Friday, October 19, 2018

(ဗုဒ္ဓအမြင်) ဆန်းထွန်း

0 comments
(ဗုဒ္ဓအမြင်) ဆန်းထွန်း (ရာဟုလာသံကိစ္စည်းရေးသားသော ဗောဒ္ဓဿနကို မြန်မာဘာသာဖြင့် ဆန်းထွန်းကပြန်ဆိုပြီး ပါရဂူထပ်မံဖြည့်စွက်သောမူ) မှ ဒုတိယပရိစ္ဆေဒအခန်းလာ “ဗုဒ္ဓအဘိဓမ္မာနှင့် ဗုဒ္ဓခေတ်လူနေမှုစနစ်”ဖြစ်ပါသည်။

အဘိဓမ္မာဟူသည် ဦးနှောက်ဆိုင်ရာပစ္စည်းဖြစ်၏။ သို့ဖြစ်လျှင် အရိုးအသားစုပေါင်းထားသော လူ့အဖွဲ့အစည်းနှင့်အဘိဓမ္မာ ဘယ်ပုံဆက်စပ် နေသနည်း။ အဘိဓမ္မာဟူသည် စိတ်၏မြင့်မားစွာပျံတက်ရာမျှဖြစ်သော စိတ်ကူးကမ္ဘာမှထွက်ပေါ်လာသောပစ္စည်းဖြစ်၏။ ထို့ကြောင့် အဘိဓမ္မာကို စိတ်ကူးကမ္ဘာ၏မျက်နှာပြင်တွင် ရှုကြည့်အပ်၏။ အဘိဓမ္မာနှင့်ပတ်သက်၍ ဤကဲ့သို့သောအယူအဆကို အရှေ့တိုင်း အနောက်တိုင်း နှစ်တိုင်းလုံး၌တွေ့ရ၏။ အရှေ့တိုင်း၊ အနောက်တိုင်း အမှတ်အသားအားဖြင့် အဘိဓမ္မာဟူသည် ရုပ်ကမ္ဘာမှ လုံးလုံး သီးခြား သော ပစ္စည်းတစ်ခုဖြစ်၏။ သို့သော် ကျွန်ုပ်တို့သည် အဘိဓမ္မာဟူသည် စိတ်၏ပစ္စည်းဖြစ်သော်လည်း ရုပ်ကမ္ဘာမှသီးခြားကင်းလွတ်နေသော ပစ္စည်းမဟုတ်ကြောင်း ဂရိတ်အဘိဓမ္မာများတွင်တွေ့ရ၏။ (မန)ကိုယ်တိုင် ရုပ်မှထွက်ပေါ်လာသောပစ္စည်းဖြစ်၏။ ယညဝက္က၏ဆရာ ဥဒ္ဒလကအရုဏိ ကလည်း “စိတ်သည် ထမင်းအစာဖြင့်ပြီး၏” (မနောအမန္နယံ)ဟု ရှင်းရှင်းကြီး ဝန်ခံခဲ့၏။ စားအပ်သောထမင်း၏ သိမ်မွေ့သောအစိပ်အပိုင်းသည် အပေါ်သို့တက်၏။ ထိုသည်ပင် မနဖြစ်၏။ ကျွန်ုပ်တို့ မန၏တိုးတက်ပွင့်ကားလာမှုတွင် ကျွန်ုပ်တို့လက်ရာ လူ့အဖွဲ့အစည်းအလိုက်၊ လုပုဂ္ဂိုလ်တစ်ဦးချင်း၊ နှစ်မျိုးစလုံး၏လက်ဖြင့်ကြိုးပမ်းမှုသည် ကြီးမားသောအစိပ်အပိုင်းအဖြစ်ပါဝင်ကြောင်း ကျွန်ုပ်တို့ကိုယ်တိုင် တစ်နေရာတွင်(မာနဝသမာဇကျမ်း စာမျက်နှာ ၄-၆)ဆိုခဲ့၏။ လူကဲ့သို့ လူ၏စိတ်သည်သည်း မိမိ၏ဖန်ဆင်းမှုတွင် လူ့အဖွဲ့အစည်း၏ကြွေးမြီများစွာ တင်ရှိနေပေ၏။ ဤကဲ့သို့သောအခြေအနေတွင် စိတ်ဖြစ်အဘိဓမ္မာအကြောင်းကို လူ့အဖွဲ့အစည်းနှင့်ခွာ၍ အဘယ်မှာ ဖွင့်ပြနိုင်ပါအံ့နည်း။ ထို့ကြောင့် အရှင်လတ်လတ်မျက်လုံးကို ကိုယ်ကာယမှထုတ်ဆောင်ကြည့်ရန် မဖြစ်နိုင်သကဲ့သို့ ထို့အတူ အဘိဓမ္မာအကြောင်းကိုသိရန် အဘိဓမ္မာ၏ဇစ်မြစ်နှင့် အကျိုးသက်ရောက်ပုံအခြေအနေတွင် ကျွန်ုပ်တို့ကြည့်ရပေတော့မည်။

