စာတမ်း(၂) အရှေ့ရိုးမတောင်-ကရင်သူပုန်အရေး(မှတ်တမ်း)
ခရိုင်တစ်ခုလုံးကို
ဂျပန်သိမ်းယူမိသောအခါလောက်တွင် အရှေ့တောင်နှင့်စစ်တောင်းမြစ်အကြားတွင် ဗမာလူမျိုးတစ်စုက
ကရင်အရေးကို စတင်မီးမွှေးပုံမှာ အင်္ဂလိပ်စစ်တပ်များ ဖရိုဖရဲ ဆုတ်ခွာနေရချိန်တွင် အုပ်ချုပ်ရေးကင်းမဲ့စ
ပြုလာသောအခါတွင် စဝန်ရွာနေ လူဆိုးသက်ထွန်း အမှူးရှိသောလူတစ်စုက ၎င်းအနီးအနားရှိ တပ်ကုန်းရွာဟောင်း၊
နောင်ဘို အစရှိသော ကရင်ရွာများသို့သွားရောက်ကာ ကြက်ဝက်အစရှိသည် တို့ကို သိမ်းယူခြင်း၊
မိမိတို့အလိုရှိသောပစ္စည်းများကို ပိုင်ရှင်မဲ့ပမာ ယူငင်လာခြင်း အစရှိသည်တို့ကိုပြုလုပ်နေရာ
ကရင်များမှာ လက်နက်မဲ့ အချိန်အခါဖြစ်သဖြင့် ငုံ့ခံနေခဲ့ကြရပေသည်။
၎င်းနောက်
အင်္ဂလိပ်စစ်တပ်အတွင်းမှ ကရင်စစ်ပြေးများ နေ့စဉ်နှင့်အမျှ ရောက်ရှိလာကြသောအခါတွင် ၎င်းတို့တွင်
အင်အားများ ပြည့်တင်းစ ပြုလာတော့သည်။ ထိုအချိန်တိုင်အောင် ကရင်များက ဗမာများအား ပြန်လှန်ခုခံခြင်းမပြုသေးပဲ
(ဝါ) ရန်ကိုရန်ခြင်းမတုံ့နှင်းဘူး ဆိုသည့်ပမာ ကရင်ဗမာငြိမ်းချမ်းရေး ရရှိစေခြင်းအလို့ငှာ
စကားကမ်းလှမ်းရန် ကရင် ၄ ယောက်ကို ခေါင်းဆောင်များက စဝန်ရွာသို့ စေလွှတ်လိုက်ပါသည်။
၎င်း ကရင် ၄ ယောက်အား စဝန်ရွာရှိလူဆိုးများက စကားလက်မခံပဲ အတင်းဖမ်းကာ ဓားနှင့်ခုတ်သတ်ရာ
၂ ယောက်သေ၍ ၂ ယောက်မှာ လွတ်ပြေးပါသည်။ လွတ်ပြေးသောကရင် ၂ ဦး၏ ပြန်ပြောချက်အရ ကရင်တမျိုးသားလုံးမှာ
ယမ်းပုံမီးကျဖြစ်ကာ သေနတ်ကိုင် စစ်ပြန် ၁ဝဝ ခန့်တို့သည် ဗမာရွာများရှိရာသို့ ဦးတည်ပစ်ခတ်
ချီတက်လာကြုန်သည်။ ထိုအခါတွင် ဗမာများကလည်း ၎င်းတို့တွင်ရှိသော ရိုင်ဖယ်သေနတ် အနည်းငယ်နှင့်
ပြန်လှန်ခုခံကြပါသည်။ နောက်ဆုံးတွင် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း တလျှောက်ရှိ ဗမာများမှာ
မြစ်ကူးပြီး အနောက်ဘက် သို့ ပြေးရသောအခြေအနေ ရောက်ခဲ့လေသည်။
ဤသို့
အဓိကရုဏ်းဖြစ်ချိန် ကရင်အမျိုးသားများ၏သစ္စာရှိမှုကို မချီးကျူးပဲမနေနိုင်အောင်ဖြစ်ရသည့်
အကြောင်းတစ်ရပ်ကား ၎င်းတို့အား စတင်စော်ကားသည့်လူဆိုးနေရာ စဝန်ရွာအတွင်းသို့ရောက်သောအခါ
လူဆိုးများအိမ်တို့ကိုသာ ကွက်၍မီးရှို့ကြပြီး၎င်းတို့နှင့် ရန်ဘက် မဟုတ်သောလူများနေအိမ်ကို
မီးမကူးစက်အောင်ပင် တားဆီး၍ မီးပြာကျမှ ထွက်ခွာသွားကြပေသည်။
ကရင်များထွက်ခွာသွားပြီးနောက်
