Thursday, October 11, 2018

လူမျိုးစုံတာ၊ ဘာသာစကားများပြားတာ၊ ကိုးကွယ်တဲ့ဘာသာများပြားတာ ပြဿနာမဟုတ်ပါ(ဝသန်ဦး)

0 comments
လူမျိုးစုံတာ၊ ဘာသာစကားများပြားတာ၊ ကိုးကွယ်တဲ့ဘာသာ များပြားတာ ပြဿနာမဟုတ်ပါ(ဝသန်ဦး)
၂၁ စာစဉ် အမှတ်(၁၃) မတ်လ ၉ ရက် ၂ဝဝ၉ ခုထုတ်မှာပါတဲ့ ဝသန်ဦးရဲ့(လူမျိုးစုံတာ၊ ဘာသာစကားများပြားတာ၊ ကိုးကွယ်တဲ့ဘာသာ များပြားတာ ပြဿနာမဟုတ်ပါ)ဆိုတဲ ဆောင်းပါးကို တပုဒ်လုံးရိုက်မတင်တော့ပဲ အနှစ်ထုတ်ချက်လုပ်ပြီး တင်ပါမယ်။ ဇယားတွေဟာ အရေးကြီးတာမှန်ပေမယ့် ဖတ်သူတွေမျက်စေ့ရှုပ်မစိုးလို့ ဇယားတွေကိုအချက်အလက်လုပ်ပြီး ဖော်ပြမှာဖြစ်ပါတယ်။

သူက…
အရှေ့တောင်အာရှဟာ ဘာသာစကားစုံတဲ့အရပ်ဖြစ်တယ်၊ အဲ့ဒီထဲမှာ ဗမာပြည်လည်းပါတယ်။ ဒါ့ကြောင့် ဘာသာဗေဒပညာရှင်တွေ စိတ်ဝင်စားကြတယ်၊ ဒီမိုကရေစီထွန်းကား၊ ငြိမ်းချမ်းရေးရှိ၊ တန်းတူရှိကြရင် လူမျိုးစုံဘာသာစကားစုံနဲ့ ခေတ်မီနိုင်ငံဖြစ်မယ်၊ မနုဿဗေဒနဲ့ ဘာသာစကားဗေဒပညာရှင်တွေအတွက် ပိဋကတ်တိုက်ကြီးဖြစ်လိမ့်မယ်။ လက်ရှိအခြေအနေက ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာစကား တိမ်ကော၊ ပျက်ဆီးယိုယွင်းမယ့်အန္တရာယ် ကြုံနေရတယ်၊ ပညာရှင်တွေ ရင်မနေကြတယ်။
ဗမာပြည်မှာ လူမျိုးလိုက်လူဦးရေ၊ ဘာသာစကားလိုက်လူဦးရေ အတိအကျကောက်ယူခြင်း တခါမှ မရှိခဲ့ပါ။ အနီးစပ်ဆုံးခန့်မှန်းချေသာ ရှိတယ်။