ဥပနိသျှဒ်ကို ကျွန်ုပ်တို့ မြင်ခဲ့ရလေပြီ။ လူ့အဖွဲ့အစည်းများ၏အခြေအနေကိုထိန်းထားရန် ဘာသာရေး(ဝေဒိကကမ္မကဏ္ဍနှင့်ပါဠပူဇာ)ဘက်မှ ထောက်ခံမှုကင်းလွတ်နေပြီဖြစ်ကြောင်းကိုသိရ၍ အုပ်စိုးသူလူတန်းစားတွင် စိုးရိမ်မှုဖြစ်ခဲ့၏။ ထို့နောက် ခတ္တိယရာဇာများသည် ဗြဟ္မဉာဏ်နှင့် ပုနဇ္ဇတိ(တစ်ဖန်သန္ဓေယူမှု)အဘိဓမ္မာကိုဖော်ထုတ်၍ အသိဉာဏ်အစွမ်းတုံးသွားရန်၊ ၎င်းအပြင် လူ့အဖွဲ့အစည်းဆိုင်ရာ မညီမျှမှုများကို အနေကျသွားစေရန် ကြိုးစားကြ၏။ ဒွန္ဒနည်းဖြင့် ခွဲခြမ်းစိတ်လိုက်ပါက ကျွန်ုပ်တို့ မြင်ကြရပေလိမ့်မည်။
၎း၁။ ဥပနိသျှဒ်။
ဝါဒ- ယဇ်ပူဇော်ခြင်း၊ ဝေဒဆိုင်ရာအလုပ်ခန်း၊ ဖတ်ရွတ်ပူဇော်မှုသည် မြင့်မြတ်ခြင်း၏လမ်းတည်း။
ပတိဝါဒ- ယဇ်ပူဇော်ခြင်းတည်းဟူသောလှေသည် ကူးခပ်ရန်အတွက် အလွန်အားနည်း၏။
သံဝါဒ- ကံအကူအညီပါသော ဗြဟ္မဉာဏ်သည် မြင့်မြတ်ခြင်း၏လမ်းတည်း။

၎း၂ဒ ဗုဒ္ဓအဘိဓမ္မာ။
ဝါဒ- (ဥပနိသျှဒ်) - အတ္တဝါဒ၊
ပတိဝါဒ- (စာရိဗက်)- အတ္တမရှိရုပ်ဝါဒ၊
သံဝါဒ- (ဗုဒ္ဓ) အဘူတိကအနတ္တဝါဒ၊

ဤကဲ့သို့ တွေးခေါ်မှုကွင်းဆက်ဖြစ်၏။ လူ့အဖွဲ့အစည်း၌ ဝေဒဆိုင်ရာဘာသာသည် အခြေမပျက်ထိန်းပေး၏။ ဝေဒိကဘာသာသည် စည်းစိမ်ရှင်လူတန်းစားကိုစောင့်ရှောက်ရန်နှင့် အလုပ်ကြမ်းသမား- ကျေးကျွန်နှင့်အလုပ်သမားလူတန်းစားကို ချွန်းချိတ်ထားရန်အတွက် သွေးစွန်းထားသောလက်များဖြင့် လူထုအားချေမှုန်းရန်တည်ဆောက်ထားအပ်သော နိုင်ငံတော်(အုပ်ချုပ်ရေး)ကို အကူအညီပေးလို၏။ အကူအညီပေးမှုအတွက်ရရှိသောဆုလာဘ်ကား ဘာသာရေးခေါင်းဆောင်များ(=ပုရောဟိတ်များ) သွေးစုပ်ရာတွင် ဝေစုခံယူရရှိခြင်း ဖြစ်ပေသည်။ သွေးစုပ်ခံရသောလူထုသည် မိမိတို့၏ လွတ်လပ်သော လူတန်းစားမဲ့စီးပွားရေးအရ ကျွန်လုပ်ခံရမှုကင်းသောရက်များကို မေ့သလောက်ဖြစ်ခဲ့လေပြီ။

ဘာသာရေးအမှောက်အမှားထဲသို့ကျရောက်၍ သွေးစုပ်ခံလူတန်းစားသည် မိမိလက်ရှိအခြေအနေကို ‘နတ်များ၏အုပ်ချုပ်ရေး’ဟု မှတ်ထင် နေရှာလေသည်။ သွေးစုပ်ခံလူတန်းစားအား တကယ့်အုပ်ချုပ်ရေးရအောင် ပြင်ဆင်မှုအတွက် ထိုလူတန်းစားကို ဘာသာရေးအမှောက်အမှား ထဲမှ လွတ်မြောက်အောင်ကယ်တင်ပေးရမည်။ ဤကား နတ္တိကဝါဒ(ဝေဒနှင့်ပရလောကကိုလက်မခံသော)ရုပ်ဝါဒ၏ရည်ရွယ်ချက်တည်း။

