Friday, October 5, 2018

(ပြန်မတွေးချင်တော့တဲ့အကြောင်း)မျိုးမြင့်ချို

0 comments
(ပြန်မတွေးချင်တော့တဲ့အကြောင်း)
၉ဝ၊ စက်တင်ဘာ ၂၅၊ ထောင်တွင်း တိုက်ပွဲကြွေးကြော်သံဟာ (လတ်တလော) နိုင်ငံရေးအကျဉ်းသားအခွင့်အရေးရရှိရေး၊ အနိုင်ရပါတီ NLD ကို အာဏာလွှဲရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးဖြစ်တယ်။ စာဥတိုက်ပွဲလို့ ပေါ့ပေါ့ရှန်ရှန်ခေါင်းစဉ်တပ်ပြီး သေလုမျောပါး အရိုက်အနှက်ခံတိုက်ပွဲဝင်ခဲ့သူတွေနဲ့ အဲ့ဒီဖြစ်စဉ်ကို ရည်ရွယ်ချက်ရှိရှိ ပုံဖျက်ဖို့ သေးသိမ်အောင်လုပ်ဖို့ကြိုးစားနေသူတွေ ရှိလာနေတယ်။

အဲ့ဒီအချိန်က အင်းစိန်ထောင်က တိုက်တွေအားလုံး၊ အဆောင်တွေအားလုံးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတိုင်း(တိုက်ပွဲထဲ ကိုယ်ထိလက်ရောက် ပါပါ မပါပါ) အနည်းနဲ့အများတော့ အဖိနှိပ်ခံခဲ့ရတာ ချည်းပဲ။ အပျော့အပြင်းလောက်ပဲ ကွာတယ်။
အဲ့ဒီတိုက်ပွဲကို ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းက ဦးဆောင်တယ်လို့ပြောလို့မရဘူး။ ဆိုင်းဘုတ်လုလို့လည်း မရဘူး။ NLD တွေကပဲ ဦးဆောင်သယောင်ယောင် လေသံထုတ်သူတွေလည်း ထုတ်နေကြတာရှိတယ်။ တကယ်ကနိုင်ကျဉ်းအားလုံး ဘုံခံစားနေတဲ့ ဖိနှိပ်မှုဖြစ်တော့ ဟိတ်ဆိုပြီး တနေရာကစလိုက်တာနဲ့ ကျန်သူတွေဟာ အလိုအလျှောက် သိစိတ်ရှိရှိနဲ့ အင်တိုက်အားတိုက် ပါလာကြတာဖြစ်ပါတယ်။ တိုက်တွေမှာလည်း တိုက်အလျှောက် ဖိနှိပ်သလို၊ အဆောင်တွေမှာလည်း နိုင်ကျဉ်းတွေဖိနှိပ်လို့၊ အလုပ်ခိုင်းလို့ မကျေနပ်တာတွေ၊ ငြင်းဆန်တာတွေ၊ လေဘာတိုက်ပွဲအသေးစားတွေ အမြဲဖြစ်နေတာပါ။