၁၉၁၇ ခု၊ ကိုလိုနီခေတ်က ဗမာပြည်လူမျိုးစုများရေးရာစစ်တမ်း (The Ethnological Survey of Burma)လို့ခေါ်တဲ့ဟာမှာ လူမျိုး၊ ဘာသာ စကားနဲ့ဦးရေကို အောက်ပါအတိုင်းဖော်ပြထားတယ်။
ဘာသာစကားလူမျိုးစုကြီးကိုခွဲရာမှာ
မြန်မာစုထဲမှာ ဘာသာစကားငယ်ပေါင်းက ၁၆ ခု၊ လူဦးရေက ၉၈၆၂၆၉၄၊
ကရင်စုထဲမှာ ဘာသာစကားငယ်ပေါင်း ၁၇ ခု၊ လူဦးရေက ၁၃၄၈ဝ၆၆၊
တိုင်း(ရှမ်း)စုမှာ ဘာသာစကားငယ်ပေါင်း ၁၈ ခု၊ လူဦးရေ ၁ဝ၂၁၉၁၇၊
ကူကီးချင်းစုမှာ ဘာသာစကားငယ်ပေါင်း ၄၅ ခု၊ လူဦးရေ ၃၄၃၈၆၄၊
မွန်စုမှာ ဘာသာစကားငယ်ပေါင်း ၁ ခု၊ ၃ဝ၅၂၉၄၊
ပလောင်စုမှာ ဘာသာစကားငယ်ပေါင်း ၁၁ ခု၊ လူဦးရေ ၁၇၆၁၂၄၊ ကချင်စုမှာ ဘာသာစကားငယ်ပေါင်း ၉ ခု၊ လူဦးရေ ၁၅၃၈၉၇၊
လိုလိုမူဆိုစုမှာ ဘာသာစကားငယ်ပေါင်း ၁၂ ခု၊ လူဦးရေ ၉၃ဝ၅၂၊
ဆက် စုမှာ ဘာသာစကားငယ်ပေါင်း ၆ ခု၊ လူဦးရေပေါင်း ၃၅၂၃၇၊
မရိုစုမှာ ဘာသာစကားငယ်ပေါင်း ၁ ခု၊ လူဦးရေပေါင်း ၁၄ဝ၄၆၊
မလေးစုမှာ ဘာသာစကားငယ်ပေါင်း ၂ ခု၊ လူဦးရေ ၆၃၆၈ လို့တွေ့ရတယ်။ လူမျိုးစုကြီးပေါင်း (၁၁)မျိုး၊ ဘာသာစကားငယ်ပေါင်း ၁၃၁ မျိုး၊ လူမျိုးနွယ်ပေါင်း ၅၅ မျိုးဖြစ်တယ်။ ဗမာပြည်ထဲကိုဆင်းသက်လာတဲ့ လူမျိုးနွယ်ကြီး ၃ ခုကတော့ တိဗက်တိုဘားမင်း၊ မွန်ခမာနဲ့ တိုင်တရုတ်တို့ ဖြစ်တယ်။ တိဗက်တိုဘားမင်းထဲမှာ မြန်မာနဲ့မြန်မာမျိုးတူစု၊ ချင်းနဲ့ကချင်လူမျိုးစု၊ လိုလိုလူမျိုးစုတွေပါတယ်။

မြန်မာနဲ့မြန်မာမျိုးစုကနေပေါက်ဖွားတဲ့ လူမျိုးငယ်တွေက မြန်မာ၊ ရခိုင်၊ ယမ်းဗြဲ၊ ကဒူး၊ ဖုန်၊ မရူ၊ လရှီ၊ အက်ဆီး၊ နမ်း၊ ဒရူး၊ တောင်ရိုး၊ တမန်း၊ ယော၊ မရို၊ ချောင်းသား၊ ထားဝယ်သား၊ မြိတ်သား၊ မိုင်းသား၊ အင်းသား၊ ဓနုတို့ဖြစ်တယ်။
ချင်း၊ ကချင်လူမျိုးစုကနေပေါက်ဖွားတဲ့ လူမျိုးငယ်တွေက ချင်း၊ ကချင်၊ နာဂ၊ ဂေါရီ၊ ဒူးလင်းတို့ဖြစ်တယ်။
လိုလိုလူမျိုးစုကနေပေါက်ဖွားတဲ့ လူမျိုးငယ်တွေက လိုလို၊ လီစူ(ဝါ)ယောယင်၊ လားဟူ၊ မူဆို၊ ကော၊ အာကိုတို့ဖြစ်တယ်။