ဗြဟ္မဏများ(ပုရောဟိတ်များ)သည် မိမိတို့၏လှူဖွယ်ဝတ္ထုများကိုစုဆောင်းရာတွင် ယစ်မူးပျော်ပါးဒနေကြ၏။ အောက်တန်းစား ကျေးကျွန်နှင့် အလုပ်သမားများအား သူတို့က အရေးမလုပ်ကြပေ။ ရာစုနှစ်ပေါင်းများစွာမှဆင်းသက်လာသော ကံတရား ဘာသာရေးတရားများကို ဗြဟ္မဏများက လူတန်းစားသွေးစုပ်မှု၏လက်နက်ကိရိယာမျှမက တကယ့် အထည်ကိုယ်အမာခံကြီးအနေ မှတ်ထင်လာကြလေသည်။ ထို့ကြောင့် ဗြဟ္မဏများက ပြောင်းလဲမှုကိုမနှစ်သက်ကြပေ။ ခတ္တိယများ(အုပ်စိုးသူများ)သည် အမာခံကမ္ဘာကြီးနှင့် ၎င်းကမ္ဘာကြီးကို လှည့်ပတ် ပစ်နိုင်၍ နားလည်မှုအရည်အခြင်းရှိသော သွေးစုပ်ခံလူတန်းစား၏သဘာဝနှင့်အရည်အချင်းကို များစွာသိရှိကြ၏။ ဗြဟ္မဏများသည် အခက် အခဲများကို လက်တွေ့ခံစားခဲ့ရ၍ ဘာသာရေးကျော့ကွင်းကိုခိုင်ခံ့စေရန် ဗြဟ္မဏဝါဒနှင့် ဘဝသစ်ဝါဒကို ဘာသာရေးတရားတွင် ဆက်တွဲပေးခဲ့ လေသည်။

အစတွင် ပုရောဟိတ်လူတန်းစားသည် ဤကဲ့သို့ဝါဒသစ်များဆက်တွဲပေးခြင်းကြောင့် အဘယ်မျှစိတ်ဆိုးကြကြောင်းပဲ့တင်သံကို ဇေမိနီနှင့် ကုမာရိလ၏ ‘မိမံသာဒဿန’တွင် ကျွန်ုပ်တို့ တွေ့ရပေလိမ့်မည်။

ဇေမိနီနှင့်ကုမာရိလတို့ကား ဗြဟ္မ(ပုဂ္ဂိုလ်)နှင့် ဗြဟ္မဉာဏ်အားလုံးကို ငြင်းဆန်ကြသောပုဂ္ဂိုလ်များပေတည်း။ ဝေဒသည် ပုဂ္ဂိုလ်တစ်ဦးဦးက ပြုလုပ်ထားသောအရာမဟုတ်။ ဝေဒကို အဘယ်သူမျှ မပြုလုပ်နိုင်။ ဝေဒသည် သဘာဝကဲ့သို့ သံယံဇာတဖြစ်၏။ ဝေဒ၏အစီအရင်ကား ကမ္မဖလနှင့် ပရလောက၏အမာခံတည်း။ ဝေဒသည် ကျမ်းများကိုသာ စီရင်၏။ ထိုစီရင်သောဝါကျများကိုအခိုင်အမာပြုရာ၌ အတ္တဝါဒ (=ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း)အနေအားဖြင့် ကျန်သောသံဟိတာ၊ ဗြာဟ္မဏ၊ ဥပနိသျှဒ်တို့၏အဆိုအမိန့်အားလုံးရှိ၏။ သို့သော် ပထမ ရိုက်နှက်လိုက်သောဒဏ်ချက်ကြောင့် ဝေဒကျမ်းလာ ကမ္မကဏ္ဍသည် ချမ်းသာရာ မရနိုင်တော့ပေ။

ကောဋ္ဋိလ္လ၏ အတ္တသျှတ္တရာကျမ်းအရ လောကယာတ(=ရုပ်-နတ္တိက)ဝါဒသည် အုပ်စိုးသူများအတွင်း၌လည်း အတွင်းကျကျမြတ်နိုးခြင်းကို ခံရပေ၏။ သို့သော်လည်း ၎င်းတို့အား ခေတ်အားလျော်စွာ အခြားအမြင်တစ်မျိုးအားဖြင့် မိမိ၏ ထာဝရပုဂ္ဂလိကအကျိုးအတွက်သာ အမှတ် အသားပြုလျှက် လူ့အဖွဲ့အစည်းအတွင်း ဘာသာရေးဝါဒတိုင်းကို လွတ်လွတ်လပ်လပ် ပြောင်းလဲပစ်ချင်နေကြသူများဖြစ်၏။ လူအများ၏ ဘာသာရေးဆိုင်ရာ မှားယွင်းယုံကြည်မှုများမှ အထူးအဆန်းလုပ်ပြပေးခြင်းအားဖြင့် ရွှေတိုက်တော်နှင့်စစ်တပ်ကို တိုးချဲ့လာနိုင်ကြောင်း ၎င်းကျမ်းတွင် အတိအလင်း အကြံပေးရေးသားထားခဲ့၏။

