Wednesday, October 31, 2018

စာကောင်းပေကောင်း(ဇေယျ)

0 comments
စာကောင်းပေကောင်း(ဇေယျ)
ဆရာ၊ ဆရာဖတ်ခဲ့ဖူးတဲ့စာများအနက် ဘယ်စာဟာ အကောင်းဆုံးလို့ထင်သလဲဟု လေးငါးကြိမ်ဆိုသလို အမေးခံရဖူးပေသည်။ အချို့မှာ စာစကားပေစကားပြောရင်း စကားစပ်မိ၍ မေးကြခြင်းဖြစ်၏။ အချို့မှာ တကယ်ပင်သိချင်၍ တွေးတွေးဆဆ မေးကြခြင်းဖြစ်သည်။

ကမ္ဘာ့စာပေသမိုင်းကိုကြည့်လျှင် ဤအမေးသည် အသစ်မဟုတ်ချေ။ ခေတ်အဆက်ဆက် ဤအမေးမျိုးကိုမေးခဲ့ကြသည်။
ဤသို့သောအမေးမျိုးရှိခြင်းကြောင့် ကမ္ဘာပေါ် အရပ်ရပ်၊ ဘာသာစကားအသီးသီးတို့၌ ပညာရှိတစ်ဦးတည်းဖြစ်စေ၊ ပညာရှိအများဖြစ်စေ၊ ဝိုင်းဝန်း၍ စုဆောင်းညွှန်ပြသွားသော စာစုပေါင်း များစွာပင်ရှိပေသည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံ၌မူကား ဤကဲ့သို့သောစာစုများ မရှိသေးချေ။ စာပေကို လူတိုင်းစေ့ အားတိုက်ခွန်တိုက် အရေးတယူပြု၍ လိုက်စားလေ့လာကြသည်မှာ မကြာလှသေးဖြစ်၍ ဤစာစုမျိုး မပေါ်မထွက်သေး ဖြစ်လေသည်။ စာပေလိုက်စားမှု တော်တော်ကလေးဝါရင့်လာသောအခါမူကား စာစုများ ရွေးချယ်ပြုလုပ်ပေးမည့် ဆရာ့ဆရာများ ပေါ်လာကြမည်ဖြစ်ပေသည်။

ဥရောပတိုက်၊ ပြင်သစ်၊ အီတလီ၊ အမေရိကန်၊ အင်္ဂလိပ် စသော အနောက်နိုင်ငံများ၌မူကား ၎င်းတို့ ဘာသာစာပေများသာ မဟုတ်၊ ကမ္ဘာ့စာပေများကိုပင် ခြုံ၍ အကောင်းဆုံးစာစုများဟုသမုတ်ပြီးလျှင် တစ်စုတစ်ရုံးတည်း ပြုစုထားကြပြီး ဖြစ်သည်။ အမေရိကန်ပြည်မှ ဟာဘဒ်ကလပ်ဆစ်ခေါ် ကျမ်းပေါင်း ၁ဝဝ ပါသည့်စာစုမှာ တစ်ကမ္ဘာလုံးစာပေများမှ လူတစ်ယောက်အတွက် အကောင်းဆုံးစာများကို စုရုံးပေးထားသည်ဟု ဆိုလေသည်။ အင်္ဂလန်ပြည်မှာလည်း အဲဗရီးမင်း-လိုက်ဘရာရီ၊ ဟုမ်းယူနီဗာစီတီ-လိုက်ဘရာရီ၊ ဝါလ်ဒ်-ကလပ်ဆစ် စသော စာစုများကား ဤသဘောမျိုးပါရှိသောစာစုများပင် ဖြစ်ပေသည်။ ထိုမှတပါး ထင်ရှားသောပညာရှိကြီး၊ ထင်ရှားသောစာရေးဆရာကြီး၊ ထင်ရှားသောပါမောက္ခကြီး၊ ထင်ရှားသောခေါင်းဆောင်ကြီး စသည်တို့က အသီးသီးရွေးချယ်၍ အကောင်းဆုံးစာစုဟုသမုတ်ခဲ့သော အကောင်းဆုံးစာ ၁ဝ အုပ်၊ အကောင်းဆုံးစာ ၅ အုပ် စသည်များလည်း ရှိပေသည်။