တိဗက်တိုဘားမင်းအုပ်စုမှာ လူမျိုးစုပေါင်း ၃၂ မျိုးရှိတယ်။ (အမည်နဲ့တကွ ဖော်ပြထားတာမတွေ့ရပါ)
မွန်ခမာအနွယ်ကြီးမှ လူမျိုးစု ၁၂ ဆင်းသက်လာတယ်။ အဲ့ဒါတွေက မွန်(ဝါ)တလိုင်း၊ ဝ၊ လာ၊ ပလောင်၊ ပလဲ၊ မီအို၊ ယာအို၊ ရီဟန်၊ ပဒေါင်၊ ဗရဲ၊ ယင်းဘော်၊ ဇရိန်းတို့ဖြစ်တယ်။ (ဒီအစုမှာ ၁၂ စုဖြစ်ပါတယ်)
တိုင်(ရှမ်း)တရုတ်အနွယ်ကြီးမှာ ရှမ်း၊ ကရင်၊ ယိုးဒယား၊ ခွန်း၊ လူ၊ လာအို၊ ရှမ်းတရုတ်၊ ရှမ်းဗမာ၊ တောင်သူ၊ လမ်း စတာတွေပါဝင် တယ်။ (နောက်တခု ပါပါသေးတယ်။ ဖော်ပြမထားပါ။ ဒီအစုမှာ ၁၁ စုဖြစ်ပါတယ်)။ အားလုံးပေါင်းတော့ လူမျိုး ၅၅ မျိုးဖြစ်တယ်။ ဘာသာ စကားပေါင်း ၁၃၁ မျိုးရှိတယ်။ (မှတ်ချက်။ ။ ပေါင်းကြည့်တော့ ၁၃၈ ဖြစ်နေပါတယ်။ မူရင်းဆောင်းပါးမှာ စာရိုက်မှားတာ ဖြစ်နိုင်ပါတယ်) ဒီတင်ပြချက်မှာပါတဲ့ ဘာသာစကားအရလူမျိုးစုကြီး၊ ဘာသာစကားငယ်နဲ့ လူဦးရေစုစုပေါင်းဆိုတာ ပညာရှင်တွေရဲ့ သုတေသနပြုချက် ဖြစ်တယ်။

ဝိဓူရသခင်ချစ်မောင်က ၁ဝ လပိုင်း၊ ၃ ရက်၊ ၁၉၆၂ ခုနှစ် “ရှမ်းမူနဲ့ပြည်ထောင်စုနိုင်ငံရေး”အမှာစကားမှာ ဒီစာရင်းဇယားကို ကိုးကားအားပြုပြီး ဗမာပြည်မှာ လူမျိုး ၅၅ မျိုး၊ ဘာသာစကား ၁၃၁ မျိုးလို့ ထည့်သွင်းပြောကြားခဲ့တယ်။