ရွာသားများပြန်လာသောအခါ မီးရှို့ခံရသူများက တို့အိမ်တွေ မီးလောင်တဲ့နောက် တခြားအိမ်တွေပါ
မထားဘူးဆိုကာ အလွန်ယုတ်ညံ့စုပ်ပြဲသောစိတ်ဓာတ်ဖြင့် ကျန်နေသောအိမ်များကိုပါ မီးတင်ရှို့ခဲ့ကြသေးသည်။
စဝန်ရွာ တစ်ဝိုက်တစ်ဝါ တွင်သာ အဓိကရုဏ်းဖြစ်၍ ကျန် မုန်းစသောနယ်များတွင်ကား အခြေအနေ
အတော်ကောင်းမွန်သည်ကို တွေ့ရပေသည်။
ထိုသို့တွေ့ရခြင်းမှာလည်း
၎င်းနယ်က ကရင်ခေါင်းဆောင်များနှင့် ဗမာလူကြီးများနှင့် သင့်တင့်မှုကြောင့်ဟုဆိုလျှင် မမှားနိုင်ပေ။
စဝန်ရွာတွင် အဓိကရုဏ်းဖြစ်နေစဉ်မှာပင် ဖြူး၌ ဘီအိုင်အေအဖွဲ့ ဖွဲ့စည်းမိကာ အချင်းဖြစ်နေရာ
စစ်တောင်းမြစ်ရိုးတလျှောက်မှ ဗမာများက လာရောက် တိုင်တန်းချက်အရ ဘီအိုင်အေတပ်က လက်နက်အနည်းငယ်နှင့်
လိုက်သွားပြီး ကမ်းနား ဘန်းထောင်ရွာတွင်စခန်းချကာ ကရင်များက လျှော့မပေးလျှင် နှိမိနင်းတိုက်ခိုက်မည်ဟူသောဝါဒဖြန့်လိုက်ရာ
ကရင်ဗမာအဓိကရုဏ်းမှာ ထိုအချိန်တွင်ပင် စခန်းသိမ်းသွားပေတော့သည်။
အဓိကရုဏ်းတွင်
ကရင်ရော ဗမာများပါ ၂ ဘက်စလုံး ကြဆုံးကြသဖြင့် အေးငြိမ်းသည့်တိုင်အောင် အခဲမကျေဘဲ တို့တစ်နေ့နေ့မှာ
နိုင်တဲ့လူကသိရဦးမှာဘဲဆိုသည့် အစွဲလေးတွေကိုယ်စီနှင့်ပင် တစ်ခန်းရပ်ကြခြင်းဇြစ်ပေသည်။
ထို့နောက်
ဖြူးတွင် ဘီအိုင်အေ အုပ်ချုပ်ရေးများ အတော်စနစ်တကျဖြစ်လာသောအခါ အုပ်ချုပ်ရေးခေါင်းဆောင်များက
မုန်းနယ်တစ်ဝိုက်သို့ လှည့်လည်ကာ ကနစိုးပင်အထိ ကရင်ဗမာချစ်ကြည်ရေးတရားများကို ဟောပြောကြပါသည်။
ထိုအချိန်က ကရင်များမှာ မနိုင်၍ သည်းခံရခြင်း သည် လည်းကောင်းဆိုသည့်ပမာ မတတ်သာသေးသဖြင့်သာ
အောင့်အီးသည်းခံ နေကြရပုံပေါက်ပေသည်။
ထိုအခါလောက်က
အရှေ့တောင်ပေါ်တွင် အင်္ဂလိပ်စစ်ဗိုလ်များရှိသည်ဆိုသော ကောလဟလသတင်းမှာ အတော်ပင်ပျံ့နှံ့ခဲ့ပေသည်။
သို့ရာတွင် ဂျီအမ်ပီကပါ ၎င်းသတင်းကို ဂရုမစိုက်လှဘဲ ခတ်အေးအေးပင်နေခဲ့သည်။
၁၉၄၃
ခု နှစ်လည်လောက်တွင် တောင်ငူခရိုင်မှ ဗမာ့ဝန်ထမ်းသင်တန်းကို အုတ်တွင်းတွင်ဖွင့်ခဲ့ရာ
သံတောင်မြို့နယ်မှူး စောမောင်အောင် ဆိုသူလည်း ၎င်းသင်တန်းကိုလာတက်သူ အခြားကရင်တစ်ယောက်နှင့်တွေ့ရှိကာ
တောင်ပေါ်တွင် အင်္ဂလိပ်စစ်ဗိုလ်တစ်ယောက် အမှန်ပင် ရှိကြောင်း၊ ၎င်းမှာ ပေါက်ထောကွင်းတွင်နေကြောင်း
စောမောင်အောင်ကိုပြော ပြလေသည်။ ထိုသတင်းသည် ဂျီအမ်ပီအရာရှိများထံ ရောက်သွားပေရာ ၎င်းသတင်း
