(၅ ဘီလျံကျော်နှင့် လူမိုက်ကကျနော် အဖော်က အင်္ဂုလိမာလ)
ဇာတ်ကတော့ ဂျိုးဖြူဇာတ်ဗျာ၊ မင်းသားက ဝင်းဦးဂိုက်ဖမ်းထားတဲ့မင်းသား၊ အပြင်မှာ တကယ်တူမတူတော့ ကျနော်လည်း မပြောတတ်ပါဘူး၊ ဇတ်ရုံရှေ့မှာထောင်ထားတဲ့ ဧရာမပိုစတာကြီးတွေမှာကြည့်ကြည့်၊ လက်ကမ်းကြော်ငြာလေးတွေမှာကြည့် ရေတပ်ဝတ်စုံနဲ့၊ အပေါ်အောက်အဖြူ ယူနီဖောင်းနဲ့၊ ကက်ဦးထုပ်နဲ့၊ တခါတလေလည်း အဲ့ဗစ်ပရက်စလေလို ခေါင်းလောင်းဘောင်းဘီနဲ့၊ အင်္ကျီကော်လာပြားကြီးကြီးနဲ့ ကြယ်စေ့တပ်ထားတဲ့တလျှောက် ဇာနားလိုလို ကနုပ်လိုလိုလေးတွေကွပ်လို့၊ နှုပ်ခမ်းမွှေး စစနဲ့၊ ဆံပင်လည်း အမောက်လေးထောင်လို့၊ နှုပ်ခမ်းလည်း အဆီတွေပြောင်လို့၊ မျက်လုံးအစုံလည်း ဝေဝေရီရီ ငေးလို့၊ ဆွေးသလိုလို ညှို့အားပြင်းသလိုလိုနဲ့။ အဲ့ဒါ ဂျိုးဖြူမင်းသားပဲ။
ကျောက်ဆည်မှာ တလခွဲပွဲဆိုတာ ရှိတယ်။ ခုရှိသေးလားမပြောတတ်၊ တလခွဲပွဲဆိုပေမယ့် တကယ်က တလမခွဲပါဘူး။ ၄ ပတ်လောက်တော့ ကြာမယ်ထင်တယ်။ ၁၂ ပွဲဈေးသည်တွေကတော့ ဇာတ်တွေ မဝင်ခင်ကတည်းက ရောက်နေနှင့် ရောင်းနေနှင့်ကြတာ။ နောက်ဆုံးဇာတ်အဖွဲ့ ကပြီးလို့ ပြန်သွားတောင် သူတို့က ဆက်ကျန်နေရစ်ပြီး ရောင်းကြချကြဆဲပါ။
ဝါးကပ်တွေ၊ သစ်သားတိုင်တွေ၊ ကျူထရံတွေနဲ့ ဟီးထနေတဲ့ဇာတ်ရုံကြီးလည်း ရှိရဲ့။ ဇာတ်ခုံလည်း ကျယ်ပါရဲ့။ ဦးမောင်မောင်ဆပ်ကပ်တို့ ဘာတို့လည်း ဝင်တဲ့အခါဝင်ပါရဲ့။ ဇာတ် ဇာတ်တွေလည်း တဇာတ်ပြီး တဇာတ်ဝင်ကြပါရဲ့။
ကျနော်က ဇာတ်မကြိုက်ဘူး။ အငြိမ့်ဆိုရင်တော့ အသေအလဲကြိုက်တယ်။ ငယ့်ငယ်လေးထဲကကြိုက်တာ၊ ဆောင်းတွင်းကြီး ဒီလောက်အေးနေတာတောင် လူကြားထဲတိုးပြီး လူငွေ့နဲ့ အငြိမ့်ပြီးတဲ့အထိကြည့်တယ်။ ဆောင်းမင်းသမီးလေး ဝင်းဝင်းအေးကိုဆိုရင် တဘက်သတ်တောင် ချစ်မိသေးတာ။ သူကတော့ သိရှာမယ်မထင်ဘူး။ အငြိမ့်စင်ထောင့်ကနေ မျက်စလေးချီပြီး တင်ကလးကောက် ရင်ကလေးမောက်ကာမောက်ကာနဲ့ ခရာတာတာလေသံလေးနဲ့ ကိုကိုရေ မောင်မောင်ရေခေါ်လိုက်ရင် ကာလသားအကိုကြီးတွေက ဟေ ဟေ လို့ထူးရင် ကျနော်လည်း ကျနော့်ခေါ်တာလို့ စိတ်ထဲမှတ်ပြီး ခတ်တိုးတိုးလိုက်ထူးဖူးတာ။