နဝတ တက်လာပြီး ၈ လပိုင်း၊ ၁၁ ရက်၊ ၈၉ နေ့ထုတ် လုပ်သားသတင်းစာမှာ ဉာဏ်ထက်ကလောင်အမည်နဲ့ “မြန်မာ့အခြေခံ ဥပဒေများ သိကောင်းစရာ”ဆိုတဲ့ဆောင်းပါး ပါလာတယ်။ အဲ့ဒီဆောင်းပါးမှာ လူမျိုးလိုက်လူဦးရေဇယားဆိုပြီး ပါတယ်။ အဲ့ဒီမှာပြထားတာက ကချင်လူမျိုးအုပ်စုမှာ လူမျိုး ၁၂ မျိုး၊ ကယားလူမျိုးအုပ်စုမှာ လူမျိုး ၉ မျိုး၊ ကရင်လူမျိုးအုပ်စုမှာ လူမျိုး ၁ဝ မျိုး၊ ချင်းလူမျိုးအုပ်စုမှာ လူမျိုး ၅၃ မျိုး၊ မြန်မာလူမျိုးအုပ်စုမှာ လူမျိုး ၉ မျိုး၊ မွန်လူမျိုးအုပ်စုမှာ လူမျိုး ၁ မျိုး၊ ရခိုင်လူမျိုးအုပ်စုမှာ လူမျိုး ၇ မျိုး၊ ရှမ်းလူမျိုးအုပ်စုမှာ လူမျိုး ၃၃ မျိုး။ စုစုပေါင်းလူမျိုး ၁၃၅ မျိုးလို့ ဖြစ်နေတယ်။ (မှတ်ချက်။ ။ ပေါင်းကြည့်တော့ ၁၃၄ ဖြစ်နေပါတယ်။ မူရင်းဆောင်းပါးမှာ စာရိုက်မှားတာဖြစ်နိုင် ပါတယ်) ဝိဓူရသခင်ချစ်မောင်ပြောတဲ့ လူမျိုး ၅၅ မျိုးနဲ့ ဘာသာစကားပေါင်း ၁၃၁ မျိုးနေရာမှာ ၄ မျိုးတိုးလိုက်ပြီး လူမျိုး ၁၃၅ မျိုးဆိုတာ လုပ်ပစ်လိုက်တာတာပါပဲ။ ဒီစာရင်းဇယားတွေအားလုံးဟာ အနီးစပ်ဆုံးခန့်မှန်းခြေ စာရင်းတွေဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးတော့လည်း ဒီမိုကရေစီမထွန်းကား၊ တန်းတူရေးမရှိ၊ အမျိုးသားစည်းလုံးမှုပြိုကွဲတာတွေဖြစ်တယ်။ နိုင်ငံရေး အစိုးရဆိုတဲ့ ဖဆပလခေတ်မှာတောင် လူမျိုးကြီးဝါဒပဲကျင့်သုံးတယ်။ ၆၂ နောက်ပိုင်းကျတော့ စစ်အာဏာရှင်ဖြစ်လာပြီး ပိုဆိုးကုန်တယ်။ ငြိမ်းချမ်းရေးမရှိ၊ ဒီမိုကရေစီမရှိ၊ တန်းတူရေးမရှိ၊ လူမျိုးစုတချို့ မိမိဘာစကား၊ စာပေ ပပျောက်၊ တပြည်လုံး ပညာရေး၊ ယဉ်ကျေးမှုအဆင့် အတန်းနိမ့်ကျ၊ ကမ္ဘာ့အလယ် သိက္ခာမဲ့နိုင်ငံအဖြစ် ပြည်ဆင်းရဲဘဝရောက်ရတယ်။ လူဦးရေစာရင်းဇယား အတိအကျမဖော်ထုတ်နိုင်၊ တခါ ခန့်မှန်းချေလောက် ထုတ်နိုင်တဲ့ဟာလေးကိုင်ပြီး သွေးခွဲအုပ်ချုပ်ဖို့နဲ့ လူမျိုးကြီးဝါဒကျင့်သုံးဖို့ရည်ရွည်ချက်နဲ့ အဓိပ္ပါယ်ဖွင့်ခဲ့တယ်။ လက်တွေ့ လည်းလုပ်တယ်။ ဒါ့ကြောင့် လူမျိုးရေးမုန်းတီးစိတ်၊ မယုံသင်္ကာမှုတွေဖြစ်လာရတယ်။ ခံစားနေရတဲ့အခြေခံတူနေကြတာတောင် သိအမှုအရ ကြတော့ သူ့လူမျိုးက ငါ့လူမျိုးကိုနှိမ်တယ်၊ ငါ့လူမျိုးက ပိုခံရတယ်ဆိုတာမျိုးတွေ ဖြစ်လာတယ်။ တကယ်က ပိန်မသာလိန်မသာတွေချည်း ဖြစ်တယ်။
နဝတ၊ နအဖ စစ်အစိုးရက လူမျိုးစုကို ၁၃၅ စုလုပ်လိုက်တဲ့အပြင် ပုံတောင်ပုံညာမှာ သက်တမ်းရင့်ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း တွေ့တာနဲ့ လူသားအစ မြန်မာက ဆိုပြီးပြောတယ်။ တခါ နောက်တဆင့်ထပ်တက်ပြီး မြန်မာ့မြေပေါ်မှာ လူတွေ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄ဝ ကတည်းက နေလာတာဖြစ်လို့ မြန်မာအစမြန်မာကဆိုပြီး ဗိုလ်သန်းရွှေက ထွက်ပြောလိုပြောတွေပါ လုပ်လာတယ်။ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးခေါင်းစဉ်တပ်ပြီး ဗမာလူမျိုးကြီးဝါဒလှုံ့ဆော်ရေးတွေ လုပ်တယ်။ အဲ့ဒီဒဏ်ကို တရုတ်၊ ကုလားအပါအဝင် ဗမာနိုင်ငံသားတွေ အားလုံးခံရတယ်။
ပဒေသရာဇ်ခေတ်မှာ ဗမာပြည်နယ်နိမိတ် အခိုင်အမာသတ်မှတ်ထားတာ မရှိပါ။ မိမိနဲ့အခြားပဒေသရာဇ်တွေအပေါ် သြဇာလွှမ်းမိုးမှု အပေါ်မူတည်ပြီး အဲ့ဒီပဒေသရာဇ်ရဲ့ နိုင်ငံနယ်ပယ်လို့ ပြောကြတာဖြစ်တယ်။ ဗမာပဒေသရာဇ်က ရှမ်းပဒေသရာဇ်တွေအပေါ် လွှမ်းမိုးတဲ့အခါ ရှမ်းပြည်ဟာ ဗမာပြည်ထဲပါလာတာမျိုးပါ။ မွန်ပဒေသရာဇ်တွေအပေါ် ဗမာပဒေသရာဇ်က သြဇာလွှမ်းတယ်စစ်နိုင်တယ်ဆို မွန်ပဒေသရာဇ်ရဲ့ နယ်တွေအားလုံး ဗမာပဒေသရာဇ်ရဲ့နိုင်ငံ ဖြစ်တာမျိုးပါ။ ရခိုင်ပဒေသရာဇ်တွေအပေါ်လည်း ဒီအတိုင်းပဲဖြစ်ပါတယ်။ အပြန်အလှန်အနေနဲ့ ရခိုင်၊ ရှမ်း၊ မွန် စတဲ့ပဒေသရာဇ်တွေ သြဇာလွှမ်းရင်လွှမ်းသလောက် သူတို့နယ်ပယ်တွေကျယ်လာပြီး ဗမာပဒေသရာဇ်တွေရဲ့နယ်ပယ်တွေ ကျုံ့သွားတာမျိုးပါ။ ဒါတွေက မင်းပြောင်းမင်းလွဲတွေဖြစ်တိုင်း တွေ့ရတတ်ပါတယ်။