မှန်မှန်စုံစမ်းရန် ဆာဂျင် ကားနဂါးကို စေလွှတ်လိုက်ပါတော့သည်။
စ၍တွေ့ရသည့်
အချက်တစ်ရပ်သည်ကား မောင်ထွန်းဆိုသော လူဆိုးတစ်ယောက်သည် ဓားပြတိုက်မှုနှင့်မသင်္ကာ၍ ကျောက်ကြီးအချုပ်သို့
ရောက်လာရာ ဌာနာအုပ်က ၎င်းအား လွှတ်ပစ်ရမည့်အခြေအနေ ရောက်နေပါလျှက် ငွေစားပြီးမှလွှတ်လိုက်သည်ကို
မောင်ထွန်းက အခြား လူများကိုပြောပြသိရ၍ မောင်ထွန်းတွင် ခြောက်လှန့်နိုင်စရာ အခြားအကြောင်းတစ်ရပ်ရှိသေးသဖြင့်သာ
ယခုကဲ့သို့ ငွေညှစ်ယူနိုင်ခြင်း ဖြစ်ရ ပေမည်ဟုတွက်ပြီးလျှင် စုံစမ်းရာ မောင်ထွန်းက
ကရင်နှစ်ဦးထံမှ ယမ်းတောင့်များကိုယူပြီးလျှင် ညောင်လေးပင်-သထုံ-ရွှေကျင်နယ် ၃ ခုမှ
ဓားပြများကို ရောင်းပေးနေသည်ကို တွေ့ရှိလာပါသည်။
ကရင်နှစ်ဦးမှာ
ယမ်းတောင့်များကို ငွေလိုချင်၍ ရောင်းဟန်မတူဘဲ လူဆိုးများလက် ရောက်ရှိမှုကိုသာ ပဓာနထားသည်ကို
တွေ့ရှိရပေသည်။
ထို့အပြင်
ကျောက်ကြီးတွင် ကရင်များကိုချွေးတပ်ဆွဲရာ ကျောက်ကြီး စာဖြူကုန်းနေ တရားဟောဆရာထဲက ဌာနအောက်တွင်လာပြီး
ရဲသားများကို မင်းတို့မကြာခင်သိစေ့မယ် သတိထားဟု ကြိမ်းမောင်းပါတော့သည်။ ဤအကြောင်းနှစ်ရပ်ကို
ဆက်စပ်စုံစမ်းရန် ငြိမ်ဝပ်မှု ထိခိုက်ပျက်ပြားအောင် ဓားပြများကို ယမ်းတောင့်နှင့် လက်နက်အချို့ပေးကာဆူပူစေလျှက်
ကရင်များကလည်း လက်နက်ကိုင်ကာ ဆူပူ ထကြွရန် ၁၃ဝ၅ ခု၊ တန်ဆောင်မုန်းဆန်း ၁ဝ ရက်လောက်အတွင်းတွင်
စီစဉ်သည်ဟုသိရှိရပါသည်။
ထိုအခါ
ဂျီအမ်ပီက လူဆိုးများကို အတင်းနှိပ်ကွပ်လိုက်ရာ လူဆိုးများမှာ လူစုကွဲထွက်သွားသည့်အပြင်
ကရင်များကလည်း ၎င်းတို့အကြံကို ရိပ်မိသွားပြီဖြစ်ကြောင်းသိရှိကာ ဆူပူထကြွရန် စီစဉ်ထားသောအစီအစဉ်ကို
ဖျက်လိုက်ပါတော့သည်။
ဂျပန်စစ်ပုလိပ်
သတင်းပေးအဖွဲ့ဝင်တို့ကလည်း ကရင်အရေးနှင့်ပတ်သက်သော သတင်းများကို စုံစမ်းထောက်လှမ်းကာ
သတင်းပေးနေခဲ့ရာ တောင်ပေါ်တွင် အင်္ဂလိပ်များရှိကြောင်း သေချာသလောက်ပင် ရှိနေခဲ့ပါသည်။
ထိုအချိန်လောက်မှာပင်
ရန်ကုန်မှ စောဘိုးလှရောက်လာပြီး ကျောက်ကြီးမှ မောင်ဝါးနှင့် တောင်ပေါ်ကိုတက်လာကြပါသည်။
ထိုသို့ သွားခြင်းကို နောက်ပုန်းကျောင်းစု စောလူသိန်းအားဖမ်းပြီး စစ်သောအခါဖော်သည်မှာ
စောဘိုးလှမှာ ၎င်းတို့၏ခေါင်းဆောင် တစ်ယောက် ဖြစ်၍(ဆီးဂရင်း)နှင့် အရင်းနှီးဆုံး လူတစ်ယောက်ဖြစ်ကြောင်း၊
တောင်ပေါ်အရေးကိစ္စများ(ဆီးဂရင်း)အား အကြံပေးနေသူ ဖြစ်ကြောင်း၊ ၎င်းနှင့်အတူ တောင်ပေါ်သွားသည့်ကိစ္စမှာ
