်းဘက်မှာ တဘက်တည်းရပ်ပြီး ပြတ်ပြတ်သားသား ထိုးနှက်လာကြလိမ့်မယ်။ ဒီအထိရောက်မလာအောင် ကိုယ့်ဘက်ကထိန်းရတော့မယ်။ ပါတီတွင်းမှာပဲ ဘယ်ဘက်ကရပ်တည်မလဲဆိုတာက အခရာကျလာပြီ။ ပါတီတွင်းမှာ ဒေါ်စုအနေအထားနဲ့ ဒေါ်စုအဆုံးအဖြတ်ဟာ အင်န်အယ်လ်ဒီ့အနာဂတ်ဖြစ်ရဦးမှာပါပဲ။
မျိုးမြင့်ချို(အောက်တိုဘာ ၁၂၊ ၂၀၁၈)
0 comments:
Post a Comment