‘ဒသကုမာရစရိတ’ခေတ်တွင်(ခရစ်နှစ် ၆ ရာစု) နိုင်ငံတော်သူလျှိုများသည် ဘာသာရေး ‘အပြစ်ကင်းသောအသွင်’ကို ရဲရဲတင်းတင်း အသုံးပြု ကြ၏။ ဤနည်းကိုအသုံးပြုသော စာဏကျနှင့် ၎င်းအရင်ကျသောအုပ်စိုးသူများလည်း ရဲရဲတင်းတင်းပြုလုပ်ကြ၏။ ဤအချက်တွင် သံသယ ဖြစ်ဖွယ်မလိုပေ။

သို့သော် အုပ်စိုးသူလူတန်းစားသည် ရုပ်ဝါဒကို မိမိတို့အကျိုးအတွက် အသုံးချ၏။ ‘ဣဏံကတွဃတံပိဝေ’(=ကြွေးယူ၍ထောပတ်သောက်) မည့် နိမ့်ကျသောရည်ရွယ်ချက်မျှသာရှိ၏။ ထိုရုပ်ဝါဒကိုပင် သွေးစုပ်ခံအလုပ်သမားလူတန်းစားအတွက် အသုံးပြုသောအခါ ၎င်းရုပ်ဝါဒ၏ ရည်ရွယ်ချက်သည် ပုဂ္ဂလိကကိုယ်ကျိုး မဟုတ်တော့ပေ။ ထိုအချိန်တွင် မိမိ၏လုပ်ခကို မိမိကိုယ်တိုင်သုံးဆောင်ရန် တောင်းဆိုလာ၏။ သွေးစုပ်မှုကိုရပ်ဆိုင်းသွားအောင် ပြုလုပ်ပစ်ချင်လာ၏။

ဗုဒ္ဒ၏အဘိဓမ္မာသည် မိမိ၏မူရင်းသဘော-ပဋိစ္စသမုပ္ပါဒ်(ခဏိကဝါဒ)အားဖြင့် အကြီးအကျယ်တော်လှန်သော အဘိဓမ္မာတစ်ရပ်ဖြစ်၏။ လောက၊ လူ့အဖွဲ့အစည်း၊ လူအားလုံးကို ဗုဒ္ဓက ခဏတိုင်းပြောင်းလဲနေသည်ဟု ကြွေးကြော်ခဲ့၏။ ၎င်းနောက် ဘယ်သောအခါမှ နောက်ကြောင်း မပြန်ပဲ  “ငါတို့၏နေ့ရက်များ ကုန်လွန်ခဲ့လေပြီတကား”ဟူသော နောင်တ(ဖြင့်)တဖန် ပူပန်ခြင်းကိုပယ်စွန့်၍ ပြောင်းလဲမှု အားလျော်စွာ မိမိလုပ်ငန်း၊ မိမိလူ့အဖွဲ့အစည်းပြောင်းလဲရေးအတွက် အချိန်တိုင်းအသင့်ရှိနေဖို့ ညွှန်ကြားချက်ပေးခဲ့လေသည်။ ဗုဒ္ဓသည် မိမိ၏အကြီးဆုံးအဘိဓမ္မာအယူအဆများ(ဓမ္မ)ကိုလည်း ဖောင်နှင့်တူစွာ ၎င်းမှအကျိုးရအောင်သက်သက်သာဟောတော်မူခဲ့၏။ အကျိုးရပြီး နောက်လည်း ထမ်းပိုးထားခြင်းကို ကဲ့ရဲ့ရှုတ်ချတော်မူခဲ့၏။

သို့သော်လည်း ဤတော်လှန်သောအဘိဓမ္မာသည် မိမိအတွင်း၌ရှိသော “လူမှုရေးတိုးတက်မှုအဟန့်အတား”ဖြစ်စေသည့်သဘောတရား(ဓမ္မ) များကို ဖယ်ရှားမပေးပေ။ တမလွန်ဘဝ၌ ပြန်လည်မွေးဖွားမှုနှင့်ပတ်သက်၍ ဗုဒ္ဓသည် မြဲသောအတ္တ၏ ကိုယ်ကာယတစ်ခုမှ အခြား ကိုယ်ကာယတစ်ခုသို့ ပြောင်းရွှေ့ခြင်းသဘောကို လက်မခံသော်လည်း အခြားပုံစံတစ်မျိုးဖြင့်သဘောကို လက်ခံလေသည်။ ဤကိုယ်ကာယ၌ ‘ဘဝ’သည် ပြတ်သောအလျဉ်(ပျက်ခြင်း-ဖြစ်ခြင်း-ပျက်ခြင်း-ဖြစ်ခြင်း)အသွင်ဖြင့် တစ်ခုတည်းအဖြစ်ကို တည်ဆောက်ထားအပ်ပေ၏။ ထိုနည်းအတူပင် ဘဝသည် ကိုယ်ကာယဆုံးသွားသော်လည်း ဆက်လက်ရှိနေပေလိမ့်မည်။ ဘဝသစ်၌ပြန်လည်မွေးဖွားမှု၏ အဘိဓမ္မာသဘောကို ပို၍အင်အားတောင့်တင်းစေပြီးလျှင် ဗုဒ္ဓသည် ဘဝသစ်၏ဘဝသစ်ကို ပတိသန္ဓေအဖြစ် ပြုလုပ်လေသည်။ ဆိုလိုရင်းကား- ပျက်ခြင်းနှင့်ဖြစ်ခြင်းကို သန္ဓေ(ကွင်းဆက်)ဖြင့် ဆက်စပ်၍ ဘဝအလျဉ်သည် ဤကိုယ်ကာယ၌သွားသကဲ့သို့ ထိုနည်းအတူ ထိုဘဝအလျဉ်၏ပတိသန္ဓေ(အဆက်အစပ်)သည် ကိုယ်ကာယတစ်ခုမှ နောက်ကိုယ်ကာယတစ်ခု၌ ဖြစ်လေသည်။