ဗိုလ်စကြာက ဂျပန်အားပုန်ကန်ထကြွရန် ဗမာလူငယ်များစုထားပြီးဖြစ်ကြောင်း၊ ၎င်းသတင်းကို (ဆီးဂရင်း)မှတစ်ဆင့်
အိန္ဒိယသို့ အကြောင်းကြားပေးရန် အစရှိသည်တို့ပါသည်ဟု ဆိုပါသည်။ ၁၉၄၄ ခု ဖေဖော်ဝါရီလ
၁ ရက်လောက်တွင် တောင်ပေါ်အရေးကိစ္စများကို အပြီးအပြတ်နှိမ်နင်းရန် ရန်ကုန်ဂျီအမ်ပီမှ
ကုန်စည်ဖြန့်ချိရေးအဖွဲ့ဟုအမည်ပေးကာ ရောက်ရှိလာကြပါသည်။ တောင်ငူဂျီအမ်ပီမှသည် ဂျပန်စစ်ပုလိပ်နှစ်ယောက်က
၎င်းရန်ကုန်ဂျီအမ်ပီအမိန့်ကိုနာခံပြီး ဆောင်ရွက်ရပါသည်။
ပထမတွင်
၎င်းတို့၏သတင်းအရ ကျောက်ကြီးစာဖြူကုန်းမှ အရေးအကြီးဆုံးဟုယူဆသော မောင်ဝါးနှင့် ဆရာစက်လဲတို့ကို
ဖမ်းပြီးစစ်ပါသည်။ မောင်ဝါးအား အပြင်းအထန် ရိုက်နှက်စစ်ဆေးသောအခါ ဖော်ပြောသည်မှာ တောင်ပေါ်တွင်
အစက အင်္ဂလိပ် ၃ ယောက်ရှိကြောင်း၊ ၎င်းတို့ အနက်(ဆီးဂရင်း)နှင့်(မက်ကလင်နယ်)တို့မှာ ပေါက်တောကွင်းတွင်ရှိ၍
(စီရိုး)မှာ မော်ချီးဘက်သို့ထွက်သွားကြောင်း၊ တောင်ပေါ်တွင် ထွန်းရွှေ၊ ဘကျော် အစရှိသော
လေထီးသမားများနှင့် အသံလွှင့်စက်များပါ ရှိကြောင်းတို့ ဖြစ်ပါသည်။
နောက်
မောင်ဝါးအား(ဆီးဂရင်း)ရှိရာနေရာကိုလိုက်ပြလျှင် အသက်ချမ်းသာပေးမည်၊ သို့မဟုတ်က သတ်ပစ်မည်ဟုပြောရာ
သူလိုက်ပြမည့် အကြောင်း ဝန်ခံပါသည်။ ထိုအခါ အမ်ပီက ဘယ်နေရာတွင် ယခုအထိ သူရှိသည်ကို
အသေအချာသွားရောက် စုံစမ်းချေဦး။ အကယ်၍ ၎င်းတို့အား လိမ်လည်လှည့်ဖျားပြီး ပြန်မလာဘဲနေပါက
ဤကျန်ရစ်ခဲ့သော တစ်လသားလေးနှင့်မယားကို သတ်ဖြတ်ပစ်မည်ဟု ခြိမ်းခြောက် လွှတ်လိုက်ပါသည်။
မောင်ဝါး ပြန်ရောက်သောအခါ ရန်ကုန်အမ်ပီအဖွဲ့ခေါင်းဆောင်သော စစ်တပ် ၃ ခုသည် ကျောက်ကြီး၊
သံဆိပ်၊ ရွှေကျင်မြို့မှနေပြီး သူလျှိုဂိုဏ်းကြီးကိုနှိမ်နင်းရန် တောင်ပေါ်သို့ တက်ကြပါတော့သည်။
၎င်းအပြင် ဖာပွန်ဘက်မှလည်း အမ်ပီအဖွဲ့နှင့် စစ်တပ် (မော်ချီး)မှလည်း တောင်ငူဂျီအမ်ပီအဖွဲ့နှင့်စစ်တပ်တို့
တက်ကြပါသည်။ ၎င်းတို့အစီအစဉ်မှာ ရွှေကျင်နယ်နှင့် (မော်ချီးနယ်အတွင်းရှိ တောင်ရိုး ကိုစစ်တပ်နှင့်ဝိုင်းထားရန်ဖြစ်ပါသည်)။
ရန်ကုန်အမ်ပီအဖွဲ့ခေါင်းဆောင်သော
စစ်တပ်သည် မောင်ဝါးပြောသည့်(ဆီးဂရင်း)ရှိသည်ဆိုသောနေရာသို့ ရောက်သောအခါ(ဆီးဂရင်း)ကို
မတွေ့ရတော့ပါ။ ထိုအခါ ၎င်းတို့ ကြံရာမရဘဲ တပ်စခန်းချလျှက်ရှိစဉ် လွှတ်ထားသောကင်းထောက်များက