ကျွန်တော်သည် အသက် ၁၇ နှစ်သား အရွယ်လောက်ကစ၍ မြန်မာစာရော၊ အင်္ဂလိပ်စာပါ အဆက်မပြတ်ဖတ်ခဲ့ပေသည်။ ယခုအခါ စာဖတ်အသက် နှစ်ပေါင်း ၄ဝ ခန့် ရှိပေပြီ၊ ထိုနှစ်ပေါင်း ၄ဝ ခန့်အတွင်း တော်တော်များများ ဖတ်ခဲ့ဖူး၏။ ယခုလည်း စာဖတ် မရပ်သေး။ တစ်ဖက်တွင် အင်္ဂလိပ်ရာဇဝင်ဆရာကြီး တွိုင်းဘီရေးသား၍ နောက်ဆုံးပေါ်ဖြစ်သော ရာဇဝင်လေ့လာချက်ဟူသော ကမ္ဘာ့ယဉ်ကျေးမှု သမိုင်းကြီးကို ဖတ်လျက်ရှိ၏။ ၎င်းမှာ တစ်အုပ်လျှင် စာမျက်နှာ သုံးလေးရာပါသော အတွဲပေါင်း ၁ဝ တွဲရှိ၏။ တစ်ခါတည်း တောက်လျှောက် မဖတ်နိုင်၊ အချိန်ရခိုက် နည်းနည်းစီ ဖတ်၏။ နားလည်သယောင်ယောင် ရှိ၏။ သို့သော် ဘယ်မျှအထိနားလည်မည်ကိုကား မသိရသေးပေ။ တစ်ဖက်သော် ဆရာတော်ဦးဗုဓ် စီရင်ရေးသားခဲ့သော သဒ္ဒနီတီ နိဿယပဒမာလာကျမ်းကို ဖတ်ရှုလျက်ရှိ၏။ ကျွန်တော်သည် ပါဠိဘာသာကို အခြေရရ လေ့လာဆည်းပူးခဲ့ရသူ မဟုတ်။ တိတိကျကျ မရှိ၊ ထမင်းစားရေသောက် ဆိုသလောက်သာ သိ၏။ ထို့ကြောင့် ထိုကျမ်းကြီးကို ဖတ်ရာ၌ ဆယ်ဖို့တစ်ဖို့လောက်သာ နားလည်နိုင်မည်ထင်ရ၏။ သို့ နားမလည်သလောက်ရှိသော်လည်း ထိုကျမ်းကြီးကိုဖတ်ရသည်မှာ စိတ်၌ အလွန်ပျော်ရွှင်၏။ နားမလည်လှသည်ကိုပင် ဖတ်၍မငြီး ဖြစ်၏။ စိတ်ဝင်စားနိုင်၏။ ယခုနေအခါတွင် လူတစ်ဦးတစ်ယောက်က ဆရာ ဘယ်စာ အကောင်းဆုံးလဲဟုမေးလာလျှင် ထိုကျမ်းကြီးကို လက်ညှိုးထိုးပြမိမည် အမှန်ဖြစ်၏။

