Tuesday, October 9, 2018

မျက်မှောက်ကို မျက်မှောက်ပြုခြင်း(မျိုးမြင့်ချို)

0 comments
(မျက်မှောက်ကို မျက်မှောက်ပြုခြင်း)
တနေ့ကနေ့လည်က ဒီဗီဘီတီဗီအစီအစဉ်မှာ ကိုမင်းညိုတင်ပြတဲ့ ညောင်ဦးမြို့နယ်က နတ်စောင့်တယ် ဆိုတဲ့ အင်ကြင်းတောကြီးအကြောင်း ကြည့်ရင်းနားထောင်ရင်း ထောက်ကြံ့နဲ့ ငွေယားတောင်ကြားက လှော်ကားရေဝေကန်အကြောင်းလေးတော့ ရေးရကောင်းမယ်လို့ စိတ်ကူးဖြစ်လာတယ်။ ဒါနဲ့ မနေ့က မနက်စောစောထ ကွန်ပြူတာရှေ့ထိုင်ပြီး စိတ်ကို ငယ်ဘဝတွေဆီပြန်လွှတ်ရင်း စိတ်ကူးနဲ့စာစီပါတယ်။ စာက ပီပီမြည်မြည် စီမရဘူး။ ကဘောက်တိ ကဘောက်ချာဖြစ်နေတယ်။

အဲ့ဒီအချိန်မှာပဲ ညဦးကတည်းက မအီမသာဖြစ်နေတဲ့ကိုယ်လက်ဟာ ကိုက်ခဲတဲ့ဘက်ကို ရွေ့ရွေ့ လာတယ်။ လည်ချောင်းယားပြီး ချောင်းလည်း တချက်တချက် ဟွတ်တယ်၊ တစ်တစ်ဆို့ဆို့နဲ့ ရင်ကျပ်သလို ခံစားရတယ်။ အာခေါင်ခြောက်ပြီး နှာရည်လည်း နည်းနည်းကျလာတယ်။ ဇက်ကြောက ခေါင်းမထူချင်အောင် တက်လာတယ်။ ဒဏ်ရှိတဲ့ခါးက သိသိသာသာ နာလာတယ်။ ဖြတ်ထားတဲ့ လက်ခြေနေရာတွေက ကိုက်ခဲလာတယ်။ မျက်ခွံတွေလေးပြီး မျက်စေ့သိတ်မဖွင့်ချင်ဘူး။ နဖူးစမ်းကြည့်တော့ ကိုယ်နည်းနည်းနွေးနေသလိုပဲ။ ဒါနဲ့ မီးဖိုခန်းထဲသွား ရေနွေးတည်တယ်။ ဆူတော့ တရုတ်လဘက်ခြောက်ခတ်ပြီး အဖန်ရည်နှပ်တယ်။ အဖန်ရည်လေးပူနေတုန်း အကိုက်အခဲ ပျောက်ဆေးရော antihistamine နေ့ဆေးရော ရောပြီး တခါတည်းသောက်ချလိုက်တယ်၊ ပူနေတဲ့အဖန်ရည် တခွက်လုံးကုန်တဲ့အထိ တထိုင်တည်းနဲ့ မှုတ်မှုတ်ပြီးသောက်လိုက်တာ လည်ပင်း နဖူးနဲ့ချိုင်းကြားမှာ ချွေးနည်းနည်းစိမ့်လာတယ်။ နေလို့ထိုင်လို့ကောင်းသွားသလိုလို ဖြစ်လာတယ်။