ကရင် ၉ ယောက်ကို ပက်ပင်းပါ သွားတွေ့သဖြင့် ဖမ်းပြီးစစ်ဆေးရာ (ဆီးဂရင်း)က ကျွဲဝယ်လွှတ်လိုက်သဖြင့်
လာကြကြောင်း၊ ကျွဲသားကိုနေလှမ်းပြီးလျှင် ရိက္ခာအတွက် စုဆောင်းရန်ဖြစ်ကြောင်း စသည်တို့ကို
ဖော်ပြောပါသည်။ ၎င်းတို့အား(ဆီးဂရင်း)ရှိရာသို့ လိုက်ပြီးပြရန် ခေါ်ဆောင်သွားရာ တောင်နှစ်လုံး
ကျော်ပြီး တောင်ကမူစာတစ်ခုသို့ ရောက်သောအခါ မြေကွက်လပ်ကလေးဖြစ်အောင် ခုတ်ထွင်ရှင်းလင်းထားပြီးလျှင်
အသံလွှင့်စက်နှစ်လုံးကို ဆင်၍ အထုတ်များကိုပတ်ဝိုင်း၍ချထားသော စက်သေနတ်အငယ်စားများကို
သစ်ပင်တွင်ချိတ်ဆွဲထားသည်ကို တွေ့ရပါသည်။
လူကား
တစ်ယောက်မှမရှိပါ။ ထိုအခါ စကားပြန်လုပ်သော ကရင်ကလေးက အသံလွှင့်စက်နှင့်အထုတ်များကို
သွားရောက်ကိုင်တွယ်ကာ ဟိုဟိုဒီဒီကြည့်နေစဉ် အတွင်းတွင်ရှိ ခြံထဲမှခြောက်လုံးပြူးသေနတ်သံ
သုံးချက်ကြားပြီးလျှင် ကရင်လေးမှာ ကျွမ်းပြန်လဲကျသွားတော့သည်။ ထိုအခါ ဂျပန်စစ်တပ်က
စက်သေနတ်များနှင့် သေနတ်ကျည်ဆံလာရာဘက်သို့ ဦးလှည့်ပစ်ခတ်ပြီး ၁၅ မိနစ်လောက်အကြာတွင်
ရပ်၍ လျှိုထဲသို့ဆင်းပြီးကြည့်ရာ သင်တိုင်းဝတ်မျက်နှာဖြူတစ်ယောက်မှာ မှောက်ခုံမှောက်လျှက်
သေနေသည်ကိုတွေ့ရ၍ ရှာဖွေစစ်ဆေးကြည့်ရာ (မက်ကလင်နယ်)ဖြစ်ကြောင်း သိရပါသည်။ ၎င်း၏ နေ့စဉ်မှတ်တမ်းစာစောင်ကိုလည်း
တွေ့ရှိပါသည်။ အခြားသူများကိုကား အစအနမျှ မတွေ့ရတော့ပါ။
သို့နှင့်
စခန်းချ သတင်းထောက်လျှက်နေစဉ် တစ်ပတ်အတွင်းလောက်တွင် တောင်ငူနှင့် ရန်ကုန်အမ်ပီအဖွဲ့တို့ခေါင်းဆောင်သော
စစ်တပ်က ဖာပွန်နှင့် ၆ မိုင်အကွာတွင် ခြေထေက်ညှောင့်စူးသည့်ဒဏ်ရာနှင့် ဖြည်းလေးစွာ
ဖာပွန်ဘက်သို့ ရှေးရှူလမ်းလျှောက်လျှက်ရှိသော (ဆီးဂရင်း) ကို တွေ့ရှိ၍ ဖမ်းဆီးလိုက်ပါတော့သည်။
ဤတွင်
အရှေ့တောင်ရိုး၌ အသက်စွန့်၍ဆောင်ရွက်နေကြသော ကရင်သူပုန်ဂိုဏ်းကြီးမှာ ရေတိမ်တွင် နစ်ရရှာတော့သည်။
နောက်မှ သိရှိရသော ၎င်းတို့၏ အထွေထွေအခြေအနေများ စတင်ဆောင်ရွက်ပုံတို့ကား ဤသို့တည်း။ ဂျပန်စစ်တပ်များနှင့်
အင်္ဂလိပ်စစ်တပ်များ ထားဝယ်လောက်တွင်တိုက်နေချိန်တွင် အရှေ့တောင်ကရင်များနှင့် ရင်းနှီးသြဇာရှိသော(ဆီးဂရင်း)ကို
အရှေ့ရိုးမတောင်ပေါ်သို့တက်ပြီး ကရင်များအား ပြောက်ကျားတိုက်နည်းသင်ပေး၍ ၎င်းကရင်များနှင့်
ဂျပန်တပ်များကို ကြားဖြတ် အနှောင့်အယှက်ပေးရန် ကြံစည်ခဲ့ပါသည်။ (ဆီးဂရင်း)သည် ရန်ကုန်စစ်ဌာနချုပ်မှ