ဗြိတိသျှကိုလိုနီဖြစ်သွားတော့ ဗမာပြည်ကို အိန္ဒိယရဲ့ပြည်နယ်တခုအဖြစ်ထားပြီး ၁၉၃၇ ရောက်မှ သီးခြားကိုလိုနီတိုင်းပြည်ဆိုပြီး ခွဲထုတ်တာဖြစ်တယ်။ ဒါတောင် ဗမာပဒေသရာဇ်ကိုသာ ဖြုတ်ချခဲ့ပေမယ့် ရှမ်းပြည်အပါအဝင် တောင်တန်းဒေသတွေက ပဒေသရာဇ်တွေကို အင်္ဂလိပ်သစ္စာခံတွေအဖြစ်ထားပြီး နဂိုအတိုင်း ပိုနေမြဲကျားနေမြဲထားခဲ့တယ်။ ဒါပေမယ့် အဲ့ဒီနယ်တွေလည်း အင်္ဂလိပ်ကသတ်မှတ်တဲ့ သီးခြား ကိုလိုနီတိုင်းပြည် နယ်နိမိတ်ထဲမှာပါပါတယ်။ အဲ့ဒီတုန်းက သူသတ်မှတ်ခဲ့တဲ့ နယ်နိမိတ်ဟာ လွတ်လပ်တဲ့ဗမာပြည်ရဲ့နယ်နမိတ်၊ ဒီနေ့ခေတ် ဗမာပြည်နယ်နိမိတ်ဖြစ်လာတယ်။ နယ်နမိတ်ဆိုင်ရာပြဿနာနဲ့အငြင်းပွားမှုတချို့ ရှိတာမှန်ပေမယ့် အကြမ်းအားဖြင့်တော့ အင်္ဂလိပ်နယ်ချဲ့ သတ်မှတ်ခဲ့တဲ့ နယ်နိမိတ်ဟာအတည်ဖြစ်နေတယ်။

