Wednesday, October 10, 2018

မစင်ထက်ရွံစရာတွေ(မျိုးမြင့်ချို)

0 comments
(မစင်ထက်ရွံစရာတွေ)
မီဒီယာမှာ ဘက်ရှိတယ်။ ဘက်လိုက်တယ်။ ဘက်လိုက်ရတယ်။ ဘက်လိုက်နေရတယ်။ ဘက်ဆိုတဲ့သဘောကိုက ဘက်လိုက်နေတာဖြစ်တယ်။

အလဲဗင်န်းကမောင်တွေ ဘက်လိုက်တာ ဘာမှမဆန်းဘူး။ မလိုက်ဘူးဆိုမှ ဆန်းမှာ။ ခက်တာက အဲ့လိုဆန်းတဲ့မီဒီယာ ကမ္ဘာပေါ်က ဘယ်နေရာမှာမှမရှိတာပဲ။ ကိုယ်ရပ်တဲ့ဘက်နဲ့ သူရပ်တဲ့ဘက် မတူလို့ရတယ်။ ရန်သူဘက် မိတ်ဆွေဘက်အဖြစ် ဘက်ချ သတ်မှတ်ဆက်ဆံလို့ရတယ်။ ဆန့်ကျင်ဘက်ဖြစ်ရင် ဆန့်ကျင်လို့ရတယ်။ တိုက်ခိုက်လို့ရတယ်။ ကိုယ်ရပ်ခံတဲ့ဘက် မှန်မမှန်ကို ပစ္စုပ္ဗန်ကရော နှောင်းတချိန်သမိုင်းကရော ဆုံးဖြတ်တယ်။

ဗမာပြည်လက်တွေ့ပြဿနာက ဘက် ၂ ဘက်တည်းဖြစ်နေတာ။ ပြည်သူကတဘက် စစ်အုပ်စုကတဘက်၊ ဒီမိုကရေစီလိုလားသူကတဘက် ဒီမိုကရေစီမလိုလားသူကတဘက်ဖြစ်တယ်။ ကြိုက်တဲ့ဘက်က ရပ်လို့ရတယ်။ ထိုးနှက်လို့ရတယ်။ ဘယ်ဘက်ကရပ်ခဲ့သလဲက စကားပြောတယ်။ အမှန်အမှားကို ဆုံးဖြတ်ပေးတယ်။

အလဲဗင်န်းဂျာနယ်ဟာ တလျှောက်လုံး လူမျိုးရေးဘာသာရေးမီးမွှေး၊ ပြဿနာတွေဖြစ်အောင်၊ စစ်အုပ်စုအလိုကျ မငြိမ်မသက်မှုတွေဖြစ်နေအောင်လှုံ့ဆော်၊ အမုန်းစကားတွေဖြန့်ချိ၊ ဒီမိုကရေစီလိုလားသူတွေရဲ့ ပြဿနာဆိုပုံကြီးချဲ့ပြီး ထင်ယောင်ထင်မှားဖြစ်အောင် တင်ပြတယ်။
ရပ်တည်ချက်ကိုနိုင်ငံရေးအရ ကြိုက်ကိုမကြိုက်ဘူး။ ဒီမောင်တွေကိုရော သူတို့ဂျာနယ်မူကိုရော မကြိုက်ဘူး။ သူတို့နဲ့ ဆန့်ကျင်ဘက်က အမြဲရပ်တယ်။ ဒါပေမယ့် သူတို့စာတွေကို အမြဲဖတ်တယ်။ သူတို့ခြေလှမ်းတွေ အာဘော်ဖန်တီးမှုတွေကိုသိထားဖို့လိုလို့ ဖတ်နေရတယ်။

ဟိုဆရာကြီးကို ဒီလိုပြောလို့၊ ဟိုဆရာမကြီးကို ဟိုလိုပြောလို့၊ ဒေါ်အောင်ဆန်းစုကြည်ကို အမနာပပြောလို့ စတဲ့အကြောင်းအချက်တွေကြောင့် မကြိုက်တာမဟုတ် ဆန့်ကျင်နေတာမဟုတ်ဘူး။ ပြောစရာရှိ ဘယ်လူကြီး ဘာဆရာကြီး ဘာဆရာမကြီး ဘာအဖွဲ့အစည်းဖြစ်နေဖြစ်နေ ပြောရမှာပဲ။ ကျနော်တို့လည်း ကိုယ်နဲ့ဆန့်ကျင်ဘက် ဘာလူကြီး ညာလူကြီး ဘာဆရာကြီး ဘာဆရာမကြီး ဘာအဖွဲ့အစည်းတွေကိုမဆို ပြတ်ပြတ်သားသားပြောနေကြတာပဲ။ တခါတလေ ရုန့်ရင်းကြမ်းတမ်းတာတွေလည်း ပါချင်ပါသွားတတ်တာပဲ။ ဘာဆန်းလဲ။