ဖောက်ပြန်ပြောင်းလဲခြင်း မရှိသော အမာခံအတ္တ၌ ယခင်က သင်္ခါရတရားများကိုထားရန်နေရာ မရှိသော်လည်း ခဏတိုင်းခဏတိုင်း ပြောင်းလဲနေသော ဝိဉာဉ်(ဇီဝိန်)၌ ၎င်း၏ဝါသနာ သို့မဟုတ် သင်္ခါရ၏အဖြစ်ဖြင့် မိမိ၏အင်္ဂါအစိပ်အပိုင်းဖြစ်ပြီး ဆက်လက်သွားရာ၌ မည်သို့သောအခက်အခဲမျှမရှိပေ။ ခဏိကသဘောသည် ကမ္ဘာလောက၏အဓိပ္ပါယ်အဖွင့်အတွက် လုံလောက်ပေသည်။ သို့ရာတွင် ဣဿရ(ထာဝရဘုရားသခင်)၏အလုပ်သည် ကမ္ဘာလောက်၌ စည်းစနစ်၊ လူ့လောက၌စည်းစနစ် (အဖိနှိပ်ခံအား ပုန်ကုန်တော်လှန်ခြင်းမှ တားမြစ်ရန်ကြိုးပမ်းခြင်း)ကို ဖန်တီးရန်လည်းဖြစ်သည်။ ဗုဒ္ဓသည် ကမ္မဝါဒကို ပိုပြီးအင်အားရှိအောင်ပြုလုပ်ခဲ့ပေသည်။ သံသရာ၌ ကျင်လည်ရခြင်း၊ ချမ်းသာဆင်းရဲကွဲပြားခြားနားမှုတို့သည် သင်ကိုယ်တိုင် တခါက ပြုခဲ့ဖူးသောကံကြောင့်ဖြစ်လေသည်။ သို့ရာတွင် ယနေ့ ထိုကံသည် သင့်အတွက် လက်မှလွှတ်လိုက်သော မြား ဖြစ်လေသည်။

ယင်းသို့အားဖြင့် ဗုဒ္ဓ၏ပတိစ္စသမုပ္ပဒ်ကိုကြည့်လျှင် တစ်ဖက်၌ ထိုခေတ်အုပ်စိုးသူ၊ တန်ခိုးရှိသူလူတန်းစားတို့ ထိတ်လန့်စိုးရွံ့ခြင်း ဖြစ်ကြ သော်လည်း အခြားတစ်ဘက်၌မူ ပတိသန္ဓေနှင့်ကမ္မဝါဒသည် ၎င်းတို့အား လုံးလုံး ဆုံးဖြတ်ပေးခဲ့လေ၏။ ထိုအကြောင်းကြောင့်ပင် ဗုဒ္ဓ၏အလံတော်အောက်၌ ဘုရင်များ၊ ဧကရာဇ်များ၊ သူဌေးသူကြွယ်များရောက်လာခြင်းကိုလည်းကောင်း၊ အိန္ဒိယအပြင်ဘက် သီဟိုဠ်၊ တရုတ်၊ ဂျပန်၊ တိဗက်၌မူ ဗုဒ္ဓ၏တရားဓမ္မကိုဖြန့်ဖြူးရာ၌ ဘုရင်တို့သည် ရှေးဦးစွာ ရှေ့တန်းသို့တိုးတက်လာကြသည်ကိုလည်းကောင်း ကျွန်ုပ်တို့ တွေ့ရခြင်းဖြစ်လေ၏။ ထိုတရားဓမ္မသည် လူမှုတော်လှန်ရေးအတွက်မဟုတ်၊ (လက်ရှိ) လူမှုအခြေအနေကိုတည်ရှိစေရန် ကြီးစွာသောအထောက်အပံ့ဖြစ်လိမ့်မည်ဟု ၎င်းတို့က သိရှိနားလည်ကြပေသည်။ အမျိုးဇာတ်များ၊ တိုင်းပြည်နိုင်ငံများ၏ဘောင်များ၊ နယ်စပ်များကိုချိုးဖေါက်ပြီး ဗုဒ္ဓ၏အယူအဆများသည် နိုင်ငံကျယ်ပြန့်မှုပြုရာ၌(နိုင်ငံချဲ့ထွင်ရာ၌) မျက်မှောက် သို့မဟုတ် မျက်ကွယ်အနေ အားဖြင့် များစွာအကူအညီအထောက်အပံ့ပေးလေသည်။  လူ့လောက၌ စီးပွားရေးမတူညီ မမျှတမှုကိုမဖျောက်ပစ်ပဲနှင့်ပင် ဗုဒ္ဓသည် အသွေးအရောင်ခွဲသည့်စနစ်၊ ဇာတ်နိမ့်ဇာတ်မြင့်သဘောတို့ကို ဖယ်ရှားပစ်လိုတော်မူသည်။ ယင်းသို့ပြုလုပ်ခြင်းကြောင့် တကယ့်တကယ် ဖြစ်နေသော မတူညီမမျှတမှုမှာ ပျောက်ကွယ်မသွားပေ။ သို့ရာတွင် အောက်တန်းလွှာမှ လူတန်းစားများ၏အာရုံသည် အမှန်မုချပင် ဗုဒ္ဓဘာသာဘက်သို့ ပိုမိုညွှတ်ယိမ်းလာလေဘ၏။ လူတန်းစားအမြင်ဖြင့်ကြည့်လျှင် ဗုဒ္ဓဘာသာသည် ကြားဝင်ဖျန်ဖြေသူအနေမျိုးနှင့် ရှိနေသည်။ ၎င်းသည် လူတန်းစား၏ နဂိုကိုယ်ကျိုးစီးပွားကိုမပယ်ပျောက်ပဲနှင့် မိမိကိုယ်ကို တရားမှုဘက်သားအဖြစ်သို့ ပြလိုပေသည်။