ညွှန်ကြားချက်အပြည့်အစုံကိုယူပြီး ဖာပွန်ဘက်မှလှည့်၍ အရှေ့တောင်ကိုတက်သွား၍ ရောက်ရှိသော
အချိန်လောက်မှာ ပဲခူး ကျခဲ့လေပြီ။
(ဆီးဂရင်း)လည်း
ကရင်အမျိုးသားများကိုစုစည်းပြီး ပြောက်ကြားတိုက်နည်းကိုသင်လျှက်ရှိစဉ် စစ်အခြေအနေမှာ
မလှတော့သည်ကို သိရှိ သဖြင့် တောင်ငူသို့ဆင်းရန်ကြံရွယ်ချိန်တွင် တောင်ငူလည်း ဂျပန်စစ်တပ်များလက်တွင်းသို့
ရောက်နေပြီဖြစ်၍ ၎င်းအကြံကိုလက်လျှော့ လိုက်ရတော့သည်။ သို့နှင့်(ဆီးဂရင်း)မှာ ၎င်း၏လုံခြုံရေးနှင့်အိန္ဒိယကို
မည်သို့ပြန်ရန်ဆိုသည့် ပြဿနာနှစ်ရပ်ကိုသာ အပူတပြင်းစဉ်းစားရန် အချိန်ပင်ဖြစ်ပါတော့သည်။
ရှမ်းကုန်းပြင်ကိုဖြတ်ပြီး
ချုံကင်းအစိုးရထံ အရောက်သွားနိုင်ခဲ့လျှင် ၎င်းကတစ်ဆင့် အိန္ဒိယသို့ လေယဉ်ပျံနှင့်ပို့မှာဘဲဟူသော
အယူအဆနှင့် ကြိုးစားကြည့်ခဲ့ရာ ရှမ်းဓားပြတိုက်ခြင်းခံရ၍ အကြံမအောင်ဘဲ ဖာပွန်သို့ပြန်ကာ
နေရပြန်ပါသည်။
ထိုအခါတွင်
ဘကျော်ဆိုသော ကရင်စစ်ပြန်တစ်ယောက်က အရှေ့တောင်ရိုးအတိုင်းလျှောက်ကာ တောင်ပေါ်လမ်းဖြင့်
အိန္ဒိယပြည်ထဲသို့ ရောက်သွားပြီး ဗမာပြည်တွင်(ဆီးဂရင်း)ရှိနေကြောင်းပြောပြ၍ ဆိုင်ရာစစ်ဌာနချုပ်ကသိရှိကာ
အရှေ့တောင်ရိုးသို့ လေယဉ်ပျံနှင့်လာပြီး (မက်ကလင်နယ်မိုး)၊ ထွန်းရွှေ၊ ဘကျော် အစရှိသူများကို
အသံလွှင့်စက်များနှင့်အတူ လေထီးနှင့် ချပေးပါတော့သည်။ ထိုအချိန်မှစပြီး အရှေ့တောင်ရိုးတွင်
သူလျှိုလုပ်ငန်းကြီးကို ဇယားချပြီး စတင်ဆောင်ရွက်ပါတော့သည်။
တောင်ငူနယ်အတွက်
ကျောင်းစုစောလူသိန်းနှင့် ကနစိုးပင်စောထွန်းသာတို့ကတစ်သင်း စုဆောင်းရေးအဖြစ် ဆောင်ရွက်ရ၍၊
ပဲခူး-ရန်ကုန်အတွက် ကျောက်ကြီးဆရာဝန်စောဘသင်၏သား စီစီ က တာဝန်ခံဆောင်ရွက်ရပါသည်။ မောင်ဝါးမှာ(ဆီးဂရင်း)တို့ရှိရာသို့
သင်္ကာ မကင်းဖွယ်ရန်သူများ တက်ရောက်လာခဲ့လျှင် ခုခံကာကွယ်ရန် တောင်အောက်မှ လက်နက်အပြည့်အစုံနှင့်
တာဝန်ယူကြပါသည်။ ပဲခူး-တောင်ငူတစ်ဝိုက်ရှိ စစ်စခန်းများကို ဗုံးကြဲသည့်အနက် ၎င်းတို့သတင်းပေးချက်
အများဆုံးပါဝင်သည်ဟုဆိုပါသည်။ ၎င်းအပြင် သူလျှိုဂိုဏ်း အတွက် ၁ိ တန်ငွေစက္ကူများကိုလည်း
ရိုက်နှိပ်၍ချပေးခဲ့ရာ စောလူသိန်းကို ဖမ်းဆီးမိသောအခါ ထိုစက္ကူ ၁ိ တန်မျိုး ၁၂၆ ကို ရပါသည်။
၎င်းတို့လုပ်ငန်းတွင်
ဉာဏ်မီသလောက်တွေ့ရှိရသော ချို့ယွင်းချက်များမှာ (က) ဆီးဂရင်းနှင့် ကရင်ခေါင်းဆောင်ငယ်များ၏