စကားကချော်သွားပြီ။ ပြောချင်တာက ဂျိုးဖြူမင်းသားရဲ့ လူမိုက်ကကျနော် အဖော်က အင်္ဂုလိမာလပြဇာတ်နဲ့ ရန်ကုန်တိုင်းက ဝန်ကြီးမ ဒေါ်နီလာကျော်အကြောင်း။
ဒီလိုဗျ။ ပြဇာတ်စစချင်း မီးရောင်က ခတ်မှိန်မှိန်လေးပေးထားတယ်၊ တီးလုံးက အတိတ်တခုခုကို ဆွတ်ပျံ့ချင်စရာ အဆွေးတီးလုံး ညင်ညင်သာသာလေး၊ နောက်ခံကားက ပရိဘောဂအစုံနဲ့ မီးမှိန်မှိန် ဧည့်ခန်းလေး၊ ခတ်မှိုင်းမှိုင်းလေး၊ အဲ့ဒီ နောက်ခံကားကို မျက်နှာမူ၊ ပရိသတ်ကိုကျောခိုင်းပြီး အမျိုးသမီးကြီးတယောက်က ရပ်နေတယ်။ တခုခုကို တွေးနေငေးနေတဲ့ပုံပဲ။ အဲ့အချိန်မှာ ရုတ်တရက် မီးတွေလင်းလာပြီး မင်းသားဂျိုးဖြူက ဝင်းဦးစတိုင်လ်(အလွန်အကျွံသဏ္ဍန် Over Act)လုပ်ပြီး တံတောင်ဆစ်ကွေးပြီး လက်ကိုချည်ခင်ရစ်သလို ရစ်ရစ်ပြီး ခါးကုန်းကုန်းနဲ့ စောင်းငန်းစောင်းငန်းနဲ့ ဝင်ချလာတယ်။ လက်ထဲမှာ စာရွက်တရွက်ကိုင်လို့။
တီးလုံးက တိတ်သွားတယ်။ မင်းသားက "အမေ" လို့ခေါ်လိုက်တယ်။ ခုန ကျောပေးထားတဲ့အမျိုးသမီးက တဖြည်းဖြည်းချင်း လှည့်လိုက်ပြီး ညင်ညင်သာသာလေး "သား" လို့ပြန်ထူးလိုက်တယ်။ တီးလုံး ငြိမ့်ငြိမ့်လေး ပြန်ဝင်လာတယ်။ ပရိသတ်က သားအမိမှန်းသိသွားတယ်။ သားအမိ ၂ ယောက် မျက်နှာချင်းဆိုင် ရပ်မိကြတယ်။ တယောက်ကိုတယောက် စိုက်ပြီးကြည့်နေကြတယ်။ စကားတခွန်းမှ မပြောကြဘူး။ ခနနေတော့မှ မင်းသားက လှိုက်နေတဲ့လေသံနဲ့ "အမေ အမေ ဒီနေ့အောင်စာရင်းတွေ ထွက်တယ်။ သား အောင်တယ် မေမေရဲ့၊ သားအောင်တယ်၊ ဒီမှာကြည့်"ဆိုပြီး လက်ထဲကစာရွက်လိပ်ကို ထိုးပေးတယ်။ အမေက "အမေ ဝမ်းသာလိုက်တာသားရယ်၊ အမေ့ရှိစုမဲ့စု ဒီသားလေးအတွက် အမေဝမ်းသာပါတယ်"လို့ပြောတယ်။