ဒီလို နယ်နိမိတ်သတ်မှတ်တဲ့အခါ နယ်နိမိတ်မျဉ်းတွေဟာ လူမျိုးတွေရဲ့ဒေသတော်တော်များများကို ဖြတ်သွားကြတယ်။ အိန္ဒိယ-ဗမာ နယ်နိမိတ်မျဉ်းဆွဲတဲ့အခါ နာဂ၊ ချင်း၊ ကသည်းစတဲ့လူမျိုးတွေရဲ့ဒေသတွေကို ဖြတ်သွားပါတယ်။ ဒါ့ကြောင့် ဗမာပြည်ဘက်ကျရောက်တဲ့ နာဂ တွေ၊ ချင်းတွေ၊ ကသည်းတွေဟာ ဗမာတိုင်းရင်းသားတွေဖြစ်ပြီး အိန္ဒိယဘက်ကျရောက်သွားတဲ့ ချင်းတွေ၊ နာဂတွေ၊ ကသည်းတွေကတော့ အိန္ဒိယတိုင်းရင်းသားတွေ ဖြစ်ကုန်ပါတယ်။ တရုတ်-ဗမာ နယ်နိမိတ် သတ်မှတ်တဲ့အခါ ဂျင်းဖေါ(ကချင်)၊ ရှမ်း၊ လီရှော၊ တရုတ်၊ ဝ၊ အခါစတဲ့ လူမျိုးတွေဟာ နှစ်နိုင်ငံလုံးမှ ကျတဲ့နိုင်ငံဘက်လိုက်ပြီး အဲ့ဒီနိုင်ငံရဲ့တိုင်းရင်းသားတွေ ဖြစ်ကုန်ပါတယ်။ ဗမာပြည်ဘက်ပါတဲ့ ကိုးကန့်တရုတ် ဟာ ဗမာတိုင်းရင်းသားပါ။ တရုတ်ပြည်ဘက်ပါသွားတဲ့ ဂျင်းဖေါ(ကချင်)၊ ရှမ်း၊ လီရှော၊ တရုတ်၊ ဝ၊ အခါ စတာတွေကတော့ တရုတ်တိုင်းရင်း သားတွေဖြစ်ကုန်ပါတယ်။ ထိုင်း-ဗမာနယ်နိမိတ်မျဉ်းကိုဆွဲလိုက်တဲ့အခါမှာ ဗမာပြည်ဘက်ပါလာတဲ့ လားဟူ၊ ရှမ်း၊ ကရင်၊ မွန်တွေဟာ ဗမာ တိုင်းရင်းသားတွေဖြစ်ပြီး ထိုင်းဘက်ပါသွားတဲ့သူတွေကတော့ ထိုင်းရဲ့ တိုင်းရင်းသားတွေဖြစ်ကုန်ပါတယ်။ နယ်နိမိတ်ခွဲပြီး အမျိုးသားဖွဲ့တည်မှု လုပ်လို့ နိုင်ငံတွေကွဲကုန်ကြပေမယ့် နယ်နိမိတ်တလျှောက် နေသူတွေကတော့ မပြတ်ကူးလူးဆက်သွယ်နေတာ၊ တဘက်နဲ့ တဘက် ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်စားသောက်နေတာတွေ တောက်လျှောက်ရှိနေပါတယ်။ ခုထိလည်း မပြီးဆုံးသေးပါဘူး။

ရိုဟင်ဂျာဆိုတာ ဒီပြဿနာပါပဲ။ အိန္ဒိယ-ဗမာနယ်နိမိတ်သတ်မှတ်လိုက်တဲ့အခါ ဘင်္ဂလားနယ်သားအချို့ ဗမာပြည်ဘက်အခြမ်းမှာ နေထိုင်ပြီးသားဖြစ်နေပါတယ်။ အိန္ဒိယပြည်လွတ်လပ်ရေးရတော့ အဲ့ဒီ အိန္ဒိယ-ဗမာ နယ်နိမိတ်အပိုင်းဟာ ဗမာ-အရှေ့ပါကစ္စတန် နယ်နိမိတ် ဖြစ်လာပြီး အရှေ့ပါကစ္စတန်ကနေ ဘင်္ဂလားဒေ့ရှ်ရယ်လို့ဖြစ်လာတဲ့အခါ ဒီနယ်နိမိတ်အပိုင်းဟာ ဘင်္ဂလားဒေ့ရှ်-ဗမာနယ်နိမိတ်ဖြစ်လာပါတယ်။ ဘူးသီးတောင်၊ မောင်းတောဘက်မှာနေထိုင်တဲ့ ရိုဟင်ဂျာတွေဟာ ဗမာတိုင်းရင်းသားတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့လည်း ဟိုဘက်ဒီဘက် ကူးလူးနေထိုင် လုပ်ကိုင်စားသောက်တာတွေ ရှိပါတယ်။ အဲ့ဒီရိုဟင်ဂျာတွေကို လွတ်လပ်ရေးရပြီး ဖဆပလအစိုးရကစလို့ အစိုးရအဆက်ဆက် ဟာ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုချင်ကြပါဘူး။ နအထ လက်ထက်ကျတော့ ရိုဟင်ဂျာတွေကို ဗမာပြည်လူမျိုးတမျိုး အနေနဲ့တောင်မရှိဘူးဆိုပြီး ငြင်းပယ်နေတာပါ။