ဒါနဲ့ မျက်နှာသစ်သွားတိုက်ပြီး ကွန်ပြူတာရှေ့ ပြန်ရောက်လာတယ်။ စာရေးဖို့မပြောနဲ့ စိတ်က တခုခုပေါ် စုလို့တည်လို့တောင်မရဘဲ ဥဒိစ္စဖြစ်နေတယ်။ အတင်း ”တည်” ကြည့်ဖို့ ”စု” ကြည့်ဖို့ ဘယ်တုန်းကမှ အလေ့မရှိခဲ့သူဖြစ်တော့ စိတ်ကိုစိတ်အတိုင်းလွှတ်ထားပြီး လိုက်ကြည့်နေမိတယ်။ ထောင်ထဲမှာ အချိန်အတန်ကြာ လေ့ကျင့်ယူခဲ့ပြီးရခဲ့တဲ့ စိတ်အလုပ်(ဦးနှောက်အလုပ်)လုပ်ပုံကို ပြန်လုပ်ကြည့်တာဖြစ်ပါတယ်။ ကျနော့်အဖို့တော့ ဒီလိုလုပ်တာဟာ နာမကျန်းဖြစ်ဖြစ် မဖြစ်ဖြစ် အချိန်ပေးပြီးလုပ်ဖြစ်တဲ့ စိတ်လေ့ကျင့်ခန်း ဒါမှမဟုတ် စိတ်အလုပ်တခုလည်း ဖြစ်ပါတယ်။ နိဗ္ဗာန် မဂ်ဖိုလ်တွေဘာတွေနဲ့လည်း မဆိုင်ပါဘူး။

စိတ်ဆိုတဲ့သဘောက ကိုယ်မကြည့်ရင်၊ သတိကပ်တာလေး ခွာလိုက်တာနဲ့ သူ့အစဉ်တန်းအတိုင်း သွားနေတာမျိုးပါဘဲ။ ကိုယ်က သတိလေးကပ်ပြီး ”သိ”လိုက်တာနဲ့ ”သိမှု”ဖြစ်သွားပြီး သိနေတာကို သိသွားတယ်။ အဲ့အချိန်မှာစိတ်ဟာ ငြိမ်နေတယ်၊ ရပ်နေတယ်၊ ပူလောင်နေတာ မရှိ။ ငြိမ်းချမ်း (အေးချမ်း)နေတာ မရှိ။ ကြည်လင်နေတာ မရှိ။ နောက်ကျိနေတာ မရှိ၊ သိမှုဟာ သိမှုသက်သက်မှာ တည်နေတဲ့သဘောပါပဲ။ အဲ့ဒီလို နေနေတုန်း စိတ်တခုခုဖြစ်လာရင် ဖြစ်ခြင်းခြင်းသိတယ်။ သိလိုက်တာနဲ့ အဲ့စိတ် ဘယ်ရောက်သွားမှန်းမသိပဲ ပြန်ငြိမ်သွားတယ်။ သိနေမှုကို တောက်လျှောက် အလျဉ်မပြတ် ထိမ်းထားနိုင်ရင် ထိမ်းထားနိုင်သလောက် စိတ်ဟာငြိမ်သက်နေတယ်။

တခါတခါ လူဟာ မြေကြီးကပဲ ကြွနေသလိုလို၊ လေထဲပဲ မြောက်နေသလိုလို ဖြစ်နေတတ်တယ်၊ အဲ့လိုဖြစ်နေတဲ့အရသာဟာ ခံလို့ကောင်းသလိုလိုနဲ့ အူကြောင်ကြောင်တော့ အတော်နိုင်ပါတယ်။ တကယ်မဟုတ်မှန်းသိပေမယ့် သာလည်း သာယာချင်စရာ၊ စွဲမက်ချင်စရာပါပဲ။ အဲ့လို ကြာကြာ ဖြစ်နေအောင်၊ ဒါမှမဟုတ် အဲ့ဒီအရသာကို ကြာကြာခံနေအောင်ဆွဲ့ဆန့်ထားဖို့ မလိုပါဘူး။ လုပ်ယူရတာလည်း မဟုတ်ဘူး။ သူ့အတိုင်းဖြစ်နေတာပါ။ ဒါပေမယ့် အဲ့လိုဖြစ်နေပါလားလို့ သိလိုက်တာနဲ့ အဲ့ဒီအရသာပျောက်သွားပြီး စိတ်ကပြန်ငြိမ်သွားတယ်။ လှုပ်လှုပ်ရှားရှား မရှိတော့ဘူး။ ခုနပြောတဲ့ အရသာကတော့ ခံလို့ကောင်းသလိုလိုနဲ့ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားတဲ့ မငြိမ်သက်တဲ့ သိစိတ်ရှိနေမှုအခြေအနေတရပ်ပါပဲ။ ဘာမှ မဟုတ်မှန်း မှောက်မှားမှုသက်သက်ဖြစ်မှန်းကို သိမှုကနေသိသွားတဲ့အခါ ပျောက်ထွက်သွားတာပါပဲ။