ဆက်ဆံရေး ချို့ယွင်းမှု။ (ခ) မိန်းမအရေး။ (ဂ) စည်းလုံးညီညွတ်ခြင်းမရှိမှု စသည်တို့ပင်ဖြစ်ပါသည်။
(က)
ဆက်ဆံရေး။ ။ ဆီးဂရင်းမှာ ကရင်အမျိုးသားများအပေါ်တွင်ဆက်ဆံရာ၌
အာဏာလက်ရှိ စစ်ဗိုလ်တစ်ဦးပမာ သခင်သည် ကျွေးကျွန်များကို ခိုင်းစေသကဲ့သို့ ခိုင်းစေအမိန့်ပေးလေ့ရှိပါသည်။
၎င်း၏အသက်နှင့်လုပ်ငန်းသည် ကရင်လူထုအပေါ်တွင် အဓိက မှီခိုနေရသည်ဆိုသောအချက်ကို မေ့နေဟန်တူပါသည်။
ဥပမာ ကရင်ခေါင်းဆောင်ငယ်တစ်ယောက်အား ၎င်း၏စိတ်တိုင်းမကျလျှင် အလွန်ပြင်းထန်သောအာဏာသံဖြင့်
“မင်း ဒီနားကို လာခဲ့စမ်း၊ မင်းဟာ ဒီလောက်ကိစ္စလေးကိုမှ ချောမောအောင်မဆောင်ရွက်နိုင်တာ၊
ခွေးနဲ့အတူတူဘဲ၊ မင်းကိုပေးထားတဲ့လက်နက် ပြန်အပ်၊ မင်းအခုချက်ခြင်းထွက်သွား၊ မင်းမျက်နှာကို
မကြည့်ချင်ဘူး”စသည်ဖြင့် အော်ငေါက် ကြိမ်းမောင်းခြင်းတို့ကို ပြုလေသည်။
(ခ)
မိန်းမအရေး။ ။ တောင်ကြီးပေါ်မှ ကရင်အမျိုးသမီးများမှာ
ယောက်ျားရွေးချယ်ရာတွင် ထားရှိသောအချက်များမှာ ယောက်ျား ပီသခြင်း၊ သတ္တိရှိခြင်း၊ စွန့်စားခြင်း
အစရှိသည်တို့ဖြစ်ရာ ပထမတွင် တောင်ရိုးအလှမယ်ဟု ခေါ်ဆိုရလောက်သော ကရင်ပျိုမတစ်ယောက်နှင့်
မောင်ဝါးတို့ မေတ္တာဆုံကြပြီး ကလေးတစ်ယောက်ပင် တိတ်တိတ်ပုန်းရနေချိန်လောက်မှာ လေထီးသမားထွန်းရွှေရောက်လာရာ၊
လေထီး သမားများမှာ ကရင်မများအဖို့ မိုးကျရွှေကိုယ်သဖွယ် ဖြစ်နေတော့သဖြင့် မောင်ဝါးကိုစွန့်ပစ်လျှက်
ထွန်းရွှေနှင့်ဆက်သော အခြေအနေသို့ ရောက်သွား၍ မောင်ဝါးမှာ မထိရာမချိအောင်နာပြီးလျှင်
အသက်ပေး၍ ပူးပေါင်းဆောင်ရွက်ရမည့်ထွန်းရွှေနှင့် ရန်သူအဖြစ်သို့ ကူးပြောင်းခဲ့ကြ ပါတော့သည်။
(ဂ)
စည်းလုံးမှုမဲ့ခြင်း။ ။ ထို့ပြင် ကရင်များမှာ
အစုအအုပ်ကလေးတွေနှင့်နေကြရာ လက်နက်ရှိကြပြီး မိမိအစုအအုပ်ထဲကလူကို ထိလျှင် ဘယ်ကိစ္စမျိုးနှင့်မဆို
သည်းမခံဘဲ အသက်ကိုပင် ရန်ရှာသည်အထိ ကလဲ့စားချေတတ်ကြပါသည်။
တစ်ခုလုံးကိုခြုံကြည့်လျှင်
ဆီးဂရင်းနှင့်တကွ ကရင်ခေါင်းဆောင်ကြီးများမှာ မိမိတို့၏ငယ်သားများ စည်းလုံးညီညွတ်မှုကို
မဆောင်ရွက်နိုင်ဘဲ ရှိသည်ကို တွေ့ရပါသည်။
ရံဖန်ရံခါ
မိန်းမအတွက်နှင့်သော် လည်းကောင်း၊ အခြား အသေးအဖွဲကိစ္စလေးများနှင့်သော် လည်းကောင်း၊
အစုတစ်စုမှ ကရင်တစ်ယောက်နှင့် အခြားအစုတစ်စုမှ ကရင်တစ်ယောက် အချင်းများခဲ့လျှင် တစ်ဦးချင်းပြဿနာမှ