တစ်ခါ ဤသို့ လက်ညှိုးထိုး၍ ပြခဲ့ဖူးပေသည်။ စာရေးဆရာမူကား မဟုတ်။ သို့သော် စာပေ၌ အလွန်ဝါသနာပါသော လူရွယ်တစ်ယောက်သည် စာပေစကားပြောကြားရင်း ဆရာ ကျွန်တော် ဗမာစာကို နိုင်နိုင်နင်းနင်းရေးတတ်ချင်တယ်…ရေးတတ်ချင် ရေးပေါ့။ ရေးတော့ ရေးတာပဲ။ နို့ပေမဲ့ ဒီစကားသုံး မှန်ပါ့မလား။ ဒီလိုစရင် ကောင်းပါ့မလား။ ဒီလို ဝါကျဆင်လိုက်ရင် လှပါ့မလားနဲ့ ဇဝေဇဝါဖြစ်မနေချင်ဘူး။ ဆရာကြီးများလို နိုင်နိုင်နင်းနင်းကြီး ရေးတတ်ချင်တယ်။ ဆရာတို့ကော စာရေးခါစက ဒီလိုဖြစ်ခဲ့ဖူးသလား၊ နိုင်နိုင်နင်းနင်းရေးနိုင်အောင် ဘယ်လို လေ့လာကြ သလဲ။ ဒီလိုတော့ မဖြစ်ခဲ့ဖူးဘူး။ ရေးချင်တာ လျှောက်ရေးလိုက်တာပဲ။ လေ့လာခဲ့တယ်လို့လည်း မရှိခဲ့ဘူး။ နို့ပေမဲ့ တစ်ခုတော့ရှိတယ်။ စာတွေတော့ သိပ်ဖတ်ခဲ့တာပဲ။ နှုတ်လွန် အာဂုံဆောင်ခဲ့တာတွေလည်း ဆောင်ခဲ့တာပဲ။ အာဂုံဆောင်တာထက် ဖတ်တာကများတယ်။ စာဖတ်နာလွန်းတော့ မရေးခင်ကပဲ နိုင်နင်းသလိုလိုဖြစ်နေတယ်။ ဒီတော့ ဆရာ့ကိုယ်တွေ့နဲ့ အကြံတစ်ခု ပေးချင်တယ်။ မြန်မာစာကို ရေးတော့ မြန်မာမှုဗဟုသုတ တော်တော်ကလေးရထားမှ ကောင်းတယ်။ မြန်မာစာတွေ နာနာ ဖတ်ပေးပေါ့။ ဘယ်လို စာအုပ်မျိုးဖတ်ရမလဲ ဆရာ။ လောကီရော၊ လောကုတ္တရာရော ပေါ့ကွာ။ လောကီဆိုတာတော့ ပျို့၊ ကဗျာ ရာဇဝင်တွေပေါ့။ လောကုတ္တရာဆိုတာကတော့ ဘုရား၊ တရားနဲ့စပ်တဲ့ စာတွေပေါ့။ မင်းတို့ အင်္ဂလိပ်စာအရေးအသားမှာ ခရစ်ယာန်သမ္မာကျမ်းကြီးကလာတဲ့ ဥပမာ ဥပမေယျ သဘောသကန်တွေ။ ဂရိတ်ဘာသာ၊ လက်တင်ဘာသာ၊ ပြင်သစ်ဘာသာတွေမှာပါတဲ့ စကားအသုံးအနှုန်းတွေပါဝင်သလို တို့မြန်မာ အစဉ်အလာအတွေးအခေါ် အရေးအသားမှာလည်း ပါဠိဘာသာမှာပါတဲ့ အတွေးအခေါ်တွေ ဥပမာ ဥပမေယျတွေ၊ ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း စသည်တို့မှာ ပါတဲ့ အခေါ်အဝေါ်တွေ၊ ကဗျာ၊ လင်္ကာ ရာဇဝင်တွေမှာပါတဲ့ စကားလှ စကားချော၊ စကားလုံးပြောင်ပြောင်ကလေးတွေ၊ ပေါရာဏခေါ်တဲ့ ရှေးစကားဟောင်းတွေ၊ ပေါရာဏ မဟုတ်ပေမဲ့ ခုခေတ်မှာ အသုံးနည်းတဲ့ ဒေသန္တရဝေါဟာရတွေ ပါနေတယ်။ ဒါတွေကို ကျွမ်းကျင်မှ ပိုင်ပိုင်နိုင်နိုင်ရှိတယ်။ နာနာဖတ်ပေးပေါ့။

ဟာ ဒီလောက် များများကြီးဖတ်ဖို့ အချိန်မရှိဘူး ဆရာ။ ခပ်တိုတိုနဲ့ပြီးနိုင်အောင် စီရင်ထားတဲ့ ကျမ်းများ မရှိဘူးလားဆရာ။ ဤအမေး ထွက်လာသောအခါ ကျွန်တော် မကြာမီကမှကြည့်ပြီးသော ကျမ်းသုံးကျမ်းကို သွား၍သတိရလေသည်။ ၎င်းတို့ကား စွယ်စုံကျော်ထင်ကျမ်း၊ သမန္တစက္ခုဒီပနီနှင့် ကဝိလက္ခဏဒီပနီတို့ ဖြစ်၏။ မြန်မာစာပေ၌ ထင်ရှားသောကျမ်းများ ဖြစ်၏။ ကျွန်တော်မူကား မြန်မာစာမှု ဗဟုသုတ အတွက် လက်စွဲထား၏။ အထပ်ထပ် အပြန်ပြန်ဖတ်၏။ လေ့လာ၏။ သုံးသပ်၏။ ပါဠိပါဌ်သား များစွာ မပါ၊ မြန်မာစကားပြေသက်သက်ဖြင့် သန့်ရှင်းစွာ ရေးသားထား၏။ ပါရှိသမျှသော ပါဠိပါဌ်သားများလည်း ဆရာကြီးများက ပါဠိမတတ်သူတို့ အသင့်လွယ်ကူ နားလည်လွယ်အောင် အနက်ရောအဓိပ္ပါယ်ပါ ပြထား၏။ အလွန် ဖတ်၍ ကောင်း၏။ စိတ်ပျော်၏။ စိတ်ရှင်း၏။ ကိုင်မိလျှင် လက်က မချချင်အောင် ကောင်းလှ၏။ ဘယ်နှစ်ကြိမ် ဖတ်ဖတ်၊ ကျွန်တော့်အတွက် ရိုးသည် မရှိ၊ ဗဟုသုတ အသစ် တစ်ခုခု ရ၏။ ဤသုံးကျမ်းကိုကျေပွန်လျှင် မြန်မာမှုဗဟုသုတ၌ သုံးလောက်အောင်ပြည့်စုံပြီဟု သဘောရ၏။ သို့လျှင် ကျွန်တော်သည် ထိုသူအား အဆိုပါသုံးကျမ်းကိုလေ့လာရန် အကြံပေး တိုက်တွန်း၏။ အားလုံးကိုမဖတ်နိုင်သော်မှ စွယ်စုံကျော်ထင် ကျမ်းတစ်ကျမ်းတော့ ဖတ်ပါ၊ သိပ် မရှားပါဘူး၊ ဘယ်ဆီသွားငှားငှား ရနိုင်တယ်။ သို့သော် ကိုယ်ပိုင်ဝယ်ထားတာက ကောင်းတယ်၊ သူတစ်ပါးဆီကငှားထားတော့ အချိန်တန် ပြန်ပေးရလိမ့်မယ်။ ကိုယ်ပိုင်ဆိုတော့ ဖတ်ချင်သလောက် ဖတ်၊ မှတ်ချင်သလောက်မှတ်ဟုပြောရာ ထိုသူလည်း ကောင်းပါပြီဆရာ၊ ကျွန်တော် ကိုယ်ပိုင်ဝယ်ပြီး လေ့လာပါမယ်ဟု ဝန်ခံသွားလေသည်။