အဲ့ဒီလိုဖြစ်နေတာကို ဓမ္မစရိယလိုလို ကမ္မဌာနစရိယလိုလိုတယောက်က စိတ်ဟာ ဘယ်အဆင့်မှာ ရောက်နေတာ ဘာညာ၊ ဘယ်ဈန်ကို ဝင်စားနေတာ ဘာညာ၊ ဒီကနေ ဆက်တက်သွားရင် ဘယ်ရောက်မယ်၊ နောက်ဆုံး မဂ်ဖိုလ်နိဗ္ဗန်အထိဆိုက်သွားမယ် ဘာညာတွေ လူရှေ့သူရှေ့မှာပြောပြီး အတပ်ဟောဖူးတယ်။ တကယ်က လက်တွေ့အရ စိတ်ရဲ့အလုပ်လုပ်ပုံ(ဦးနှောက်အလုပ်လုပ်ပုံ)ကို လက်တွေ့အရ သူ ဘာမှသိတာမဟုတ်ဘူး။ စာထဲပါတာတွေဖတ် အလွတ်ကျက်မှတ်ပြီး ပါဠိပါဒ်သား တွေထပ်ထပ်ပြီး ဘာသာရေးဖြတ်ညှပ်ကပ် လုပ်နေတာမှန်းသိပေမယ့် သူ့စိတ်ထဲ အနာတရ မဖြစ်စေ့ချင်တာနဲ့ ဘာမှ ပြန်မပြောခဲ့ပါဘူး။ နောက်တကြောင်းကလည်း ဒီလိုပြောတာဆိုတာက သူ တကယ်ယုံကြည်တာလည်းဖြစ်သလို၊ သူများတွေကိုလည်း သူ့နည်းတူယုံကြည်သူတွေဖြစ်လာအောင် ပြောဟောပို့ချရင်း၊ အသက်မွေးဝမ်းကြောင်းနေတာဆိုတာကို ထည့်တွက်ခဲ့တာလည်း ပါပါတယ်။ သူယုံကြည်ရာအဘိဓမ္မာနဲ့ ကိုယ်ယုံကြည်ရာက အခြားအနားရှိတာကို အသိအမှတ်ပြုတာက အဓိကနေရာက ပါပါတယ်။ ဒါလည်း ထောင်ထဲနေတုန်းက ဖြစ်ခဲ့တာပါ။ ထောင်ထဲနေတုန်းက သိစိတ်ရှိရှိ ခံစားသိမြင်ခဲ့တဲ့ စိတ်အလုပ်(ဦးနှောက်အလုပ်)လုပ်ပုံဖြစ်ပါတယ်။ စိတ္တာနုပဿနာတွေ၊ ဓမ္မာနုပဿနာတွေလည်း မဟုတ်ပါဘူး။ စိတ်အလုပ် လုပ်နေတာကို စိတ်နဲ့လိုက်သိအောင် လုပ်တာမျိုးဖြစ်ပါတယ်။