၁၉၁၇ စစ်တမ်းမှာပါတဲ့ ဆက်လူမျိုးဆိုတာ အခုမတွေ့ရတော့ပါဘူး။ ရှမ်းပြည်နယ် မိုးနဲ၊ လင်းခေး၊ မောက်မယ်မြို့တွေအကြားရှိ ဘတိဂံနယ်မြေတောင်ကြောကို လွိုင်ဆက်လို့ခေါ်ပါတယ်။ အဲ့ဒီမှာ ဆက်လူမျိုးတွေနေခဲ့ကြပါတယ်။ အခုတော့ အဲ့ဒီမှာ သူတို့ကိုယ်သူတို့ ဆက်တွေလို့သိပေမယ့် ရှမ်းစကားပဲပြောတတ်ကြတော့တယ်။ သူတို့ကိုယ်သူတို့လည်း ရှမ်းတွေ၊ တွိုင်းလုံတွေလွှိုခေါ်တာကိုပဲ လက်ခံလိုက် ကြပါပြီ။ ၁၉၈၄ ခုနှစ်မှာ ဆက်စကားပြောတတ်သူ ဆက်ဘုန်းတော်ကြီးပျံလွန်သွားတဲ့အတါက် ဆက်စကားပြောသူ ကမ္ဘာပေါ်မှာ တဦးတယောက်မှ မရှိတော့ပါဘူး။ ဆက် ဘာသာစကားဟာ လုံးဝပျောက်ကွယ်သွားပြီး ဆက်လူမျိုးတွေလည်း တွိုင်းလိုင်တွေဖြစ်ကုန် ကြပါတယ်။

အခု လူမျိုးစုတချို့တွေ ဒုက္ခသည်ဘဝရောက်နေပါတယ်။ အဲ့ဒါတွေဟာ နိုင်ငံမဲ့သူတွေဖြစ်ဖို့အကြောင်းများပါတယ်။ ဗမာပြည်က ရိုဟင်ဂျာတွေကတော့ လက်ရှိဗမာပြည်စစ်အစိုးရရဲ့ သဘောထားနဲ့လုပ်ဆောင်ချက်တွေအရ နိုင်ငံမဲ့သူတွေဖြစ်နေပါပြီ။ ဗမာပြည်လူမျိုးကြီး ဝါဒနဲ့ ကျဉ်းမြောင်းတဲ့လူမျိုးရေးအမြင်တွေရှိနေသရွေ့ ဒီအမြင်တွေပေါက်ဖွားစေတဲ့ စစ်အစိုးမျိုးရှိနေသရွေ့ ဗမာပြည်ဟာ ဒီဒုက္ခဝဲသြဃကနေ မထွက်နိုင်ပဲဖြစ်နေမှာပါ။ မျက်ကန်းမျိုးချစ်ဝါဒ၊ လူမျိုးကြီးဝါဒနဲ့ ကျဉ်းမြောင်းတဲ့အမျိုးသားရေးအမြင်တွေကို ကျော်နင်းပြီး မှန်ကန်တဲ့ တိုင်းချစ် ပြည်ချစ်ဝါဒ၊ လူမျိုးစုံသွေးစည်းညီညွတ်ရေးစိတ်ဓာတ်နဲ့ တမျိုးသားလုံးစည်းလုံးညီညွတ်ရေးအမြင်ကို စိုက်ထူနိုင်မှသာလျှင် လူမျိုးစုံတန်းတူ ရည်တူဆက်ဆံပြီး ဖွံ့ဖြိုးတိုးတက်တဲ့ တကယ့်ပြည်ထောင်စုနိုင်ငံတခု ထူထောင်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီနိုင်ငံမျိုးမှာသာ ဒီမိုကရေစီထွန်းကား မှာပါ၊ အပြန်အလှန်ဆိုရရင် ဒီမိုကရေစီမထွန်းကားရင် မှန်ကန်တဲ့တိုင်းချစ်ပြည်ချစ်စိတ် မရှိ၊ လူမျိုးကြီးဝါဒနဲ့ ကျဉ်းမြောင်းတဲ့အမျိုးသားရေး အမြင် မကျော်နင်းနိုင်၊ အမျိုးသားစည်းလုံးညီညွတ်မှုမရှိနိုင်၊ စစ်မှန်တဲ့ပြည်ထောင်စုဆိုတာ မရှိနိုင်၊ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ ဝေစည်ထွန်းကားတဲ့တိုင်းပြည် မဖြစ်နိုင်ပါ။

