Tuesday, February 11, 2020

(နေကောင်းအောင် နေရတာ)

0 comments
(နေကောင်းအောင် နေရတာ)
မတ်လအကုန်နဲ့ဧပြီလလည်မှာ အာလူး ကြက်သွန်နီနဲ့ ကိုက်လန် ချမယ်။ တောင်ပိုင်းက အသိတွေ အကူအညီတောင်းပြီး ဗူးစင်လည်း ထိုးမယ်။ မယ်မင်းကြီးမက ဗူးစင်အောက်ထိုင်ရတာ အရသာရှိသတဲ့။ ဗူးရွက်တွေစိပ်ပြီး နေပြောက်မထိုးတဲ့ အမေ့ဗူးစင်အောက် မြက်တွေပေါ် လူးရလှိမ့်ရတာ အားမရဘူးတဲ့။
မေလမှာ အခြေအနေကြည့်ပြီး ခရမ်းချဉ် ခဝဲ သပွတ် ရုံးပတီနဲ့ ပဲတောင့်ရှည်ချမယ်။ ခဝဲနဲ့သပွတ်ကို စင်မထိုးပဲ ခြံစည်းရိုးတွေပေါ်ချည်း ပစ်တင်ပြီးစိုက်မယ်။ အဲ့အချိန်ဆို စထရော်ဘယ်ရီတွေလည်း စားလို့ရစပြုပြီ။ လှိုင်တော့ မလှိုင်လောက်သေးဘူး။ စပျစ်တွေလည်း သီးကင်းလိုက်ပြီ။ စပျစ်သီးကင်းကို စိမ်းစားငါးပိနဲ့ထောင်းပြီး မရမ်းသီးငါးပိထောင်း အလွမ်းဖြေရတာပါပဲ။ စပျစ်တွေက မနှစ်က ဆောင်းအဝင်မှာ Trained ပြန်လုပ်ထားတာဆိုတော့ ဒီနှစ် အသီးထွက်နည်းမှာ သေချာတယ်။ ကံပေးသမျှပေါ့လေ။

ဇွန်ကျရင် နွေပီပီမြည်ပြီ။ အဲ့အချိန်ကျ သဗ္ဗနနံပေါင်း စိုက်ရမယ်။ ကြက်မတွေ ဒီနှစ် ဝပ်ပါဦးမလား မသိဘူး။ ဥတော့ဥနေကြတာပဲ။ အမေရော မရင်နှစ်ရော ကျနော်တို့ရော စားရသလောက်တော့ စားရတာပဲ။ အဖက လိုတာထက်များနေပြီ။ လကုန်လောက်ကျ အမေစားဖို့ ၂ ကောင်လောက်ပေးဦးမှ။ လယ်သမားဈေးကြီး သွားပြီး ကြက်ဆင်အမလေး ၂ကောင်၊ အထီးလေးတကောင်လောက်ဝယ်ဦးမှနဲ့တူတယ်။ ဒေါင်းမွေးမယ့်စိတ်ကူးတော့ လက်လျှော့လိုက်ပြီ။ လူ နိုင်မယ်မထင်ဘူး။ ကြက်ဆင်အဖကြီးတွေ ဟန်ရေးပြတာ သိတ်ကြည့်ကောင်းတယ်။ ချစ်စရာလည်း ကောင်း ရယ်စရာလည်း ကောင်းတယ်။ ပါးစပ်က ဂဒွတ်ဂဒွတ်နဲ့ အော်အော်ပြီး။
ကိုဘိုင်ကြီး အိမ်လာပြီး မြက်ရိပ်စက် ၂ လုံး စလုံးရဲ့ အသွားတွေ သွေးပေးသွားလို့ဟန်ကျနေတယ်။ အင်ဂျင်တွေသာ ဘာမှမဖြစ်နဲ့ နောက် ၅ နှစ်လောက်တော့ အေးဆေးပဲ။ အိမ်ခေါင်မိုးလည်း မနှစ်ကအသစ်လဲပြီးပြီ။ အနည်းဆုံး နှစ် ၂ ဆယ်အစိတ်တော့ ပျော့ပျော့ပဲ။ ဒီနွေမှာ အိမ်ရှေ့မျက်နှာစာပြူတင်းဘောင်တွေကို ဆေးဟောင်းတွေခြစ်ချပြီး ဆေးသစ်တွေသုတ်မယ်။ လင်မယားနှစ်ယောက် လက်နိုင်ခြေနိုင်လုပ်နိုင်တယ်။ လူငှားဖို့ မလိုဘူး။ အိမ်အမိုးက ကုမ္ပဏီငှားမိုးရတာ ကုန်လိုက်တဲ့ပိုက်ဆံ လူတွေလည်း ဖတ်ဖတ်မောပဲ။