မနေ့က မနက်ကတော့ ဒဏ်ရာတွေဗလဝနဲ့ မင်္ဂလာဒုံစစ်ဆေးရုံကြီးမှာ နေခဲ့ရတုန်းက လေ့ကျင့် ယူခဲ့ဖူးပြီး နှစ်လည်းနှစ်သက်ဖူးတဲ့ နောက်နည်း တနည်းကို ပြန်စမ်းကြည့်တယ်။ အချိန်အတော်အတန်ယူရပေမယ့် ဟိုတုန်းကသိမှုအတိုင်း ပြန်ရပါတယ်။ အဲ့ဒါကတော့ ခန္ဓာကိုယ်တနေရာရာမှာ နာတာကျဉ်တာ ကိုက်တာခဲတာဖြစ်နေရင် ဖြစ်နေတဲ့ခန္ဓာကိုယ်အစိပ်အပိုင်းနေရာကို စိတ်ကိုစုပြီး ချထားလိုက်တာ၊ တည်လိုက်တာ၊ ခန္ဓာရဲ့ဘယ်နေရာ အစိပ်အပိုင်းကိုမှ အာရုံလွင့်မသွားအောင်စူးစိုက်ပြီး သိမှုကို တနေရာတည်းမှာ ဇောက်ချထားတာမျိုးပါ။ စိတ်ကို စိတ်နဲ့သိနေတာမျိုးမဟုတ်ပဲ ရုပ်ခန္ဓာမှာဖြစ်နေတဲ့ နာကျင်တဲ့နေရာကို နာနေမှန်းလိုက်သိနေတာပါ။ ဥပမာ ဖြတ်ထားတဲ့လက်ဖျားတွေမှာ နာနေကိုက်နေခဲနေတယ် ဆိုပါတော့။ လက်ဖျားက နာနေ ကိုက်နေ ခဲနေတာကို နာနေမှန်းကိုက်နေခဲနေမှန်း သိနေတာ။ အဲ့ဒီ သိမှုကို အဲ့သလို ခတ်ကြာကြာလေး စူးစိုက်ထားရင်း၊ သိနေရင်း သိနေရင်းကနေ နာတာဟာ ဖြတ်ထားတဲ့လက်ဖျားမှာ ဖြစ်နေတာလား၊ ခေါင်းထဲ (အာရုံခံစားမှုထဲ)ဖြစ်နေတာလား ခွဲခြားရခက်သွားတယ်။

တချက်တချက် လက်ဖျားကနာနေတာလိုလို၊ တချက်တချက် ခေါင်းထဲ (အာရုံထဲ)ထဲက နာတာလိုလို ဖြစ်လာတယ်။ အဲ့လိုဖြစ်နေတာကို သိနေလိုက်ရုံလေးသိနေရင် အနာအကျင်က ရုပ်ကနဲပျောက်သွား လိုက် ပြန်ပေါ်လာလိုက်ဖြစ်ပါတယ်။ ပြန်ပေါ်လာတဲ့ အခါတိုင်းလည်း ဘယ်ကနာနေမှန်း မကွဲပြားဘူး။ အဲ့လို နာကျင်တာကိုသိလိုက်၊ နာနေတာရုပ်ကနဲ ပြန်ပျောက်သွားလိုက်က အဆက်မပြတ်ဖြစ်နေတာပါ။ နာချိန်နဲ့ မနာချိန်ရှိနေတဲ့သဘောပါ။ အဲ့ဒါကို သိလိုက်တဲ့သဘောဖြစ်ပါတယ်။ နာတာနဲ့မနာတာကို သိမှုအရ သိနေပေမယ့် နာမှုမနာမှုဖြစ်တဲ့အချိန်ဟာ ဘယ့်လောက်မြန်တယ်ဆိုတာကိုတော့ ဆုပ်မိဖမ်းမိဖို့ အလွန်ခက်ပါတယ်။ သေချာတာကတော့ နာကျင်တဲ့ဝေဒနာမှာ နာချိန်နဲ့မနာချိန်(နာမှုကို သိတာနဲ့မသိတာ) ရှိတယ်ဆိုတာပါပဲ။ စိတ်ထဲ တခုခု လက်ကနဲ ဖြစ်လိုက်သလို ဖြစ်လိုက်ပါတယ်။ ပီတိလည်း အတော်ဖြစ်မိပါတယ်။ ဝမ်းလည်း သာသွားတယ်။