သိဒ္ဓတ္ထဂေါတမသည် မိမိ၏အဘိဓမ္မာအသွင်မျိုးဖြင့် အဘယ့်ကြောင့် မစဉ်းစားမတွေးခေါ်လျှင်မဖြစ်သည့်အခြေသို့ ရောက်ခဲ့သနည်း။ ထိုကိစ္စအတွက် ၎င်း၏ပတ်ဝန်းကျင်ရှိ ရုပ်ပိုင်းအခြေအနေများ ဘယ်အထိ အကြောင်းတရားများဖြစ်ကြသနည်း။ ယင်းပြဿနာများ ပေါ်ပေါက် လာနိုင်ပေသည်။ သို့ရာတွင် ကျွန်ုပ်တို့သတိပြုသင့်သည်မှာ ပုဂ္ဂိလ်အပေါ်၌ လူ့လောက၏လိုအပ်သည့်အရာတစ်ခု၏အသွင်ဖြင့် ကျရောက် လွှမ်းမိုးသော ရုပ်အခြေအနေ၏သြဇာသည် တစ်ခါတစ်ရံတွင် ပုဂ္ဂိုလ်၏ထူးခြားသော အရပ်မျက်နှာပြောင်းလဲခြင်း၌ အကူအညီအထောက် အပံ့ ဖြစ်တတ်လေသည်။ ပထမအမြင်ဖြင့် ဗုဒ္ဓ၏အဘိဓမ္မာကို ကျွန်ုပ်တို့ လွှမ်းမိုးမှုရှိသလောဟူသည့်အချက်နှင့် ပတ်သက်၍လည်း စဉ်းစားဆင်ခြင် ကြည့်သင့်ပေသည်။ ဗုဒ္ဓသည် ကိုယ်ကာယအနေအားဖြင့် အလွန်ကျန်းမာသန်စွမ်းသူဖြစ်လေသည်။ စိတ်အနေအားဖြင့် ဗုဒ္ဓသည် ငြိမ်သော၊ နက်နဲသော၊ ထက်မြက်သော ဉာဏ်ပဋိဘာန်ရှိသည့် အတွေးအခေါ်သမားဖြစ်လေသည်။ အရည်အချင်းများစွာရှိသော ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချသူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တွင် ရှိသင့်ရှိအပ်သောရည်မှန်းချက်မျိုးသာ ဗုဒ္ဓတွင်ရှိလေသည်။ ဗုဒ္ဓသည် မိမိအဘိဓမ္မာ အတွေးအခေါ်များ၏အမှန်တရားအပေါ်၌ အပြည့်အဝ ယုံကြည်ချက်ထားလေသည်။ ပတိစ္စသမုပ္ပါဒ်၏အရေးကြီးပုံကို ကောင်းစွာ သဘောပေါက်တော်မူသည်။ တပြိုင်နက်တည်းမှာပင် အစပထမတွင် ဗုဒ္ဓသည် မိမိ၏အယူအဆများကိုဖြန့်ဖြူးရန် စိတ်ပါဝင်စားမှု မရှိခဲ့ပေ။ အကြောင်းမူကား ထိုခေတ်ကာလ၏အတွေးအခေါ်များကိုကြည့်ပြီး အားတက်မှုမရှိသောကြောင့်တည်း။ သူ၏အတွေးအခေါ်များနှင့် ထိုခေတ်သမယရှိအုပ်စိုးသူ၊ တန်ခိုးရှိသူလူတန်းစားတို့အကြားတွင် နားလည်မှုရစရာအကွက် ရှိသည်ဟု သိသေးဟန်မတူ။