လက်တွေ့နိုင်ငံရေးမှာတော့ ထင်သလောက်မရှင်းပါ။ ရှုပ်ထွေးနေပါတယ်။ သိမ်မွေ့ပါတယ်။ ခက်ခဲပါတယ်။ ခုနေမှာ ဥပဒေတွင်း၊ ဥပဒေပ၊ လက်နက်ကိုင်၊ ပြည်ပထွက် ဆန့်ကျင်ဖွင့်ချ၊ သံခင်းတမန်ခင်းတိုက်ပွဲတွေ အခွင့်အလမ်းတွေ ပေါ်လာပါတယ်။ အဲ့ဒါတွေမှာ လူမျိုးစုံပြည်သူတွေဘက်ကရပ်ပြီး စစ်အုပ်စုကိုဆန့်ကျင်တိုက်ပွဲထဲက ဘယ်တိုက်ပွဲလမ်းကြောင်းကို စွဲကိုင်စွဲကိုင် တဦးနဲ့တဦး ထိပ်တိုက ရင်ဆိုင်တိုးမိတဲ့အခြေအနေမဖြစ်အောင် ဂရုစိုက်ရှောင်ရှားကြပြီး တခုနဲ့တခု အထောက်အကူဖြစ်အောင် သတိဝီရိယကြီးကြီး ရည်ရွယ်ချက် ကောင်းကောင်း ထားကြမယ်ဆို ကိုယ့်ကျရာကဏ္ဍက ကိုယ့်တာဝန်ကို အကောင်းဆုံး အကျေပွန်ဆုံး ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ အဲဒီလို လုပ်နိုင်ရင် ဘုံရန်သူကို ဘုံလုပ်ငန်းစဉ်နဲ့တိုက်တာ ဖြစ်သွားမှာကြောင့် အောင်မြင်ဖို့သေချာပါတယ်။ တူတာတွဲလုပ်ပြီး မတူတာခွဲလုပ်ကြဖို့ ဖြစ်ပါတယ်။ တူတာတွဲလုပ်တဲ့အခါမှာလည်း တဦးအပေါ်တဦး နားလည်ယုံကြည်မှု အပြည့်ရှိရပါမယ်။ နားလည်ယုံကြည်မှုမရှိရင် တွဲလုပ်တာ မှာလည်း အဆင်မပြေသလို၊ ခွဲလုပ်တဲ့အခါမှာတော့ အစည်းပြေစေတာဖြစ်သွားတတ်ပါတယ်။ အပြန်အလှန် လေးစား နားလည်ယုံကြည်မှု သာရှိကြရင် လူမျိုးစုံတာ၊ ဘာသာစကားများပြားတာ၊ ကိုးကွယ်ယုံကြည်တဲ့ဘာသာ များပြားတာဟာ ပြဿနာမဟုတ်ပါ။ လက်တွေ့နိုင်ငံရေး မှာ တဦးကိုတဦး အပြန်အလှန်အသိအမှတ်ပြု၊ အပြန်အလှန်လေးစား၊ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုရှိရေးဟာ အရေး အကြီးဆုံးဖြစ်ပါတယ်။

0 comments:

Post a Comment