ဒီတင် ကျနော် တခုထပ်ပြီး စမ်းကြည့်ခဲ့ပါတယ်။ အဲ့ဒါကတော့ နာချိန် မနာချိန်ရှိတာတော့မှန်ပြီ။ အဲ့ဒီ ရှိမှု(သိမှု) ၂ ခုထဲက မနာချိန်(မနာမှန်းကိုသိမှု)ကို ကြာကြာဆန့်ထားလို့ရနိုင်မရနိုင်နဲ့ ရနိုင်တယ်ဆို ဘယ်အထိရနိုင်မလဲ၊ ဘယ်လောက်ကြာကြာရနိုင်မလဲ စတာတွေကို ကိုယ့်ဘာသာဆင်ခြင်မိတာ ဖြစ်ပါတယ်။ တကယ်လို့ ကျနော်ဟာ မနာချိန်ကို(မနာခြင်းဆိုတဲ့ သိနေမှုကို) ကြာကြာဆန့်ထားနိုင်ရင် ဆန့်ထားနိုင်သလောက် ခန္ဓာကိုယ်ဟာ အနာငြိမ်းနေမလား၊ နာခြင်းကင်းနေမလားကို စူစမ်းကြည့်ချင်တာဖြစ်ပါတယ်။ နာကျင်နေတာကို အပြီးအပိုင်ဖယ်ရှားပစ်ဖို့ဆိုတာကတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာ ကိုယ့်ဘာသာ သိထားပြီးသားဖြစ်ပါတယ်။ သေသွားရင်တော့ တမျိုးပေါ့။ ဘာအနာအကျင်မှ ရှိစရာမရှိတော့ဘူး မဟုတ်လား။ ဒီနေရာမှာ အဲ့ဒီအချိန်က ကျနော်တွေးတာက နာကျင်ခြင်းဝေဒနာအပေါ်ပဲ တွေးတာပါ။ သုခဝေဒနာ ဒုက္ခဝေဒနာတွေဆိုပြီး ခွဲခြမ်းစိတ်ဖြာနေတာ မဟုတ်ပါဘူး။ ဝေဒနာနုပဿနာတွေ၊ ကာယာနုပဿနာတွေ ဘာတွေလည်း မဟုတ်ပါဘူး။ ကျနော် ဖတ်ဖူးမှတ်ဖူးသမျှ စိတ်ကိုသိနေခြင်း၊ စိတ်ကိုစုစည်းခြင်း Meditation and Concentration တွေကိုအခြေခံပြီး လက်တွေ့စမ်းနေတာပဲဖြစ်ပါတယ်။ ရုပ်မှာနာနေတာကို စိတ်နဲ့ လိုက်သိနေအောင် လုပ်တာမျိုးဖြစ်ပါတယ်။