တနေရာရာက၊ တဦးဦးက၊ တဖွဲ့ဖွဲ့ တစည်းစည်းက ဦးဆောင်မှုပေးလို့ဖြစ်ရတာ မဟုတ်ပါဘူး။ ဦးဆောင်တယ်ပြောရအောင်လည်း အဲ့ဒါက ထောင်ဖြစ်တယ်။ ကျွန်းမဟုတ်ဘူး။ ကျွန်းမှာလို စုစည်းတာ ဆွေးနွေးတာ ပြင်ဆင်တာ ဦးဆောင်တာ ဆုံးဖြတ်တာတွေလုပ်လို့မရပါဘူး။ ကျွန်းဖျက်သိမ်းရေးစနစ်ဟာ ကျွန်းမှာဖြစ်လို့ နိုင်အောင်တိုက်လို့ရတာဖြစ်ကြောင်း လူကြီးတွေပြောလို့သိရပါတယ်။
ထောင်ထဲမှာ လူတွေကို အကောင်လိုက်ကြီးတွေ ခွဲထားရုံမက ပေးတဲ့အခွင့်အရေးပါ ခွဲပြီးအုပ်ချုပ်တာပါ။ ဘာမှ အားလုံးတပြေးညီမဟုတ်ပါဘူး။ အဲ့အချိန်က မောင်စူးစမ်းတို့အပါအဝင် လူတချို့ စာဖတ်ခွင့်အပြင် တခြားအခွင့်အရေးတွေ ရနေတာရှိပါတယ်။ လူခွဲ၊ သွေးခွဲ၊ အခွင့်အရေးခွဲ အုပ်ချုပ်တဲ့စနစ်ဖြစ်ပါတယ်။
၉ဝခု၊ စက်တင်ဘာ ၂၅၊ အဲ့ဒီတိုက်ပွဲ မဖြစ်ခင်ကတည်းက စစ်ထောက်လှမ်းရေး(အဲ့အချိန်က ထောင်တိုင်းမှာ စစ်ထောက်လှမ်းရေး ယူနစ်တွေ ဗြောင်ချထားတာ၊ ထောင်အုပ်ချုပ်ရေးကို ဗြောင်စွက်ဖက်တယ်)နဲ့ ထောင်မှူးထောင်ပိုင်တွေက ဂွင်ဝင်တာနဲ့ နှိပ်ကွပ်ပစ်ဖို့ စာရင်းတို့ထား ငြှိုးထား တေးထားတဲ့သူတွေ သတ်သတ်ရှိတယ်။ အဲ့ဒီအထဲမှာ ကျနော်လည်းပါတယ်။ အဲ့ဒီလူတွေကို ပိုပြီး သဲကြီးမဲကြီး နှိပ်ကွပ်တယ်။ ဒေါက်တာ တင်မျိုးဝင်းလည်း အတော်ခံရတယ်။ ခု ဖို့တ်ဝိန်းမှာနေတဲ့ ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်တို့၊ ဦးနေမင်း(ဗမာပြည်မှာ)တို့တို့ဆိုလည်း မသေရုံတမယ်ပဲ ခံလိုက်ရတာ။ ပြောရရင် အများကြီးပါ။ မှတ်မိသူတွေ ပြန်ရေးစေပြောစေချင်ပါတယ်။ စုစုစည်းစည်းလေးဖြစ်သွားအောင်ပေါ့။

၎ တိုက်(ရှည်ကနေ) နေ့တွင်းချင်း ညတွင်းချင်း တိုက်ပြောင်း၊ ထောင်ပြောင်းပါသွားတာ ကိုခွန်ဆိုင်း(ယခု အင်္ဂလန်၊ သွေးသစ်လူငယ်များအစည်းအရုံး)၊ ကိုမြင့်ရီ(ယခု ဗမာပြည်၊ တကသ/၄၈၂၈ .ယူဂျီ) ကိုအောင်သန်း (ယခုဗမာပြည်၊ ဗကပတောပြန်/ သဲကုန်း NLD ဥက္ကဌ)၊ ကိုကျော်အေး(ယခု ဘယ်မှာမှန်းမသိ၊ DAB)၊ ကိုညိုထွန်း(ဗကပ/၄၈၂၈ ယူဂျီအမှုတွဲ)၊ ကျနော် မျိုးမြင့်(ယခု USA။ NLD/ ၄၈၂၈ ယူဂျီ)တို့ဖြစ်တယ်။ ကျနော်၊ ဦးအောင်သန်း၊ ကိုကျော်အေးတို့က ၂ တိုက်(တို) ကြိုးတိုက်ကို အပို့ခံရတယ်၊ ကိုခွန်ဆိုင်းနဲ့ ကိုညိုထွန်းက ထောင်အပြောင်းခံရတယ်၊ ကိုမြင့်ရီက စစ်ခွေးတိုက်ရောက်တယ်။ ဒါ ကျနော် မှတ်မိသလောက် ပြန်ရေးပြတာပါ။ ကျနော် ဟိုးလွန်ခဲ့တဲ့ ၉ နှစ်လောက်တုံးက အဲ့အကြောင်း ဆောင်းပါးရေးဖူးတယ်၊ ဘယ်လဲမသိဘူး ပို့ဖူးတယ်။ အခု ဘယ်ပို့မိမှန်း ဘယ်နေရာမှာဖော်ပြခဲ့မှန်း အမှတ်ပြန်မရတော့ဘူး။ သမျောဖို့ကောင်းပါတယ်။