အနိစ္စ၊ အနတ္တမှတစ်ပါး ဒုက္ခဝါဒသည်လည်း ဗုဒ္ဓအဘိဓမ္မာ၏အသွင်တစ်ရပ် ဖြစ်လေသည်။ ယင်းဒုက္ခဝါဒ၏အကြောင်းကို အကယ်၍ ထိုခေတ်ကလူ့လောကနှင့် ဗုဒ္ဓ၏မိမိအခြေအနေ၌ရှာကြည့်လျှင်သိရမည်မှာ ဗုဒ္ဓသည် သူငယ်အရွယ်ကပင် အမိနှင့်ကွဲကွာခြင်းဒုက္ခကို ခံခဲ့ရလေသည်။ သူ၏မိထွေးတော် ပဇာပတိ၏ချစ်ခြင်းမေတ္တာကမူ သိဒ္ဓတ္ထအပေါ်တွင် မသေးငယ်ခဲ့ပေ။ နန်းတော်၌ သိဒ္ဓတ္ထသည် မည်ကဲ့သို့သောဒုက္ခမျိုး ခံရမည်ကိုမူမသိရပေ။ ကြေးရတတ်သားသမီးတစ်ဦးတစ်ယောက် ရရှိခံစားအပ်သော စည်းစိမ်ဟူသမျှကို သူသည် မကြောင့်မကြ ရရှိခဲ့လေသည်။ သို့ရာတွင် လူ့လောက၌ဖြစ်ပျက်သောအဖြစ်အပျက်များသည် အရှိန်ပြင်းစွာဖြင့် သူ့အပေါ်တွင် သြဇာလွှမ်းမိုး ခဲ့လေသည်။ သူအို၊ သူနာ၊ သူသေကို တွေ့မြင်ရခြင်းကြောင့် စိတ်ထဲတွင် ငြီးငွေ့ခြင်းဖြစ်ပေါ်လာမှုမှာ ယင်းသဘောကို ခိုင်မြဲစေခဲ့လေသည်။ ဒုက္ခ၏အမှန်သဘောတရားကို နှလုံးတွင်စွဲသွားစေသည်မှာ ယင်းအမြင်သုံးမျိုးသာလျှင်မကပေ။ ထို့ထက်ပိုလွန်ပြီး လူသားတို့၏ ကျေးကျွန်ဘဝနှင့် ဆင်းရဲချို့တဲ့ခြင်းများသည် ဗုဒ္ဓအား ဒုက္ခ၏အမှန်တရားကို ထင်ရှားသွားစေရာ၌ အကူအညီအထောက်အပံ့ ပေးကြလိမ့်မည် ဖြစ်ပေသည်။ ထိုအကြောင်းနှင့်စပ်လျဉ်း၍ ပြောပြထားချက်ကိုမူ ကျွန်ုပ်တို့ မရရှိကြပေ။ ၎င်း၏အကြောင်းမှာ ထင်ရှားပြတ်သားလှသည်။ ဗုဒ္ဒသည် ဆင်းရဲခြင်းနှင့်ကျေးကျွန်အဖြစ်အား ပယ်ပျောက်ခြင်းကို မိမိ၏လုပ်ငန်းစဉ်၏ အင်္ဂါအစိပ်အပိုင်းတစ်ရပ်အဖြစ် ပြုလုပ်တော်မမူခဲ့ပေ။  အစဦးနေ့များ၌ ဆင်းရဲခြင်းနှင့် ကျေးကျွန်ဘဝ၏ကြောက်မက်ဖွယ်ကို အနည်းငယ်ပေါ့ပါးသွားစေရန်လုပ်လိုသည့်သဘောထားသည် ဗုဒ္ဓဘာသာ၌ ရှိခဲ့လေသည်။ ကြွေးချေးငှားစားသူတို့သည် ထိုခေတ်က ဥစ္စာပစ္စည်းမပေးနိုင်သူရှိလျှင် ကိုယ်ကာယကိုပင် ဝယ်ယူနိုင်သည့် အခွင့်ရှိခဲ့လေသည်။ သို့ဖြစ်၍ များစွာသော ကြွေးမကင်းသူတို့သည် ခိုကိုးရာရရှိရန်အတွက် ရဟန်းပြုလုပ်ကြလေသည်။ သို့ရာတွင် ကြွေးရှင် သူဌေးများ၏ဆန့်ကျင်မည့်အန္တရာယ် ရှေ့မှောက်ရောက်လာသောအခါ၌ ဗုဒ္ဓက ကြေညာတော်မူ၏

(မဟာဝဂ္ဂ၊ ၁၊ ၄၊ ၄၊ ၅) “ကြွေးမကင်းသူအား ရဟန်းမပြုရ”

ထိုနည်းအတိုင်းပင် ကျေးကျွန်များ ရဟန်းပြုကြခြင်းကြောင့် မိမိအကျိုးထိခိုက်သည်ကိုတွေ့ရသော ကျေးပိုင်ကျွန်ပိုင်များ ဆူပွက်ကြသောအခါ ဗုဒ္ဓကကြေညာတော်မူ၏။ (မဟာဝဂ္ဂ၊ ၁၊ ၃၊ ၄၊ ၉) “ရဟန်းတို့ ကျေးကျွန်ဖြစ်သူတို့အား ရဟန်းမပြုရ”