မပြည့်စုံ မချောင်လည်ပေမယ့် ဘဝဟာ သူ့ဟာသူတော့ လည်ပတ်နေတာပဲ။ စိတ်လက်ချမ်းသာလိုက် ဆင်းရဲလိုက်၊ ပျော်လိုက် ညစ်လိုက်၊ ရယ်လိုက် ငိုလိုက်၊ ပြုံးလိုက် မဲ့လိုက်၊ ကောင်းလိုက်ဆိုးလိုက် ဖြစ်လိုက်ပျက်လိုက်နဲ့။ မနက်ဖြန်တွေရှိနေလို့သာ ဘဝဟာ နေနေလို့ရနေတာပါလား။ ညအိပ်ယာဝင်တိုင်း မအိပ်ခင်မှာ ဒီနေ့ ငါ ဘယ်သူ့အပေါ် ဘာစိတ်မွေးခဲ့သလဲ၊ ကောင်းတဲ့စေတနာနဲ့ ဘာ ကာယကံ မနောကံ ဝစီကံတွေ ပြုမူခဲ့မိသလဲ အမြဲတွေးပါတယ်။ မကောင်းဘူးထင်တာ ပြင်ဖို့လည်းကြိုးစားပါတယ်။ ပြင်ရတာလည်းရှိ မရတာတွေလည်းရှိနေတုန်းပါ။

မနှစ်တွေ တနှစ်တွေ တမြန်နှစ်တွေတုန်းက စိတ်အခြေအနေဟာ သေလောက်တာတွေချည်းဖြစ်ခဲ့တယ်။ သေနတ်တွေလည်း ကျည်ခနခနထိုးခဲ့တယ်။ ကားတွေလည်း ရမ်းရမ်းကားကား မောင်းခဲ့တယ်။ လိုင်စင်လည်း အပိတ်ခံရတယ်။ ခုတော့ လိုင်စင်လည်း ပြန်ရပြီ။ ကိုယ့်အနားမှာ သေနတ်တလက်မှ မထားတော့ဘူး။ မနေ့က တိုလီမိုလီအခန်းကိုရှင်းတော့ အံဆွဲတခုထဲမှာ ကျည်ဆန်တွေ တွေ့တယ်။ ဗူးအသစ်ချည်းပဲ ၂ ဗူး။ ဖေါက်လက်စက ၂ ဗူး။ ၉ မမ ကျည်တွေရော၊ ပွိုင့်တူးတူးကျည်(အရှည် နှစ်ဆင့်ကွဲတွေရော)တွေရောပဲ။ ထုတ်ပြီး ကိုင်ကြည့် ပွတ်ကြည့် ပါးနဲ့ အသာကပ်ကြည့်လိုက်မိသေးပေမယ့် နောက်ဆုံး သူ့နေသူအသာပြန်ထားလိုက်တယ်။ ခု အသက်ရှင်နေရတာကို ကောင်းတယ်လို့ ပြန်ထင်လာနေတယ်။ ဘဝဆိုတာ နေကောင်းအောင် နေရတာမှန်း သိလာသလိုလိုပဲ။

ဗမာပြည်လည်း သတိရတယ်။ ကွဲကွာနေတဲ့ ညီအကိုမောင်နှမ ဆွေမျိုးသားချင်း သူငယ်ချင်းအပေါင်းအသင်းတွေကိုလည်း အောက်မေ့တယ်။ အမှုတွဲတွေ ထောင်ကျဘက်တွေကိုလည်း အမှတ်ရတယ်။ ဒီနေ့ ကျနော့်မွေးနေ့ပဲ။ စိတ်ထဲဝင်လာတာတွေ ချရေးလိုက်မိတာပါ။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၁ဝ၊ ၂ဝ၁ဝ

0 comments:

Post a Comment