ကျနော့်ကို တေးထားတာက တိုက်ဝန်းတာဝန်ခံ ထောင်ပိုင်လေးပြုံးချိုနဲ့ ဂျိုင်းထောက်ကိစ္စ၊ ဆေးဝါးကိစ္စ အခြေအတင်ဖြစ်ထားတာ ငြိထားတာရှိလို့ပဲ။ အဲ့အချိန်ကထောင်ပိုင်ဟာ ဦးအုန်းဖေဆိုပေမယ့် တကယ့်လုပ်ပိုင်ခွင့်အာဏာက ဘိုကြည်လို့ခေါ်တဲ့ အထူးအရာရှိ (ဒုတိယထောင်ပိုင်) လက်ထဲမှာ။ အဲ့ဒီလူဟာ ၈၈ ကာလတုန်းက သာယာဝတီထောင်မှာ ထောင်ပိုင်၊ စစ်အာဏာသိမ်းပြီးမှ အင်းစိန်ထောင်ကို အထူးအရာရှိအနေနဲ့ ပို့လိုက်တာဖြစ်တယ်။ စစ်ထောက်လှမ်းရေးနဲ့ပေါင်းပြီး တဘက်က အပြတ်နှိပ်ကွပ်သလို တဘက်ကနေလည်း အချိုသတ်ပြီး ပါးပါးနပ်နပ် ကောက်ကောက်ကျစ်ကျစ် ရက်ရက်စက်စက် သွေးခွဲအုပ်ချုပ်တတ်သူဖြစ်တယ်။ ဗျူရိုကရက်ဆိုးတယောက်ရဲ့ဉာဉ် အပြည့်ရှိတယ်။ လက်မရွံ့အာဏာပါးကွက်သားဖြစ်တယ်။ တလျှောက်လုံး ကျနော်တို့တောင်းနေတဲ့ စာဖတ်ခွင့်ကိုမပေးခဲ့ဘူး။ ရွေးကောက်ပွဲပြီး အင်န်အယ်လ်ဒီနိုင်တော့မှ အစိုးထုတ်သတင်းစာကို သူနဲ့ တိုက်ဝန်းထဲကနိုင်ကျဉ်းတွေ တပတ်တကြိမ် အလှည့်ကျတွေ့တဲ့အခါမှာ ဖတ်ပြခိုင်းသူဖြစ်တယ်။

အဲ့ဒီအချိန် ထောင်ဆရာဝန်က ဒေါက်တာစိုးကြည်။ ကျနော်တို့ကို တိုက်ရုံးဘေးက မြေကွက်လပ်မှာ ခေါင်းစွပ် စွပ်၊ မှောက်ခုံ မှောက်၊ ခြေတွေလက်တွေ၊ ကျောကုန်းတွေ၊ ခေါင်းတွေကို ဝါဒါတွေက ခြေနဲ့နင်းဖိထားပြီး တဘက်တယောက်ရပ်ပြီး သေမတတ်ရိုက်နေချိန်မှာ ဒေါက်တာစိုးကြည် အင်းစိန်ထောင်မှာ ရှိနေတယ်၊ အရိုက်ခံရလို့ သတိလစ်မတတ် သေလုမျေားပါးဖြစ်နေသူကို ဘိုကြည်ကစစ်ခိုင်းလို့ စစ်ကြည့်ပြီးနောက် သူက ရိုက်လို့ရပါသေးတယ်လျို့ ဆေးမှတ်ချက်ပေးခဲ့သူဖြစ်တယ်)
ကျနော်အခုပြောတာရေးတာမှာ ဒေါသသံပါနေတယ်။ စာလည်းမချောဘူး။ ဟိုရောက်ဒီရောက်ဖြစ်နေတယ်။ ခွင့်လွှတ်ကြပါ၊ နားလည်ကြပါလို့ တောင်းပန်ပါတယ်။ အဲ့ဒီအဖြစ်ဆိုးတွေ ခေါင်းထဲပြန်ဝင်လာတိုင်း ကျနော် ဝမ်းနည်းတယ်။ မျက်ရည်ကျတယ်။ စိတ်ထိခိုက်တယ်။ အဲ့ဒီအိပ်မက်ဆိုးတွေ မက်တိုင်း တရေးနိုးမှာ ချွေူးစေးတွေပြန်ပြီး လူက ကတုန်ကယင်ဖြစ်တယ်။ ပြန်အိပ်မရတော့ဘူး။ ဘာကိုမှန်းမသိပဲ ကြောက်လည်း ကြောက်ကြောက်နေတတ်တယ်။ ကျနော့်စိတ်အခံက၊ စိတ်ခံနိုင်ရည် နည်းတာလည်း ပါပါတယ်။
ကျနော် အဲ့အကြောင်းတွေ ပြန်မတွေးချင် မရေးချင်တော့ဘူး။ ဖြစ်နိုင်ရင် ဘဝထဲကနေ မှတ်ဉာဏ်ထဲကနေ အပြီးအပိုင် ဖယ်ထုတ်ပစ်လိုက်ချင်တာပဲ။ ဒါပေမယ့် မရဘူး။

ခုလည်း မျက်ရည်နဲ့ပြောနေတာပါ။
မျိုးမြင့်ချို(အောက်တိုဘာ ၅၊ ၂ဝ၁၈)

0 comments:

Post a Comment