ဗုဒ္ဓတပည့်တကာဖြစ်သူ မဂဓဘုရင် ဗိမ္မိသာရ၏တပ်သားများ စစ်တိုက်သွားရမည့်အစား ရဟန်းပြုကြသောအခါ စစ်ဗိုလ်မှူးနှင့် ဘုရင်မင်းကြီး တို့သည် ပျာယာခတ်သွားကြသည်။ တိုင်းနိုင်ငံ၏တည်တံ့မှုမှာ စစ်တပ်အပေါ်၌သာ မှီနေသည်မဟုတ်ပါလော။ ဗိမ္မိသာရက ဘုရင့်တပ်သားအား ရဟန်းပြုပေးသူသည် မည့်သည့်အပြစ်ဒဏ်ထိုက်သနည်းဟု မေးသည့်အခါ အရာရှိများက အဖြေပေးကြလေ၏။

(မဟာဝဂ္ဂ၊ ၁၊ ၃၊ ၄၊ ၂) “အရှင်မင်းကြီး ထိုပုဂ္ဂိုလ်(ဆရာ)၏ ဦးခေါင်းကိုဖြတ်သင့်ပေသည်။ အနုသာသက(ရဟန်းလောင်းဆုံးမသူ)၏လျှာကို ထုတ်ပစ်သင့်လေသည်။ ဂဏ(သံဃာ)ကို အပြင်းအထန်ရိုက်နှက်သင့်ပေသည်”

ဗိမ္မိသာရဘုရင်သည် ဗုဒ္ဓအထံတော်သို့သွား၍ အပြစ်တင် လျှောက်ထားသောအခါ ဗုဒ္ဓကကြေညာတော်မူ၏။
(မဟာဝ၈ဂ) ရဟန်းတို့ ဘုရင့်တပ်သားများကို ရဟန်းပြုမပေးရ။
ယင်းသို့အားဖြင့် ဒုက္ခသစ္စာကို မျက်မှောက်ပြုခြင်းကြောင့် ဒုက္ခ၏အကြောင်းများကို ကမ္ဘာလောက၌ဖယ်ရှားပစ်ရန်ဟူသောပြဿနာမှာမူ အဆုံးသတ်သွားလေသည်။ ၎င်း၏ စိတ်ပိုင်းဆိုင်ရာတန်ဖိုးသာလျှင် ကျန်ရှိပေတော့၏။ စည်းစိမ်ရှင်၊ ဓနရှင်လူတန်းစားအတွက် ဗုဒ္ဓအဘိဓမ္မာသည် အဆိပ်အစွယ်မဲ့သောမြွေကဲ့သို့ ဖြစ်သွားပေတော့၏။

အားလုံးကိုခြုံကြည့်လျှင် ထိုခေတ်က ကျွန်စနစ်နှင့်ဆင်းရဲချို့တဲ့ခြင်းများသည် ဗုဒ္ဓ၏ ဒုက္ခသစ္စာသိရှိသဘောပေါက်မှု၌ အကြောင်းတရား ဖြစ်ကြသည်ကို ကျွန်ုပ်တို့ပြောဆိုနိုင်ပေသည်။ ဒုက္ခကို ဖယ်ရှားဖျောက်ဖျက်ပစ်နိုင်သည်ဟူသောအချက်ကို သိရှိနားလည်တော်မူသော ဗုဒ္ဓသည် ပဋ္ဋိစ္စသမုပ္ပါဒ်သို့ ရောက်ရှိလာခဲ့လေ၏။ ခဏိကနှင့် “ဟေတုပဘဝ”ဖြစ်ခြင်းကြောင့် ၎င်း၏ အပြီးသတ်မှုဖြစ်နိုင်လေသည်။

ကမ္ဘာလောက၌ထင်ရှားစွာမြင်ရသော ဒုက္ခအကြောင်းများကိုဖယ်ရှားပစ်ခြင်းငှာ မစွမ်းနိုင်ဟုသဘောပေါက်သောဗုဒ္ဓသည် ၎င်း၏ လောကမှ အပဖြစ်သောအဓိပ္ပါယ်ဖွင့်ကို ဖွင့်ပြတော်မူခဲ့လေသည်။

(ဗုဒ္ဓအမြင်) ဆန်းထွန်း (ရာဟုလာသံကိစ္စည်းရေးသားသော ဗောဒ္ဓဿနကို မြန်မာဘာသာဖြင့် ဆန်းထွန်းကပြန်ဆိုပြီး ပါရဂူထပ်မံဖြည့်စွက်သောမူ) မှ ဒုတိယပရိစ္ဆေဒအခန်းလာ “ဗုဒ္ဓအဘိဓမ္မာနှင့် ဗုဒ္ဓခေတ်လူနေမှုစနစ်”ကို ကျနော့်အနေဖြင့် ရိုက်ကူးဖော်ပြခြင်း ဖြစ်ပါသည်။ ဖတ်ရှုသူတချို့အတွက် စဉ်းစားတွေးဆစရာဖြစ်မည်ထင်ပါသည်။

0 comments:

Post a Comment