အာဏာကိစ္စရှင်းကြတာမှာ ရန်သူဖြစ်ရင် ရန်သူစစ်ရင် ထောင်ထဲဆွဲထည့်တန်ထည့်၊ တောထဲမောင်းသွင်းတန်သွင်း၊ စက်တိုင်တင်တန် တင်ရတာပဲမဟုတ်လား။ ပြည်သူကို မသတ်ဖို့ ပြည်သူအပေါ် မကောင်းတာမကျူးလွန်မိဖို့သာ လိုတယ်မဟုတ်လား။

အလဲဗင်န်းကိုမကြိုက်တာက နိုင်ငံရေးအရ၊ မူအရ၊ ဘက်သဘောရပ်ခံချက်အရကို မကြိုက်တာ။ နိုင်ငံရေးကို ဆန့်ကျင်နေတာ။ ဖိနှိပ်သူဘက်ကပင်းလို့ တိုက်နေတာ။ သတင်းသမားကျင့်ဝတ်ဖေါက်တယ် မဖေါက်ဘူးတို့ ဘာတို့ညာတို့ ဘာမှမပြောလိုဘူး။ သတင်းမီဒီယာဆိုတာ ဝါဒဖြန့်ချိရေးလက်နက်ဖြစ်လို့ သတင်းသမားဆိုတာ ကျင့်ဝတ်ကို ဒုတိယနေရာပို့ရတတ်တာရှိမှန်း သိတယ်။ ဒါ့ကြောင့် ကျင့်ဝတ်ကိစ္စ စကားလုပ်ပြောစရာမလိုဘူးလို့ ထင်တယ်။ မူနဲ့ရပ်တည်ချက်က အခရာပဲ။ အဓိကပဲ။ ကျင့်ဝတ်ဆိုတာ ဘက်သဘောအရ အမှားအမှန်ပဲဖြစ်တယ်။ ဒီလိုပြောတော့ စကားကြမ်းတမ်းတယ်ထင်မယ်။ လက်တွေ့မှာ တကမ္ဘာလုံး ဒီအတိုင်းဖြစ်နေတာ။ ဘာမှမဆန်းဘူး။

ဒီမောင်တွေအကြောင်းပြောရာမှာ ကိုယ့်ရပ်တည်ချက် ကိုယ့်နိုင်ငံရေး ကိုယ်လိုက်တဲ့ဘက်ကို ရဲရဲချပြပြီး ပြောတာဆိုတာကောင်းတယ်။ အင်န်အယ်လ်ဒီကို၊ ဒေါ်အောင်ဆန်းစုကြည်ကို မကောင်းပြောလို့၊ ဟိုလူကြီး ဒီသူမကို မတန်တရာပြောလို့ မကြိုက်ဘူး ဘာဘူးညာဘူးပြောတာဟာ မူမှန်တဲ့ လိပ်ပြာသန့်တဲ့ အပြောအဆိုလို့မထင်ဘူး။ အဲ့ဒါတွေနဲ့ဖုံးကွယ်ပြီး တဘက်ကို မျက်စပြစ်တာဟာ ကြောင်သူတော် အလုပ်သာ ဖြစ်တယ်။

ကျနော်ကတော့ အလဲဗင်န်းမီဒီယာကို မကြိုက်ဘူး။ ဆန့်ကျင်တယ်။ ဒီမူအတိုင်းဆက်ရပ် နောင်လည်းဆန့်ကျင်မယ်။ ဒါပေမယ့် လူ့အခွင့်အရေးတို့ ဒီမိုကရေစီရေးတို့ အသံကောင်းဟစ်ပြီး အစိုးရအမည်ခံထားပြီး၊ အာဏာတပိုင်းတစရှိနေလျက်နဲ့၊ လုပ်ပိုင်ခွင့် မဆိုစလောက်လေးထဲကနေပဲ လုပ်မယ်ဆို လုပ်လို့ရရဲ့သားနဲ့ ဒီမောင်တွေ တလျှောက်လုံးလုပ်နေတဲ့ လူမျိုးရေးဘာသာရေး အမုန်းစကားတွေဖြန့်ချိ မီးမွှေးနေတာကိုကြ လက်ဖျားနဲ့တောင်မတို့ဝံ့ခဲ့ပဲ ခုကိုယ့်ကို တိုက်ရိုက်ထိမှ မချိအောင်နာပြီး ဖမ်းလားဆီးလားလုပ်တဲ့လုပ်ရပ်နဲ့ လုပ်တဲ့လူတွေကို မစင်ထက်ရွံတယ်။

ဒီမောင်တွေကိုကြတော့ မစင်ထက်ရွံစရာကောင်းတဲ့လူတွေထက် ပိုရွံရှာစက်ဆုပ်တယ်။ ဒီမောင်တွေ အဖမ်းခံရတာ ဝမ်းမသာဘူး။ ဒါပေမယ့် စိတ်မကောင်းလေး တစက်တောင်မဖြစ်မိဘူး။

မစင်ထက်ရွံစရာ ဘင်ပုပ်တွေ။
မျိုးမြင့်ချို(အောက်တိုဘာ ၁၀၊ ၂၀၁၈)

0 comments:

Post a Comment