သုံးလလောက်ကြ၍ တွေ့ကြပြန်သောအခါ ကျွန်တော်က ဟေ့ မောင်ရင်ရေ ဆရာပြောလိုက်တဲ့ စွယ်စုံကျော်ထင်ကို လေ့လာဖြစ်ကဲ့လား။
ဟာ ဆရာ ပြောလိုက်တဲ့နေ့ကပဲ ကျွန်တော် ချက်ခြင်း ပြေးတာပဲ။ တော်တော်ကလေး ခရီးရောက်ကဲ့လား။ ပျင်းစရာကြီးပါလား ဆရာ၊ ဘာတွေမှန်းလဲ မသိဘူး၊ အထင်ကြီးသလောက် မဟန်ပါဘူးဆရာဟု ပြန်ပြောသံကို ကြားလိုက်ရ၏။

၎င်းနောက် ဘယ်စာ အကောင်းဆုံးလဲဆရာဟု မေးလှာသူတွေ့တိုင်း ယခင်လူ၏ဆုံးဖြတ်ချက်ကို သွား၍ သတိရမိလေသည်။ အမှန်ကား ဘယ်စာအကောင်းဆုံးလဲဟူသောအမေးသည် လောက၌ မရှိချေ။ အကြောင်းသော်ကား ထိုအမေးအတွက် အဖြေ မရှိသောကြောင့် ဖြစ်ပေသည်။ လောကမှာ စာမှန်လျှင် ကောင်းသည်ချည်း ဖြစ်လေသည်။ မကြိုက်သောစာ၊ နားမလည်သောစာ၊ သဘောမပေါက်နိုင်သော စာများသာ ရှိပေသည်။ မကောင်းသောစာဟူ၍ မရှိချေ။ ဖတ်သူအပေါ်၊ အသုံးချသူအပေါ်၊ အသုံးချနည်းအပေါ်၌သာ တည်လေသည်။ သုံးတတ်ဖတ်တတ်လျှင် ကောင်းသည်ချည်း ဖြစ်ပေသည်။ ဆေးဝါးဟူသရွေ့သည် ရောဂါအနာကို ပျောက်ကင်းစေတတ်သဖြင့် ကောင်းသည်ချည်း ဖြစ်သည်။ မကောင်းသော ဆေးဝါးဟူ၍ လောက၌မရှိချေ။ သို့သော် ပေးသူ၊ သုံးသူ၊ အသုံးချနည်းအပေါ်၌ တည်လေသည်။ မသုံးတတ်လျှင် ရောဂါကိုပျောက်ကင်းစေနိုင်သောဆေးပင် အဆိပ်ဖြစ်၍ သေစေတတ်သည်။ မတတ်အပ်သော ပညာမရှိ၊ မလုပ်အပ်သောပညာသာရှိသည်ဟု လူကြီးသူမများဆုံးမထားသကဲ့သို့ စာပေတွင်လည်း မကောင်းသော စာပေ၊ မလေ့လာအပ်သော စာပေ ဟူ၍ မရှိ။ ထိုစာပေမှရအပ်သော ဗဟုသုတကိုသာ သုံးအပ်သည် မသုံးအပ်သည်၊ ရှောင်သင့်ဆောင်သင့်၊ ချင့်ချိန်ဝေဖန်ခြင်းသာလျှင် အရေးကြီးသည်ကို မှတ်အပ်ပေသည်။ (ေဇယ်)

0 comments:

Post a Comment