Friday, October 5, 2018

ကျနော်ချစ်တဲ့ လူလေလူလွင့်တွေ(မျိုးမြင့်ချို)

0 comments
(ကျနော်ချစ်တဲ့ လူလေလူလွင့်တွေ)
ကျနော် လူလေလူလွင့်တွေနဲ့ နေဖူးတယ်၊ လေလိုလွင့်နေတဲ့ဘဝဟာ ဘယ်မျှလွတ်လပ်ကြောင်း သိခဲ့တယ်၊ ပလက်ဖောင်း ခေါင်းအုံးအိပ်ရတဲ့ညမှာ လသာနေတာကို အရသာခံတတ်ခဲ့တယ်၊ ကောင်းတယ်မကောင်းဘူးကို ကိုယ့်အကြိုက်မကြိုက်နဲ့ တိုင်းတာတယ်ဆိုတာဟာမှားမှန်း လူလေလူလွင့်တွေက ကျနော့်ကိုသင်ပေးတယ်၊ သူတို့ ပညာမတတ်ဘူး၊ ပိုက်ဆံမချမ်းသာဘူး၊ အာဏာမရှိဘူး၊ မခိုးဘူး၊ မဆိုးဘူး၊ မလုယက်ဘူး၊ ကြုံရာကျပမ်း လုပ်စားတယ်၊ အရက်ကြမ်းတွေသောက်တယ်၊ ဆေးခြောက်တွေရှူတယ်၊ ပြည့်တန်ဆာမတွေနဲ့ ချစ်ချစ်ခင်ခင်နေတယ်၊ အော်ဒါလိုက်ရသူက ဧည့်သည်မလာတဲ့သူကို မျှကျွေးတယ်၊ ကျနော့်ကို မောင်အရင်းလေးလိုချစ်ကြတယ်၊ ဝတ္ထုစာအုပ်ဟောင်းတွေ ဘော်တယ်ကုလားဆိုင်က ဝယ်ဝယ်လာတယ်၊ ညညကျ ကျနော့်ကိုဖတ်ခိုင်းပြီး ဝိုင်းနားထောင်တယ်၊ စာတတ်တာ မင်း ကံကောင်းလိုက်တာကွယ်လို့ပြောတယ်၊ သူတို့ မီးခွက်မှိန်မှိန်အောက်မှာ ဘက်ထရီမီး နီကျင်ကျင်အောက်မှာနားထောင်ရင်း မျက်ရည်ကျတယ်၊ ပြုံးတယ်၊ ရီတယ်၊ မဲ့တယ်၊ စိတ်တော်တော်ထိခိုက်တဲ့ အခန်းရောက်ရင် မောင်လေး နောက်နေ့မှ ဆက်ဖတ်ပြလို့ပြောပြီး ကျနော့်ကို ဖက်ထားတတ်ကြတယ်၊ မောင်အရင်းလေးသာ ဖြစ်လိုက်ပါတော့ဟယ် လို့ပြောတတ်တယ်၊ မဖြစ်ပါဘူးဟယ် မင်းကြည့်ရတာ နုနုလေး ရုပ်ကလေးကလည်း အချောလေး၊ မိကောင်းဖခင်သားသမီးလေး ပုံပေါက်တယ်၊ မင်းအရှက်ရလိမ့်မယ်၊ သူတို့နဲ့နေခဲ့တဲ့တလျှောက်လုံး ကျနော့် မိဘ ဘယ်သူဘယ်ဝါ ဘာအလုပ်အကိုင်လုပ် ဘယ်မှာနေ တခါမှမမေးဖူးဘူး၊ ဒီအိမ်ပြေးလေးဟာ တနေ့ကျ သူ့အိမ်သူပြန်သွားမယ်ဆိုတာ သိထားနှင့်လို့လည်းဖြစ်မယ်၊ အပေါစားမိတ်ကပ်တွေလွှမ်းတဲ့ပါးပြင်မှာ မျက်ရည်ဥလေးတွေသီးရင်း ပြုံးပြကြတယ်၊ နှုပ်ခမ်းနီထူလဗြစ်တွေက လူအလွန်ဆန်တဲ့ ကြင်နာမှုထွက်တယ်၊ ကြမ်းရှတဲ့နှလုံးသားတွေက နုညံ့မှုစာနာမှုတွေ အံကျတယ်၊ ကျနော့်ကို ဆေးလိပ် အရက်မသောက်ဖို့ပြောပြီး သူတို့ခန္ဓာနဲ့ရင်းရတဲ့ အသပြာထဲကနေ မုန့်ဖိုးဆိုပြီးပေးတယ်၊ ရည်းစားထားတဲ့အခါ မဖျက်ဆီးဖို့ပြောတယ်၊ အမေကိုချစ်ဖို့ပြောတယ်၊ အော်ဒါ အရများရင် ဒါမှမဟုတ် သူတို့ လင်ဆိုသူတွေ ဆိုက်ကားနင်းရင်း ဘေးပေါက်လေးရလို့ ဝက်ကလေးထောလာရင် ဆိုင်က ဟင်းတွေဝယ်စားကြတယ်၊ မနက်လင်းမှ ပြန်လာတဲ့အခါ သူတို့ဟာ ပင်ပမ်းနွမ်းနယ်နေကြတယ်၊ အိပ်ချင်လိုက်တာအေလို့ပြောပြီး ဒီအတိုင်းလှဲချ အိပ်ပျော်သွားကြတယ်၊ ဘီအီးဒီစီအရက်ဖြူသောက်ကြတယ်၊ မူးလာရင် သီချင်းကောင်းတွေရော ဖျက်ဆိုထားတာတွေရော ဆိုတယ်၊ တချို့စာသားတွေက ရုန့်ရင်းလွန်းတာမှန်ပေမယ့် သူတို့ဘဝထဲက လျှံကျလာတာတွေဖြစ်နေတယ်၊ သူတို့ မနက်ဖြန်အတွက် မနက်ဖြန်ကပူပေ့စေလို့ မပြောကြပေမယ့် သူတို့ ဒီနေ့အတွက်ပဲ ပူကြတယ်၊ ဘယ်သူနဲ့ရတာမှန်းမသိတဲ့ ခလေးတွေကိုလည်း ဝိုင်းချစ်ကြတယ်၊ သူတို့အတူနေကြတယ်၊ ဆင်းရဲခြင်းကို ဝေမျှခံယူကြတယ်၊ သူတို့မှာ လက်ထပ်စာချုပ်မရှိဘူး၊ သူတို့မှာ မိသားစုစာရင်းမရှိဘူး၊ သူတို့အားလုံးဟာ မိသားစုတွေဖြစ်နေတယ်၊ ယောက်ျားတချို့က အဆွယ်သမားလုပ်တယ်၊ တချို့ ဆိုက်ကားနင်းတယ်၊ တချို့ကူလီထမ်းတယ်၊ တချို့က မျက်လှည့်ဆရာနောက်လိုက် လုပ်တယ်၊ တချို့ ထရံယက်တယ်၊ တချို့ ပလပ်စတစ်ကောက်တယ်၊ အပေါင်ဆိုင်က အပေါင်ဆုံး ထမိန်အင်္ကျီလေးတွေ ဝယ်ဝတ်တယ်၊ မောင်လေးရယ် အမ ရည်းစားထားဖူးချင်တယ်၊ သူများအချစ်လည်း ခံချင်တယ်၊ ကိုယ့်ကို တကယ်ချစ်သူမှ ရှိပါ့မလား မသိဘူးနော်လို့ပြောရင်း၊ သူ့ကိုယ်သူ မှန်ထဲကြည့်ရင်း တမ်းတမ်းဆွတ်ဆွတ်ပြောဖူးတယ်၊ ရောဂါကူးလာရင် အပ်ပုန်းတွေဆီပြေးပြီး ပင်နီဆလင်ထိုးကြတယ်၊ လမ်းဘေးဘုံပိုင်မှာ ရေချိုးတယ်၊ ဆင်ခြေးတုံးဆပ်ပြာသုံးတယ်၊ စိတ်ကို အဝတ်လို ဖြူစင်အောင် မလျှော်ဖွပ်ဘူး၊ သူတို့ လူလိုတွေးတယ်၊ လူလိုနေတယ်၊ လူလောက်မှားတယ်၊ လူလောက်မှန်တယ်၊ လူလောက်ဖြူစင်တယ်၊ လူလောက် ညစ်နွမ်းတယ်၊ လူလောက် အထက်တန်းကျတယ်၊ လူလောက် အောက်တန်းစားဆန်တယ်၊ သူတို့ မေတ္တာငတ်ကြတယ်၊ သူတို့ အချစ်ငတ်ကြတယ်၊ သူတို့ စာနာမှုတောင့်တကြတယ်၊ ကျနော် သူတို့ကို ခု အောက်မေ့တယ်၊ တခါတခါ သတိရရနေတတ်တယ်၊ သူတို့ကျေးဇူး ကျနော့်မှာ ရှိခဲ့တယ်၊ သူတို့ကြောင့် ကျနော် လူတွေကို ချစ်တတ် မုန်းတတ်လာတယ်၊ သူတို့ကြောင့် ကျနော် လောကကို စာနာတတ်လာတယ်။ သူတို့ကြောင့် ကျနော် စာတွေပိုဖတ်ဖြစ်တယ်၊ သူတို့ကြောင့် ကျနော် စာတိုပေစတွေရေးတယ်။
သူတို့ကြောင့်ပဲ ကျနော် နိုင်ငံရေးလုပ်ခဲ့တယ်။


မျိုးမြင့်ချို
အောက်တိုဘာ ၅၊ ၂ဝ၁၈

0 comments:

Post a Comment