အစုချင်းပြဿနာသို့ ကူးပြောင်း ပေါ်ပေါက်တတ်သည်ကို တွေ့ရှိရပါသည်။
တောင်ပေါ်အရေးကိစ္စများကို
စစ်တပ်ဖြင့် တက်ရောက်နှိမ်နင်းနေစဉ် တစ်ဘက်မှ တောင်ငူခရိုင် ကရင်ခေါင်းဆောင်ကြီးများဖြစ်ကြသော
ဦးဘခင်၊ ဦးစီလုံး အစရှိသည်တို့ကို ကရင်များအား ဝါဒဖြန့်တရားဟောခိုင်းပါသည်။
နောက်ဆုံးတွင်ကား
ဤလုပ်ငန်းကြီးသည် အရေးပါသောအခန်းကြီးများမှာ ပါဝင်ဆောင်ရွက်နေသောကရင်များအား ရန်ကုန်သို့
အမ်ပီက ခေါ်ဆောင်သွားပါတော့သည်။ ထိုအထဲတွင် ခေါင်းဆောင်ပီသသော စောဘိုးလှအကြောင်းကို
ချီးကျူးလိုပါသေးသည်။ ရန်ကုန်နှင့် တောင်ငူ အမ်ပီက ကရင်များအား ညှဉ်းဆဲနှိပ်စက်နေသောအခါတွင်
စောဘိုးလှပြောပြသည်မှာ ဒီအရှေ့တောင်သူလျှိုကိစ္စကြီးကို (ဆီးဂရင်း)နှင့်အတူ ပူးတွဲဆောင်ရွက်နေသူများမှာ
မိမိသာလျှင်ဖြစ်၍ ညှဉ်းလိုမေးလိုခဲ့သော် မိမိကိုသာ ညှဉ်းပမ်းနှိပ်စက် မေးမြန်းသင့်ကြောင်း၊
သူတို့ စေခိုင်း သဖြင့်သာ ခေါင်းဆောင်အား ယုံကြည်မှုနှင့်လုပ်ရရှာသော ကရင်အမျိုးသားများအား
ညှဉ်းပမ်းနှိပ်စက်ခြင်းသည် ဇရပ်ပေါ်ကလူနာကို တက် ထောင်းခြင်းနှင့်သာတူကြောင်း ပြောပြပါသည်။
ရန်ကုန်တွင်
စစ်ဆေးမေးမြန်းပြီးနောက် ကျောက်ကြီးနယ်မှ ကရင်များအားပြန်လွှတ်ကာ အသုံးချလျှက်ရှိပါသည်။
ထိုသို့ ပြန်အသုံးချခံရသည် ဆိုစေကာမူ ကရင်အမျိုးသားများအပေါ်တွင် အမ်ပီက ဘယ်တော့မှ အယုံအကြည်ရှိလိမ့်မည်
မဟုတ်ပါ။ ယခုလည်း လေထီးသမားများ နောက်ထပ်ဆင်းပြီး တစ်စခန်းထနေပြန်ပြီဟု အယူရှိနေပါသည်။
ကရင်များအရေးမှာ ဒေသအားဖြင့် ၎င်းတို့အား အလွန်အခက်အခဲတွေ့စေ သဖြင့် အရှေ့တောင်ကိုဖြို၍ရကောင်းလျှင်
ဖြိုပစ်ချင်ပေလိမ့်မည်။
မောင်မောင်စိန်
ပြီးပြီ။
သံမဏိ
(မှတ်ချက်။ ။ ၁၉၄၄ ခု နိုဝင်ဘာလလောက်တွင်ရေးသည်)
(စာတမ်းအမှတ်
၃ ကို မနက်ဖြန်လောက် စာရိုက်တင်ပေးပါမည်။ ယခု အမှတ် ၂ နှင့် တွဲဖတ်လျှင် အဆက်အစပ်ကို
ပိုကောက်ယူ၍ ရနိုင်ပါလိမ့်မည်။ ဥပမာ တောက်လျှောက်(မက်ကလင်နယ်)ဟုပြောနေရာမှ တနေရာတွင်
(မက်ကလင်နယ်မိုး)ဟု သုံးထားပါသည်။ မက်လင်နယ်ကတယောက် (စောဘိုးလှအကြောင်းတွင် ပါသည့်)နီးမိုးကတယောက်
စသည်ဖြင့် တွေးယူ၍ရနိုင်ပါသည်။ ဆာဂျင် ကားနဂါးနှင့် ဒုတိယဗိုလ် နဂါးရာမား တယောက်တည်းလား
တယောက်ချင်းစီလား တွေးဆစရာရှိပါသည်။ စောဘိုးလှအကြောင်း ကွင်းဆက်များကိုလည်း စာတမ်းအမှတ်(၃)တွင်တွေ့ရပါလိမ့်မည်)
0 comments:
Post a Comment