(ပြည်တွင်းဖြစ် ခြိမ်းခြောက်သတ်ဖြတ်ရေးဝါဒီတွေ)
Patriots Day လို့အမည်ပေးထားတဲ့ မှတ်တမ်းရုပ်ရှင်ကားကို ပြီးခဲ့တဲ့အပတ်က ကြည့်ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်က ဘောစတွန်မြို့မှာ နှစ်စဉ် ဧပြီလ ၁၅ ရက်နေ့မှာကျင်းပနေကြ မာရသွန်အပြေးပြိုင်ပွဲမှာ ချေချင်း-အမေရိကန် လူငယ် ၂ ယောက်က ဗုံးခွဲတိုက်ခိုက်ခဲ့လို့ လူ ၃ ယောက်သေပြီး အများအပြား ဒဏ်ရာရခဲ့၊ ကိုယ်လက်အင်္ဂါတွေ ဆုံးရှူံးခဲ့ရတဲ့အဖြစ်ကို မှတ်တမ်းရုပ်ရှင်အနေနဲ့ ဖန်တီးထားတဲ့ကားဖြစ်ပါတယ်။ ကျနော် အဲ့အကြောင်းကို အဲ့တုန်းကတည်းက စိတ်ဝင်စားလို့ သတင်းတွေ လက်လှမ်းမီသလောက် စောင့်ကြည့် စောင့်ဖတ် စောင့်နားထောင် လုပ်ခဲ့ပါတယ်။
စိတ်ဝင်စားရတဲ့ အဓိကအချက်ကတော့ ညီအကို ၂ ယောက်မှာ အငယ်ကောင်က အမေရိကန်ပညာတတ်ပါ။ မက်ဆာချူးဆက် ယူနီဗားစတီးက ကျောင်းသားဖြစ်နေတာကြောင့်ပါ။ မိဘများမှာ အဖေကချေချင်းလူမျိုး အမေက အေဗာလူမျိုးတွေဖြစ်ပြီး ချေချင်းဒေသမှာ မွေးဖွားကြီးပြင်းခဲ့ကြပေမယ့် ဒုတိယကမ္ဘာစစ်အပြီးမှာ ဆိုဗီယက်ယူနီယံထဲက ကာဂျစ်စတန်ကို မပြောင်းချင်ပဲ ပြောင်းရွှေ့ခံခဲ့ရသူတွေဖြစ်ပါတယ်။ ညီအကို ၂ ယောက်လုံးက ဟိုအရပ်ဟိုဒေသမှာ ချက်မြုပ်ခဲ့ကြတာပါ။ ၂ဝဝ၂ ခုနှစ်မှာ မိဘနှစ်ပါးနဲ့ အကြီးကောင် တာမာလင်န်ဆနစ်ဗ်တို့ ရက်ကိုးဆယ် တိုးစ်ဗီဇာနဲ့ အမေရိကားကို ရောက်လာကြပြီး ဆိုဗီယက်ကိုပြန်ရင် ချေချင်းအဆက်အသွယ်တွေကြောင့် အန္တရာယ်များတာမို့ အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ခဲ့ပါတယ်။ အငယ်ကောင် ဇက်ခါဆာနေ့ဗ်ကိုတော့ ဟိုမှာပဲထားခဲ့ပြီး ကြည်ရှုစောင့်ရှောက်ဖို့ ဦးလေးတယောက်လက်ထဲ အပ်ခဲ့တာပါ။ ခိုလှုံခွင့်ရပြီနောက် ၂ နှစ်အကြာမှာတော့ ဟိုမှာကျန်နေခဲ့တဲ့ သားသမီးတွေပါ ခေါ်ယူပြီး တမိသားစုလုံး အမေရိကန်မှာ ပြန်ဆုံမိကြတာဖြစ်ပါတယ်။ အငယ်ကောင်က အဲ့ဒီေုံးခွဲမှုအတွက် သေဒဏ်ကျပါတယ်။
ကျနော်ပြောမှာရေးက သူတို့အထုပ္ပတ္တိမဟုတ်ပေမယ့် လိုအပ်လို့ အကျဉ်းတော့ ကြိုဖော်ပြထားတာဖြစ်ပါတယ်။ ဗုံးခွဲလို့ ဘာတွေဖြစ်၊ ဘယ်လိုတွေတုံ့ပြန်ကြ၊ ဘာအကျိုးဆက်တွေဖြစ်၊ ဘယ်လိုအရေးယူခံရ စတာမျိုးတွေလည်း မဟုတ်ပါဘူး။
ကျနော်တွေးမိတာက ဒီ အမေရိကန်ပညာတတ်လေးတွေက ဘာ့ကြောင့် အမေရိကန်မှာ ဗုံးခွဲတိုက်ခိုက်တာ တနည်းပြောရရင် Terrorism လို့ဆိုတဲ့ ခြိမ်းခြောက်တိုက်ခိုက်သတ်ဖြတ်တာ လုပ်ခဲ့ရသလဲဆိုတာပါပဲ။ Twin Tower လို့ခေါ်တဲ့ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦးကြီး ၂ ခုနဲ့ ပင်တဂွန်ကို လေယဉ်ပျံကြီးတွေနဲ့ စီးနင်းတိုက်ခိုက်ခဲ့ကြသူတွေထဲမှာလည်း အမေရိကန်ပညာတတ်တွေ ပါနေပါတယ်။ တချို့ဆို အမေရိကန်ပေါက်တွေပါ။ အများစုကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီရောက်လာ၊ ဒီမှာကြီး၊ ဒီမှာပညာသင်၊ ဒီမှာပညာတတ်၊ ဒီကယဉ်ကျေးမှုထဲ နေသားကျနေပါရက်က ဘာလို့ ဒီကိုပြန် တိုက်ခိုက်တာတွေ လုပ်လာကြသလဲ။ ဘာ့ကြောင့်လုပ်ကြတာလဲ။ ဒီလိုလုပ်ဖို့ သူတို့မှာ ဘယ်လို စေ့ဆော်မှုတွေရှိခဲ့လဲ။ အဲ့ဒီစေ့ဆော်မှုတွေက ဘယ်လို ရလာတာလဲ။ ဘယ်လိုဖြစ်လာကြတာလဲ စတဲ့တွေးဒေါင့်ကနေရေးမှာပါ။
ကျနော်ကိုယ်တိုင်က ဒီမှာ ၁ဝ နှစ်လောက်နေလာခဲ့၊ ဒီက အမေရိန်အဖြူမနဲ့ အိမ်ထောင်ကျခဲ့၊ သူတို့အသိုင်းအဝိုင်းထဲ ကျင်လည်နေဆဲ။ ဒီမှာ အလုပ် လုပ်ကိုင် အသက်မွေးဝမ်းကြောင်းခဲ့တာအပြင် ကျနော့်အလုပ်သဘာဝကိုက ရဲစခန်း၊ ထောင်(ကလေးထောင် လူကြီးထောင်)၊ တရားရုံး၊ ဆေးရုံဆေးခန်း၊ စက်ရုံအလုပ်ရုံနဲ့ အေဂျင်စီတွေ၊ စကားပြန်နဲ့ဘာသာပြန်ကုမ္ပဏီတွေနဲ့ ဆက်စပ်နေတာဆိုတော့ ကျနော်ထိတွေ့ရတဲ့ အခြားနိုင်ငံတွေကနေ ပြောင်းရွှေ့အခြေချ နေထိုင်ကြသူတွေအပေါ် အမေရိကန်တွေရဲ့ စိတ်နေစိတ်ထားနဲ့ သဘောသဘာဝလေးတွေကို သိရတာရှိပါတယ်။ ကိုယ်တိုင်က စာလေးဘာလေးနည်းနည်းပါးပါးရေးတော့ စူးစမ်းချင်စိတ် အခြေခံတာလည်း ပါပါတယ်။ ဖာသိဖာသာသဘော မထားတာလည်း ပါပါတယ်။
ရေးတဲ့အခါ အဲ့ဒီစူးစမ်းမှုတွေ တကယ့်ဘဝတွေက ရတဲ့အသိတွေလည်း အရိပ်ထင်အရောင်ဟပ်မှာတော့ သေချာပါတယ်။ တကယ်တော့ အမေရိကန်ပြည်ထောင်စုဆိုတာ တနယ်တကျေးတပြည်တရွာတွေကနေ အကြောင်းပေါင်းစုံနဲ့ လာရောက်အခြေချ နေထိုင်သူတို့ရဲ့ပြည်မဟုတ်လား။ အဲ့ဒီလူတွေနဲ့ ထူထောင်ခဲ့ကြတာမဟုတ်လား။ ပထမဆုံး သမ္မတကနေ ခုလက်ရှိသမ္မတအထိ အဲ့ဒီဆွေစဉ်မျိုးဆက်တွေမဟုတ်လား။ တကယ့်အမေရိကန်အစစ် တကယ့်နေးတစ်ဗ်(ဇာတိဖွား)တွေကတော့ ရက်ဒ်အင်ဒီယန်းတွေပဲ ဖြစ်ပါတယ်။
ကျနော်ရေးတဲ့စာမျန်သမျှကို အကောင်းမြင် အဆိုးမြင်၊ အပြုသဘော အပျက်သဘော၊ ဘက်လိုက်တယ် မလိုက်ဘူးစတဲ့ အကဲဖြတ်ချက်တွေ အမြင်တွေကတော့ ဖတ်သူ့ကိစ္စပါ။ ကျနော့်အနေနဲ့ ကောင်းသည်ဆိုးသည် ပြောစရာမရှိပါ။ အတင်းအကျပ် ပြန်လှန်ငြင်းခုန် တုံ့ပြန်တာမျိုးလည်း ကျနော် လုပ်လေ့မရှိပါဘူး။ ဘာရေးရေး ဘာပြောပြော ကျနော့်အမြင် ကျနော့်သဘောထားကို အတိအလင်း ရေးပါပြောပါတယ်။ ဆဲသူဆဲပါတယ်၊ ချီးမွမ်းသူ မွမ်းပါတယ်။ အဆဲရောအချီးမွမ်းရော ကျနော် ဆက်ရေးနေပြောနေဖို့ အားပေးရာရောက်တာမို့ ရေးအားပြောအားရှိပါတယ်။
ဒီအကြောင်း အမြန်ဆုံးရေးနိုင်အောင်ကြိုးစားပါ့မယ်။
မျိုးမြင့်ချို(အောက်တိုဘာ ၁၄၊ ၂ဝ၁၈
0 comments:
Post a Comment