ဒီလိုနဲ့ ကျနော် မနာချိန်(မနာခြင်းသိမှုအချိန်)ကို သိနေပြီး ဖြစ်နိုင်မျှကြာကြာဆန့်ထားဖို့ ကြိုးစားတော့တာပါပဲ။ စိတ်အားထုတ်မှုလည်း မနည်းမနော လုပ်ရတာပါပဲ။ စိတ်ပင်ပမ်းတာလည်း တကယ် ပင်ပမ်းပါတယ်။ တခါတခါ ထင်သလိုခရီးမပေါက်၊ ထင်သလောက် ခရီးမရောက်လို့ စိတ်ပျက်ပြီး လက်လျှော့ပစ်လိုက်တော့ဖို့ အကြိမ်ကြိမ်လည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့လိုစိတ်တွေဖြစ်လာရင် စိတ်ကိုစိတ်နဲ့သိအောင်လုပ်လိုက်ပြီး မူလတည်ထားရာ ရုပ်ပိုင်းနာကျင်မှုပေါ် ပြန်ပို့လိုက်ပါတယ်။ အကြိမ်ပေါင်းများစွာ ချော်ကျလိုက် ပြန်တည်မိသွားလိုက်တွေ ဖြစ်ဖြစ်နေပါတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ အလေ့အကျင့်များများလာတော့ မနာခြင်းသိမှုအချိန်အပေါ် ပိုပြီးစူးစိုက်မိလာပါတယ်။ အဲ့လို စူးစိုက်နိုင်မှုဟာ ဘယ်လောက်ကြာလဲ မကြာလဲကိုတော့ အတိအကျမပြောနိုင်ပါဘူး။ အရင်ကထက်တော့ နည်းနည်းပိုကြာအောင် ထိန်းထားနိုင်တယ်ဆိုတာကတော့ သေချာပါတယ်။ အဲ့လို ထိန်းထားနိုင်တဲ့အခါမှာ လူဟာအနာအကျင် မသိမလိုဖြစ်နေတာ (နာခြင်းမသိမှု ဒါမှမဟုတ် မနာခြင်းသိမှုဖြစ်နေတာ)မှန်ပေမယ့် စက္ကန့်မလပ် နာရီမလပ်ဖြစ်နေအောင်တော့ လုပ်လို့မရခဲ့ပါဘူး။ အချိန်ပြည့်ရနေဖို့ဆိုတာကလည်း ဖြစ်နိုင်မယ်လို့ မထင်ပါဘူး။ ရသလောက်လုပ်ရင်း ရသမျှလေး ခံယူနေရင်းနေခဲ့တာဖြစ်ပါတယ်။ ခုလည်း ခန္ဓာကိုယ်မှာ တခုခု အနာအကျင်ဝေဒနာဖြစ်လာရင် အဲ့နည်းအတိုင်းလုပ်ဖြစ်ပါတယ်။ ကျနော့်အတွေ့အကြုံနဲ့ ဖြစ်လာတဲ့၊ ဖြစ်ခဲ့တဲ့ အသိနဲ့ခံစားမှုကို စကားလုံးတွေနဲ့ တိကျပြီးပြည့်စုံအောင် ဖော်ပြဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။ ခုလောက် ပြန်ပြောပြနိုင်ဖို့တောင် မနည်းကြိုးစားထားရတာဖြစ်ပါတယ်။

နောက်တချက်ကလည်း စာအုပ်တွေကျမ်းဂန်တွေထဲ ဖတ်ဖူးမှတ်ဖူး လေ့လာဖူးပေမယ့် မိမိလက်တွေ့အရ မသိဖူး မခံစားဖူး မတွေ့ကြုံဖူးတဲ့အကြောင်းအရာတွေ၊ အသိအမြင်တွေ၊ ကိစ္စတွေကို ဝေါဟာရတွေ၊ စကားလုံးတွေ၊ ပါဠိပါဒ်သားတွေသုံးပြီးဖော်ပြနိုင်တယ်လို့ မယုံကြည်တာကြောင့် အဲ့ဒါတွေကို ဖြစ်နိုင်သမျှရှောင်ရေးရပါတယ်။ ဒါတောင် တချို့နေရာတွေမှာ ပါနေတာ သတိထားမိကြမှာပါ။ တချို့နေရာတွေမှာ ကျနော့်စကားလုံးတွေ ထပ်တလဲလဲလို ဖြစ်နေတာတွေလည်း တွေ့ရမှာပါ။ ကျနော့်ရဲ့ ဝေါဟာရမကြွယ်ဝမှု၊ တင်ပြပုံချောမွေ့မှု၊ စကားလုံးမပြေပြစ်မှုတွေကိုတော့ သည်းခံကြစေချင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ကျနော့် အတွေ့ အသိအမြင်ကို ခုလိုပြောဖြစ်သွားတာတော့ ဝမ်းသာမိတာပါပဲ။
မျိုးမြင့်ချို(အောက်တိုဘာ ၉ ၊ ၂၀၁၈)

0 comments:

Post a Comment