ဒီတော့ မင်းသားက သူ့အမေနား ပိုတိုးလိုက်ကပ်လိုက်ပြီး အမေ့ပခုံး ၂ ဘက်ကို သူ့လက်တွေနဲ့ ခတ်ဖွဖွဆုပ်ကိုင်ရင်း"အမေ သားကို ကတိပေးထားတာရှိတယ်နော်၊ သား ဆယ်တန်းအောင်ရင် အမေအဖြေပေးမယ်ဆိုပြီးလေ"လို့ အားတက်သရော သိချင်ဇောနဲ့ အမေ့ပခုံးလေးကို လှုပ်လှုပ်ပြီးမေးတယ်။ တီးလုံးသံတွေက ဒန်းကနဲပြိုင်ပြီး ဆူညံသွားအောင် ထွက်လာတယ်။ ချက်ခြင်း ပြန်ငြိမ်ဆင်းသွားတယ်။ အမေကတော့ တုံဏှိဘာဝေပေါ့။ ဒီတင် အားမလိုအားမရဖြစ်လာတဲ့သားက "ပြောလေ အမေ၊ ပြောလေ၊ အမေပဲပြောထားတာ မဟုတ်လား၊ ပြောပါအမေ သား ဖေဖေ ဘယ်သူလဲဟင်၊ ခုရှိသေးလား၊ ဘယ်မှာနေလဲ" လို့ ဆက်တိုက်မေးတယ် မောကြီးပမ်းကြီးလေသံနဲ့။ အမေက ဘာမှ မပြောပြန်မဖြေသေးဘူး။ အမေက တဘက်ကို ဖြည်းဖြည်းချင်း လှည့်လိုက်တယ်။ သားနဲ့ ကျောခိုင်းမိသွားတယ်။ သားက အမေ့ဆီက အဖြေကိုမျှော်ရင်း ဆွေးလျလျမျက်နှာနဲ့၊ မေဆ်ာလင့်ချက်အရိပ်လည်း သန်းလို့။
တီးလုံးက ပိုပြီးဆွေးမြေ့ကြေကွဲစရာ ဆန်လာတယ်။ အဆွေးဓာတ်ကို ဆွပေးနေတယ်။ ပရိသတ်က ငြိမ်နေတယ်၊ တုတ်တုတ်မလှုပ်ကြဘူး၊ တရုံလုံး အပ်ကျသံကြားရလောက်အောင် ငြိမ်နေတယ်။ အမေက ပရိသတ်ကို ဘေးတိုက်အနေအထားကနေ သားဘက် မျက်နှာပြန်မူလိုက်တယ်။ ပြီးတော့မှ သားမျက်နှာကိုမကြည့်ပဲ ဟိုးအဝေးတနေရာကို မျှော်ငေးရင်း "အမေလည်း မမှတ်မိတော့ပါဘူး သားရယ်"တဲ့။
ဒီတင် ပရိသတ်ဆီက ဝေါကနဲရီသံတွေ အုံးကနဲထွက်ချလာတယ်။ မင်းသားလည်း တံတောင်ဆစ်တွေကွေးပြီး လက်ကို ချည်နောက်ပြန်ငင်သလို ငင်ငင်ပြီး နောက်ဆုတ် နောက်ဆုတ်နဲ့ "ဖြစ်မှဖြစ်ရလေ မေမေရယ်"လို့ ငိုသံပါကြီးနဲ့ပြောပြီး တိုင်ဖုံးနောက်ဝင်သွားတယ်။ ကျနော်လည်း ဆက်မကြည့်တော့ပဲ ရီရင်းနဲ့ ထွက်လာခဲ့တယ်။
ခုလည်း ကျပ် ၅ ဘီလျံကျော်ကို ဘယ်သူချေးသွားမှန်းမသိဘူးလို့ ဒေါ်နီလာကျော်ကပြောတယ်။ တော်ကြာနေ ဂျိုးဖြူမင်းသားရဲ့အမေလိုလည်း ဖြစ်နေပါဦးမယ်။
မျိုးမြင့်ချို(အောက်တိုဘာ ၅၊ ၂ဝ၁၈)
0 comments:
Post a Comment